အခန်း (၇၅၁-၇၅၃)
Vol. 63 Ch. 751-753
အခန်း ၇၅၁ -
ငရဲဘုရင် လွတ်မြောက်ခြင်း။
“ ဂျိန်း ... ။ ”
ကောင်းကင်နှင့် မြေကြီးကြား ဓားစွမ်းအင်များ လောင်မြိုက်နေပြီး မိုးကြိုး အလား ကျယ်လောင်သည့် မြည်သံများ ထွက်ပေါ်နေခဲ့သည်။
ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးများသည် ထိုဓားအလင်းရောင်ကြောင့် စက္ကူကဲ့သို့ အပိုင်းပိုင်းကွဲသွားကြ၏။
စုရီ၏မြင့်မားသော ပုံရိပ်သည် ကောင်းကင်နှင့်မြေကြီးကြား ဖြတ်သန်းနေကာ ရွှေရောင်အလင်းများဖြင့် သိုင်းခြုံထားသည်။
သူ့တိုက်ခိုက်မှုများသည် လျှပ်စီးကဲ့သို့ မြန်ဆန်လွန်းပြီး ရက်စက်ကြမ်းကြုတ်ကာ လွှမ်းမိုးနိုင်စွမ်းရှိ၏။ ရွှမ်ကျောက်နယ်ပယ်နှင့် ယှဉ်နိုင်သောနတ်ဆိုးများမှာ သူ့လက်၌ ပျက်စီးခြင်းရောက်နေရသည်။
အဝေးတွင် မျက်ခုံးဖြူနတ်ဆိုး၏ မျက်လုံးများသည် မှေးစင်းနေ၏။ သူ့ကဲ့သို့သော တစ်စုံတစ်ဦး၏အမြင်၌ပင် ဤတိုက်ပွဲများသည် အသက်ရှူမှားလောက်ပေသည်။
သူ့အပေါ် အမှန်တကယ် အံ့အားသင့်စေသည်မှာ ဝိညာဉ်တာအိုနယ်ပယ် တစ်စုံတစ်ယောက်တွင် ဤမျှ ရက်စက်သည့် တိုက်ပွဲဝင်စွမ်းအားရှိနေခြင်းဖြစ်၏။
ဧကရာဇ်နယ်ပယ်အောက် အရာအားလုံးသည် ပုရွက်ဆိတ်များဖြစ်သော် ငြားလည်း ဤလူငယ်သည် ချွင်းချက်ပေပင်။
“ ဒီပြန်လည်ဝင်စားခြင်း လမ်းဟာ အဖိုးကြီးစုဘဝရဲ့ ခွန်အားတွေထက် အများကြီး သာလွန်နေတယ် လမ်းကြောင်းအသစ်တစ်ခုကို ရှာတွေ့ခဲ့ပုံပဲ ... တစ်နေ့ သူသာ ဧကရာဇ်ဖြစ် လာခဲ့ရင် ဘယ်လောက်ကြီးစိုးမလဲ။ ”
မျက်ခုံးဖြူအဖိုးအိုက တိုးညှင်းစွာ မှတ်ချက်ပေးသည်။ အချိန်ကြာလာသည်နှင့် စုရီတစ်ယောက် မောပန်းမှုမရှိခဲ့ဘဲ ရောင်ဝါများ ပိုမိုအားကောင်းလာသည်ကို သတိထားမိ၏။
တစ်နာရီ၊ နှစ်နာရီ၊ သုံးနာရီ စသည်ဖြင့် အချိန်များ တရွေ့ရွေ့ကုန်လွန်နေသည်။ စုရီက ရုတ်ချည်းရပ်လိုက်ပြီး ပတ်ဝန်းကျင်ထံ ဝေ့ကြည့်တော့၏။
နတ်ဆိုးတစ်ကောင်မျှ မတွေ့ရတော့ချေ။ ယင်းကြောင့် တိုက်ပွဲဝင်ဆန္ဒများ ငြိမ်းသွားကာ မောပန်းနွမ်းနယ်မှုလှိုင်းလုံးကြီးတစ်ခု သူ့အပေါ် လွှမ်းခြုံလာ၏။
သို့မှသာလျှင် သူ့ကျင့်ကြံမှု အားလုံးနီးပါး ကုန်ဆုံးသွားကြောင်း သဘောပေါက်လေသည်။ ဓားကိုသိမ်းလျက် ဝိုင်ဘူးကိုထုတ်ယူပြီး အားရပါးရ သောက်လိုက်၏။
ထိုအချိန်တွင် သူ့ရောင်ဝါသည် မသိမသာပြောင်းလဲနေခဲ့သည်။ နွေဦးရာသီတွင် ပွင့်လန်းလာသော သစ်ပင်ပန်းမန်များကဲ့သို့ ကုန်ဆုံးသွားသော ကျင့်ကြံမှုသည် ရုတ်တရက် အသစ်သစ်ဖြင့် ပေါက်ကွဲထွက်လာ၏။
ဝိညာဉ်တာအိုနယ်ပယ် အလယ်အလတ် အဆင့်မှသည် အထွတ်အထိပ်သို့မြင့်တက်လာ ပြီးနောက် နောက်ဆုံးတွင် ရပ်တန့်သွားသည်။
သူ့ခန္ဓာကိုယ်အတွင်း၌ မဟာတာအိုဝိညာဉ်စက်ဝန်းသည် နေမင်းကဲ့သို့ ပြီးပြည့်စုံလာတော့၏။ သူ့ရုပ်ပုံနောက်တွင် နတ်ဘုရားရောင်ဝါကဲ့သို့ ရွှေရောင်များလည်း တောက်ပနေသည်။
နက်နဲသော လျှို့ဝှက်ချက်များ စီးဆင်းပြီး မယုံနိုင်လောက်အောင် အံ့သြဖွယ်ကောင်းသည့် ဖြစ်စဉ်အမျိုးမျိုး ပေါ်လွင်လာ၏။
စိတ်ဝိညာဉ်၊ သွေးနှင့် ချီသည် အသွင်ပြောင်းနေချေပြီ။ ထိုခံစားချက်များကို စောင့်ကြည့်လျက် အထိန်းအကွပ်မဲ့စွာဖြင့် ဝိုင်များသောက်နေခဲ့သည်။
အနားတဝိုက် အိပ်မက်ဆန်သော အလင်းများဝန်းရံထားကာ ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသည့် အင်မော်တယ်အလား သာလွန်မှုကို ပြသနေချေပြီ။
မျက်ခုံးဖြူအဖိုးကြီးက ပြုံးရွှင်စွာဖြင့် ရှေ့သို့ချက်ချင်းလှမ်းတက်ကာ လက်သီးများ ဆုပ်ကိုင်လျက် နှုတ်ဆက်တော့၏။
“ တာအိုစု ... ဒီနေ့ အောင်မြင်မှုအတွက် ဂုဏ်ယူပါတယ် မကြာခင် ဧကရာဇ်လမ်းအပေါ် မင်းခြေချနိုင်ပါတော့မယ်။ ”
ဝိညာဉ်တာအိုနယ်ပယ် အထွတ်အထိပ်ဟူသည် ဧကရာဇ်တစ်ပါးဖြစ်ရန် ခြေတစ်လှမ်းမျှသာ လိုတော့၏။
“ ငါ့ကို ဒီလိုမြှောက်ပင့်နေတာလား။ ”
စုရီတစ်ယောက် စိတ်အခြေအနေ ကောင်းမွန်နေခဲ့သဖြင့် ပြုံးပြီးတုန့်ပြန်သည်။
“ တာအိုစု ... ငါပြောတဲ့ စကားတိုင်းက ငါ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံးကနေလာတာပါ ကောင်းကင်နဲ့ မြေကြီးကို သက်သေ ပြုနိုင်ပါတယ် ... ။ ”
ထိုစကားကို စုရီမှ စိတ်မဝင်စားဘဲ ခဏမျှစဉ်းစားပြီးနောက်၊
“ ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေ အများစုကို မင်းမြင်ခဲ့ရတယ်။ ”
-ဟု ပြောကြားလိုက်သည်။
သို့သော် သူစကားမဆုံးခင်မှာပင် မျက်ခုံးဖြူအဖိုးကြီးသည် နားလည်သွားကာ၊
“ စိတ်ချပါ တာအိုစု ... ငါပါးစပ်ကိုပိတ်ထားပြီး စကားတစ်လုံးမှ မပြောပါဘူး မနာခံရင် မိုးကြိုးပစ်ပါစေ။ ”
-ဟု ပြတ်သားစွာ ကျိန်ဆိုပြ၏။
ထိုးထွင်းသိမြင်နိုင်စွမ်းနှင့် နားလည်နိုင်စွမ်းဆိုသည်မှာ ဤသို့သော အရည်အချင်းမျိုးပေပင်။
စုရီက ကျောက်စိမ်းပြားတစ်ပြားကို ထုတ်ယူကာ ခဏမျှစဉ်းစားလျှက် တစ်စုံတစ်ခု ရေးထွင်းလိုက်၏။
“ ဒီမှာ မကောင်းဆိုးဝါးစွမ်းအင်ကို သန့်စင်နိုင်ဖို့ လျှို့ဝှက်နည်းလမ်းပဲ ... မင်းရဲ့ ကျင့်ကြံမှုနဲ့ဆိုရင် နှစ်တစ်ရာအတွင်းမှာ အဲဒီစွမ်းအင်တွေအားလုံးကို လုံးဝ သန့်စင်နိုင်လိမ့်မယ်။ ”
“ ကျေးဇူးတင်ပါတယ် တာအိုစု ... ကျေးဇူးတင်ပါတယ် ဆရာစု ... ငါမင်းကို လုံးဝ စိတ်မပျက်စေရပါဘူး။ ”
မျက်ခုံးဖြူအဖိုးအိုက ချက်ချင်း စိတ်လှုပ်ရှားလာကာ နားမလည်နိုင်အောင် ရိုကျိုးနေခဲ့၏။ ကျောက်စိမ်းပြားကို လက်ခံ ရရှိချိန်၌ သူ့လက်များတုန်ရီနေချေပြီ။
မှားယွင်းစွာသေဆုံးခြင်း မြို့တော်ရှိ တားမြစ်မြေအသီးသီးတွင် ရှင်သန်နေခဲ့သော သူကဲ့သို့သတ္တဝါများသည် ကျောက်တိုင်၏ စွမ်းအားဖြင့် ချည်နှောင်ခံထားရသည်။ ထွက်သွား၍ မရချေ။
ထို့ကြောင့် နှစ်ပေါင်းများစွာ ကျင့်ကြံပြီးနောက် သူတို့လိုအစွမ်းထက်သော သတ္တဝါများအတွင်း၌ မကောင်းဆိုးဝါး စွမ်းအင်များ စုပုံလာကြ၏။
ဤနည်းဖြင့် မှားယွင်းစွာ သေဆုံးခြင်း မြို့တော်မှ ထွက်သွားရန် အခွင့်အလမ်းများ ပိုမို နည်းပါးလာခဲ့သည်။
စုရီပေးသော ဤနည်းစနစ်သည် ထိုပြဿနာကိုဖြေရှင်းကာ မြို့တော်ကနေ လုံးဝ လွတ်မြောက်နိုင်မည်။
“ ဒီလျှို့ဝှက်နည်းစနစ်ကို တခြားဘယ်သူ့ကိုမှ မသင်ပေးရဘူး ... ။ ”
စုရီက ပြောကြားလိုက်၏။ မျက်လုံးဖြူ အဖိုးအိုမှ ချက်ချင်းပင် လေးလေးနက်နက် ဦးညွှတ်ပြကာ၊
“ ငါ့အသက်ကို တိုင်တည်ပြီး ... ဒီလိုအရာမျိုး ဘယ်တော့မှ မလုပ်ပါဘူးလို့ ကျိန်ဆိုနိုင်ပါတယ်။ ”
-ဟု ကတိပေးသည်။ စုရီက ခေါင်းညိတ်လျက်၊
“ သွားကြစို့ ... တခြားသူတွေကို ကယ်တင်ပြီး ပြန်ကြမယ်။ ”
-ဟု ပြောကြားလိုက်တော့၏။
“ ဝှစ် ... ။ ”
“ နောက်ဆုံးတော့ ငါတို့လွတ်မြောက်ပြီ ... ။ ”
ယင်-ယန်တောင်ထိပ်၊ ယင်ယန်လမ်း ဝင်ပေါက်တွင် လူရိပ်များထွက်ပေါ်လာသည်။ ဂိုဏ်းအသီးသီးမှ စုရီကို နှုတ်ဆက်တော့၏။
“ ငါတို့ရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေ။ ”
“ ဒါက သေးငယ်ကိစ္စပဲ ... ဒီလောက်ပြောစရာမရှိပါဘူး ... ငါ့ခရီးမှာရီယုကို ကယ်ဖို့ပါ မင်းတို့ကအပိုတွေပဲ။ ”
စုရီက လူတိုင်းကို လျစ်လျူရှုကာ ချက်ချင်းထွက်ခွာသွားတော့သည်။ သူ့တွင် အခြားသော လုပ်စရာများ ကျန်ရှိသေး၏။
***
“ သခင် ... စုရွှမ်ကြွယ် ထွက်သွားပါပြီ။ ”
ငရဲကျီးကန်းသည် ဖရိုဖရဲ အပျက်အစီးနယ်မြေ ဝင်ပေါက်တွင်ရပ်လိုက်ပြီး ရိုသေလေးစားစွာ သတင်းပေးပို့လေသည်။
“ သူ ဘယ်ကိုသွားမယ်လို့ မင်းထင်လဲ။ ”
မြူခိုးများ ဖုံးလွှမ်းနေသည့် ဖရိုဖရဲ အပျက်အစီးများထံမှ ငရဲဘုရင်၏အသံသည် ပြန်လည်ထွက်ပေါ်လာ၏။ ငရဲကျီးကန်းမှ ခဏမျှစဉ်းစားကာ၊
“ နာကျည်းခြင်းပင်လယ် ... ။ ”
-ဟု ပြန်ဖြေလေသည်။
“ ဘာလို့လဲ ... ။ ”
“ သခင် ... မသိနိုင်ပေမယ့် လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က နာကျည်းခြင်းပင်လယ်ထဲမှာ ကြီးမားတဲ့ ဆူပူမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ် ...
... မရဏကမ္ဘာရဲ့ တရားစီရင်ရေးသခင် စွေ့လုံရှင်းဟာ လျှို့ဝှက်ဆန်းကြယ်လွန်းတဲ့ အဲဒီ အနက်ရောင်သင်္ဘောကို ကြုံတွေ့ပြီး သဲလွန်စ မရှိဘဲ ပျောက်ကွယ်သွားခဲ့ပါတယ် ...
... စုရွှမ်ကြွယ်ဟာ အဲဒီအဖိုးကြီးနဲ့ ရင်းနှီးနေတဲ့ မိတ်ဆွေတစ်ယောက် ဖြစ်တာမို့ ဒါကိုရပ်ကြည့်နေနိုင်မှာ မဟုတ်ပါဘူး ... သေချာပေါက် သူသွားပါလိမ့်မယ်။ ”
“ ဟမ့် ... နာကျည်းခြင်းပင်လယ်မှာ ဘယ်လိုဆူပူမှုတွေ ဖြစ်ပွားခဲ့လို့လဲ။ ”
“ နာကျည်းခြင်းပင်လယ်က ကျယ်ပြန့်ပြီး အကန့်အသတ်မရှိပါဘူး မကြာသေးမီနှစ်များက ပြောင်းလဲမှုတွေ အများကြီးဖြစ်ခဲ့ပါတယ် ...
... အထင်ရှားဆုံးကတော့ ရုတ်တရက် ပေါ်လာတဲ့ နတ်ဘုရားနဲ့နတ်ဆိုးစစ်မြေပြင်လို့ လူသိများတဲ့ ရှေးဟောင်းအပျက်အစီး နယ်မြေကြီးပါပဲ ...
... မရဏကမ္ဘာရဲ့ ဒိုမိန်းခြောက်ခုနဲ့ နယ်မြေကြီးဆယ့်သုံးခုရဲ့ အင်အားစုတွေက စုံစမ်းဖို့အတွက် လာခဲ့ကြပါတယ်။ ”
“ ဒီနတ်ဘုရားနဲ့ နတ်ဆိုးတွေရဲ့ စစ်မြေပြင်ဆိုတာ ရှေးခေတ် နတ်ဘုရား သင်္ချိုင်းမြေကြီးလား။ ”
“ မှန်ပါတယ် သခင်။ ”
“ ဟမ့် ... ဒီလိုရှေးဟောင်း အပျက်အစီးနယ်မြေတွေတောင် ပေါ်လာတာ ဆိုတော့ ဒီဖြစ်ရပ်က သာမန်မဟုတ်နိုင်ဘူး မင်း အဲဒီအနက်ရောင်သင်္ဘောရဲ့ မူလအစကို ရှာတွေ့ပြီလား။ ”
“ မတွေ့သေးပါဘူး၊ ဒါပေမယ့် ကောလာဟလတွေအရ နာကျည်းခြင်းပင်လယ် ဖြစ်စဉ်တွေအားလုံးဟာ အဲဒီအနက်ရောင် သင်္ဘောကြောင့်လို့ ကြားပါတယ်။ ”
“ စိတ်ဝင်စားစရာပဲ ... မင်းရဲ့ ပြောစကားတွေအရ တစ်ချိန်က စုရွှမ်ကြွယ်က အဲဒီနာကျည်းခြင်းပင်လယ်ပြင်မှာ (၁၉)နှစ်တိုင် ပျောက်ကွယ်သွားခဲ့တယ်ဆိုတာ အမှန်လား။ ”
“ အမှန်ပါပဲ ... အဲဒီတုန်းက လူအများစုအမြင်မှာ စုရွှမ်ကြွယ်တစ်ယောက် သေဆုံးသွားပြီလို့ ထင်ခဲ့ကြတယ် ...
... (၁၉)နှစ်အကြာမှာတော့ သူ အသက်ရှင်လျက် ပြန်ရောက်ခဲ့ပါတယ် ဒီကိစ္စက အဲဒီအချိန်တုန်းက အတော်လေး စိတ်ဝင်စားမှု မြင့်တက်ခဲ့ပါတယ်။ ”
“ ဒါဆို စုရွှမ်ကြွယ်က နာကျည်းခြင်း ပင်လယ်ပြင်မှာ ပြန်လည်ဝင်စားခြင်းနည်းလမ်း လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ မင်းထင်လား။ ”
ဤတစ်ကြိမ်၌ ငရဲကျီးကန်းခန္ဓာကိုယ် တောင့်တင်းသွားပြီး ပြန်မဖြေနိုင်တော့ချေ။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် တွန့်ဆုတ်စွာဖြင့်၊
“ အဲဒါက ပြောရခက်ပါတယ်၊ ငါ့ရဲ့နိမ့်ပါးတဲ့အမြင်နဲ့ မှတ်ချက်မပေးနိုင်ပါဘူး သခင်။ ”
-ဟု ပြောကြားလိုက်သည်။
“ ဟုတ်တယ် ... ပြန်လည် ဝင်စားခြင်းလျှို့ဝှက်ချက်ကို ဒီလိုလွယ်လွယ်သာ သိနိုင်ရင် ... အခုချိန်မှာ စုရွှမ်ကြွယ်အပြင် အခြားသူတွေ ရှိနေသင့်ပြီ မဟုတ်လား။ ”
စကားဆုံးသည်နှင့် ရှုပ်ထွေးနေသော အပျက်အစီးနယ်မြေတွင် အနက်ရောင်မြူများ လွင့်မျောလျက် လျှပ်စီးများ တဖျပ်ဖျပ် ခတ်လာတော့၏။
များမကြာခင် ရှုပ်ထွေးနေသော ထိုမြင်ကွင်းမှ အနက်ရောင်မြူနှင့် လျှပ်စီးများ ရောယှက်နေသည့် အမျိုးသမီးပုံရိပ်တစ်ရိပ် လျှောက်လှမ်းထွက်ပေါ်လာချေပြီ။
ထိုမြင်ကွင်းကြောင့် ငရဲကျီးကန်းခမျာ ထိတ်လန့် အံ့အားသင့်သွားပြီးနောက် ချက်ချင်း ထပျံကာ၊
“ သခင် ... မင်း ... မင်းတကယ်ပဲ လွတ်မြောက်သွားပြီလား။ ”
-ဟု အော်ဟစ်လိုက်တော့သည်။
***
အခန်း ၇၅၂ -
ညလူနှင့် စကားစမြည်ပြောခြင်း။
အနက်ရောင် မြူခိုးများရစ်သိုင်းလျက် လျှပ်စီးများရောယှက်ပြီး ဖျက်ဆီးခြင်းရောင်ဝါ တစ်ခု ထွက်ပေါ်လာသည်။ ထိုရောင်ဝါနှင့်အတူ ကျက်သရေရှိသော အမျိုးသမီးတစ်ယောက် ထွက်ပေါ်လာ၏။
ခြေလှမ်းတိုင်းသည် ကြော့ရှင်းပြီး တည်ငြိမ်ကာ အလှသည် ယှဉ်နိုင်စရာမရှိချေ။ လွင့်မျောနေသော အပြာနုရောင်ဆံပင်ရှည်ကို ပေါ့ပေါ့ပါးပါး စည်းထားပြီး နက်မှောင်သည့် အင်္ကျီရှည်ကြီးကို ဝတ်ဆင်ထား၏။
အင်္ကျီအောက်တွင် နှင်းကဲ့သို့ ဖြူဖွေးနေသော အသားအရေကို ပေါ်လွင်နေ စေသည်။ အသွင်အပြင်အရ မိန်းကလေးငယ် တစ်ဦးကဲ့သို့ နူးညံ့သိမ်မွေ့ပြီး သန့်စင်နေ၏။
နီနီရဲရဲ နှုတ်ခမ်းတစ်စုံပိုင်ဆိုင်ကာ တောက်ပသောမျက်ဝန်းများနှင့် သက်ရှိများကို အံ့အားသင့်စေရန် လုံလောက်သော အလှတရားမျိုးပေပင်။
ရှေးခေတ်ကတည်းက မရဏကမ္ဘာရှိ မရေမတွက်နိုင်သော သတ္တဝါများစွာအတွက် ကြောက်ရွံ့စေခဲ့သော အုပ်စိုးရှင်ဖြစ်၏။ ငရဲဘုရင်မှ ငရဲကျီးကန်းထံကြည့်ကာ၊
“ မဟုတ်ဘူး ... ငါ့ရဲ့ခန္ဓာကိုယ်က ဒီအပျက်အစီးနယ်မြေရဲ့ အောက်ခြေအတွင်းမှာ ပိတ်မိနေတုန်းပဲ။ ”
-ဟု ပြန်ဖြေလိုက်သည်။
“ အခု မင်းမြင်နေတာ နှစ်ပေါင်းများစွာ စုစည်းထားတဲ့ ... ငါ့ရဲ့ဝိညာဉ်ခန္ဓာကိုယ်တစ်ခုပဲ ငါ့ရဲ့အသက်ဓာတ်ကိုသုံးပြီး တာအိုခန္ဓာအဖြစ် စုစည်းထားတာ ... ဇာတိဝိညာဉ်ခံယူခြင်း (avatar)လို့ အဓိပ္ပါယ်ရတယ်။ ”
အဆုံးတွင် ငရဲကျီးကန်းသည် နားလည်သွားတော့၏။
“ သခင်၊ မင်းရဲ့ (avatar)ခန္ဓာက မှားယွင်းစွာသေဆုံးခြင်းမြို့တော်ရဲ့ ... မူလ စည်းမျဉ်းတွေကနေ ဖန်တီးထားတာဆိုတော့ ဒီမြို့တော်ကနေ အလွယ်တကူ ထွက်သွား နိုင်တယ်လို့ ဆိုလိုတာလား။ ”
“ ထက်မြက်တယ် ... ။ ”
ငရဲကျီးကန်း၏ သွေးနီရောင်မျက်လုံးများ တောက်ပစွာတောက်ပလာပြီး၊
“ အရမ်းကောင်းတယ် ... ဒါ(avatar) တစ်ခုသာဖြစ်နေပေမယ့် ... ငါ့အမြင်အရတော့ မရဏကမ္ဘာမှာ သခင့်ကိုယှဉ်နိုင်တဲ့သူ အနည်းငယ်ပဲ ရှိပါလိမ့်မယ်။ ”
“ ကျီးကန်းလေး၊ မရဏကမ္ဘာကို လျှော့မတွက်ပါနဲ့ ... ဒီကမ္ဘာကြီးက ကျယ်ပြန့်ပြီး မင်းစိတ်ကူးနိုင်တာထက် အများကြီး နက်နဲပါတယ်။ ”
ထို့နောက် အပျက်အစီးနယ်မြေမှ လှမ်းထွက်လာသည်။ ငရဲကျီးကန်းတစ်ယောက် အတောင်ပံများ တဖျပ်ဖျပ်ခတ်ကာ သူမ နောက်သို့လိုက်သွားပြီး၊
“ သခင် ... မင်းနာကျည်းခြင်းပင်လယ်ကို သွားဖို့စီစဉ်နေတာလား။ ”
-ဟု မေးလိုက်၏။
“ ဟုတ်တယ် ... စုရွှမ်ကြွယ်နဲ့ ဆယ်နှစ်စာချုပ်ရှိပေမယ့် ဒါကိုနည်းနည်းတော့ စိုးရိမ်မိတယ် ဒီဆယ်နှစ်အတွင်း သူ့အတွက် ကံဆိုးမှုတွေကြုံရင် ဘယ်လိုလုပ်မလဲ ...
... နောက်ဆုံးတော့ ဒီလူက တစ်ဦးတည်းသော ပြန်လည်ဝင်စားသူပဲ သူ့မှာ လျှို့ဝှက်ချက်တွေရှိတယ် အရေးအကြီးဆုံးက ကောင်းကင်ဆန္ဒဥပဒေကို ခုခံနိုင်စွမ်းပဲ။ ”
သူမစကားပြောပြီးသည်နှင့် မျက်လုံးများသည် သွေးဆာလောင်နေသော အကြည့်များ ဖြစ်လာခဲ့သည်။ အဆုံးတွင် ပြုံးရယ်လာပြီး၊
“ ဒါကြောင့် သူ့ကို သေစေလို့မရဘူး။ ”
-ဟု ပြောကြားလိုက်၏။
“ သခင် ... စုရွှမ်ကြွယ်က ဝိညာဉ်တာအိုနယ်ပယ်မှာပဲရှိပေမယ့် အလွန် အစွမ်းထက်နေပါတယ် ဂရုမစိုက်ပါ။ ”
စုရီလက်တွင် အကြီးအကျယ် ခံစားခဲ့ရဖူးသဖြင့် သဘာဝအတိုင်း နှလုံးသား၌ အရိပ်တစ်ခု ကျန်ရစ်ခဲ့သည်။ ငရဲဘုရင်မှ ပြုံး၏။
“ ဒါက ဝိညာဉ်ဇာတိခံယူထားတဲ့ (avatar)တစ်ခုပဲ ... မီးနဲ့ကစားလို့ လောင်ကျွမ်း သွားရင်တောင်မှ ဘာအရေးလဲ ... ။ ”
-ဟု တုန့်ပြန်လိုက်၏။
“ ဆန့်ကျင်ဘက်အနေနဲ့ ဒီလူကို ကြိုတင်နှိမ်နင်းထားနိုင်ခဲ့ရင်သာ ... ငါ့အတွက် အကောင်းဆုံးပဲ ... ကျီးကန်းလေး မင်းထပ်ပြီး ပြဿနာမရှာပါနဲ့ ... ဆယ်နှစ်အတွင်းမှာ ငါတို့ မလှုပ်ရှားဘူးလို့ ကတိပေးထားပါတယ်။ ”
“ ဟုတ်ကဲ့ ... ။ ”
***
တစ္ဆေမြို့တော်အတွင်း လူအများဖြင့် စည်ကားနေသည်။ လတ်တလော မှားယွင်းစွာ သေဆုံးခြင်းမြို့တော်သတင်းသည် သူတို့ကို စိတ်ဝင်စားဖွယ်ဖြစ်စေ၏။
“ ငရဲနတ်ဘုရားနန်းတော်ဂိုဏ်းက ... အကြီးအကျယ်ရှုံးနိမ့်ခဲ့တယ် မှောင်မိုက်ည အစေခံသုံးဦး အပါအဝင် အဖွဲ့ဝင်တိုင်း သေဆုံးသွားပြီ ... ။ ”
“ တစ်ချိန်က ထူးထူးဆန်းဆန်း ပျောက်ကွယ်သွားတဲ့ ဧကရာဇ်တွေအားလုံး ပြန်လွတ်လာကြပြီ သူတို့ကို ... ငရဲနတ်ဘုရား နန်းတော်က ယဇ်ပူဇော်ဖို့ ဖမ်းထားတာတဲ့။ ”
“ ဘယ်သူက ဒီလိုကြီးကျယ်တဲ့ ကျေးဇူးတော်ကို ပြုခဲ့တာလဲ။ ”
“ မသိဘူး စီနီယာတစ်ယောက်လို့ ပြောနေကြတာပဲ အဲဒီစီနီယာက ယင်ယန်လမ်း အတွင်းမှာ ပိတ်မိနေတဲ့ ဧကရာဇ်တွေကိုတောင် ကယ်တင်ပေးခဲ့တယ်။ ”
“ ဒါတကယ်လား ... ။ ”
“ ဟမ့် ... မင်းမယုံရင် မန်ပိုနန်းတော်နဲ့ အဝါရောင်နွေဦးနန်းတော်ဆီ မေးကြည့်ပါလား သူတို့တွေ ပြန်ရောက်လာကြပြီ။ ”
အသီးသီးသော ဆွေးနွေးသံများ မြို့အတွင်းဆူညံနေ၏။ ထိပ်တန်းဂိုဏ်းကြီး များသည် ယင်ယန်လမ်း၌ ပိတ်မိနေသော သူတို့၏တန်ခိုးကြီး ပုဂ္ဂိုလ်များအပေါ် မျှော်လင့်ချက် မထားရှိခဲ့ချေ။
ထိုအခြေအနေတွင် အသက်ရှင်လျက် ပြန်လာနိုင်ခြင်းသည် အုတ်အော်သောင်းနင်း နိုင်နေပေသည်။
“ အကြီးအကဲ ငါတို့ဂိုဏ်းကို ပြန်သင့်ပြီ။ ”
လုချောင်မင်မှ ပြုံးပြီးပြောလိုက်၏။ သူ့မျက်နှာပေါ်တွင် ရွှင်လန်းတက်ကြွမှုများ ထင်ဟပ်နေချေပြီ။
ဒုတိယအကြီးအကဲ ပိုင်ရှောင်သာမက ယင်ယန်လမ်းတွင် ပိတ်မိနေသော မြစ်သံတမန် တစ်ပါးပင် လွတ်မြောက်ခဲ့၏။
“ သိုင်းဦးလေး၊ ဒီကိစ္စကိုဂိုဏ်းဆီ အမှန်အတိုင်း ပြောသင့်လား။ ”
ယွမ်လင်းနင်မှ မေးသည်။ လုချောင်မင်က တွေးတောလျက်၊
“ သိတဲ့အတိုင်းပဲ ... ဘိုးဘေးမိုဝူဟန်က စုရီကိုအလွန်လေးစားတယ် ဒီကိစ္စဘိုးဘေးဆီ သတင်းပို့သင့်ပါတယ် သတင်းထုတ်ပြန်မယ့် ကိစ္စကတော့ ဘိုးဘေးအပေါ်မူတည်တယ်။ ”
-ဟု ပြန်ဖြေလိုက်၏။ ယွမ်လင်းနင် တစ်ယောက် ခေါင်းညိတ်သည်။ ထိုနေ့မှာပင် မန်ပိုနန်းတော်သည် ချက်ချင်း ထွက်ခွာသွားတော့၏။
အဝါရောင် နွေးဦးနန်းတော်နှင့် အခြားသောဂိုဏ်းများသည်လည်း အလားတူ ချက်ချင်း လုပ်ဆောင်လေသည်။
ဤအဖြစ်အပျက်များကို ကြုံတွေ့ခဲ့ရပြီးနောက် အချိန်ဖြုန်းလိုခြင်း မရှိတော့ချေ။ ဂိုဏ်းသို့ပြန်ကာ သတင်းပို့ရန် အလျင်လိုနေကြ၏။
ထို့ကြောင့် စုရီနှင့် ပတ်သတ်သော သတင်းများသည် ထိပ်တန်းလျှို့ဝှက်ချက်အဖြစ် တိမ်မြုပ်သွားခဲ့သည်။ ဆန်းကြယ်သော စီနီယာ အဖြစ်သာ သိရှိခဲ့ကြ၏။
“ ကလန် ... ကလန် ... ။ ”
ထိုအချိန်တွင် ပန်းပဲရုံအတွင်း၌ အားချန်တစ်ယောက် အပေါ်ပိုင်းအဝတ်ဗလာ အသွင်ဖြင့် လက်နက်တစ်ခုပုံသွန်းနေသည်။
စုရီက ထိုအသံကိုနားထောင်လျက် ခြံဝင်းထဲတွင်ဝိုင်သောက်ကာ အနားယူနေ၏။ ရီယုနှင့် ယွီရွယ်တို့သည် သူ့ဘေးတစ်ဖက်စီ၌ နေရာယူထားကြသည်။
“ ဒီနားထောင်ခြင်းကျမ်းက တကယ့် ရတနာတစ်ပါးပါပဲ။ ”
စုရီက တွန့်ဆုတ်စွာဖြင့် တံဆိပ်ကို စားပွဲပေါ်တင်ပေးလိုက်သည်။ အနက်ဝတ်လူက ပြုံးလျက်၊
“ ဒီရတနာကို မင်းလက်ထဲက သုံးလက်မ စကြာဝဠာနှလုံးသားနဲ့ ဘယ်လိုယှဉ်နိုင်မှာလဲ။ ”
-ဟု တုန့်ပြန်၏။
“ ငါ့ရဲ့ ခရီးစဉ်အကြောင်း မင်းမသိချင်ဘူးလား။ ”
“ မင်း အခုလိုအသက်ရှင်လျက် ပြန်လာနိုင်တယ်ဆိုတော့ ကိစ္စတွေပြီးပြီဆိုတာ သက်သေပြနေတာပဲ ... ကျန်တာဘာများ စိတ်ဝင်စားစရာ ရှိနေဦးမှာလဲ။ ”
စုရီက ပြုံးသည်။
“ ဒါပေမယ့် ဒီတစ်ခါတော့ ငါ့မှာ မင်းကိုပြောစရာတစ်ခုရှိတယ် မင်းရဲ့အမြင်ကို ကြားချင်တယ်။ ”
အနက်ဝတ်လူက မျက်ဝန်းများ မှေးစင်လျက်ဖြင့် စုရီထံ ပြန်ကြည့်လေသည်။
“ စုရွှမ်ကြွယ် ... မင်းဘက်ကနေ ခုလိုပြောချင်နေတဲ့ကိစ္စဆိုတာ အသေးအဖွဲတွေ မဟုတ်လောက်ဘူး ပြောပါ။ ”
စုရီက ခေါင်းညိတ်ပြပြီးနောက် အာဏာပါးကွက်သားမိုချွမ်နှင့် ကြုံတွေ့ခဲ့ရသည့် အကြောင်းကို ပြန်ပြောပြလိုက်သည်။ ထို့နောက် ငရဲဘုရင်။
ထိုသတင်းများကို ကြားသောအခါ အနက်ဝတ်လူသည် မျက်မှောင်ကြုတ်လိုက်ပြီး၊
“ ကောင်းကင်ကိုးပါးနန်းတော်ကို ငါပထမဆုံးအကြိမ် ကြားဖူးတာပဲ ... ဒါပေမယ့် ရှေးခေတ်တုန်းက ...
... လက်ရှိငရဲဘုရင်က ကောင်းကင် အမိန့်ဌာနကနေ လှည့်စားခြင်းမြက်ကို ခိုးယူ ခဲ့တယ်ဆိုတာ ငါကြားဖူးတယ် ...
... အဲဒီတုန်းက ဒီအကြောင်းကြောင့်ပဲ ငရဲနန်းတော်ရဲ့ မြေအောက်ကမ္ဘာ ဧကရာဇ်က အရမ်းဒေါသထွက်ပြီး ငရဲဘုရင်ကို ဖမ်းဆီး အကျဉ်းချခဲ့ရတယ် ...
... ဒီငရဲဘုရင်ရဲ့ အစွမ်းသတ္တိက အလွန်ကြောက်စရာကောင်းပြီး သူနားလည်တဲ့ မဟာတာအိုဥပဒေတွေက နတ်ဘုရားတစ်ပါးရဲ့ ဥပဒေတွေလို ပြင်းထန်တယ် ...
... ဒါကြောင့် မြေအောက်ဧကရာဇ်ဟာ စွေ့မျိုးနွယ်စုဘိုးဘေးအပါအဝင် ဌာန(၆)ခုလုံးရဲ့ ဘိုးဘေးတွေနဲ့ နတ်ဘုရားရတနာတွေကို ဆင့်ခေါ်ပြီး သူမကိုနှိမ်နင်းခဲ့ရတယ် ...
... ဒီလိုလူတစ်ယောက် ဆယ်နှစ်အတွင်း လွတ်လာနိုင်တယ်ဆိုတာ တကယ့်ကိုကြီးမားတဲ့ ပြဿနာတစ်ခုပဲ။ ”
အနက်ဝတ်လူက စိုးရိမ်ပူပန်ပြီး မျက်မှောင်ကြုတ်ကာ ဝိုင်တစ်ခွက်မော့သောက် လိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် လက်ရှိမရဏကမ္ဘာတွင် မြေအောက်ကမ္ဘာ ဧကရာဇ် မရှိတော့ချေ။
တစ်ချိန်က လမ်းစဉ်ခြောက်ပါးဌာနကို အုပ်ချုပ်ခဲ့သော ရှေးဟောင်းမျိုးနွယ်စုများလည်း ပြိုကွဲသွားကြပြီဖြစ်သည်။ ငရဲဘုရင်သည်သာ လက်စားချေလိုသော် အကျိုးဆက်များသည် မယုံနိုင်လောက်အောင် ဖြစ်ပေမည်။
“ မင်း တစ်ယောက်ယောက်ကို ဒီလောက်သတိထားတာ မြင်လိုက်ရဖို့ဆိုတာ တကယ်ရှားတယ် အံ့သြစရာပါပဲ။ ”
စီုရက ပြုံးပြီးပြောလိုက်သည်။ အနက်ဝတ်လူမှ သတိဝင်လာပြီး မျက်ခုံးများ ပြေလျော့လာသည်။ ထို့နောက် စိတ်သက်သာရာရသွားကာ၊
“ ဟုတ်သားပဲ ငရဲဘုရင် ပြဿနာရှာမှာကို ငါစိတ်စရာမလိုပါဘူး။ ”
-ဟု ပြောကြားလိုက်၏။
“ ဘာလို့လဲ ... ။ ”
စုရီမှ နားမလည်ဖြစ်သွားသည်။
“ ဘာလို့လဲဆိုတော့ မရဏကမ္ဘာ ဧကရာဇ်မရှိတော့ပေမယ့် မင်းရှိနေသေးတယ် မဟုတ်လား။ ”
“ ..... ။ ”
စုရီတစ်ယောက် မျက်ခုံးပင့်လိုက်၏။
“ ဘာလို့ ... မင်းက ငါ့အပေါ် အမြဲတမ်းဝန်တွေ ပေးနေရတာလဲ။ ”
“ မင်းမှာ ငရဲဘုရင်နဲ့ ... ဆယ်နှစ်စာ လောင်းကြေးရှိတယ်လို့ ပြောခဲ့တာမဟုတ်လား။ ”
ထိုအဖြေကြောင့် စုရီတစ်ယောက် စိတ်ပျက်လက်ပျက်ဖြစ်သွားပြီး သူ့နှာခေါင်းကို ကုပ်ခြစ်လျက်၊
“ အဲဒီအကြောင်း မပြောကြနဲ့ ... သောက်ကြရအောင်။ ”
-ဟု ပြောကြားလိုက်၏။
“ မင်း ... ငါ့အမြင်ကိုကြားချင်တယ် မဟုတ်လား ... အဲဒီငရဲဘုရင်က မင်းရဲ့ပြန်လည် ဝင်စားခြင်း လျှို့ဝှက်ချက်နဲ့ ကောင်းကင်ဆန္ဒ ဥပဒေတွေကို ဆန့်ကျင်နိုင်စွမ်းရှိတဲ့ လျှို့ဝှက်ချက်တွေကို သိချင်နေတယ်။ ”
ထို့နောက် အနက်ဝတ်လူမှ ပြုံးပြီး၊
“ ဒါကြောင့် သူမက ... နည်းလမ်း ပေါင်းစုံသုံးပြီး ... မင်းအပေါ်နှိမ်နင်းဖို့ ကြိုးစား ကြလိမ့်မယ် ... ဒီအကြောင်းတရားနဲ့ အကျိုးဆက်ကို ဖြေရှင်းဖို့ စဉ်းစားထားပါ။ ”
-ဟု အကြံပြုလိုက်၏။ စုရီတစ်ယောက် ခဏမျှတိတ်ဆိတ်နေပြီး ရုတ်ချည်း အနက်ဝတ် လူထံ ပြန်ကြည့်ကာ၊
“ မင်းလည်း ... ဒီလိုရပ်ကြည့်ရုံနဲ့မရဘူး တစ်ခုခုလုပ်ရမယ်။ ”
-ဟု ပြောကြားလိုက်တော့သည်။
“ ဟမ့် ... ဒါက မင်းရဲ့တကယ့် ရည်ရွယ်ချက်ပဲမဟုတ်လား ... ငါ့ကိုပြောပါ မင်းဘာသိချင်နေတာလဲ။ ”
***
အခန်း ၇၅၃ -
ခေါင်းတလားထမ်း သရဲအိုကြီး၏ သတင်း။
စုရီက အနက်ဝတ်လူထံ စိုက်ကြည့်ကာ၊
“ ငါလျှို့ဝှက်ချက်တစ်ခု သိချင်နေတယ်။ ”
-ဟု ပြောကြားလိုက်၏။
“ လျှို့ဝှက်ချက်တစ်ခုလား။ ”
အနက်ဝတ်လူမှ မျက်ခုံးပင့်လိုက်သည်။ စုရွှမ်ကြွယ်အတွက် ဂရုစိုက်သောအချင်းအရာ တစ်ခု တကယ်ရှိနေသည်လော။
စုရီတစ်ယောက် ဝိုင်တစ်ခွက် ငှဲ့သောက်လိုက်ကာ ခေါင်းညိတ်ပြလေသည်။ ညလူတစ်ယောက်သည် ခေတ်အဆက်ဆက် မရေမတွက်နိုင်သော လျှို့ဝှက်ချက်များကို အမွေဆက်ခံခွင့်ရှိ၏။
သို့သော် ကံမကောင်းစွာဖြင့် ညလူများမှ လျှို့ဝှက်ချက်များကို ရယူရန်မှာမလွယ်ကူချေ။ စုရီမှ ဝိုင်ခွက်ကိုပြန်ချကာ၊
“ ဒါ ... ဟိုးအရင်တည်းက ငါသိချင်နေတဲ့ မေးခွန်းပဲ ... ခေါင်းတလားထမ်း သရဲအိုကြီးနဲ့ မြေအောက်ကမ္ဘာဧကရာဇ် ဘယ်လို ဆက်နွယ်မှုရှိလဲ ပြောပြပါ။ ”
-ဟု မေးမြန်းလိုက်သည်။
အနက်ဝတ်လူမှ မျက်မှောင်ကြုတ် သွားပြီးနောက် အနည်းငယ် တွေးတောနေခဲ့၏။ ထို့နောက်တွင်၊
“ ဒီကိစ္စကို ဘာလို့ ရုတ်တရက် သိချင်လာရတာလဲ။ ”
-ဟု ပြန်မေး၏။
“ ငါမရဏကမ္ဘာကို ဝင်ရောက်တုန်းက ခေါင်းတလားထမ်းသရဲအိုကြီးနဲ့ တွေ့ဆုံခဲ့တယ် ဒီအဘိုးကြီးက အတော်လေး မယုံကြည်ရဘူးလို့ ထင်ရပေမယ့် သူ့မှာ လျှို့ဝှက်ချက်တွေ အများကြီး ဖုံးကွယ်ထားတယ် ...
... အထူးသဖြင့် ပြန်လည်ဝင်စားခြင်း အကြောင်းကို အတော်လေးသိနေတယ် ဥပမာ မှားယွင်းစွာသေဆုံးခြင်းမြို့တော်ကို စောင့်ကြပ် နေတဲ့ကျောက်တိုင်မှာ ...
... ပြန်လည်ဝင်စားခြင်းနဲ့ ဆက်စပ်တဲ့လျှို့ဝှက်ချက်တွေ ရှိတယ်ဆိုတာ သူ ပြောပြဖူးတယ် ... အခုတော့ ဒီအဘိုးကြီးက ကြာမြင့်စွာတည်းက ထူးထူးဆန်းဆန်း ပျောက်ကွယ်သွားတယ်လို့ ...
... ငါကြားတယ် ငါ့တပည့်ကြီး ပင်းမိုကတောင် သူ့ကို ရှာမတွေ့ခဲ့ဘူး ... ဒါ့ပြင် တစ်ချိန်က ပြန်လည်ဝင်စားခြင်းရေကန်မှာ ငါနဲ့သူအလောင်းအစား လုပ်ခဲ့ဖူးတယ် အခုထိ ငါ့ကိုမပေးရသေးတဲ့ အကြွေးရှိသေးတယ် ...
... ဒီလိုအခြေအနေမျိုးမှာ သူ ဘယ်ရောက်သွားလဲဆိုတာ သဘာဝအတိုင်း ငါသိချင်တယ် ... ဒီအဖြေကို သေချာပေါက် မင်းသိပါလိမ့်မယ်။ ”
အနက်ဝတ်လူက တိတ်ဆိတ်စွာဖြင့် ဝိုင်တစ်ခွက်ကို အရသာခံသောက်နေခဲ့သည်။ အချိန်အတော်ကြာပြီးနောက် ရှုပ်ထွေးသော အမူအရာပြသကာ၊
“ ခေါင်းတလားထမ်းသရဲအိုကြီးက မြေအောက်ကမ္ဘာဧကရာဇ်နဲ့ ဆက်ဆံရေးအချို့ ရှိတယ်ဆိုတာ မှန်ပါတယ် ... ဒါပေမယ့် ငါ ပြောပြလို့မရတဲ့ လျှို့ဝှက်ချက်ပဲ။ ”
-ဟု ပြန်လိုက်သည်။
“ ဒါဆို ပြောလို့ရတာပြောပါ။ ”
အနက်ဝတ်လူက ခဏမျှစဉ်းစား လျှို့ဝှက်ချက်အချို့ကို ဖွင့်ပြောပြလာခဲ့၏။
“ တစ်ချိန်က အခေါင်းထမ်းသရဲဌာနက ထိန်းချုပ်ခဲ့တဲ့ လမ်းစဉ်ခြောက်ပါး ခေါင်းတလား ဆိုတဲ့ နတ်ဘုရားပစ္စည်းက ... သူမင်းဆီမှာ လောင်းကြေးဆုံးရှုံးခဲ့ရတဲ့ ရတနာပဲ..
... ဒီပစ္စည်းကို မရဏကမ္ဘာအစောပိုင်းမှာ အခေါင်းထမ်းသရဲဌာနက ထိန်းချုပ်ခဲ့ပေမယ့် အဆုံးမှာတော့ ခေါင်းတလားထမ်းသရဲအိုကြီး လက်ထဲရောက်သွားခဲ့တယ် ...
... ဒါပေမယ့် မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တစ်ခုကြောင့် ဒီရတနာကို နာကျည်းခြင်းပင်လယ်ထဲက အပျက်အစီး နယ်မြေတစ်ခုမှာ ထားခဲ့ရတယ်။ ”
“ ဘယ်အပျက်အစီး နယ်မြေလဲ။ ”
“ မြေအောက်ကမ္ဘာသင်္ချိုင်းမြေ ... ။ ”
ညလူ၏ အဖြေကြောင့် စုရီခမျာ အံ့အားသင့်သွား၏။ လမ်းစဉ်ခြောက်ပါးဒိုမိန်း မြို့တော်ဖြစ်သည့် ခရမ်းရောင်မြို့တော်တွင် ထိုမြေအောက်သင်္ချိုင်း ထွက်ပေါ်လာမှု အကြောင်း ကြားသိထားသည်။
ထိုသင်္ချိုင်းမြေသည် နတ်ဘုရားနှင့် နတ်ဆိုးများ၏တိုက်ပွဲမြေပြင်ဟု လူသိများ၏။ နာကျည်းခြင်း ပင်လယ်အောက်ရှိ လျှို့ဝှက် နယ်မြေကြီး တစ်ခုပေပင်။
သာမန် ကျင့်ကြံသူများ မဆိုနှင့် ဧကရာဇ်များသည်ပင် ရှာရခက်၏။ ထိုသို့သော နယ်မြေတွင် ခေါင်းတလားထမ်း သရဲအိုကြီးမှ လမ်းခြောက်ပါးခေါင်းတလားကို ထားရစ်ခဲ့ သည်မှာ အမှန်ပင် အံ့သြစရာဖြစ်သည်။
“ ခေါင်းတလားထမ်းသရဲအိုကြီးက ဒီရတနာကို အဲဒီအပျက်အစီးနယ်မြေထဲမှာ ဘာလို့ထားခဲ့တာလဲ။ ”
စုရီက သိချင်သွားသည်။
“ ငါ မသိဘူး ... သူတစ်ယောက်တည်းသာ ဒီအဖြေကို သိလိမ့်မယ်။ ”
“ ဒါဆို ခေါင်းတလားထမ်း သရဲအိုကြီး ဘယ်ကိုသွားလဲဆိုတာ မင်းသိလား။ ”
“ ဒီအဖြေကို မင်းကိုယ်တိုင် တွက်ဆသိနိုင်ပါတယ်။ ”
ဤတစ်ကြိမ်တွင် စုရီတစ်ယောက် အံ့အားသင့်သွားပြီး အနည်းငယ်တွေးတော၏။ အဆုံး၌ သဘောပေါက်သွားကာ၊
“ မြေအောက်သင်္ချိုင်းကိုလား ... ။ ”
-ဟု ပြန်မေးသည်။
“ မှန်တယ် ... ။ ”
“ ဟမ့် ... ဒါဆို ဒီလူအိုကြီးက သူ့လောင်းကြေး ငါ့ကိုပေးဖို့အတွက် လမ်းစဉ် ခြောက်ပါးခေါင်းတလားကို ပြန်ယူဖို့ သွားခဲ့တာပေါ့။ ”
“ ဒါပဲဖြစ်သင့်ပါတယ်။ ”
“ ဒါဆို အဲဒီသရဲအိုကြီးက ကံဆိုးမှုတစ်ခု ကြုံတွေ့နေပုံရတယ် အဲဒါကြောင့် ပြန်မလာနိုင် သေးတာဖြစ်ရမယ်။ ”
စုရီမှ ရေရွတ်လိုက်သည်။ အနက်ဝတ်လူက ခေါင်းညိတ်လျက်၊
“ ဒါပေမယ့် သူ အဆင်ပြေပါလိမ့်မယ် ... မြေအောက်ကမ္ဘာသင်္ချိုင်းနယ်မြေ အကြောင်းကို ဒီကမ္ဘာပေါ်မှာ ဘယ်သူမှ ... သူ့လောက် နားလည်နိုင်မှာမဟုတ်ဘူး။ ”
-ဟု ပြောကြားလိုက်သည်။
စုရီက သူ့နဖူးကို ပွတ်သပ်ကာ၊
“ ဒီသရဲအိုကြီးရဲ့ နောက်ခံက မရိုးရှင်းဘူးဆိုတာငါသိတယ် ... ဒါနဲ့ လမ်းစဉ် ခြောက်ပါးခေါင်းတလားကို ဘာလို့ အဲဒီအမည် ပေးရတာလဲ။ ”
ထိုမေးခွန်းသည် အနက်ဝတ်လူကို မှင်သက်သွားစေပြီး ခါးသီးသောအပြုံးမျိုးနှင့်၊
“ နောင်မှာ အခွင့်အရေးရရင် သူ့ကိုကိုယ်တိုင် မေးကြည့်လိုက်ပါ။ ”
-ဟု တုန့်ပြန်ဖြေကြားလိုက်သည်။ စုရီတစ်ယောက် မကျေမနပ်ဖြစ်လာပြီးနောက် အနက်ဝတ်လူထံ လက်ညှိုးထိုးကာ၊
“ မင်းရဲ့ အဲဒီလို လျှို့ဝှက်တတ်တဲ့ အကျင့်တွေကို ငါအမုန်းဆုံးပဲ။ ”
-ဟု မှတ်ချက်ပေး၏။
“ ဒါကရှောင်လွှဲလို့မရဘူး ... ငါတို့လို ညစောင့်တွေရဲ့စည်းမျဉ်းပဲ ငါပြောသင့်တာကို ပြောမယ် ... မပြောသင့်တာကို သေရင်တောင် ငါပြောမှာမဟုတ်ဘူး။ ”
ဤစည်းမျဉ်းကို သိထားပြီးဖြစ်ရာ စုရီတစ်ယောက် မေးခွန်းထပ်မမေးတော့ချေ။ ဝိုင်ခွက်ကိုလှုပ်ခါလျက် နစ်မျောနေ၏။
ခေါင်းတလားထမ်း သရဲအိုကြီးအကြောင်း မေးမြန်းခြင်းသည် တခြားသောအကြောင်းအရာ တစ်ခုလည်း ရှိနေသေးသည်။
အတိတ်ဘဝတုန်းက ခေါင်းတလားထမ်း သရဲအိုကြီးသည် ပြန်ဝင်စားခြင်းလျှို့ဝှက်ချက် ရှာဖွေရာ၌ အရေးပါသော အခန်းကဏ္ဍကနေ ပါကူညီခဲ့ဖူးသည်။ ထို့ပြင် သူ့တပည့်ပင်းမိုသည် မျက်မမြင်အဖိုးအို၏ဆရာကို သတ်ခဲ့သဖြင့် အကြွေးတစ်ခုတင်ထား၏။
“ ခေါင်းတလားထမ်း သရဲအိုကြီးအပြင် မြေခွေးအိုကြီးစွေ့လုံရှင်းလည်း နာကျည်းခြင်း ပင်လယ်ကိုသွားခဲ့တယ် ပြီးတော့ ကြက်ဖကြီး သွားတယ် ဒါစိတ်ဝင်စားစရာပဲ ... ။ ”
အချိန်အတော်ကြာ တိတ်ဆိတ်သွား ပြီးနောက် စုရီကသက်ပြင်းချကာ တိုးတိုးလေး ပြောကြားလိုက်သည်။
“ စုရွှမ်ကြွယ် ... မင်းကိုယ်တိုင် အဲဒီကိုသွားပြီးမင်းလိုချင်တဲ့အဖြေကို ကိုယ်တိုင် ရှာဖွေသင့်တယ်။ ”
အနက်ဝတ်လူမှ အကြံပြု၏။ စုရီက ခေါင်းညိတ်ပြီး၊
“ ငါလည်းသွားဖို့ စီစဉ်ထားပါတယ်။ ”
-ဟု တုန့်ပြန်လိုက်သည်။
ထိုစဉ်က ကြက်ဖကြီးထံသွားခြင်းသည် ဤခရီးစဉ်အတွက်ပြင်ဆင်ရန် ထာဝရလှေကို ငှားယူရန်သွားခြင်းဖြစ်၏။ သို့သော် ရုတ်တရက် စုရီတစ်ယောက် တစ်စုံတစ်ရာကို တွေးမိလာပြီး အနက်ဝတ်လူထံ ပြန်ကြည့်ကာ၊
“ မင်းကိုယ်တိုင်လည်း အဲဒီခရီးအတွက် ငါ့ကိုသွားစေချင်နေပုံရတယ်လို့ ငါဘာလို့များ ခံစားနေရတာလဲ။ ”
-ဟု ညည်းတွားလိုက်သည်။
“ ဟား ဟား ဟား ... ။ ”
အနက်ဝတ်လူက ရယ်မောလျက်၊
“ မင်းဆီကနေ ငါဖုံးကွယ်ထားလို့ မရဘူးဆိုတာသိပါတယ် အမှန်အတိုင်းပြောရရင် ခေါင်းတလားထမ်းသူရဲအိုကြီး ဘေးကင်းရေး အတွက် ငါလည်း အရမ်းစိုးရိမ်နေတယ်။ ”
-ဟု ပွင့်ပွင့်လင်းလင်း ဝန်ခံလာ၏။ ထို့နောက်စုရီထံ အဓိပ္ပါယ်ပါပါ ပြန်ကြည့်သည်။
“ ဒါ့ပြင် ... မင်းရဲ့ကျင့်ကြံမှုက ဝိညာဉ်တာအိုနယ်ပယ်မှာ ပြီးပြည့်စုံနေပြီ မကြာခင်မှာ ဧကရာဇ်နယ်ပယ်ကို ဖောက်ထွင်း ဝင်ရောက်ဖို့ အခွင့်အရေးရှာရလိမ့်မယ် ...
... နာကျည်းပင်လယ်ရဲ့ အနက်ရှိုင်းဆုံးနေရာမှာ မင်းရဲ့တာအိုကို သက်သေပြဖို့ အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ ”
ဤတစ်ကြိမ်တွင် စုရီသည်သံသယဖြင့် အနက်ဝတ်လူထံ ပြန်ကြည့်မိ၏။ ဤသည်မှာ သူ တွေးနေသောအရာပေပင်။
ထိုအရပ်သည် အန္တရာယ်များလှ သော်ငြားလည်း သူ့တာအိုကိုသက်သေပြရန် သင့်လျော်သည့် အခွင့်အလမ်းများရှိနေ၏။
ညဉ့်နက်နေပြီဖြစ်သဖြင့် အနားယူရန် ထွက်လာခဲ့သည်။ ရီယု၊ယွီရွယ်က သူ့နောက်မှ လိုက်ပါလာ၏။
“ စုရွှမ်ကြွယ် ... ။ ”
ခြံတံခါးဝအရောက်တွင် အနက်ဝတ်လူသည် တွန့်ဆုတ်စွာဖြင့် တံဆိပ်ခတ်ထားသော ကြေးသေတ္တာတစ်လုံးကို ပစ်ပေးလာသည်။
“ ဒီသေတ္တာကို ထာဝရညမြို့တော်ရဲ့ ညလူဆီပေးလိုက်ပါ ... သူ မင်းအတွက် ရတနာ တစ်ခုကို ပြန်ပေးလိမ့်မယ်။ ”
စုရီက ပြန်လှည့်ကြည့်ကာ ကြေးသေတ္တာငယ်လေးကို ဖမ်းယူလိုက်သည်။ ထာဝရညမြို့တော်ဟူသည် နာကျည်းခြင်း ပင်လယ်၏ အနက်ရှိုင်းဆုံးနေရာတွင် တည်ရှိ၏။
နာကျည်းပင်လယ်ပြင်၏ အနက်ရှိုင်းဆုံးသောဒေသ၌ တစ်ခုတည်းသော ဘေးကင်းရာအရပ်ဖြစ်သည်။
နာကျည်းခြင်းပင်လယ်ပြင်ထဲ စွန့်စားဝင်ရောက်လိုသည့် ကျင့်ကြံသူများသည် ခရီးတစ်ထောက် အနားယူခိုလှုံရာအဖြစ် သတ်မှတ်ထား၏။
ရှေးခေတ်ကတည်းက ထိုမြို့ကို စောင့်ကြပ်နေခဲ့သော အလွန်ခေါင်းမာလှသည့် အဘိုးအိုတစ်ယောက်လည်းရှိသည်။
“ ဒီသေတ္တာထဲမှာ ဘာပါလဲ။ ”
“ မြေအောက်ကမ္ဘာဧကရာဇ် ချန်ထားခဲ့တဲ့ တံဆိပ်တစ်ခု။ ”
“ ဟမ့် ... ငါမသိနိုင်တဲ့ ရတနာတွေ မင်းမှာဘယ်လောက်တောင် ရှိနေမလဲဆိုတာ ပြောပြနိုင်မလား။ ”
“ ဒါတွေအားလုံးက ကံကြမ္မာနဲ့ သက်ဆိုင်တဲ့ပစ္စည်းတွေပဲ အတော်များများက ပြဿနာတွေပါလာတတ်တယ် ...
... မင်းရဲ့ စိတ်နေစိတ်ထားအရဆိုရင် ဒီလိုပစ္စည်းတွေနဲ့ ပတ်သက်ချင်မှာမဟုတ်ဘူးလို့ ငါယုံကြည်တယ် ... ဒီသေတ္တာထဲက တံဆိပ်လိုပဲ တန်ဖိုးရှိတဲ့ ရတနာတစ်ခုကို ...
... မင်းဆီ ပြန်ပေးလာလိမ့်မယ် အဲဒါကရှားပါးတဲ့ ရတနာတော့ မဟုတ်ပါဘူး ဒါပေမယ့် မင်းကို ကူညီနိုင်တဲ့ ရတနာပဲ။ ”
“ ဘာရတနာလဲ ... ။ ”
“ မင်းမြင်ရင် သိမယ်။ ”
စုရီက စိတ်ပျက်စွာသက်ပြင်းချပြီး ကိုယ့်ကိုယ်ကို နာကျည်းနေသောအသွင်ဖြင့်၊
“ အဲဒီကောင်မလေး စွေ့ကျင်းယန်က ဘာလို့များ ငါ့ကိုလျှို့ဝှက်ဆန်းကြယ်နေတယ်လို့ အမြဲ မှတ်ချက်ပေးခဲ့ရတာလဲဆိုတာ အခုတော့ ငါနားလည်သွားပြီ။ ”
-ဟု ညည်းတွားလိုက်သည်။
ထို့နောက် နှောင့်နှေးခြင်းမရှိတော့ဘဲ ကြေးသေတ္တာသိမ်းဆည်းလျက် လက်ဝှေ့ယမ်း ပြကာ ‘ငါသွားပြီ’- ဟု ပြောကြားလိုက်၏။
ပန်းပဲရုံထဲမှ အားချန်က ခြံဝသို့ လျှောက်လှမ်းလာပြီး ထိုမြင်ကွင်းထံ ငေးကြည့် နေလေသည်။
“ ဆရာစုက တကယ့်ကို ... ကောင်းချီးမင်္ဂလာ ကျက်သရေတွေနဲ့ ပြည့်စုံလွန်းပါပေတယ်။ ”
သူ့လေသံတွင် အားကျမှုများပါဝင်နေ၏။ အနက်ဝတ်လူက ထိုင်ရာမှ မထဘဲ၊
“ ဒီလိုကောင်းချီးကျက်သရေမျိုးကို ကောင်းကင်အောက်မှာ လူအနည်းငယ်ကသာ ခံစားနိုင်ပါတယ်။ ”
-ဟု တုန့်ပြန်မှတ်ချက်ပေးသည်။
အားချန်မှ သက်ပြင်းချသည်။ ရီယုသည် မရဏကမ္ဘာ၌ နာမည်ကြီးရွှမ်ယုအဆင့်ဧကရာဇ် ဖြစ်ချေ၏။ ယွီရွယ်သည် မြွေတစ္ဆေမျိုးနွယ်စု၏ ကာကွယ်သူအဖြစ် ရိုသေလေးစားခံရသော နတ်ဝိညာဉ်တစ်ပါးပေပင်။
ထိုသို့အလှတရားနှစ်ပါး ခြံရံနေသော ကောင်းချီးကျက်သရေမျိုးသည် ဧကရာဇ်တိုင်း ရနိုင်သည့် ကံကြမ္မာမဟုတ်ချေ။
“ ကံမကောင်းစွာနဲ့ ဆရာစုလောက် လောဘကြီးတဲ့ဆန္ဒမျိုး ငါ့မှာရှိမနေဘူး ဒီဘဝ ချစ်သူတစ်ယောက်ကို ရှာတွေ့ရင်ပဲ ငါ့အတွက် လုံလောက်ပါတယ် ...
... ဒါပေမယ့် ကောင်းကင်ဘုံက ငါ့ကို ကရုဏာရှိပြီး နောက်ထပ်ပိုယူခွင့်ပေးရင်တော့ ငြင်းမိမှာမဟုတ်ဘူး။ ”
“ ဖြန်း ... ။ ”
“ အသုံးမဝင်ဘူး ... ညစောင့် မျိုးဆက်တစ်ယောက်အတွက် မင်းဘဝမှာ မိန်းမတွေ မလိုအပ်ဘူး။ ”
သူ့စကားမဆုံးခင် အနက်ဝတ်လူသည် အဝေးမှနေပြီး ဇာတ်ပိုးအုပ်ချလာတော့သည်။ အားချန်က သူ့ခေါင်းကိုပွတ်သပ်လျက် ဝမ်းနည်းမှုများ ပြည့်နှက်လာ၏။
ဤစည်းမျဉ်းသည် လုံးဝလူသား မဆန်ကြောင်းကို နောက်ကျမှ သူ သိရှိခဲ့ရခြင်း ဖြစ်ချေပြီ။ နှမျောစရာ ကောင်းလှ၏။
***