အပေးအယူ....
Vol. 59 Ch. 854
" မှန်တယ်။ ငါသိထားတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
ကျိုရှန်းအရှင်သခင်၏ ခွဲခြိမ်းစိတ်ဖြာမှုက မှန်ကန်ပေသည်။ အကယ်၍ ကန်ယုလုံက ဖရိုဖရဲသစ်ပင်နှင့် လျို့ဝှက်ဆန်းကြယ်သော နေရာကို ဆန္ဒအလျောက် ကမ်းလှမ်းခဲ့ခြင်းမရှိလျှင် လင်းယွမ်က ကယ်တင်ပေးမည်မဟုတ်ပေ။ ထိုသို့လုပ်ခြင်းက ကျိုရှန်းအရှင်သခင်ကို လုံးဝဆန့်ကျင်ခြင်းနှင့် တူညီနေသောကြောင့် ဖြစ်သည်။
" မင်းကန်ယုလုံကို ခေါ်သွားရင်တောင် အဲ့ဒီလျို့ဝှက်နေရာကို သိမှာမဟုတ်ဘူး။ သူ့ကို မေးရဦးမှာပဲမဟုတ်လား။ ငါကန်ယုလုံကို နေ့ညမပြတ် နှိပ်စက်ခဲ့ပေမယ့် သူ ဘယ်တုန်းကမှ ဖွင့်မပြောခဲ့ဘူး။ သူ မင်းကို အလကားတော့ပြောမှာမဟုတ်ဘူး။ သူ့ကို ကယ်တင်ပေးဖို့ ဒါမှမဟုတ် ကျောက်လူသားမျိုးနွယ်တစ်ခုလုံးကို ကယ်တင်ပေးဖို့ တောင်းဆိုခဲ့တာမဟုတ်လား။ " ကျိုရှန်းအရှင်သခင်က လင်းယွမ်ကို အေးစက်စွာ ကြည့်လိုက်သည်။
" မင်း ကန်ယုလုံကို ခေါ်သွားပြီးပြီ။ ဒါပေမယ့် အခုထိ ထွက်မသွားသေးဘူး။ မင်းရဲ့ နောက်ထပ်ပစ်မှတ်က ကျောက်လူသားမျိုးနွယ်လို့ ငါယူဆမိတယ်။ ကန်ယုလုံရဲ့ သတ်မှတ်ချက်က မင်း သူတို့မျိုးနွယ်ကို ကယ်တင်ပေးဖို့ ဖြစ်ရမယ်။ "
ဖရိုဖရဲအဆင့်ထိ ကျင့်ကြံနိုင်သူများက မယုံကြည်နိုင်လောက်အောင် မြန်ဆန်သော တွေးခေါ်နိုင်စွမ်ကို ပိုင်ဆိုင်ကြပြီး သဲလွန်စအနည်းငယ်ဖြင့် လင်းယွမ်၏ ရည်ရွယ်ချက်ကို ခန့်မှန်းနိုင်သည်။
" မှန်ပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်ပြလိုက်သည်။
သူယခုအချိန်ထိ ထွက်မသွားရသေးခြင်းမှာ ကျိုရှန်းအရှင်သခင်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲဖြစ်သော ကျောက်လူသားမျိုးနွယ်ကို ပြန်လည်ခေါ်ဆောင်ရန်အတွက်သာ ဖြစ်သည်။
" ကျောက်လူသားသန်းပေါင်းများစွာရဲ့ အသက်က ငါ့ရဲ့ အတွေးတစ်ချက်အပေါ်မှာပဲ မူတည်နေတယ်။ " ကျိုရှန်းအရှင်သခင်က လက်ဖြန့်လိုက်ရာ သူ၏ ရှေ့တွင် သေးငယ်သော ကမ္ဘာငယ်တစ်ခုပေါ်လာပြီး အတွင်း၌ မရေတွက်နိုင်သော ကျောက်လူသားမျိုးနွယ်များကို အကျဉ်းချထားသည်။
" ငါအဲ့ဒီလျို့ဝှက်နယ်မြေက ဖရိုဖရဲသစ်ပင်ကိုပဲ လိုချင်တယ်။ မဟုတ်ရင် ဒီကျောက်လူသားအားလုံး သေရမယ်။ " ကျိုရှန်းအရှင်သခင်က လင်းယွမ်ကို စိုက်ကြည့်ပြီး ပြောလိုက်သည်။
" မင်းက ဖရိုဖရဲသစ်ပင်ကို လိုချင်တာလား။ " လင်းယွမ်က ကျိုရှန်းအရှင်သခင်ကို စိတ်ဝင်တစားကြည့်လိုက်သည်။
" ငါ ကျောက်လူသားမျိုးနွယ်တွေကို ကယ်တင်ပေးမယ်လို့ အဲ့ဒီကောင်လေးကို ပြောခဲ့တာ မှန်တယ်။ ဒါပေမယ့် ကြိုးစားကြည့်ပေးမယ်လို့ပဲ ပြောခဲ့တာ ကယ်နိုင်မကယ်နိုင်က မသေချာဘူး။ "
" ဖရိုဖရဲသစ်ပင်ရဲ့ တန်ဖိုးကို ငါတို့ နှစ်ယောက်လုံး သိနေတာပဲ။ ငါသာ အဲ့ဒါကို မင်းဆီပေးလိုက်ရင် ငါ့ရဲ့ ကြိုးစားအားထုတ်မှုက အလကားဖြစ်သွားမှာပေါ့။ " လင်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။ " အားလုံး အလကားဖြစ်မယ့်အစား ငါက ဘာလို့ သူတို့ကို ကယ်ဖို့ အပင်ပန်းခံနေမှာလဲ။ "
" ကျောက်လူသားမျိုးနွယ်တွေနဲ့ ငါ့ကို ခြိမ်းခြောက်ရင်တော့ အလကားပဲ။ မင်းလုပ်ချင်ရင် သူတို့ကို အခုသတ်ပစ်လိုက်လို့ရတယ်။ " လင်းယွမ်က ကျိုရှန်အရှင်သခင်ကို ပြုံး၍ ကြည့်လိုက်သည်။
ထိုစကားများကြောင့် ကျိုရှန်းအရှင်သခင်၏ အမူအရာက ပျက်ယွင်းသွား၏။ လင်းယွမ်က ကျောက်လူသားမျိုးနွယ်၏ သေခြင်းရှင်ခြင်းကို အမှန်တကယ် ဂရုမစိုက်ကြောင်း သူရိပ်မိလိုက်သည်။ ယခုအခါ ကန်ယုလုံမှာ လင်းယွမ်၏ လက်ထဲသို့ ရောက်သွားပြီဖြစ်သောကြောင့် ကျောက်လူသားမျိုးနွယ်များ သတ်ခံရလျှင်တောင် လင်းယွမ်က ကန်ယုလုံထံမှ လျို့ဝှက်ချက်များကို ရရှိနိုင်ဆဲဖြစ်သည်။
ထို့အပြင် ကျိုရှန်းအရှင်သခင်က ကျောက်လူသားမျိုးနွယ်တစ်ခုလုံးကို သတ်ပစ်လျှင် ကန်ယုလုံက ပို၍ ဒေါသထွက်ပြီး လင်းယွမ်အား လျို့ဝှက်ဆန်းကြယ်သော နေရာ၏ တည်နေရာကို လိုလိုလားလား ပြောပြသွားစေနိုင်သည်။
" တကယ်လို့ ငါသာ ဒီလျို့ဝှက်နယ်မြေက အပြစ်ရေကန်ကိုသာ ထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင် မင်း ကန်ယုလုံကို ခေါ်သွားဖို့ အခွင့်အရေးတောင်ရှိမှာမဟုတ်ဘူး။ " ကျိုရှန်းအရှင်သခင်က မကျေမနပ်နှင့် ပြောလိုက်သည်။
အပြစ်ရေကန်က ဤလျို့ဝှက်နယ်မြေ၏ ထူးခြားမှုတစ်ခုဖြစ်ပြီး ဖရိုဖရဲဟင်းလင်းပြင်မှာပင် တန်ဖိုးကြီးမားသော ရတနာတစ်ခုဖြစ်သည်။ သူက ထိုရေကန်ကို အသုံးပြု၍ ကန်ယုလုံအား လျို့ဝှက်နေရာ၏ တည်နေရာကို ဖွင့်ပြောစေရန် နှိပ်စက်ခဲ့ခြင်းဖြစ်သည်။
အမှန်တကယ်တော့ ကျိုရှန်းအရှင်သခင်က အလွန်သတိထားပြီး လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အခြားဖရိုဖရဲအရှင်သခင်များ ဝင်ရောက်စွက်ဖက်လာနိုင်သည့် အဆိုးဝါးဆုံးအခြေအနေများကိုပင် ကြိုတင်တွေးဆထားခဲ့သည်။
ထို့ကြောင့် သူက အပြစ်ရေကန်၏ အနီးတွင် များပြားလှသော အစီအရင်များကို တည်ဆောက်ထားခဲ့သည်။ သူက အစီအရင်ပညာတွင် ကျွမ်းကျင်သူတစ်ယောက်မဟုတ်သော်လည်း ဖရိုဖရဲအရှင်သခင်တစ်ယောက် ချဉ်းကပ်လာလျှင်တောင် ချက်ချင်း အာရုံခံမိနိုင်လေသည်။
သို့သော် လင်းယွမ်က ကန်ယုလုံကို သူ၏ မျက်စိအောက်မှ ခေါ်သွားနိုင်ခဲ့ခြင်းမှာ လင်းယွမ်၏ အစီအရင်ပညာက သူ့ထက် သာလွန်နေသည်မှာ သေချာလေသည်။ လင်းယွမ်က ဖရိုဖရဲအရှင်သခင်တစ်ယောက် ဖြစ်ရုံသာမက အစီအရင်ပညာကိုလည်း ကျွမ်းကျင်ပြီး လျို့ဝှက်နေရာအကြောင်းလည်း သိရှိနေသူဖြစ်သည်။
" ဒါဆို မင်းအခု ဘာလုပ်မှာလဲ။ " ကျိုရှန်းအရှင်သခင်က မေးလိုက်သည်။
" ဘာပဲဖြစ်ဖြစ် ငါ ကျောက်လူသားမျိုးနွယ်တွေကို ကယ်ဖို့ အဲ့ဒီကောင်လေးကို ကတိပေးခဲ့တယ်လေ။ " လင်းယွမ်က ခေါင်းခါပြီး ပြောလိုက်သည်။ " ဒါပေမယ့် မင်း သူတို့ကို ငါ့ဆီ ဒီအတိုင်း တိုက်ရိုက်ပေးလိုက်မှာမဟုတ်ဘူးဆိုတာ ငါသိတယ်။ "
" ငါ့မှာ အကြံတစ်ခုရှိတယ်။ ငါတို့ယှဉ်ပြိုင်ကြမယ်။ ငါနိုင်ရင် မင်း ကျောက်လူသားတွေကို ငါဆီအပ်ရမယ်။ မင်းနိုင်ရင်လည်း ကျောက်လူသားတွေကို ငါဆီအပ်ရမှာပဲ။ ဒါပေမယ့် မင်းကို လျို့ဝှက်နေရာက အမွေအနှစ်ကို ပုံတူကူးပေးမယ်။ "
" ငါနိုင်ရင်တောင် ပုံတူကူးထားတဲ့ အမွေအနှစ်တစ်ခုပဲ ရမှာလား။ " ကျိုရှန်းအရှင်သခင်က မကျေမနပ်ဖြစ်သွားသည်။
လင်းယွမ်အတွက်မူ ထိုအစီအစဉ်က အန္တရာယ်မရှိသလောက်ပင် ဖြစ်သည်။
" အဲ့ဒီဖရိုဖရဲသစ်ပင်ကရော။ " ကျိုရှန်းအရှင်သခင်က ဆက်လက်ညှိနှိုင်းရန် ကြိုးစားလိုက်သည်။
" ဖရိုဖရဲသစ်ပင်ကိုတော့ မေ့လိုက်တော့။ " လင်းယွမ်က ခေါင်းခါ၍ ပြောလိုက်သည်။ " တကယ်လို့ မင်းအဲ့ဒါကို ငြင်းဆန်မယ်ဆိုရင် ကျောက်လူသားမျိုးနွယ်တစ်ခုလုံးကို အခု သတ်ပစ်လိုက်တာပိုကောင်းတယ်။ "
ကျိုရှန်းအရှင်သခင်က လင်းယွမ်ကို စိုက်ကြည့်လိုက်သည်။ လင်းယွမ်ပေးထားသော ရွေးချယ်မှုမှာ နောက်ဆုံးကန့်သတ်ချက်ဖြစ်နေပြီဖြစ်ကြောင်း သူခံစားလိုက်ရသည်။
" သဘောတူတယ်။ " အချိန်အတော်ကြာ စဉ်းစားပြီးနောက် ကျိုရှန်းအရှင်သခင်က နောက်ဆုံးတွင် အလျှော့ပေးလိုက်ရသည်။
ရွေးချယ်စရာမရှိပေ။ ကျောက်လူသားမျိုးနွယ်အားလုံးကို သတ်ပစ်ခြင်းက သူ့အတွက် အကျိုးအမြတ် မရှိပေ။ သို့သော် လင်းယွမ်၏ ဆွေးနွေးမှုကို သဘောတူလျှင် လျို့ဝှက်ဆန်းကြယ်သောနေရာ၏ အမွေအနှစ်ကို ရရှိရန် အခွင့်အရေးတစ်ခု ကျန်နေသည်။
အမွေအနှစ်ဆိုသည်မှာ ဖရိုဖရဲအရှင်သခင်တစ်ယောက်အတွက် အရေးပါနေဆဲ ဖြစ်သည်။ အဓိကအချက်မှာ ဘာမှမရခြင်းထက်စာလျှင် ပိုကောင်းသည်။
" ဖရိုဖရဲဟင်းလင်းပြင် စိတ်အသိရဲ့ အောက်မှာ ကတိပြုလိုက်ပါ။ " လင်းယွမ်က ကျိုရှန်းအရှင်သခင်ကို ကြည့်ပြီး ပြောလိုက်သည်။
ကတိပြုခြင်းမှာ ကန့်သတ်ချက်တစ်ခုကို အသက်သွင်းခြင်းဖြစ်သည်။ ဖရိုဖရဲဟင်းလင်းပြင်စိတ်အသိက နေရာတိုင်းတွင် ပျံ့နှံ့နေပြီး ၎င်း၏ အောက်တွင် ကတိပြုခြင်းက ကြီးမားသော ကြောင်းကျိုးဆက်နွယ်မှုကို သက်ရောက်စေသည်။
ထိုသို့သော ကတိကို ဖောက်ဖျက်ခြင်းက ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုမရှိသော်လည်း ကြောင်းကျိုးဆက်နွယ်မှုများက အနာဂတ်တွင် တိုးတက်ရန် မဖြစ်နိုင်အောင် တားဆီးပေလိမ့်မည်။
အသစ်တက်လှမ်းလာသော ဖရိုဖရဲအရှင်သခင်တစ်ယောက်က မဟာသူတော်စင်အဆင့်ကို ရောက်ရှိရန် မျှော်လင့်ချက်များရှိသောကြောင့် သူ၏ ကတိကို ဖောက်ဖျက်လိမ့်မည်မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ အခြားနည်းလမ်းသာရှိလျှင် ဖရိုဖရဲအရှင်သခင်များက ကြောင်းကျိုးဆက်နွယ်မှုများ၏ ချည်နှောင်မှုကို မလိုလားကြပေ။ ဖရိုဖရဲအဆင့်သို့ တက်လှမ်းရန် အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ခြင်းဖြစ်ပြီး သူတို့၏ လမ်းစဉ်ပြတ်တောင်သွားမည့် အရေးကို ပြုလုပ်မည်မဟုတ်ပေ။
မကြာမီ လင်းယွမ်နှင့် ကျိုရှန်းအရှင်သခင်တို့က ကတိသစ္စာပြုလိုက်ကြသည်။ လင်းယွမ်အတွက် ကတိပြုပေးခြင်းမှာ ရှင်းပေသည်။ အကယ်၍ သူက ရှုံးနိမ့်သွားခဲ့လျှင်တောင် လျို့ဝှက်ဆန်းကြယ်သော နေရာမှ ကူးယူထားသော အမွေအနှစ်တစ်ခုကို မျှဝေပေးရန်သာဖြစ်သည်။
" ကျောက်လူသားမျိုးနွယ်အားလုံးကို ငါ့ဆီအပ်လိုက်တော့။ " လင်းယွမ်က ကျိုရှန်းအရှင်သခင်ကို ကြည့်လိုက်သည်။
မကြာမီယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲတွင် လင်းယွမ်က နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ ကျိုရှန်းအရှင်သခင်က ကျောက်လူသားမျိုးနွယ်ကို လင်းယွမ်အား ပေးအပ်ရမည်ဖြစ်သည်။
" ယူလိုက်တော့။ " ကျိုရှန်းအရှင်သခင်က တွန်ဆုတ်ခြင်းမရှိဘဲ ကမ္ဘာငယ်လေးကို ပစ်ပေးလိုက်သည်။ သူက ကျောက်လူသားမျိုးနွယ်များကို စိတ်ဝင်စားခြင်းမရှိဘဲ ကန်ယုလုံကို ခြိမ်းခြောက်ရန်အတွက်သာ သူတို့ကို အကျဉ်းချထားခြင်းဖြစ်သည်။
လင်းယွမ်က ကမ္ဘာငယ်လေးကို ဖမ်းပြီး အတွင်းသို့ စစ်ဆေးကြည့်လိုက်ရာ ကြောက်ရွံ့နေသော ကျောက်လူသားမျိုးနွယ်များကို တွေ့လိုက်ရသည်။ ထိုကျောက်လူသားများကလည်း သူတို့၏ ကံကြမ္မာကို သိထားကြပြီဖြစ်သည်။ ကျိုရှန်းအရှင်သခင်က အတွေးတစ်ချက်ဖြင့် သူတို့အား သတ်ပစ်နိုင်သည်ကို သူတို့နားလည်ထားကြသည်။
" ငါတို့ ဘယ်နေရာမှာ ယှဉ်ပြိုင်ကြမှာလဲ။ "
ကမ္ဘာငယ်လေးထဲတွင် ပြဿနာမရှိသည်ကို မြင်သောအခါ လင်းယွမ်က ၎င်းကို သိမ်းဆည်းပြီး သာမန်အတိုင်းမေးလိုက်သည်။
" လျို့ဝှက်နယ်မြေရဲ့ အပြင်ဘက်မှာပေါ့။ " ကျိုရှန်းအရှင်သခင်က ပြန်ဖြေလိုက်၏။
ဖရိုဖရဲအရှင်သခင်များကြား ယှဉ်ပြိုင်တိုက်ခိုက်မှုများ၏ ဖျက်ဆီးနိုင်စွမ်းက အလွန်ကြီးမားလှသည်။ ကျိုရှန်းလျို့ဝှက်နယ်မြေက ဖရိုဖရဲဟင်းလင်းပြင်မှ ဆင်းသက်လာခြင်းဖြစ်သော်လည်း ၎င်းက စကြာဝဠာများကဲ့သို့ ခံနိုင်ရည်မရှိပေ။
အကယ်၍ ဖရိုဖရဲအရှင်သခင်နှစ်ယောက်က ထိုနေရာတွင် တိုက်ခိုက်ကြလျှင် လျို့ဝှက်နယ်မြေက တိုက်ရိုက်ပျက်ဆီးသွားပေလိမ့်မည်။ လျို့ဝှက်နယ်မြေက သူ၏ ကျင့်ကြံခြင်းနယ်မြေဖြစ်ရာ ကျိုရှန်းအရှင်သခင်က ထိုသို့အဖြစ်မခံနိုင်ပေ။
" ပြဿနာမရှိဘူး။ လျို့ဝှက်နယ်မြေ အပြင်ဘက်မှာ တွေ့ကြတာပေါ့။ " လင်းယွမ်၏ ပုံရိပ်က ပျောက်ကွယ်သွားသည်။