ကျောက်လူသားမျိုးနွယ်မှ ကန်ယုလုံ...
Vol. 59 Ch. 850
အချိန်လေဟာနယ် နယ်ပယ်အတွင်း၌ အရာအားလုံးမှာ ပြင်ပကမ္ဘာနှင့် သီးခြားဖြစ်နေပြီး နယ်ပယ်၏ နားလည်မှုအဆင့်နှင့် မယှဉ်နိုင်လျှင် ရုန်းထွက်ရန်မှာ မဖြစ်နိုင်သလောက်ပင်ဖြစ်သည်။ ထိုလမ်းစဉ်ခွဲထွက်ခြင်းအဆင့် အင်အားကြီးသူလေးယောက်က အချိန်လေဟာနယ်နားလည်မှုတွင် ဆဋ္ဌမအဆင့်သို့ ရောက်ရုံသာရှိကြသည်။
သူတို့က အချိန်လေဟာနယ် နယ်ပယ်အတွင်း ပိတ်မိနေသည်ကို သိလိုက်ရသည်နှင့် ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားကြသည်။ သူတို့က မည်သည့်လှုပ်ရှားမှုမှ မလုပ်ဝံ့ကြတော့ပေ။
" ကျွန်တော်တို့ဆီကို ဘယ်စီနီယာကြွလာတယ်ဆိုတာ မသိပေမယ့် စီနိယာလိုအပ်တာရှိရင် ကျွန်တော်တို့ လေးယောက် သေချာပေါက် လုပ်ပေးပါမယ်။ "
လျို့ဝှက်ဆန်းကြယ်သော အင်အားကြီးသူက သူတို့ကို တိုက်ရိုက်သတ်ပစ်မည်ကို စိုးရိမ်သဖြင့် သိုးဦးချိုနှင့် ပုဂ္ဂိုလ်က လျင်မြန်စွာ ပြောလိုက်သည်။ အချိန်လေဟာနယ် သတ္တမအဆင့်က လွှမ်းမိုးခြင်းအဆင့် အင်အားကြီးသူနှင့်သာ သက်ဆိုင်သော နယ်ပယ်ဖြစ်သည်။
" ပြောစမ်း... ကျောက်လူသားမျိုးနွယ်က ဘာဖြစ်သွားတာလဲ။ " လင်းယွမ်၏ အသံက အရပ်မျက်နှာအားလုံးမှ ထွက်ပေါ်လာပြီး သူတို့ပေါ်သို့ အရာအားလုံးအား လွှမ်းမိုးနိုင်သော စွမ်းအားတစ်ခုက ဆင်းသက်လာသည်။
" ကျောက်လူသားမျိုးနွယ် " လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အင်အားကြီးသူလေးယောက်က ထိတ်လန့်သွားကြသည်။
ကျောက်လူသားမျိုးနွယ်လား။ လွှမ်းမိုးခြင်းအဆင့် အနိမ့်ဆုံးရှိသော အင်အားကြီးသူတစ်ယောက်က ကျောက်လူသားမျိုးနွယ်နှင့် ပက်သက်နေတာလား။
" အရှင် ကျောက်လူသားမျိုးနွယ်တွေ ဖမ်းသွားတဲ့ ကိစ္စက ကျိုရှန်းအရှင်သခင်ရဲ့ အမိန့်ပါ။ ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ပါဘူး။ " သိုးဦးချိုနှင့် အင်အားကြီးသူက ချက်ချင်းပြောလိုက်သည်။
" ကျိုရှန်းအရှင်သခင်...." လင်းယွမ်၏ အမူအရာက ပြောင်းလဲခြင်းမရှိပေ။
ကျိုရှန်းအရှင်သခင်က အနန္တပုံရိပ်ယောင် ဟင်းလင်းပြင်နယ်မြေတွင် ယခင် စကြာဝဠာခေတ်ဆယ်ခေတ်အတွင်း အသစ်တက်လှမ်းလာသော ဖရိုဖရဲအဆင့်တစ်ယောက်ဖြစ်သည်။
အနန္တပုံရိပ်ယောင် ဟင်းလင်းပြင်နယ်မြေက လင်းယွမ်နေထိုင်သော ဟင်းလင်းပြင်နယ်မြေနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ လင်းယွမ်က ယခင်စကြာဝဠာခေတ်ဆယ်ခေတ်အတွင်း ဖြစ်ပျက်ခဲ့သော အဓိကဖြစ်ရပ်များကို ကြားဖူးခဲ့ပြီး ထိုအထဲတွင် ကျိုရှန်းအရှင်သခင် ထွက်ပေါ်လာခြင်းလည်း ပါဝင်သည်။
" ကျိုရှန်းအရှင်သခင်က ဘာလို့ ကျောက်လူသားမျိုးနွယ်တစ်ခုလုံးကို ဖမ်းခိုင်းတာလဲ။ " လင်းယွမ်က တိုက်ရိုက်မေးလိုက်သည်။
အမှန်တော့ သူက ထိုလေးယောက်၏ စကားများကို တိတ်တဆိတ် နားထောင်ခဲ့ပြီးသားဖြစ်သည်။
" ကျွန်တော်တို့ သိပ်တော့မသိပါဘူး။ အပြင်မှာ လှည့်လည်သွားလာနေတဲ့ ကျောက်လူသားမျိုးနွယ်ဝင်တစ်ယောက်က ကျိုရှန်းအရှင်သခင်နဲ့ ပဋိပက္ခဖြစ်ခဲ့တယ်လို့ ကောလဟာလတော့ ကြားမိပါတယ်။ "
လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အင်အားကြီးသူလေးယောက်က သူတို့သိသမျှ အားလုံးကို ဖုံးကွယ်ခြင်းမရှိဘဲ စိုးရိမ်တကြီး ပြောလိုက်ကြသည်။ အချိန်လေဟာနယ် နယ်ပယ်၏ လွှမ်းမိုးမှုအောက်တွင် သူတို့က လိမ်ညာဖုံးကွယ်ရန် မဝံ့ရဲကြပေ။
" အပြင်မှာ သွားလာနေတဲ့ ကျောက်လူသားမျိုးနွယ်ဝင်တစ်ယောက်က ကျိုရှန်းအရှင်သခင်ကို ဆန့်ကျင်ခဲ့တယ်။ ပြီးတော့ သူက တစ်မျိုးနွယ်လုံးကို ဖမ်းခိုင်းလိုက်တယ်ပေါ့။ " လင်းယွမ်က တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားရသည်။
ကျိုရှန်းအရှင်သခင်၏ စွမ်းအားနှင့် ကျောက်လူသားမျိုးနွယ်က သူ့ကို ဆန့်ကျင်ခဲ့လျှင်တောင် အတွေးတစ်ချက်ဖြင့် အကုန်လုံးကို ဖျက်ဆီးပစ်နိုင်သည်။ တစ်မျိုးနွယ်လုံးကို အားစိုက်ပြီး ဖမ်းဆီးနေစရာအကြောင်းမရှိပေ။ လင်းယွမ်အတွက် ထိုလုပ်ရပ်က လုံးဝ မလိုအပ်သော ကိစ္စတစ်ခုသာ ဖြစ်သည်။ တစ်စုံတစ်ခု ပိုမိုနက်ရှိုင်းသော ရည်ရွယ်ချက် တစ်ခုခုဖြစ်နေလျှင်သာ ဖြစ်နိုင်သည်။
အချိန်လေဟာနယ် နယ်ပယ်ထဲတွင် လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အင်အားကြီးသူလေးယောက်က အလွန်စိုးရိမ်နေကြသည်။ သူတို့သိသမျှ အကုန်ပြောပြပြီးပြီဖြစ်ရာ သူတို့၏ အသက်ရှင်သန်ရန် အခွင့်အရေးမှာ ထိုပုဂ္ဂိုလ်ပေါ်တွင်သာ မူတည်နေသည်။
" ခုခံဖို့ မကြိုးစားနဲ့။ ငါမင်းတို့စိတ်ဝိညာဉ်ကို ရှာဖွေကြည့်မယ်။ " လင်းယွမ်က အတည်ပြုနိုင်ရန်အတွက် သူတို့ကို စိတ်ဝိညာဉ်ရှာဖွေမှုပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။
" ဟုတ်ကဲ့ပါ။ " လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အင်အားကြီးသူလေးယောက်က ခေါင်းညိမ့်လိုက်ကြသည်။
ယခုအချိန်တွင် သူတို့အတွက် ပူးပေါင်းရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။ စိတ်ဝိညာဉ်ရှာဖွေခြင်းပြီးဆုံးပြီးနောက် လင်းယွမ်က သူတို့ကို သတ်ပစ်လျှင်တောင် သူတို့တွင် တားဆီးနိုင်စွမ်းမရှိပေ။
မကြာမီ လင်းယွမ်က စိတ်ဝိညာဉ်ရှာဖွေခြင်းကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။ ရရှိလာသော အချက်အလက်များက လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အင်အားကြီးသူလေးယောက် ပြောပြခဲ့သည့်အချက်များနှင့် ထပ်တူကျနေသည်။
" ကျိုရှန်းအရှင်သခင်...." လင်းယွမ်က နှစ်ခြိုက်စွာ အိပ်ပျော်သွားသော ထိုလေးယောက်ကို အတွင်းစကြာဝဠာထဲသို့ ပို့ဆောင်လိုက်သည်။
ကျိုရှန်းအရှင်သခင်က ကျောက်လူသားမျိုးနွယ်အပေါ် အဘယ်ကြောင့် ထိုကဲ့သို့ ပြုမူသည်ကို သူမသိရသေးမီ သူရောက်ရှိလာသော သတင်းကို မပြန့်နှံ့စေလိုပေ။ ထို့ကြောင့် လက်ရှိအချိန်တွင် လင်းယွမ်က ထိုလေးယောက်ကို ထိန်းသိမ်းထားရန် လိုအပ်သည်။
ကျိုရှန်းလျို့ဝှက်နယ်မြေ။
၎င်းက ကျိုရှန်းအရှင်သခင် နေထိုင်သော လျို့ဝှက်နယ်မြေဖြစ်ပြီး ကျောက်လူသားမျိုးနွယ်၏ လျို့ဝှက်နယ်မြေထက် များစွာ ကျယ်ဝန်းသည်။
ဖရိုဖရဲအရှင်သခင်တိုင်းက ဖရိုဖရဲကုန်းမြေတစ်ခုကို ဖွင့်လှစ်နိုင်သည်တော့မဟုတ်ပေ။ ကျိုရှန်းအရှင်သခင်က လွန်ခဲ့သော စကြာဝဠာခေတ်ဆယ်ခေတ်အတွင်းမှ ဖရိုဖရဲအရှင်သခင်ဖြစ်လာသူဖြစ်ရာ ဖရိုဖရဲကုန်းမြေတစ်ခု ဖွင့်လှစ်ရန်အတွက် ကြီးမားသော ကြိုးစားအားထုတ်မှုကို လိုအပ်သည်။
လက်ရှိတွင် ကျိုရှန်းအရှင်သခင်က ထိုသို့သော စွမ်းအားမျိုးမရှိသေးပေ။ လျို့ဝှက်နယ်မြေဖး အမြင့်ဆုံနေရာတွင် ခန်းမတစ်ခုရှိနေသည်။
" အရှင်သခင် " ခန်းမထဲရှိ ပလ္လင်ပေါ်တွင် ထိုင်နေသော အဘိုးအိုကို လွှမ်းမိုးခြင်းအဆင့် အင်အားကြီးသူသုံးယောက်က ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။
ဖရိုဖရဲအရှင်သခင်တစ်ယောက်က နောက်လိုက်အများအပြား ရှိနေခြင်းက သဘာဝပင်ဖြစ်သည်။ လွှမ်းမိုးခြင်းအဆင့် အထွတ်အထိပ်ရှိသူများက နောက်တစ်ဆင့်ကို မတက်လှမ်းနိုင်ဘဲ ဖြစ်သောကြောင့် ဖရိုဖရဲအရှင်သခင်တစ်ယောက်၏ လမ်းညွှန်မှုက အရေးပါလှသည်။
" ဒါနဲ့ အဲ့ဒီကောင်လေး ပြောဖို့ သဘောတူပြီလား။ " ကျိုရှန်းအရှင်သခင်က အေးစက်စွာ မေးလိုက်သည်။
" ကျွန်တော်တို့ သူ့ကို အပြစ်ရေကန်ထဲမှာ နစ်ပြီး အဆုံးမရှိတဲ့ အပြစ်တရားတွေနဲ့ သူ့ရဲ့ ရုပ်ခန္ဓာနဲ့ စိတ်ဝိညာဉ်ကို နှိပ်စက်နေပေမယ့်...." လွှမ်းမိုးခြင်းအဆင့်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ " အဲ့ဒီကောင်လေးက စကားပြောဖို့ ငြင်းနေတုန်းပဲ။ "
" စကားပြောဖို့ ငြင်းနေတုန်းလား။ " ကျိုရှန်းအရှင်သခင်က မျက်မှောင်ကြုတ်သွားသည်။
ကောင်လေးဟု ရည်ညွှန်းခံရသူမှာ ကျောက်လူသားမျိုးနွယ်မှ ကန်ယုလုံဖြစ်သည်။ လွန်ခဲ့သော စကြာဝဠာခေတ်တစ်ဝက်ခန့်က ကျိုရှန်းအရှင်သခင်က ဖရိုဖရဲဟင်းလင်းပြင်တွင် လှည့်လည်သွားလာနေစဉ် သူက ရောယှက်နေသော အချိန်လေဟာနယ်တစ်ခုကို တွေ့ခဲ့ရပြီး ထိုအတွင်း၌ လျို့ဝှက်ဆန်းကြယ်သော နေရာတစ်ခုကို မြင်တွေ့ခဲ့ရသည်။
ထိုလျို့ဝှက်ဆန်းကြယ်သော နေရာက ဖရိုဖရဲမဟာသူတော်စင်တစ်ပါးနှင့် ဆက်စပ်နေနိုင်သည်ဟု ကျိုရှန်းအရှင်သခင်က ကောက်ချက်ချခဲ့သည်။ သူက လျို့ဝှက်ဆန်းကြယ်သော နေရာကို လွှမ်းခြုံထားသည်။ အချိန်လေဟာနယ်အတားအဆီးကို ချိုးဖျက်ရန် စကြာဝဠာခေတ်တစ်ဝက်ခန့် အချိန်ယူ ကြိုးစားခဲ့ရသည်။
သူက လျို့ဝှက်ဆန်းကြယ်သော နေရာသို့ မနည်းချဉ်းကပ်နိုင်ချိန်တွင် ထိုနေရာအတွင်း၌ ရုတ်တရက် ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုပုံရိပ်က ဟင်းလင်းပြင်ထဲမှ ချက်ချင်း ထွက်ပေါ်လာခြင်းဖြစ်ပြီး အခြားကြားဖြတ် ပို့ဆောင်မှုနည်းလမ်းတစ်ခုခုဖြင့် ဝင်ရောက်လာသည်မှာ ထင်ရှားသည်။
ကျိုရှန်းအရှင်သခင် မတုန့်ပြန်နိုင်မီ ထိုပုံရိပ်က လျို့ဝှက်နေရာကို အသက်သွင်းပြီး နေရာမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ စကြာဝဠာခေတ်တစ်ဝက်စာ အချိန်၊ ကြိုးစားအားထုတ်မှုနှင့် အရင်းအမြစ်များအားလုံးကို ရင်းနှီးမြှုပ်နှံခဲ့ပြီး အရေးကြီးသောအချိန်တွင် အခြားတစ်ယောက်၏ လုယူခြင်းကို ခံလိုက်ရသောကြောင့် ကျိုရှန်းအရှင်သခင်၏ ဒေါသကို ခန့်မှန်းကြည့်နိုင်သည်။
ထို့နောက် ကျိုရှန်းအရှင်သခင်က ထိုပုံရိပ်နှင့် ခဏတွေ့ဆုံခဲ့စဉ် သေးငယ်သော ကြောင်းကျိုးဆက်နွယ်မှုကို အသုံးပြု၍ နှစ်သန်းပေါင်းများစွာ အချိန်ယူပြီးနောက် နောက်ဆုံးတွင် သူ့ကို ဖမ်းဆီးနိုင်ခဲ့သည်။
ကန်ယုလုံကို ဖမ်းဆီးပြီးနောက် ကျိုရှန်းအရှင်သခင်က ထိုလျို့ဝှက်နေရာနှင့် ပက်သက်သော အချက်အလက်များကို သိရန် သူ့အား စိတ်ဝိညာဉ်ရှာဖွေခြင်းပြုလုပ်ခဲ့သည်။ သို့သော် ကန်ယုလုံ၏ စိတ်အသိပင်လယ်က လျို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုနှင့် ကာကွယ်ပေးထားသည်ကို တွေ့ခဲ့ရသည်။
သူက စိတ်အသိပင်လယ်အား ကာကွယ်ပေးထားသော အတာအဆီးကို ဖျက်ဆီးနိုင်သော်လည်း ကန်ယုလုံ၏ စိတ်ဝိညာဉ်ကလည်း ပျက်ဆီးသွားပေလိမ့်မည်။ ထို့ကြောင့် လျို့ဝှက်နေရာအကြောင်းသိရှိရန် ကန်ယုလုံက ဆန္ဒအလျောက် ထုတ်ပြောအောင်လုပ်ရန်မှလွဲ၍ အခြားနည်းလမ်းမရှိပေ။
ကန်ယုလုံက ပြောဆိုရန် ငြင်းပယ်သဖြင့် ကျိုရှန်းအရှင်သခင်က အဆုံးမရှိသော နှိပ်စက်မှုများကို ပြုလုပ်ခဲ့သည်။ သူက ဖရိုဖရဲဟင်းလင်းပြင်မှ သဘာဝအလျောက် ဖြစ်ပေါ်သော အပြစ်ရေကန်ဟူသည့်အရာကို ရရှိခဲ့သည်။
၎င်းတွင် အတိုင်းအဆမဲ့သော အပြစ်တရားများ ကိန်းအောင်းနေပြီး မည်သည့်သက်ရှိမဆို ရေတစ်စက်ထိရုံနှင့် ဖော်ပြမရနိုင်သော နာကျင်မှုကို ခံစားရမည်ဖြစ်သည်။ ယနေ့အထိ ကျိုရှန်းအရှင်သခင်က ထိုထက်ပြင်းထန်သော နှိပ်စက်မှုမျိုးကို ရှာမတွေ့သောကြောင့် သူက ကန်ယုလုံကို ထိုထဲတွင်သာ တိုက်ရိုက်နှစ်မြှုပ်ထားခဲ့သည်။
ကံမကောင်းစွာဖြင့် ယခုအချိန်ထိ မည်သည့်ရလဒ်မှ ထွက်ပေါ်မလာခဲ့ပေ။
" အဲ့ဒီကောင်လေး သူ့ရဲ့ ဆွေမျိုးတွေ ငါ့လက်ထဲမှာ ရှိတာကိုရော သိရဲ့လား။ " ကျိုရှန်းအရှင်သခင်က မေးလိုက်သည်။