အခန်း (၇၄၅-၇၄၇)
Vol. 63 Ch. 745-747
အခန်း ၇၄၅ -
ဘဝတစ်ခုစာ အရှုံး ... ။
“ မင်းဒီမှာ ပိတ်မိနေမှတော့ ... ငါ့ရန်သူဖြစ်ခွင့်ရှိမယ်များ ထင်နေလား။”
စုရီက မေးမြန်းလိုက်၏။ ထို့ကြောင့် ငရဲဘုရင်၏လှပသော မျက်ဝန်းများသည် ပြန်၍ ရွှင်မြူးတောက်ပလာပြီး သွယ်လျဖြူဖွေးသော လက်ချောင်းထိပ်များဖြင့် ပလ္လင်ကို ညင်သာစွာ ပုတ်နေခဲ့သည်။
“ ဒီမှားယွင်းစွာသေဆုံးခြင်းမြို့ရဲ့ မူလစွမ်းအားက ငါ့ကိုတစ်သက်လုံး ပိတ်လှောင် ထားနိုင်မယ်လို့ မင်းထင်နေလား ...
... အဲဒီအုတ်ဂူကျောက်တိုင်ရဲ့ စွမ်းအားတွေကို မင်းထိန်းချုပ်နိုင်တာကြောင့် ဒီမြို့ရဲ့မူလစွမ်းအား အားနည်းလာတာကို မင်းလည်း သတိထားမိပြီးသား ဖြစ်ရမယ် ...
... ဒီအကြောင်းရင်းကို ငါ မသိပေမယ့် မကြာသေးမီနှစ်များအတွင်း မရဏကမ္ဘာကြီးမှာ ထင်ရှားတဲ့ ပြောင်းလဲမှုတွေဖြစ်ပျက်တယ် ဆိုတာ သက်သေပါပဲ ဟုတ်တယ်မဟုတ်လား။ ”
ဤသည်မှာ အမှန်ပေပင်။ ထိုကိစ္စကို စုရီသည်လည်း ညစောင့်နှင့် ဆွေးနွေးကြည့်ခဲ့ပြီး မရဏကမ္ဘာ၏ မူလစွမ်းအားတွင် ပြောင်းလဲမှု တစ်စုံတစ်ရာ ဖြစ်ပွားနေရမည်ဟု ကောက်ချက်ချခဲ့၏။
ထို့ကြောင့်လည်း မကြာသေးမီနှစ်များအတွင်း နေရာအနှံ့အပြား၌ သိသာထင်ရှားသော ပြောင်းလဲမှုများစွာ ဖြစ်ပျက်လာခဲ့၏။
မှားယွင်းစွာ သေဆုံးခြင်း မြို့တော်တွင် လက်ရှိဖြစ်ပျက်နေသောအပြောင်းအလဲ၊ နာကျည်းခြင်းပင်လယ် မငြိမ်မသက်မှုနှင့် လျှို့ဝှက်ဆန်းကြယ်သော တစ္ဆေသင်္ဘောသည် သက်သေပေပင်။
သွေးလသည်လည်း မကြာမကြာ ထွက်ပေါ်လာတတ်၏။ ကံမကောင်းစွာဖြင့် မြေအောက်ကမ္ဘာခေါ် မရဏကမ္ဘာသည် ကျယ်ပြန့်ပြီး အကန့်အသတ်မရှိလေရာ အဖြေရှာရခက်နေသည်။
“ ဘယ်သူ့အကူအညီမှ မပါဘဲနဲ့တောင် ဒီမှားယွင်းစွာသေဆုံးခြင်းမြို့ကနေ ဆယ်နှစ် အတွင်း ငါထွက်နိုင်တယ်ဆိုရင် မင်းယုံလား။”
ငရဲဘုရင်မှ မျက်ဝန်းထဲ ယုံကြည်ချက် အရိပ်အယောင်များဖြင့် ပြတ်ပြတ်သားသား ပြောကြားလာ၏။
မျက်ခုံးဖြူအဖိုးအိုခမျာ နှလုံးသား တုန်ခါသွားလေသည်။ ဆယ်နှစ်ဟူသည်မှာ သူတို့ကဲ့သို့ သတ္တဝါများအတွက်တော့ ခဏတာမျှသာပေပင်။
တစ်ဖက်လူသည်သာ ဆယ်နှစ်အတွင်း လွတ်မြောက်ခဲ့သော် မှားယွင်းစွာသေဆုံးခြင်း မြို့၌ ပြိုင်ဘက်ရှိတော့မည် မဟုတ်ချေ။
“ အဲဒီအချိန် ... မင်း ငါ့ကို ရပ်တန့်နိုင်ပါ့မလား။ ”
ငရဲဘုရင်က သူမမေးစေ့ကို လက်ဖြင့်ပွတ်သပ်ကာ စူးစမ်းလိုစိတ်ဖြင့် ပြန်ကြည့်၏။ စုရီကစဉ်းစားပြီး၊
“ ဒါဆို ဆယ်နှစ်စာချုပ် ချုပ်ကြရအောင် မင်းဒီကနေလွတ်မြောက်နိုင်ရင် ပူးပေါင်းဖို့ကို ငါအခွင့်အရေးပေးမယ် ဘယ်လိုလဲ။ ”
“ ဟားဟားဟား အဲဒီအချိန်ရောက်ရင် ငါမင်းနဲ့ ဘာလို့ ပူးပေါင်းဆောင်ရွက်ရမှာလဲ။ ”
“ ကောင်းပြီ အဲဒီအခါကျရင် မင်းငါနဲ့ပူးပေါင်းဆောင်ရွက်ဖို့ တောင်းပန်နေ လိမ့်မယ်လို့ ငါယုံကြည်တယ်။ ”
“ စုရွှမ်ကြွယ် ... စုရွှမ်ကြွယ် ... မင်းရဲ့စိတ်နေစိတ်ထားကို ငါကြိုက်တယ် ငါ အားတဲ့အချိန် မင်းနဲ့ပျော်ပျော်နေဖို့ အခွင့်အရေးရှာမယ်။ ”
ငရဲဘုရင်၏ မျက်လုံးများတွင် ဆွဲဆောင်မှုရှိပြီး အကန့်အသတ်မဲ့ ဆွဲငင်မှုများ ဖြာထွက်လာ၏။
တစ်စုံတစ်ယောက်သည် သူမ၏ဆန္ဒကိုဖုံးကွယ်ရန် မကြိုးစားတော့ဘဲ တောင့်တနေသည့် သားကောင်ကို ရှာတွေ့သွားသလိုပေပင်။
မျက်ခုံးဖြူအဖိုးကြီးက ဘေးမှ ရပ်ကြည့်နေရာတွင် ကျောရိုးတစ်လျှောက် အေးစက်မှုကို ခံစားလိုက်ရသည်။
“ မီးနဲ့ မကစားမိအောင် သတိထား။ ”
စုရီက သတိပေး၏။
“ မီးနဲ့ကစားရတာကို ငါဘယ်တုန်းကမှ မကြောက်ခဲ့ဘူး မင်းကို ငါ့ခြေထောက်နားမှာ နာခံမှုရှိရှိ လဲကျအောင်လုပ်မယ်။ ”
“ ကောင်းပြီ ... ငါမျှော်လင့်နေပါတယ်။ ”
“ ငါလည်းအတူတူပဲ ... ။ ”
နှစ်ယောက်သား စကားစစ်ထိုးပွဲသည် မျက်ခုံးဖြူအဖိုးအိုအပါအဝင် ငရဲကျီးကန်းကိုပင် အသက်ရှူကြပ်စေ၏။
“ တာအိုမိတ်ဆွေ၊ ကျီးကန်းလေးကို လွှတ်ပေးရင်ကောင်းမလား ... ဆယ်နှစ်အတွင်း ငါ့လက်အောက်ခံဖို့ ဘယ်အင်အားစုကိုမှ စုဆောင်းမှု မလုပ်တော့ဘူးလို့ အာမခံတယ်။ ”
“ ကောင်းပြီ၊ ငါမင်းကို မျက်နှာသာပေးမယ်။”
“ ဒါဆို ငါလည်း အပြန်အလှန်အနေနဲ့ လျှို့ဝှက်ချက်တစ်ခု မင်းကို ပြောပြနိုင်တယ်။ ”
“ စိတ်ဝင်စားစရာပဲ ဘာလျှို့ဝှက်ချက်လဲ။ ”
သို့သော် ငရဲဘုရင်၏အသံသည် ထွက်ပေါ်လာခြင်း မရှိတော့ချေ။ ယင်းအစား သူ့အသိစိတ်ထဲ တိုးညှင်းလွန်းသည့်အသံ ထွက်ပေါ်လာခဲ့သည်။
“ တာအိုမိတ်ဆွေ လျှို့ဝှက်ဆန်းကြယ်တဲ့ မှော်ခန္ဓာကိုယ်အကြောင်း မင်းကြားဖူးမယ်လို့ ငါထင်ပါတယ်။ ”
စုရီ အံ့အားသင့်သွားသည်။ လျှို့ဝှက်ဆန်းကြယ်သော နတ်ဆိုးခန္ဓာသည် ဒဏ္ဍာရီများအရ ကောင်းကင်မှပေးသည့် ခန္ဓာကိုယ်အဖြစ် အလေးထားကြ၏။
ရှားပါးပြီး တစ်သောင်းတွင် တစ်ယောက်တွေ့ရန်ပင် ခက်ခဲလေသည်။ ဤသို့သော မွေးရာပါနတ်ဆိုးခန္ဓာသည် အမျိုးသမီးများကို ပြိုင်ဘက်ကင်းသော အလှတရားများ ပိုင်ဆိုင်စေ၏။
စုရီ၏ အံ့အားသင့်နေသော အမူအရာကိုမြင်ချိန်၌ ငရဲဘုရင်တစ်ယောက် ယစ်မူးစေသော အပြုံးများဖြင့် ပြုံးပြ၏။
ထို့အရိုးပလ္လင်ကို မှီချလျက် ကိုယ်ဟန်အနေအထားကိုပို၍ ပျော့ပျောင်း စေလိုက်ပြီး ခြေထောက်ချိတ်ထိုင်လိုက်ကာ စောင့်ဆိုင်းနေခဲ့သည်။
ဖြောင့်စင်းပြီး သွယ်လျသော ကျောက်စိမ်းရောင် ခြေထောက်များက ရူးသွပ် စရာကောင်း၏။ ထို့နောက် သူမ၏အသံသည် ပိုမိုနူးညံ့လာကာ၊
“ ဒါကြောင့် အစွမ်းထက်လွန်းတဲ့ ဘယ်လိုပုဂ္ဂိုလ်မျိုးမဆို ငါ့ကိုပိုင်ဆိုင်ချင်တယ် မင်းရောဘယ်လိုထင်လဲ ... ။ ”
-ဟု မေးမြန်းလိုက်တော့သည်။
စုရီခမျာ နှလုံးသားတစ်ခုလုံးသည် ခုန်ပေါက်လျက် မျက်နှာအမူအရာအနည်းငယ် ပြောင်းသွားချေပြီ။ ငရဲဘုရင်သည် သူ့ကို စမ်းသပ်နေခဲ့၏။
အကယ်၍ သူသည်သာ ထိုအရာအပေါ် တပ်မက်ပြီး မျက်စိကွယ်သွားသော် သူမအတွက် လက်ခုပ်ထဲကရေ ဖြစ်လာပေမည်။
နှစ်မွှာကျင့်ကြံမှုကို ကျွမ်းကျင်သော တစ်စုံတစ်ယောက်သည် ဤမွေးရာပါနတ်ဆိုး ခန္ဓာကိုယ်အကြောင်း ကြားသိသွားသော် လုံးဝရူးသွပ်သွားနိုင်၏။
အချိန်အတော်ကြာပြီးနောက် စုရီက ပြန်လည်တည်ငြိမ်သွားကာ၊
“ ငါဒီလျှို့ဝှက်ချက်ကို မင်းအတွက် သိမ်းထားပေးမယ်။ ”
-ဟု တုန့်ပြန်လိုက်တော့သည်။
မျက်ခုံးဖြူအဖိုးအိုနှင့် ငရဲကျီးကန်းသည် မည်သည့်အကြောင်းအရာကို ပြောဆိုနေမှန်း မကြားနိုင်သောကြောင့် ရှုပ်ထွေးကုန်၏။ သို့သော် ပညာရှိစွာဖြင့် မမေးဝံ့ချေ။
“ အခုတော့ နောက်ကျနေပြီ ... ဆယ်နှစ်ကုန်လွန်ပြီးရင် တာအိုစုနဲ့ ပျော်ရွှင်စရာ အချိန်တွေကုန်ဆုံးဖို့ ငါမျှော်လင့်ပါတယ်။ ”
ထို့နောက် ချက်ချင်းပင် ကမောက်ကမ ဖြစ်နေသော အပျက်အစီးနယ်မြေများအထက်မှ အလင်းများရွာချလျက် ပြုံးနေသောငရဲဘုရင် ပျောက်ကွယ်သွားသည်။
ဤအချိန်တွင် စုရီ၏ ဝိညာဉ်သည်လည်း ပြေလျော့သွား၏။ ငရဲဘုရင်သည် အနည်းငယ် ထူးခြားသော စိတ်နေစိတ်ထားရှိသည့် အမျိုးသမီးပေပင်။ သူမနှင့် ရင်ဆိုင်ရခြင်းဖြင့် သူ့ကို အထူးသတိထားရစေသည်။
“ ကျီးကန်းလေး၊ လူတိုင်းကိုလွှတ်ပေးပါ။ ”
စုရီမှ အမိန့်ပေးလိုက်၏။
“ ဟုတ်ကဲ့ ... ။ ”
ဤတစ်ကြိမ်တွင် သူ့အသက်ရှင် လွတ်မြောက်နိုင်ကြောင်း သိနှင့်ပြီးဖြစ်သဖြင့် ငရဲကျီးကန်းက ခေါင်းညိတ်လိုက်သည်။
ယင်-ယန်တောင်ထိပ်တွင် ယွီရွယ်၊ ချင်းထျန်၊ချင်းမု၊ ယွမ်စုန့်ကျိ၊ ဖုန်ယွင်ကျစ်၊ လုချောင်မင်နှင့် အခြားသူများ စောင့်ဆိုင်းနေကြ၏။
မဝေးသောနေရာတွင် အရိုးဖြူဧကရာဇ်၊ ကြယ်ဘီလူးနှင့် အခြားကြောက်မက်ဖွယ်ရာ သတ္တဝါများစွာရှိနေသည်။
သူတို့သည် ရောင်ဝါများသိမ်းလျက် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေပြီး ခွင့်ပြုချက် မရှိဘဲ မည်သူမျှ ထွက်ခွာရန်မဝံ့ချေ။
ကြီးမားလှသောတိုက်ပွဲသည် ကြာမြင့်စွာတည်းက ပြီးဆုံးသွားပြီး အမှောင်ည အစေခံသုံးဦးစလုံး ကျဆုံးသွားသည်။
ပတ်ပတ်လည်တွင် ထိုပြင်းထန်သော တိုက်ပွဲများကြောင့် ပျက်သုဉ်းယို့ယွင်းနေခဲ့သည့် မြင်ကွင်းအဖြစ်ပြောင်းလဲနေချေပြီ။
ရုတ်တရက် အရိုးဖြူဧကရာဇ်နှင့် အဖွဲ့ကြီးသည် ကောင်းကင်ပေါ်မော့ကြည့်၏။ လေဟာနယ် အက်ကွဲလျက် ပုံရိပ်အချို့ပေါ်လာ၏။
“ တာအိုစု မင်းပြန်လာပြီ။ ”
အရိုးဖြူဧကရာဇ်၊ ကြယ်ဘီလူးနှင့် အခြားသော ကြောက်စရာသတ္တဝါများသည် တစ်ပြိုင်နက်တည်း နှုက်ဆက်လိုက်သည်။ စုရီက အရိုးဖြူဧကရာဇ်နှင့် ထိုသူများထံ လှမ်းကြည့်လိုက်ပြီး၊
“ ငါငရဲဘုံကိုးပါးကိုသွားမယ် မင်းတို့တွေလိုက်လာခဲ့ ပြန်လာရင် မင်းတို့ရဲ့ လွတ်လပ်မှုကို ပြန်ပေးမယ်။ ”
-ဟု ပြောကြားတော့၏။
ထိုသို့ရှင်းလင်းသောအမိန့်ကို လက်ခံရရှိပြီးနောက် အရိုးဖြူဧကရာဇ်၊ ကြယ်ဘီလူးနှင့် အခြားသော သတ္တဝါများသည် သက်တောင့်သက်သာဖြစ်လာသည်။
ဤမတိုင်မီ တစ်ဖက်လူသည် နားထောင်ခြင်းကျမ်းဖြင့်ဖိနှိပ်ကာ အသုံးပြု ပြီးနောက် ဖျက်ဆီးပစ်မည်ကို စိုးရိမ်ခဲ့ရ၏။ အတွေးလွန်သွားပုံပေပင်။
လူတိုင်း နားထောင်ခြင်းကျမ်းထဲ ဝင်ရောက်လိုက်ကြတော့သည်။ သည့်နောက် စုရီက ဖုန်ယွင်ကျစ်တို့ထံ ပြန်ကြည့်ပြီး၊
“ မင်းတို့ရဲ့ ဖမ်းဆီးခံထားရတဲ့ အဖွဲ့ဝင်တွေကို မှားယွင်းစွာသေဆုံးခြင်းမြို့ရဲ့ ထွက်ပေါက်ကနေ စောင့်ပါ ... သူတို့ လာလိမ့်မယ်။ ”
“ ကျေးဇူးတင်ပါတယ် တာအိုစု ... ဒီကျေးဇူးကို ငါတို့ပြန်ဆပ်ပါ့မယ်။ ”
ချက်ချင်းပင် လူတိုင်း၏ ခံစားချက်များ မြင့်တက်လာပြီး သူတို့အားလုံး ရှေ့တိုးလာကာ ကျေးဇူးတင်ကြောင်း ဦးညွှတ်ကုန်၏။ စုရီက ခေါင်းညိတ်လျက်၊
“ ဒီကိစ္စတွေကို မင်းတို့ ပါးစပ်ပိတ်ထားကြမယ်လို့ ငါယုံကြည်တယ်။ ”
-ဟု သတိပေးလိုက်တော့သည်။
“ ဒါ သဘာဝပါပဲ တာအိုစု။ ”
လူအုပ်ကြီးက ပါးနပ်စွာဖြင့် ခေါင်းညိတ်လိုက်ကြပြီး ဝမ်းမြောက်စွာဖြင့် နှုတ်ဆက်စကားများဆိုကာ ထွက်ခွာကုန်၏။
ယွမ်လင်းနင်တစ်ယောက် စုရီအပေါ် အမြင်အသစ်ဖြင့် ကြည့်လာနိုင်ခဲ့သော်လည်း မစခင်ကပင် ဆုံးရှုံးမှုကို ခံစားလိုက်ရသည်။
တစ်ချိန်လုံးအနိုင်ယူရန် ကြံရွယ်ထားသမျှ ရှုံးနိမ့်ရချေပြီ။ သူတို့နှစ်ဦးသည် မတူညီသော ကမ္ဘာနှစ်ခုမှ ဖြစ်ချေတော့၏။
“ တာအိုစု နှုတ်ဆက်ပါတယ် ... မင်းရဲ့ကျေးဇူးကို ငါတသက်မမေ့တော့ပါဘူး။ ”
ထို့နောက်တွင် ချာခနဲ့လှည့်ကာ လုချောင်မင်နောက် လိုက်ပါသွားတော့သည်။ ဤတစ်ကြိမ်ရှုံးနိမ့်မှုသည် ဘဝတစ်ခုစာပေပင်။
***
အခန်း ၇၄၆ -
ငရဲဘုံကိုးပါးသို့ ... ။
“ အစိမ်းရောင်လေး၊ မင်းရဲ့တာအိုခန္ဓာကိုယ်ကို ဒီသေတ္တာထဲမှာ တံဆိပ်ခတ်ထားတယ် ယူလိုက်။ ”
ဒြပ်စင်နှစ်ပါး နတ်တောင်ထိပ်၌ လူစုခွဲကုန်ပြီးနောက် စုရီက မဟူရာသေတ္တာ တစ်လုံးထုတ်ယူကာ ချင်းထျန်ကို ပေးလိုက်သည်။
“ ကျေးဇူးတင်ပါတယ် ဆရာစု။ ”
အစိမ်းရောင်နတ်ဆိုးနွယ်ပင်က စိတ်လှုပ်ရှားလာပြီး မိုးပြာမျိုးစေ့ထဲမှ ချက်ချင်း ခုန်ထွက်ကာ လက်နှစ်ဖက်နှင့်ခံယူသည်။ ထို့နောက် ခဏမျှတွန့်ဆုတ်နေပြီး၊
“ ဆရာစု ... ငါတောင်းဆိုစရာ တစ်ခု ရှိနေပါတယ် မင်းခွင့်ပြုနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ ”
-ဟု စကားပြောရန်ပြင်၏။
“ မင်းရဲ့တပည့်ကို ကျင့်ကြံဖို့ အပြင်လောကကို ခေါ်သွားစေချင်တာလား။ ”
“ ဟမ့် ... ဆရာစု မင်းဘယ်လိုသိတာလဲ။ ”
“ ငါရောက်လာတုန်းက မင်းနဲ့ မင်းရဲ့တပည့်ကြားက စကားပြောဆိုမှုတွေကို ကြားလိုက်တယ်။ ”
“ ဒါဆို ... ။ ”
“ ငါ ဒါကို သဘောတူနိုင်တယ် မှားယွင်းစွာသေဆုံးခြင်းမြို့က ထွက်သွားပြီးရင် ချင်းမုအတွက် ကျင့်ကြံဖို့နေရာတစ်ခု ငါစီစဉ်ပေးခဲ့မယ်။ ”
သို့မှသာ ချင်းထျန်က သက်ပြင်းချလျက် ကျေးဇူးတင်စွာဖြင့်၊
“ ဆရာစုရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ”
-ဟု ပြောကြားလိုက်သည်။
ထို့နောက် သူသည် မှင်သက်စွာ ရပ်နေဆဲဖြစ်သော ချင်းမုဘက်သို့လှည့်ကာ၊
“ ဘာအတွက် အဲဒီမှာရပ်နေတာလဲ ... မြန်မြန်သွားပြီး ဆရာစုကို ကျေးဇူးတင်လိုက်ပါ။ ”
-ဟု အော်ငေါက်တော့၏။
သို့သော် ချင်းမုသည် နှုတ်ခမ်းကို တင်းတင်းစေ့လျက်ဖြင့် မလှုပ်ချေ။ ယင်းအစား ပြတ်သားသော အသွင်ဖြင့်၊
“ မသွားဘူး ... ငါမင်းအနားမှာပဲ နေမယ်ဆရာ။ ”
-ဟု ပြောကြားလာ၏။ ချင်းထျန်က ချက်ချင်းဒေါသထွက်လာပြီး၊
“ လူမိုက် ... ဒီမှားယွင်းစွာ သေဆုံးခြင်း မြို့တော်ကနေ အဖိုးကြီးတွေ ဘယ်လောက်များ ထွက်သွားချင်နေကြလဲ မင်းသိလား။ ”
“ မသိချင်ဘူး။ ”
ချင်းမုသည် ဆူငေါက်ခံရသော်လည်း ခေါင်းမာစွာဖြင့်ထွက်သွားရန် ငြင်းဆန်နေ၏။ ထိုအရာက ချင်းထျန်ကို ဒေါသထွက်စေပြီး အကူအညီမဲ့စေသည်။ တစ်ဖက်တွင် စုရီကရယ်သည်။
“ ကောင်းပြီ၊ အတင်းအကျပ် မလုပ်နဲ့ ဒီရက်ပိုင်းမှာ အပြင်လောကက မငြိမ်းချမ်းဘူး ဒီကောင်လေးကို မင်းဘေးမှာ ဆက်ပြီး လေ့ကျင့်ခွင့်ပေးထားတာ မကောင်းတဲ့ ကိစ္စတော့ မဟုတ်ဘူး။ ”
-ဟု ပြောကြားလိုက်သည်။
ချင်းထျန်ခမျာ ခါးသီးစွာပြုံးပြပြီး လက်လျှော့လိုက်ရတော့၏။ မိဘများသည် သူတို့၏ကလေးများကို ချစ်ကြပြီး သူတို့အတွက် ကြိုတင်စီစဉ်ထားတတ်ကြသည်။
ဆရာတစ်ယောက်အနေဖြင့် ချင်းထျန်သည်လည်း အတူတူပေပင်။ သို့သော် ထိုကိစ္စကို အတင်းအကျပ် လုပ်ယူ၍ မရနိုင်။
ထိုချင်းမုလေးသည် သူ့တသက်တွင် တစ်ကြိမ်သာရရှိနိုင်သော အခွင့်အရေးကြီးကို ဆုပ်ကိုင်ရန် ကံမရှိဟုသာပြောနိုင်၏။
“ ကောင်းပြီ ... မင်းတို့ဆရာတပည့်တွေ မြေအောက်ကမ္ဘာမြို့ကို ပြန်သွားနိုင်ပြီ။ ”
စုရီက အဆုံးသတ်လိုက်တော့သည်။ ချင်းထျန်က ခေါင်းညိတ်လျက် ချင်းမုကိုခေါ်ပြီး ထွက်ခွာသွားတော့၏။ စုရီ၊ ယွီရွယ်နှင့် မျက်ခုံးဖြူအဖိုးအိုသည်သာ ကျန်ရစ်ခဲ့သည်။
“ ငါတို့လည်း သွားရအောင်။ ”
စုရီက ယွီရွယ်နှင့် မျက်ခုံးဖြူအဖိုးကြီးထံ လှည့်ကြည့်ကာ ပြောကြား၏။ များမကြာခင် ယင်ယန်တောင်ထွတ်တစ်ခုလုံး ပြန်လည် တိတ်ဆိတ်သွားခဲ့ချေပြီ။
***
ငရဲဘုံပထမအလွှာ။ မီးခိုးရောင် မှုန်ဝါးဝါး ကမ္ဘာကြီးအတွင်း မကောင်းဆိုးဝါးရောင်ဝါများ ကောင်းကင်အပြည့် ရစ်သိုင်းနေ၏။
မကောင်းဆိုးဝါးဝိညာဉ်များသည် ဒီရေလှိုင်းကဲ့သို့ နယ်မြေတစ်ခွင်လုံးပျံ့နှံ့လာပြီး သူတို့သွားရာလမ်းတစ်လျှောက် ပျက်စီးခြင်းများ ဖြစ်ပေါ်လာစေ၏။
“ အား ... ။ ”
ဝိညာဉ်တာအိုနယ်ပယ် ကျင့်ကြံသူ အုပ်စုငယ်လေးသည် မျှော်လင့်ချက်မဲ့ကုန်ပြီး နာကျင်စွာ အော်ဟစ်လျက် သေဆုံးသွား၏။ သူတို့အလောင်းများကို အပိုင်းပိုင်းဖြတ်တောက် ခံရကာ ဝါးမျိုထွေးထုတ်ခံရသဖြင့် မြေပြင်တွင် အရိုးများပြန့်ကျဲနေစေသည်။
သွေးများစွာသည် မြစ်တစ်စင်းလို စီးဆင်းနေခဲ့ပြီး လေထုအလယ် သွေးညှီရနံ့များ ထုံမွှန်းနေတော့၏။
တစ်ဖက်တွင် အနည်းငယ်သန်မာသော ဝိညာဉ်တာအိုနှောင်းပိုင်းအဆင့် လူအချို့သည် ဘုံကျောင်းအတွင်း ထိတ်လန့်စွာ ချက်ချင်း ဆုတ်ခွာနေဆဲပေပင်။
သူတို့သည် မူလက အကြီးအကဲများ ဦးဆောင်ကာ လေ့ကျင့်ရန် ဝင်ရောက်လာခြင်း ဖြစ်သည်။ အကြီးအကဲများသည် သူတို့ကို ဤနေရာတွင် ကျင့်ကြံစေကာ တတိယဘုံသို့ ဆင်းသက်ကျင့်ကြံနေခဲ့ကြ၏။
သို့သော် ယင်-ယန်လမ်း ပျက်စီးသွားခဲ့သောကြောင့် ဤမျှစွာသောငရဲကို ခံစားလာရခြင်းပေပင်။ ကောင်းကင်နှင့်မြေကြီး တုန်ခါသွားကာ မကောင်းဆိုးဝါးမြူများ ဘုံကျောင်းအပေါ် ဖုံးလွှမ်းသွားလေသည်။
အရပ်မျက်နှာအားလုံးမှ နတ်ဆိုးများ ပိုမိုများပြားလာပြီး မျက်စိတစ်ဆုံး အဆုံးမရှိ ဖြစ်လာတော့၏။
တစ်ဖက်တွင် သူတို့အားလုံး၏ အရေအတွက်မှာ (၃၀၀)မျှသာ ကျန်ရှိတော့ပြီး လူတိုင်းဖြူဖျော့ ကြောက်လန့်နေသည်။ စိတ်ပျက်အားငယ်မှု ဟူသည်ကို မျက်မြင်ခံစားနေရခြင်းပေပင်။
ဘုံကျောင်းဝန်းတွင် တားမြစ်အစီအရင် ကျန်ရှိနေသည်မှာ ကံကောင်းသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ မကောင်းဆိုးရွား ဝိညာဉ်များမှ ဖောက်ထွင်းလာမည်မှာ သေချာနေ၏။
“ ဒီနေရာမှာတောင် အရမ်းပြင်းထန်နေပြီလား။ ”
ရုတ်တရက် လေထုအလယ် လေဟာနယ်သားရဲကြီးတစ်ကောင် စီးနင်းလျက် ပုံရိပ်များထွက်ပေါ်သဖြင့် လူတိုင်းမော့ကြည့်၏။ ကျောက်စိမ်းရောင်ဝတ်လူငယ်နှင့် သူ့ဘေးတွင် အေးစက်နေသော အလှတရားတပါးပေပင်။
“ တစ်ယောက်ယောက် ဝင်လာပြီ ... တစ်ယောက်ယောက် ဝင်လာပြီး သူတို့ဘယ်လို ဝင်လာနိုင်တာလဲ။ ”
“ ယင်-ယန်လမ်း ပြုပြင်ပြီးတာများလား။ ”
“ စီနီယာ ... မင်းငါတို့ကို ကယ်မို့လာတာလား။ ”
လူအုပ်ကြီးသည် စိတ်လှုပ်ရှားစွာဖြင့် တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်မေးမြန်း လာချေပြီ။ ပျော်ရွှင်မှုများသည် အကန့်အသတ် မရှိတော့ချေ။
သူတို့အတွက် တစ်ယောက်ယောက် ဝင်ရောက်လာနိုင်ခြင်းသည် ကယ်တင်ခံရရန် ပို၍နီးစပ်လာသည့် အလားအလာပေပင်။
“ တာအိုမိတ်ဆွေ ... ငါတို့ကို ခေါ်သွားပေးနိုင်မလား။ ”
ခရမ်းရောင်ဝတ်ရုံ အသက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးက သတိထားပြီး မေးမြန်းလာ၏။ ယွီရွယ်နှင့် မျက်ခုံးဖြူအဖိုးအိုက စုရီထံ လှည့်ကြည့်သည်။
ဤအချိန်တွင် ကျောက်စိမ်းဝတ်လူငယ်သည် အဓိကပုဂ္ဂိုလ်ဖြစ်ကြောင်း မည်သူမဆို မြင်နိုင်၏။ ထို့ကြောင့် လူတိုင်းက စုရီထံသို့ အကြည့်များ ရွေ့ကုန်တော့သည်။
“ ငါပဉ္စမဘုံကို လာတာပဲ ... မင်းတို့ဒီမှာစောင့်နေပါ ငါတို့ပြန်လာပြီးရင် မင်းတို့ကိုခေါ်သွားပေးမယ်။ ”
စကားဆုံးသည်နှင့် စုရီက ရှေ့သို့ လျှောက်လှမ်းသွားပြီးနောက် ထွက်ခွာသွား၏။ ယွီရွယ်နှင့် မျက်ခုံးဖြူအဖိုးကြီးသည် သူ့ နောက်ပါးမှ နီးကပ်စွာ လိုက်ပါသွားသည်။
ငရဲဘုံ၏ ဒုတိယအလွှာဝင်ပေါက်သည် ပထမအလွှာ၏ အရှေ့ဘက်အစွန်ဆုံးအရပ်တွင် တည်ရှိ၏။
စုရီနှင့်အဖွဲ့ကို မြင်သောအခါ များပြားလှသော နတ်ဆိုးအုပ်စုကြီးသည် ၎င်းတို့၏ သွားစွယ်များနှင့် ခြေသည်းများကို ဖြန့်ကားကာ ချက်ချင်းပင် ရှေ့သို့ ချီတက်လာကြသည်။
“ ဟမ့် ... ။ ”
ယွီရွယ်က အေးစက်ပြီး နက်ရှိုင်းလွန်းသော မျက်လုံးများဖြင့် မထီမဲ့မြင်ပြုကာ လက်ဝှေ့ရမ်း လိုက်လေသည်။
“ ဝှစ် ... ။ ”
ကောင်းကင်တွင် မရေမတွက်နိုင်သော အမှောင်မီးလျှံများ တောက်လောင်လျက် နတ် သက်တံများ ကျဆင်းလာခဲ့သည်။
ချက်ချင်း ပထမငရဲဘုံတစ်ခုလုံး မီးပင်လယ်အဖြစ်ပြောင်းလဲ ပေါက်ကွဲသွား၏။ နတ်ဆိုးများသည် ရှောင်လွှဲ၍ မရတော့ဘဲ အမှုန့်များအဖြစ် ပြန့်ကျဲသွားကုန်သည်။
ရွှမ်ယုအဆင့် ခွန်အားသည် ဝိညာဉ်တာအိုနယ်ပယ် နတ်ဆိုးများအတွက် ယှဉ်နိုင်သောအရာမျိုး မဟုတ်ချေ။
ပေသုံးထောင် ပတ်လည်အတွင်း မီးလျှံများသည် ဆက်လက်ရွာသွန်းနေခဲ့ကာ ဝိညာဉ်များနှင့် နတ်ဆိုးများအားလုံးကို လောင်ကျွမ်းစေခဲ့သည်။
“ ဒါ ... ။ ”
လူတိုင်းအံ့အားသင့်ကုန်ပြီး စကားမပြောနိုင်လောက်အောင် ဖြစ်ကုန်ကြ တော့သည်။ ဤမျှနူးညံ့သော မိန်းကလေး တစ်ဦးသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းနေ၏။
လူများသည် တဖြည်းဖြည်း ထွက်ခွာသွားသော စုရီနှင့်အဖွဲ့ကို ငေးကြည့် နေစဉ် အဝေးမှ တရိပ်ရိပ် ထွက်ပေါ်လာသော မကောင်းဆိုးရွား ဝိညာဉ်အချို့ ထွက်ပေါ်လာပြန်၏။
ယွီရွယ်ကြောင့် ဖြစ်ပေါ်နေသော မီးပင်လယ်ကြီးအတွင်း တုန့်ဆိုင်းစွာဖြင့် စောင့်ကြည့်နေကြသည်။
သို့သော် လူတိုင်းသည် ဤတစ်ကြိမ်၌ ကြောက်လန့်ခြင်းမရှိချေ။ သူတို့ ကယ်တင်ခံရ မည်ကို နားလည်ထား၏။
“ ဒီကောင်တွေ အဆုံးမရှိပေမယ့် ငါတို့ ကြောက်စရာ မလိုတော့ပါဘူး တာအိုမိတ်ဆွေ ပြန်လာရင် ငါတို့ကိုကယ်တင်ပေးလိမ့်မယ်။ ”
ခရမ်းရောင်ဝတ် အသက်လတ်ပိုင်းအရွယ် အမျိုးသားသည် လက်သီးများဆုပ်လျက် စိတ်လှုပ်ရှားနေတော့သည်။
အခြားသူများ၏ မျက်လုံးများတွင်လည်း မျှော်လင့်ချက် ရောင်ခြည်များ ဖြာထွက်နေခဲ့၏။ ကံကောင်းစွာဖြင့် အင်မော်တယ်တစ်ပါး ရောက်ရှိလာချေပြီ။
***
အခန်း ၇၄၇ -
သတ္တမမြောက် ငရဲဘုံ။
တောက်ပသော အာကာသ အက်ကွဲကြောင်းတစ်ခုသည် ကျော်လွှား၍ မရသည့် ချောက်ကမ်းပါးကြီးတစ်ခုလို နယ်မြေတစ်ခုလုံးကို ပိုင်းခြားထား၏။
အက်ကွဲကြောင်းတစ်ဖက်တွင် ကြောက်စရာကောင်းသော နတ်ဆိုးများရှိနေပြီး တစ်ဖက်တွင် ဒဏ်ရာရနေသော လူရိပ်အချို့ရှိနေသည်။
“ တစ်လကျော်အတွင်းမှာ ငါတို့ရဲ့ တာအိုမိတ်ဆွေ (၁၉)ယောက် ဆုံးရှုံးခဲ့ရပြီးပြီ အာကာသအက်ကြောင်းလည်း ပြိုကျတော့မယ် အဲဒီလိုတွေသာဖြစ်လာရင် ငါတို့မှာ ဆုတ်ခွာ စရာနေရာ မရှိတော့ပါဘူး ... ။ ”
အနက်ဝတ် ပိန်ပိန်ပါးပါး အဘိုးကြီး တစ်ယောက်က အက်ကွဲဝမ်းနည်းနေသော အသံနှင့် ပြောကြားလာ၏။
သူ့မျက်ခုံးများကြား ဝမ်းနည်းမှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။ သူ့အနီးအနားတွင် လူအချို့သည် တင်ပျဉ်ခွေ ချိတ်ထိုင်ကာဒဏ်ရာများ ကုသနေကြ၏။
အရပ်ရှည်ပြီး သန်မာသော အမျိုးသားတစ်ဦးသည် ကျိုးနေသောဓားကို ခံစားချက်မဲ့စွာ ပြုပြင်နေသည်။
ဆံပင်ဖြူအမျိုးသမီးတစ်ဦးသည် တိတ်ဆိတ်စွာ ဝိုင်သောက်ကာ မျက်လုံးများ ရီဝေနေပြီး ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေ၏။
အသက်လတ်ပိုင်းအရွယ် စာပေပညာရှင်တစ်ဦးသည် အရိုးပလွေကိုင်ပြီး တေးသွားတစ်ပုဒ်ကို တီးမှုတ်နေသည်။ တိတ်ဆိတ်ငြိမ်သက်သော မှောင်ရီပျိုးစချိန်တွင် ဝမ်းနည်းဖွယ်လေထုပင် ဖြစ်ပေါ်လာ၏။
“ ဒါဆို ငါတို့သေရတော့မယ် ... ဒီလောကကြမှာ ထာဝရဧကရာဇ်ဆိုတာ မရှိဘူး ငါမသေခင် နတ်ဆိုးအနည်းငယ်ကို ငါနဲ့အတူ ခေါ်သွားနိုင်ဖို့ပဲ မျှော်လင့်ပါတယ်။ ”
ရှေးဟောင်းဓားတစ်လက်ကို ကိုင်ဆောင်ထားသော အဖြူရောင်ဝတ်ရုံဝတ် အမျိုးသားတစ်ဦးက အမူအရာကင်းမဲ့စွာ ပြောကြားလိုက်သည်။
သို့သော် သူ့အကြည့်သည် မဝေးလှသော အရပ်ရှိ အမျိုးသမီးတစ်ဦးထံရောက်သွားချိန်၌ နူးညံ့သိမ်မွေ့မှု အရိပ်အယောင်များ ပေါ်လာ၏။
“ မိန်းကလေးရီ မင်းဘာလို့ တစ်ခုခု မပြောတာလဲ ... ။ ”
သူ့စကားကို မိန်းကလေးရီမှ ပြန်မချေ။ လူသူကင်းမဲ့သော တောင်ကုန်းငယ်တစ်ခုပေါ်၌ တစ်ယောက်တည်းထိုင်ကာ သူမသည်အလွန် အထီးကျန်နေ၏။
မျက်ခုံးမွှေးများသည် ကွေးညွှတ်နေပြီး ခေါင်းပေါ်တွင် ကြာပန်းသရဖူ ဆောင်းထား၏။ နူးညံ့သိမ်မွေ့သောပွင့်ချပ်ကဲ့သို့ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ကျက်သရေရှိသော ခန္ဓာကိုယ်ကို ပေါ်လွင်စေသည်။
ထိုအသားအရေသည် ကြွေကဲ့သို့ ဖြူဖွေးနေကာ ကျောက်စိမ်းကဲ့သို့ ချောမွေ့၏။ အလွန်လှပသောမျက်နှာတွင် ဝမ်းနည်းမှုတစ်ခု ဖြစ်ပေါ်နေသည်။
ဤသည်မှာ မြွေတစ္ဆေမျိုးနွယ်စု၏ ဘိုးဘေးဖြစ်သော ငှက်မွှေးဝိညာဉ်ဧကရာဇ် ရီယုပေပင်။ စုရီက သစ်ရွက်ကလေးဖြစ်၏။ သူမသည် ကောင်းကင်ရှိ အာကာသ အက်ကြောင်းထံ မော့ကြည့်ကာ၊
“ ငါသာကြိုသိခဲ့ရင် ... သူနဲ့စကားပြောမိမယ်ထင်တယ် ... ။ ”
-ဟု ညည်းတွားလိုက်သည်။
သူမစကားပြောနေစဉ် မျက်ရည်များ စီးကျလျက် ဝမ်းနည်းမှုနှင့် စိတ်ပျက်အားငယ်မှု ပြည့်နှက်နေ၏။
ဤမတိုင်မီ ဝိညာဉ်ကျောက်စိမ်း မိခင်နှင့်ကလေးကြောင့် သူမနှစ်ပေါင်းများစွာ စောင့်မျှော်နေသောလူသည် ပြန်ဝင်စားလာ ခဲ့ကြောင်း သိရှိခဲ့ရသည်။
ထိုနေ့က စကားမပြောခဲ့ဘဲ ပြန်သွားရန်ကြိုးခဲ့သော်လည်း ယင်ယန်လမ်း ပျက်စီးသွားတော့၏။
ယင်းက ထိုသူနှင့် စကားပြောခွင့် မရှိတော့ကြောင်း နားလည်လာခဲ့ကာ နောင်တ နှင့် ဝမ်းနည်းမှုများ ပြည့်နှက်လာသည်။
“ ..... ။ ”
အဖြူရောင်ဝတ်ရုံဝတ်လူသည် ရီယု၏ညည်းတွားသံကြောင့် အံ့အားသင့် သွားပြီး အနည်းငယ် ရှုပ်ထွေးသွားတော့၏။
ထိုစဉ်တိုက်ပွဲဝင် ဝတ်စုံဝတ်ထားသော လူတစ်ယောက်သည် ရီယုအနားချဉ်းကပ်ပြီး၊
“ စီနီယာ ထွက်ပေါက်တစ်ခုတော့ အမြဲရှိပါတယ် ... အခုငါတို့အားလုံး လမ်းဆုံး မရောက်သေးပါဘူး ... ကျေးဇူးပြုပြီး စိတ်ဓာတ်မကျပါနဲ့။ ”
-ဟု တိုးတိုးလေး နှစ်သိမ့်၏။
သူ့အမည်မှာ ဝေထောင်ယွင် ဖြစ်၏။ ဝေမျိုးနွယ် ဘိုးဘေးပေပင်။ မျက်နှာတစ်ထောင် မျောက်ကို သူ့အယောင်ဆောင်စေကာ သူမနှင့် အတူ စုရီ ပြန်လည်ဝင်စားခြင်းရှိ၊ မရှိ စောင့်ကြည့်စေခဲ့ခြင်းဖြစ်၏။
မကြာသေးခင်က ဝိညာဉ်ကျောက်စိမ်း မိခင်နှင့်ကလေးအပိုင်းအစ အသက်ဝင်လာကာ စုရွှမ်ကြွယ် အသက်ရှင်နေကြောင်း ချက်ချင်း သဘောပေါက်ခဲ့သည်။
သို့သော် ပြင်ပကမ္ဘာသို့ ပြန်သွားရာလမ်းသည် ပြတ်တောက်ကုန်လိမ့် မည်ဟု မည်သူမျှ ထင်မထားချေ။
“ ဝေလေး ... ငါတို့ အသက်ရှင်ဖို့ အခွင့်အရေး ရှိသေးတယ်လို့ မင်းထင်လား။ ”
ရီယုက အဝေးရှိ အာကာသကို စိုက်ကြည့်ကာမေး၏။ ထိုအရပ်၌ လေဟာနယ် အက်ကွဲကြောင်းကြီးရှိနေသည်။
ထိုအက်ကြောင်းသည် အမှောင်ကမ္ဘာကြီးအတွင်းရှိ နတ်ဆိုးများကို ပိတ်ဆို့ပေးထားသည့် ခံစစ်အလွှာတစ်ခု ဖြစ်ချေ၏။
ယခုမူ ထိုသို့သော နယ်နိမိတ် အက်ကွဲကြောင်းကြီးသည် ပြိုလဲတော့မည့် အခြေအနေတွင် ရှိနေခဲ့သည်။
ဤခံစစ်မျဉ်း ပြိုလဲသွားသည်နှင့် ကျန်ရှိနေသည့် ဧကရာဇ်ဆယ်ဂဏန်းခန့်သည် ဆုတ်ခွာစရာနေရာ ရှိတော့မည် မဟုတ်ချေ။
“ မျှော်လင့်ချက် ရှိ-မရှိ ငါမသိပါဘူး၊ ဒါပေမယ့် နောက်ဆုံးအချိန်အထိ ငါတို့တွေ အလျှော့မပေးဘူး။ ”
ဝေထောင်ယွင်အသံက ပြတ်သား ခိုင်မာနေ၏။ ရီယုမှ ခေါင်းညိတ်ပြီး ထပ်မပြော တော့ချေ။
“ ဝူး ... ။ ”
ရုတ်တရက် အဝေးရှိ လူသူကင်းမဲ့သော အရပ်မှ တံပိုးမှုတ်သံ ထွက်ပေါ်လာပြီးနောက် စစ်ဗုံသံများ တိုးညှင်းစွာ မြည်ဟည်းလာ၏။
သည့်နောက် ချက်ချင်းပင် ကြောက်စရာ ကောင်းသော နတ်ဆိုးရိပ်များဒါဇင်ပေါင်းများစွာ နယ်နိမိတ်အက်ကွဲကြောင်းဆီသို့ အပြေးအလွှား ပြေးဝင်လာတော့၏။
“ သူတို့ ပြန်စလာပြီ .. ။ ”
တစ်စုံတစ်ယောက်က ပြောလိုက်သည်။ မကြာသေးခင် အလားတူ အကြိမ်ပေါင်းများစွာ တိုပ်ပွဲများ ဖြစ်ပွားခဲ့၏။
ထိုနတ်ဆိုးများအားလုံးသည် ဧကရာဇ်နယ်ပယ်တွင် ရှိနေနိုင်လောက်အောင် အစွမ်းထက်ကြပြီး အချို့မှာ ရွှမ်ယုအဆင့်နှင့် နှိုင်းယှဉ်နိုင်သည်။
နယ်နိမိတ်အက်ကွဲကြောင်း ပြိုကျခြင်းကို ကာကွယ်ရန်အတွက် လူတိုင်းအပြင်းအထန်ပင် တိုက်ခိုက်ကြရ၏။
တစ်လကျော်ကြာသည်အထိ နယ်နိမိတ်အက်ကွဲကြောင်းကို ကာကွယ်နိုင်ခဲ့ သော်လည်း ဧကရာဇ်ဆယ်ပါးကျော် သေဆုံးသွားခဲ့သည်။
“ သေစမ်း ... ငါအဲဒီကောင်တွေကို ငါနဲ့အတူ ခေါ်သွားပေးမယ်။ ”
ဓားကိုသန့်ရှင်းရေး ပြုလုပ်နေသော သန်မာထွားကြိုင်းလွန်းသည့် အမျိုးသားသည် ဒေါသတကြီးအော်ဟစ်ကာ သတ်ဖြတ်လိုသော ရည်ရွယ်ချက်ကို ထင်ရှားစွာ ပြသလိုက်၏။
“ ငါလည်းလိုက်မယ်။ ”
တိတ်ဆိတ်စွာ ဝိုင်သောက်နေသော ဆံပင်ဖြူဖြူအမျိုးသမီးသည် သူမ၏ဝိုင်အိုးကို မြေပြင်ပေါ်တွင်ချလိုက်ပြီး ဖြည်းညှင်းစွာ မတ်တပ်ရပ်ထလိုက်သည်။
“ မင်းတို့အားလုံး ဒဏ်ရာရနေကြတယ် ... ဒီအဘိုးကြီးကို လိုက်ခွင့်ပြုပါ။ ”
ဓားတစ်လက် ကိုင်ဆောင်ထားသည် ဝတ်ရုံဖြူဝတ်လူသည် လေးနက်သောအသံဖြင့် ပြောကြားလာပြန်သည်။
ထို့နောက် သူက အရိုးပလွေ ကိုင်ဆောင်ထားသော လူလတ်ပိုင်းအရွယ် စာပေပညာရှင်သည်လည်း သဘောတူသည့် အသွင်ဖြင့် ခေါင်းညိတ်ပြလာ၏။
ဤအချိန်အတောအတွင်း သူတို့ အဆက်မပြတ် ပြန်လည်တိုက်ခိုက်နေခဲ့ရပြီး တစ်ယောက်ချင်းစီတွင် ဒဏ်ရာများစွာ အသီးသီးရရှိထားသည်။
သို့သော် လေနှင့်မိုးကို အကြိမ်ကြိမ် ဖြတ်ကျော်ထားနိုင်သည့် ဧကရာဇ်များဖြစ်ရာ သေခြင်းတရားအပေါ် မကြောက်ချေ။
“ ငါလိုက်မယ်။ ”
ရီယုမှ ထရပ်လိုက်သည်။ ဤအချိန်တွင် သူမမျက်ဝန်းများရှိ ဝမ်းနည်းမှု အရိပ်အယောင် ပျောက်ကွယ်သွားပြီး အလွန်လှပသော မျက်နှာ အသွင်အပြင်သည် ရေကန်မျက်နှာပြင်ကဲ့သို့ တည်ငြိမ်လာသည်။
“ သေစမ်း ဒီကောင်တွေ ... ။ ”
ဝေထောင်ယွင်သည် ရုတ်တရက် မျက်နှာအမူအရာပြောင်းလဲသွားသဖြင့် လူတိုင်း မော့ကြည့်လိုက်ကြ၏။
အဝေးတွင် ကြောက်မက်ဖွယ်ရာ နတ်ဆိုးများသည် အာကာသအတာအဆီးထံသို့ တိုက်ခိုက်လာကြပြီဖြစ်သည်။
“ အဲဒီကောင်တွေအားလုံး နောက်ဆုံးတော့ ထွက်လာကြပြီ။ ”
သန်မာသော လူတစ်ယောက်က အသက်ရှူမဝစွာဖြင့် ပြောကြားလိုက်လေသည်။ အခြားသူများသည်လည်း ဖြူဖျော့သွားခဲ့ပြီး နှလုံးသားများ လေးလံနေ၏။
“ အားလုံးပဲ၊ အတူတူ တိုက်ခိုက်ကြရအောင်။ ”
အသက်လတ်ပိုင်းအရွယ် စာပေပညာရှင်က သက်ပြင်းချလိုက်၏။ ဤတစ်ကြိမ်တွင် သူတို့ အားလုံး မထွက်သော် နယ်နိမိတ်အက်ကြောင်း လုံးဝပြိုကျသွားနိုင်မည်။
“ သွားရအောင် ... ။ ”
ဆံပင်ဖြူဖြူအမျိုးသမီးက ပထမဦးဆုံး လှုပ်ရှားသည်။ မိုးပြာရောင် အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး လေထဲ မြင့်တက် သွားတော့၏။
ထိုအရာကို မြင်ချိန်၌ အခြားသော ဧကရာဇ်များသည် အံကြိတ်ပြီး လိုက်သွား ကြလေသည်။
“ မိန်းကလေးရီ ... ဒီအချိန် အတောအတွင်း မင်းနဲ့အတူ တိုက်ခိုက်ရတာ ငါ့အတွက် ဂုဏ်ယူစရာပါပဲ။ ”
ဓားကိုင်ဆောင်ထားသော အဖြူရောင်ဝတ်လူမှ ရီယုထံတစ်ချက်ကြည့်ကာ ပြောကြားလေသည်။
“ ဝှစ် ... ။ ”
ထို့နောက် ပေါ့ပေါ့ပါးပါး ပြုံးပြီး လေထဲခုန်တက်ကာ အာကာသအက်ကြောင်း အပြင်သို့ ပျံသန်းသွားတော့၏။
ရီယုတစ်ယောက် နှုတ်ခမ်းကို တင်းတင်းစေ့ပြီး စကားမပြောဘဲ မြွေတစ္ဆေ မီးအိမ်ကို ထုတ်ယူလျက် လေထုအလယ် လှမ်းတက်လိုက်လေသည်။
ဝေထောင်ယွင်က သူမနောက်ကနေ အနီးကပ်လိုက်သွား၏။ ဧကရာဇ် ဆယ်ပါးကျော် အတူတကွ ပျံသန်းကာ အာကာသ အက်ကြောင်းကို ဖြတ်ကျော်သည်။
“ မင်းတို့သေချင်နေကြတာပဲ။ ”
များမကြာခင် ကြောက်မက်ဖွယ် ကောင်းသော မကောင်းဆိုးဝါးဝိညာဉ်များနှင့် တိုက်ပွဲများ စတင်လိုက်တော့၏။
“ သတ် ... ။ ”
“ ဝုန်း ... ။ ”
ကြီးမားပြင်းထန်သောသော တိုက်ပွဲကြီးပေပင်။ ခဏချင်း လေထုအလယ် သွေးရနံ့များထုံမွှန်းလာ၏။
တန်ခိုးကြီးရတနာများသည် တောက်ပလွန်းသော အလင်းရောင်များဖြာပြီး အဖျက်စွမ်းအားပြင်းထန်သည့် တိုက်ပွဲကြီး ဖြစ်ပေါ်လာသည်။ ဆူညံသော တိုက်ပွဲဖြစ်ပွား သံများနှင့် ရတနာပေါက်ကွဲသံများ ပဲ့တင်ထပ်နေတော့၏။
သို့သော် ကြောက်မက်ဖွယ်ကောင်းသည့် ထိုနတ်ဆိုးများသည် အလွန်များပြားလွန်းသည်။ စုစုပေါင်း အကောင်ရေ လေးဆယ်ကျော်၏။
အားအနည်းဆုံးသော နတ်ဆိုးများသည် ရွှမ်ကျောက်အဆင့် ဧကရာဇ်များနှင့် ယှဉ်နိုင်ပြီး အစွမ်းထက်ဆုံးသည် ရွှမ်ယုအဆင့် ပုဂ္ဂိုလ်များနှင့် ယှဉ်နိုင်သည်။
တိုက်ပွဲအလယ် ရီယု၊ ဝေထောင်ယွင်နှင့် အခြားသူများသည် ဝိုင်းရံခံနေရပြီး အန္တရာယ် များလွန်းသော အခြေအနေ ကျရောက်နေ၏။
ဧကရာဇ်အချို့သည် ပြင်းထန်စွာ ဒဏ်ရာရရှိထားပြီးဖြစ်ရာ ဤဝိုင်းရံမှုအတွင်း မကြာမီသေဆုံးရပေတော့မည်။
“ လူတိုင်း၊ ငါ အရင်ထွက်သွားနှင့်မယ် နောက်ဘဝရှိခဲ့ရင် ... မင်းတို့အားလုံးနဲ့အတူတူ တိုက်ပွဲဝင်ဖို့ အခွင့်အရေး ထပ်ရလိမ့်မယ်လို့ မျှော်လင့်ပါတယ် ဟား ဟား ဟား။ ”
ရုတ်တရက် အနက်ရောင်ဝတ် ပိန်ပိန်ပါးပါးအဘိုးအိုသည် ကျယ်လောင်စွာ ရယ်မောလိုက်၏။
သူသည် အခြားသူများကို ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့် အလွန်ပြင်းထန်သော ဒဏ်ရာများရရှိထားသောကြောင့် သူ့တာအိုကို ဖောက်ခွဲရန် ကြံရွယ်လိုက်ချေပြီ။
“ ခဏနေဦး ... ။ ”
ရီယုက ထိုအဘိုးအိုဘေးတွင် ရုတ်တရက်ပေါ်လာပြီး သူ့အင်္ကျီကိုဆွဲကာ စစ်မြေပြင်နှင့် ဝေးရာသို့ ပစ်ပေါက်လိုက်၏။
“ မိန်းကလေးရီ ... ။ ”
“ ဒီနေ့ ... သေတဲ့အထိ တိုက်ပွဲဝင်ဖို့ အလျင်စလိုလုပ်စရာမလိုပါဘူး အခု ဆုတ်ခွာပြီး ဒဏ်ရာကို ကုပါ။ ”
“ ငါ ... ။ ”
အဘိုးအို နှုတ်ခမ်းများ တုန်ရီလာပြီး မျက်လုံးများရဲလာသည်။ အဆုံး၌အံကြိတ်လျက် ရီယုစကားကိုနားထောင်ကာ တိတ်တဆိတ် ပြန်သွားတော့၏။
များမကြာမီတွင် အခြားတစ်ယောက် သည်လည်း သည်းမခံနိုင်တော့ချေ။ ယင်းသည် ဆံပင်ဖြူအမျိုးသမီးဖြစ်သည်။ နှုတ်ခမ်းများမှ သွေးများ စီးကျနေပြီး ဒဏ်ရာများ ပြည့်နှက်နေ၏။
သို့သော် သူမသည် ထိုအရာများကို ဂရုမစိုက်တော့ဘဲ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးမှ သတ်ဖြတ်လိုသော ရည်ရွယ်ချက်များ ဖြာထွက်နေခဲ့သည်။
အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကို လုံးဝလျစ်လျူရှုကာ ပြင်းထန်စွာ တိုက်ပွဲဝင် နေခြင်းဖြစ်၏။
“ ဝှစ် ... ။ ”
“ ဂျိန်း ... ။ ”
နီနီရဲရဲ ပြင်းထန်သော မိုးကြိုးတစ်ချက် လင်းလက်သွားပြီး သွေးနီရောင်လှံတံကြီးသည် ထိုဆံပင်ဖြူအမျိုးသမီးထံ ပျံသန်းလာသည်။
ဤမြင်ကွင်းသည် သေလုမျောပါး ဖြစ်နေသည့် သူမကို သဘောပေါက်သွားစေကာ ခါးသီးစွာပြုံးလိုက်တော့၏။ ယနေ့အတွက် နောက်ဆုံးသော အသက်ရှူခြင်းပေပင်။
***