← Chapters

လီမိသားစု မျိုးပြုန်းခြင်း၊ ဓားစိတ်ဆန္ဒကို နားလည်ခြင်း (အပိုင်း - ၂)

Vol. 7 Ch. 98

လီမိသားစု မျိုးပြုန်းခြင်း၊ ဓားစိတ်ဆန္ဒကို နားလည်ခြင်း (အပိုင်း - ၂)

Vol. 7 Ch. 98

"လီမိသားစုဝင် တစ်ချို့တစ်လေတော့ ကျန်နေသေးတယ်"

"ဒါပေမဲ့ သူတို့ ဘာမှ ထပ်လုပ်နိုင်တော့မှာ မဟုတ်ဘူး"

ဤလုပ်ကြံသတ်ဖြတ်မှုကြောင့် လီမိသားစု၏ အထက်တန်းလွှာ အားလုံးနီးပါး သေဆုံးသွားခဲ့ပြီ ဖြစ်သည်မှာတော့ သေချာသည်။

လီမိသားစု သိုင်းပညာရှင် အနည်းငယ် ကျန်ရှိနေသေးလျှင်ပင် ကြီးကြီးမားမား ပြဿနာ ရှာနိုင်တော့မည် မဟုတ်ချေ။

ထို့ပြင် လီမိသားစုသည် ကြီးမားသော အုတ်မြစ်နှင့် ငွေကြေးဓန အမြောက်အမြားကို ပိုင်ဆိုင်ထားသည်။

သို့သော် ၎င်းတို့ကို ကာကွယ်ရန်အတွက် လုံလောက်သော အင်အားတော့ မရှိတော့ချေ။

အသက်ရှင် ကျန်ရစ်နေသော လီမိသားစုဝင်များအတွက် ဤအချက်သည် ကောင်းချီးမင်္ဂလာ မဟုတ်နိုင်ပေ။

မည်သို့ပင်ဆိုစေ ဤကမ္ဘာလောကကြီးသည် မြေခွေးများ၊ ဝံပုလွေများ၊ ကျားများနှင့် ကျားသစ်များဖြင့် ပြည့်နှက်နေသည်။

လီမိသားစုတွင် စည်းစိမ်ဥစ္စာများကို ကာကွယ်ရန် အင်အားမရှိတော့ကြောင်း သိရှိသွားသည်နှင့် တပြိုင်နက် လူအများအပြား အုံနှင့်ကျင်းနှင့် ရောက်ရှိလာကြမည်မှာ သေချာသည်။

လီမိသားစုကို ခြောက်သွေ့သွားသည်အထိ ချက်ချင်း ညှစ်ယူကြပေလိမ့်မည်။

အကယ်၍ သူတို့သာ ဉာဏ်ကောင်းပါက စည်းစိမ်ဥစ္စာများကို စွန့်လွှတ်လိုက်ပြီး အသက်ရှင်ရန် ကြိုးစားသင့်သည်။

သို့သော် စည်းစိမ်ဥစ္စာများကို ဆက်လက် ဆုပ်ကိုင်ထားရန် ကြိုးစားပါက ကပ်ဘေးဆိုက်ရောက်လာပေလိမ့်မည်။

အသက်ရှင်ကျန်ရစ်သော လီမိသားစုဝင်များသည် သေဆုံးသွားသူများထက် ပိုမို ဆိုးရွားသော ဒုက္ခများကို ခံစားရနိုင်သည်။

ဤအထက်တန်းလွှာ မျိုးဆက်များ အနေဖြင့် အောက်ခြေလူတန်းစားများ ကြုံတွေ့နေရသော ကြမ်းတမ်းသည့် လက်တွေ့ဘဝကို မြင်တွေ့ရမည့်အချိန် ရောက်ပြီ။

ယခင်က တံငါသည်များ အသက်ရှင်နိုင်ရန်အတွက် မည်မျှထိ ရုန်းကန်ခဲ့ရသည်ကို ကိုယ်တိုင် ခံစားကြည့်ကြပါစေ။

ဝှစ်…

ထိုသို့ တွေးတောရင်း ကျန်းဖန်သည် ဆက်လက် နေထိုင်ခြင်း မပြုတော့ဘဲ လီမိသားစု အိမ်တော်မှ လျင်မြန်စွာ ထွက်ခွာသွားလိုက်လေသည်။

"သွားပြီ... လီမိသားစုတော့ လုံးဝ သွားပြီ"

ကျန်ရစ်ခဲ့သော လီမိသားစုဝင်များသည် အကြီးအကဲနှင့် ခေါင်းဆောင် သေဆုံးသွားသည်ကို မြင်လိုက်ရသောအခါ မျက်နှာများ ဖြူဖျော့ကုန်ကြသည်။ သူတို့သည် သက်တောင့်သက်သာ နေထိုင်လေ့ရှိသော်လည်း အရူးများ မဟုတ်ကြပေ။

အဆင့်မြင့် သိုင်းပညာရှင်များ၏ ကာကွယ်မှု မရှိတော့သဖြင့် လီမိသားစု၏ အခြေအနေ ဘာဖြစ်သွားမည်ကို ခန့်မှန်း၍ ရနေသည်။

…

မကြာမီအချိန်တွင် ကျန်းဖန် အိမ်သို့ ပြန်ရောက်လာခဲ့သည်။

သူ၏ သွားလာလှုပ်ရှားမှုကို မည်သူမျှ ခြေရာခံနိုင်ခြင်း မရှိပေ။

မည်သို့ပင်ဆိုစေ မြွေပျံသိုင်းကျမ်းကြောင့် သူသည် သူ၏ တည်ရှိမှုကို လျှော့ချထားနိုင်ပြီး ညအမှောင်ထုနှင့် တစ်သားတည်း ဖြစ်အောင် ပေါင်းစပ်ထားနိုင်ခဲ့သည်။

တစ်စုံတစ်ယောက်၏ ရှေ့တည့်တည့်တွင် ရပ်နေလျှင်ပင် ထိုသူက သူ့အား သတိထားမိလိမ့်မည် မဟုတ်ချေ။

ထိုအချိန်၌ သူ၏ အသိစိတ်အာရုံ ပင်လယ်ပြင် နက်ရှိုင်းသော နေရာမှ သတင်းစကားတစ်ခု ရောက်ရှိလာလေသည်။ "သင်သည် လီဟောက်ရန်နှင့် အခြားသူများကို သတ်ဖြတ်နိုင်ခဲ့ပြီး အနာဂတ် ရန်သူကြီးတစ်ဦးကို ကြိုတင် ရှင်းလင်းနိုင်ခဲ့သည်။ ကပ်ဘေးတစ်ခုကို ကျော်လွှားနိုင်ခဲ့သဖြင့် ကံကောင်းခြင်း အမှတ် (၈၀၀) ရရှိသည်။"

ဘာ…

ထိုသတင်းစကားကို အာရုံခံမိလိုက်သော် ကျန်းဖန်၏ မျက်လုံးများ အရောင်လက်သွားသည်။ လီမိသားစုကို ဖြိုခွင်းပြီးနောက် ဤမျှများပြားသော ကံကောင်းခြင်း အမှတ်များကို ရရှိလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပေ။

လင်းနို့ဘုရင် ယန်ချင်ကို သတ်ဖြတ်ခြင်းမှ ရရှိခဲ့သည်ထက်ပင် ပိုမို များပြားနေသည်။

ယခင်က ရရှိထားသော ကံကောင်းခြင်း အမှတ်များနှင့် ပေါင်းလိုက်လျှင် စုစုပေါင်း ကံကောင်းခြင်း အမှတ် (၁၃၆၀)ပင် ရရှိသွားပြီ ဖြစ်သည်။

မျက်တောင်တစ်ခတ်အတွင်း သူ၏ ကံကောင်းခြင်း အမှတ်သည် တစ်ထောင်ကျော်သွားခဲ့သည်။

ဤအချက်က လီမိသားစု၏ ခြိမ်းခြောက်မှုသည် လင်းနို့ဘုရင် ယန်ချင်ထက် များစွာ ကြီးမားကြောင်း ပြသနေသည်။

မည်သို့ပင်ဆိုစေ ကျန်းဖန်အတွက်မူ သူ ကျော်လွှားလိုက်သော ကပ်ဘေး ကြီးမားလေ၊ ရရှိသော ကံကောင်းခြင်း ပိုမို များပြားလေ ဖြစ်သည်။

"ဒါပေမဲ့ ကပ်ဘေးကြီးမားတာ တစ်ခုတည်းကြောင့်တော့ မဟုတ်လောက်ဘူး"

"လီမိသားစုရဲ့ ကံတရားကို လုယူလိုက်မိလို့ ကံကောင်းခြင်း အမှတ်တွေ အများကြီး ရလာတာ ဖြစ်နိုင်တယ်"

ကျန်းဖန် သူ့မေးစေ့ကို ပွတ်သပ်လိုက်သည်။

သူ၏ ကံဇာတာသည် အခြားသူများ၏ ကံတရားကို လုယူနိုင်စွမ်း ရှိကြောင်း သူ သတိထားမိလိုက်သည်။

ထို့ကြောင့်သာ ကံကောင်းခြင်း အမှတ်များကို ဤကဲ့သို့ စုဆောင်းနိုင်ခြင်း ဖြစ်သည်။

လီမိသားစုသည် မူလက ကံတရားကြီးမားသော မိသားစုတစ်ခု ဖြစ်သည်။ သို့မဟုတ်ပါက ဤကဲ့သို့သော ကျင့်ကြံခြင်း အမွေအနှစ်များကို ပိုင်ဆိုင်နိုင်လိမ့်မည် မဟုတ်ချေ။

အကယ်၍ သူသာ မရှိခဲ့ပါက လီမိသားစုသည် အနာဂတ်တွင် ကျင့်ကြံခြင်း မျိုးနွယ်စုတစ်ခု အမှန်တကယ် ဖြစ်လာနိုင်ချေ ရှိသည်။

ဝမ်းနည်းစရာ ကောင်းသည်မှာ ထိုအနာဂတ်သည် သူ၏ လက်ချက်ကြောင့် လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်ပြီး ပြန်လည် နာလန်ထူရန် အခွင့်အရေးပင် မရှိတော့ပေ။

ဆိုလိုသည်မှာ လီမိသားစု၏ ကံတရား အားလုံးကို သူ အကုန်အစင် လုယူလိုက်ခြင်း ဖြစ်သည်။

သို့သော် ထိုသို့ဖြစ်ရခြင်းမှာ ထိုက်တန်ပါသည်။

လီမိသားစုသည် မကောင်းမှု ဒုစရိုက် အများအပြားကို ကျူးလွန်ခဲ့ပြီး ကောင်းကင်နှင့် လူသားတို့၏ ဒေါသကို ဆွပေးခဲ့သည်။ သူတို့သည် ကပ်ဘေးမျိုးစေ့များကို ကြာမြင့်စွာကတည်းက စိုက်ပျိုးထားခဲ့သည့် အတွက်သာ ယခုကဲ့သို့ ကြီးမားသော ကပ်ဘေးနှင့် ကြုံတွေ့ရခြင်း ဖြစ်သည်။

အကယ်၍ ကျော်လွှားနိုင်ပါက အမြင့်ဆုံးသို့ တက်လှမ်းနိုင်မည် ဖြစ်သည်။

မကျော်လွှားနိုင်ပါက လုံးဝ ပျက်စီးခြင်းသို့ ရောက်ရှိသွားမည် ဖြစ်သည်။

ဤလောကတွင် ထာဝရ မပြောင်းလဲသော မိသားစုဟူ၍ မရှိပေ။

"ကံကောင်းခြင်း အမှတ်တွေ ဒီလောက် အများကြီး ရထားတာဆိုတော့... အလင်းတန်း ဓားသိုင်းကို အဆင့်မြှင့်တင်လိုက်ရင် ကောင်းမလား"

ကျန်းဖန် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။

သူ၏ အလင်းတန်း ဓားသိုင်းသည် ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။

ထို့ပြင် အရှင်သခင် ဖြစ်လာရန်အတွက် သိုင်းပညာ စိတ်ဆန္ဒကို နားလည်သဘောပေါက်ရန် လိုအပ်သည်။

ထို့ကြောင့် သူသည် အလင်းတန်း ဓားသိုင်း အဆင့်ကို မြှင့်တင်ပြီး ဓားစိတ်ဆန္ဒကို နားလည်သဘောပေါက်ရန် အတွက် အခွင့်အရေးကို ရယူလိုခြင်း ဖြစ်သည်။

ဤနည်းအားဖြင့် အနာဂတ်တွင် မွေးရာပါ သိုင်းပညာရှင် အဖြစ် တက်လှမ်းရာ၌ များစွာ လွယ်ကူသွားနိုင်သည်။

ကံကောင်းခြင်း အမှတ် အမြောက်အမြားကိုလည်း သက်သာစေနိုင်သည်။

ဝုန်း…

ထိုသို့ တွေးတောရင်း သူသည် အချိန်ဖြုန်းမနေဘဲ ကံကောင်းခြင်း အမှတ် (၃၀၀) ကို ချက်ချင်း သုံးစွဲလိုက်လေသည်။

ချက်ချင်းပင် ကျန်းဖန်သည် သူ၏ ခန္ဓာကိုယ်အတွင်းမှ ဆန်းကြယ်သော စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး သူ့ဝိညာဉ်အား လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခုသို့ ဆွဲခေါ်သွားသည်ကို ခံစားလိုက်ရသည်။

ထိုနေရာတွင် အလင်းတန်း ဓားသိုင်းကို လေ့ကျင့်နေသော လူရိပ်တစ်ခု ပေါ်လာသည်။

ဟန်ပန်တိုင်း၊ လှုပ်ရှားမှုတိုင်းတွင် ဓားသိုင်း၏ စည်းချက်များ ပါဝင်နေသည်။

ကောင်းကင်နှင့် မြေကြီးတို့နှင့် ထပ်တူကျနေသကဲ့သို့ ကမ္ဘာလောက၏ စွမ်းအင်များကို စုပ်ယူနေသည်။

အနှစ် (၂၀)၊ အနှစ် (၅၀)၊ အနှစ် (၇၀)... နောက်ဆုံးတွင် ထိုလူရိပ်သည် နှစ်ပေါင်း (၁၀၀) တိုင်တိုင် ကြိုးစားပမ်းစား လေ့ကျင့်ခဲ့သည်။

ပမာဏမှ အရည်အသွေးသို့ ပြောင်းလဲခြင်း ဖြစ်စဉ်တစ်ခု ဖြစ်သည်။

နောက်ဆုံးတွင် ထိုလူရိပ်သည် အလင်းတန်း ဓားသိုင်းကို ပြီးပြည့်စုံခြင်း အဆင့်အထိ ကျင့်ကြံနိုင်ခဲ့လေသည်။

ပြင်းထန်သော ဓားစိတ်ဆန္ဒ တစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး အပြည့်အဝ ကြီးထွားလာခဲ့သည်။

ဤသည်မှာ အလင်းတန်း ဓားစိတ်ဆန္ဒပင် ဖြစ်သည်။

"ငါ သဘောပေါက်ပြီ"

ထိုအခိုက်အတန့်တွင် ကျန်းဖန်သည် ဓားသိုင်းမှတ်ဉာဏ်များကို ပေါင်းစပ်လိုက်ပြီး သူ၏ ဝိညာဉ်တွင် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်ကို သတိပြုမိလိုက်သည်။

အလင်းတန်း ဓားသိုင်းသည် ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိသောအခါ အသေးစိတ် အဆင့်မျှသာ မဟုတ်တော့ဘဲ လူနှင့် ဓား တစ်သားတည်း ဖြစ်သွားခြင်းပင် ဖြစ်သည်။

ထိုအဆင့်သို့ ရောက်ရှိသောအခါ လူနှင့် ဓားသည် လုံးဝ တစ်သားတည်း ပေါင်းစပ်သွားကြသည်။

ဓားစိတ်ဆန္ဒ မွေးဖွားလာခြင်းကြောင့်သာ ထိုသို့ တစ်သားတည်း ဖြစ်သွားနိုင်ခြင်း ဖြစ်သည်။

ဝိညာဉ်၏ စိတ်ဆန္ဒသည် ဓားထဲသို့ ပေါင်းစပ်သွားမှသာ လူနှင့် ဓားသည် တစ်သားတည်း ဖြစ်သွားနိုင်မည် ဖြစ်သည်။

ဒေါင်…

တစ်ခဏချင်းမှာပင် ကျန်းဖန်သည် ချန်ယင်းဓားကို ဆုပ်ကိုင်လိုက်၏။ ထို့နောက် ကိုယ်တွင်းရှိ ချီစွမ်းအား နှင့် ဓားစိတ်ဆန္ဒတို့ကို ပေါင်းစပ်လိုက်ပြီး ဓားတစ်ချက် ထိုးလိုက်လေသည်။

ဓားချီစွမ်းအားတစ်ခု ပစ်လွှတ်လိုက်၏။ ၎င်းတွင် ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးနိုင်စွမ်းများ ပါဝင်နေသည်။

ချက်ချင်းပင် ရှေ့ရှိ နံရံသည် တစ်ခဏချင်းတွင် ထိုးဖောက်ခံလိုက်ရပြီး ကျောက်တုံးများ အားလုံး အမှုန့်ဖြစ်သွားခဲ့သည်။

သေချာသည်မှာ ဤဓားချ်ီစွမ်းအား၏ စွမ်းအားသည် ယခင်ကထက် (၁၀) ဆမက တိုးတက်လာခဲ့ခြင်း ဖြစ်သည်။

"သိပ်စွမ်းတာပဲ"

ကျန်းဖန်၏ မျက်လုံးများတွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များ ပေါ်လာသည်။

သူ၏ ကိုယ်တွင်းရှိ ချီစွမ်းအား ပမာဏသည် တိုးမလာသော်လည်း ဓားစိတ်ဆန္ဒကို နားလည်သဘောပေါက်လိုက်ခြင်းက သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို နှိုင်းယှဉ်၍မရနိုင်သော အဆင့်တစ်ခုသို့ မြှင့်တင်ပေးလိုက်သည်။

ဓားစိတ်ဆန္ဒကို နားလည်ထားသော အရှင်သခင် တစ်ယောက်နှင့် နားမလည်သော အရှင်သခင် တစ်ယောက်သည် မတူညီသော အတိုင်းအတာ နှစ်ခုမှ သတ္တဝါများကဲ့သို့ ကွာခြားလှသည်။

ကွာဟချက်သည် ကြီးမားလွန်းလှသည်။

"သိုင်းပညာ စိတ်ဆန္ဒ ဆိုတာ အနှစ်သာရအားဖြင့် ဝိညာဉ်စွမ်းအားနဲ့ သက်ဆိုင်တယ်"

"သိုင်းပညာ စိတ်ဆန္ဒကို နားမလည်ခင်မှာ သိုင်းပညာရှင်တွေက ဝိညာဉ်စွမ်းအားကို အသုံးမပြုနိုင်ကြဘူး"

"ဒါပေမဲ့ နားလည်သွားပြီ ဆိုရင်တော့ သိုင်းပညာရှင်ရဲ့ ဝိညာဉ်စွမ်းအားက ကြီးမားလာပြီး ကောင်းကင်နဲ့ မြေကြီး စွမ်းအားတွေနဲ့ ထပ်တူကျလာတယ်"

"ဒါကြောင့် ဓားစိတ်ဆန္ဒနဲ့ ချီစွမ်းအား ပေါင်းစပ်လိုက်တဲ့အခါ စွမ်းအားတွေက အဆမတန် တိုးလာတာပေါ့"

"ရန်သူကို တိုက်ခိုက်မယ်ဆိုရင် ဓားစိတ်ဆန္ဒရဲ့ စွမ်းအားက ရန်သူရဲ့ ကာကွယ်မှုတွေကို ဖောက်ထွင်းပြီး သူတို့ရဲ့ ဝိညာဉ်ကို ထိခိုက်စေနိုင်တယ်"

"မကြာခဏဆိုသလို ဓားတစ်ချက် ထုတ်လိုက်တဲ့အခါ ပစ်မှတ်မှာ ပြင်ပဒဏ်ရာ မရှိပေမဲ့ ဝိညာဉ်ကြေမွပြီး သေဆုံးသွားတတ်တယ်"

ကျန်းဖန် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။

သိုင်းပညာ စိတ်ဆန္ဒ၏ ကြောက်မက်ဖွယ် ကောင်းပုံကို သူ သဘောပေါက်လိုက်သည်။ ၎င်းသည် ဝိညာဉ်စွမ်းအား၏ ရုပ်လုံးပေါ်လာခြင်း ဖြစ်သည်။

ထို့ကြောင့် သိုင်းပညာ စိတ်ဆန္ဒကို နားလည်ထားသော အရှင်သခင် တစ်ယောက်သည် ကြောက်စရာ ကောင်းလာခြင်း ဖြစ်သည်။

အခြား အရှင်သခင်များ ယှဉ်ပြိုင်၍ မရနိုင်ချေ။

ဤအဆင့်ရှိသော အရှင်သခင် တစ်ယောက်သည် အဆင့်နိမ့် ချီကျင့်ကြံခြင်း အဆင့် ကျင့်ကြံသူများနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်။

"အရှင်သခင် တစ်ယောက်စီတိုင်း နားလည်တဲ့ ဓားစိတ်ဆန္ဒက မတူညီကြဘူး"

"ငါ နားလည်ထားတာက အလင်းတန်း ဓားစိတ်ဆန္ဒပဲ"

"သူက ဓားချီစွမ်းအားကို အစက်အပြောက် တစ်ခုတည်းမှာ စုစည်းပြီး ကြီးမားတဲ့ ဖျက်ဆီးနိုင်စွမ်းနဲ့ ရုတ်တရက် ပေါက်ကွဲစေနိုင်တယ်"

"သူ့မှာက ကြောက်မက်ဖွယ်ကောင်းတဲ့ ထိုးဖောက်နိုင်စွမ်းနဲ့ အမြန်နှုန်း ပါဝင်နေတယ်"

"ထုတ်လွှတ်လိုက်တာနဲ့ ရန်သူက သတိမထားမိလိုက်ဘဲ ဓားတစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရနိုင်တယ်"

"ဒါကြောင့် ဒီဓားသိုင်းမှာ သိုင်းကွက်က အများကြီး မရှိဘူး"

"ပုံမှန်အားဖြင့် ဓားတစ်ချက်တည်းနဲ့ အနိုင်အရှုံး ဆုံးဖြတ်ဖို့ဆိုတာ လုံလောက်တယ်... ဒုတိယ ဓားချက်ကို မလိုတော့ဘူး"

"ဒုတိယ ဓားချက်ကို လိုအပ်သေးတယ် ဆိုရင်တော့ အဲ့ဒါ လေ့ကျင့်မှု မလုံလောက်သေးလို့ပဲ"

ကျန်းဖန် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။

ယခင်ကနှင့် ယှဉ်လျှင် သူ၏ စွမ်းအားများ အဆပေါင်းများစွာ တိုးတက်လာသည်ဟု သူ ခံစားရသည်။

အထူးသဖြင့် အလင်းတန်း ဓားစိတ်ဆန္ဒကို နားလည်သဘောပေါက်ပြီးနောက် မိမိ၏ နယ်ပယ်တွင် ပြိုင်ဘက်ကင်း ဖြစ်နေပြီဟု သူ ခံစားလိုက်ရသည်။

သိုင်းပညာ အရှင်သခင် တစ်ယောက်နှင့် တွေ့ဆုံလျှင်ပင် ဓားချက် တစ်ချက်တည်းဖြင့် အဆုံးသတ်နိုင်ပြီး ဒုတိယ ဓားချက်ပင် မလိုအပ်ပေ။

"ဆိုလိုတာက မွေးရာပါ သိုင်းပညာရှင် ဖြစ်လာဖို့အတွက် အကြီးမားဆုံး အခက်အခဲ မရှိတော့ဘူးပေါ့"

"အခု ငါလုပ်ရမှာက ကိုယ်တွင်းက ချီစွမ်းအားကို ဆက်လက် မြှင့်တင်ပြီး ပြီးပြည့်စုံခြင်း အဆင့် ရောက်အောင် လုပ်ဖို့ပဲ"

"အဲ့ဒီအခါကျရင် မွေးရာပါ သိုင်းပညာရှင် အဆင့်ကို သဘာဝကျကျ ချိုးဖျက်ဝင်ရောက်နိုင်ပြီး ဝိညာဉ်အမြစ်ကို ပျိုးထောင်နိုင်လိမ့်မယ်"

ကျင့်ကြံခြင်း လမ်းစဉ်သို့ ဦးတည်နေသော လမ်းကြောင်းကို မြင်တွေ့လိုက်ရသည်ဟု ကျန်းဖန် ခံစားလိုက်ရသည်။

ဝိညာဉ်အမြစ် မပါလာလျှင်ပင် သူသည် သိုင်းပညာမှတစ်ဆင့် ကျင့်ကြံခြင်း လမ်းစဉ်သို့ ဝင်ရောက်နိုင်ပြီး မွေးရာပါ ဝိညာဉ်အမြစ်ကို ပျိုးထောင်နိုင်သည်။

ထိုနည်းအားဖြင့် မွေးရာပါ ကျင့်ကြံသူများနှင့် ယှဉ်လျှင်ပင် သိပ်ကွာခြားတော့မည် မဟုတ်ချေ။

အဆင့်မြင့် ဝိညာဉ်အမြစ် တစ်ခုကိုပင် ပျိုးထောင်နိုင်ကောင်း ပျိုးထောင်နိုင်ပေလိမ့်မည်။

အကယ်၍ အောင်မြင်ခဲ့ပါက သူ၏ စတင်သည့် အမှတ်သည် အခြား ကျင့်ကြံသူများထက် ပိုမိုမြင့်မားနေပေလိမ့်မည်။

All Chapters