← Chapters

ဆက်လုပ်လေ

Vol. 86-89 Ch. 1278

ဆက်လုပ်လေ

Vol. 86-89 Ch. 1278

“ကျောက်မိသားစု ထွက်လာပြီး အသေခံစမ်း”

ရုတ်ချည်းဆိုသလိုပင် ခြံရှေ့မှ ရာချီသော မျက်လုံးများက ယဲ့ဖန်ထံ ကျရောက်လာသည်။ ကျောက်မိသားစု၏ လက်အောက် ငယ်သားများအားလုံး ဤနေရာ၌ စုဝေးနေပြီး ယခု မျက်မှောင်ကြုတ်နေကြသည်။ အဘယ်ကြောင့် ဆိုသော် ကျောက်မိသားစု အိမ်ထဲသို့ ယဲ့ဖန် ချိုးဖျက် ဝင်ရောက်ရဲလိမ့်မည်ဟု ထင်မထားသောကြောင့်ပင်။

*ဒါ ကိုယ့်သေတွင်း ကိုယ်တူးနေတာ မဟုတ်ဘူးလား*

ချက်ချင်းဆိုသလိုပင် သူတို့၏ မျက်လုံး၌ ရက်စက် ကြမ်းကြုတ်၍ သွေးဆာသော အရိပ်အယောင်များ ဖြတ်သန်း သွားပြီး ယဲ့ဖန်အား မကောင်းသော အကြံအစည်များဖြင့် ကြည့်နေသည်။

“မျိုးမစစ်လေး ကျောက်သခင်ကြီးကို သတ်လိုက်တာ မင်းလား၊ ခွေးကောင် မင်းကများ တစ်ယောက်တည်း လာပြီး ငါတို့ကို စက္ကန့်ပိုင်းအတွင်း သတ်ပစ်ဖို့ ကြံစည်နေတာလား”

“စက္ကန့်ပိုင်းနဲ့ သတ်ချင်တာလား၊ ကြိုးစားကြည့်လေ”

ယဲ့ဖန်အား အနက်ရောင် သေနတ်ပြောင်းဝဖြင့် ချိန်လိုက်ပြီး လူတိုင်းက သေလူကို ကြည့်သကဲ့သို့ ကြည့်နေ ကြသည်။

“ဒီငနာလေးက ကျောက်သခင်ကြီးကို သတ်လိုက်တာလား၊ ငါ ဘာလို့ မယုံမိတာပါလိမ့်”

လူတစ်ယောက်က ယဲ့ဖန်၏ဦးခေါင်းကို သေနတ်ဖြင့်ချိန်၍ အညှာအတာမဲ့စွာ ပြောလိုက်သည်။

“ဟေ့ကောင် သုံးစက္ကန့်အတွင်း ငါ့ရှေ့ ဒူးထောက်စမ်း၊ မဟုတ်လို့ကတော့ ငါ မင်းကို ပစ်သတ်လိုက်မယ်”

ထိုအခိုက်တွင် ကျောက်ထျန်းရှုံးသည်လည်း ဩဇာရှိသော လူတစ်စုဖြင့် မော်နီတာမှနေ၍ ဂုဏ်ယူစွာ ရပ်နေသော ယဲ့ဖန်အား မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ကြည့်နေ၏။

ယဲ့ဖန် မည်သို့ လှုပ်ရှား၍ အခြေအနေကို ပြောင်းလဲပစ်မလဲဆိုသည်ကို သူ သိချင်နေပုံရသည်။ ထိုစဉ် မွန်းကြပ်သော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာ၏။

ယဲ့ဖန်က ဖြည်းဖြည်းချင်း ခေါင်းကိုမော့၍ မော်နီတာရှိရာ ဘက်သို့ အေးစက်သော မျက်လုံးများဖြင့် ကြည့်လာသည်။ ထို့နောက် သူ လက်တစ်ဖက်ကို မြှောက်လိုက်သည်။ လေထဲ၌ အနက်ရောင် အခိုးအငွေ့များ ထွက်ပေါ်လာသည်။

ယဲ့ဖန်၏ ဦးခေါင်းကို သေနတ်ဖြင့် ချိန်ထားသော လူသည် ချက်ချင်း ပေါက်ကွဲ၍ သွေးအိုင်အဖြစ်သို့ ပြောင်းလဲ သွားသည်။ ထို့နောက် ယဲ့ဖန် ဆက်လက်၍ ဆက်တိုက် သတ်ဖြတ်လေသည်။ အနက်ရောင် အခိုးအငွေ့သည် မိစ္ဆာဝိညာဉ် ထွက်ပေါ်လာသကဲ့သို့ လျှောက်သွားနေ၏။

“မင်း ဘာလုပ်လိုက်တာလဲ၊ ငါ့လက် … မဟုတ်ဘူး …”

“ဒါ ဘာလဲ၊ ငါ့ကိုလွှတ်၊ ငါ့ကိုလွှတ်”

အော်သံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာပြီး အလောင်းများ လဲကျသွားလေသည်။ ဤလူများအားလုံးသည် ယဲ့ဖန်၏ ပြိုင်ဘက် မဟုတ်ချေ။

သူတို့အားလုံး ယဲ့ဖန်ကို ပြန်ခုခံချိန်ပင် မရှိလိုက်ချေ။ သူတို့အား ပုရွက်ဆိတ်များဟုပင် မခေါ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်က တစ်ချက်တည်းဖြင့် အားလုံးကို ရှင်းထုတ်နိုင်သောကြောင့် ဖုန်မှုန့်များဟု ခေါ်ရပေမည်။

*ကြောက်စရာကောင်းလိုက်တာ*

*ခဏလေးအတွင်း လူရာကျော် သေသွားတာလား၊ ဒါ ဘာနည်းလမ်းကြီးလဲ*

“လူရာကျော်ကို ဘာတစ်ခွန်းမှမပြောဘဲ သတ်သွားတာ၊ ပြီးတော့ အစကနေ အဆုံးအထိ ယဲ့ဖန်ရဲ့ မျက်လုံးက မော်နီတာကနေတောင် မခွာဘူး၊ ကျောက်ထျန်းရှုံးနဲ့ အခြားသူတွေ သူ့ကို ကြည့်နေတာကို သိနေသလိုပဲ”

“မကြာခင် မင်းအလှည့်ပဲ”

ကျောက်ထျန်းရှုံးနှင့် အခြားသူများ ပြိုင်တူ တုန်လှုပ်သွားကြပြီး အေးစက်သွားသလို ခံစားလိုက်ရသည်။ သူတို့ ယဲ့ဖန်အား မယုံနိုင်သလို ကြည့်နေမိသည်။

*ငါတို့ သူ့ကို ကြည့်နေတာကို ဘယ်လိုသိလဲ*

*ထူးဆန်းလွန်းတယ်*

ယဲ့ဖန်၏ နည်းလမ်းကိုကြည့်ပြီးနောက် ယဲ့ဖန်၏ အသံကိုပါ ကြားလိုက်ရသဖြင့် လူတိုင်း ခေါင်းမွေးထောင် သွားကြသည်။ ဤလူငယ်လေးက ထူးဆန်းလွန်းပြီး သူတို့အား နေရခက်သော ခံစားချက်မျိုး ပေးစွမ်းနေ၏။

အရာအားလုံးကို ဖျက်ဆီးရန် ငရဲမှ နတ်ဆိုးတစ်ကောင် လောကထဲသို့ ထွက်လာသလိုပင်။ လူသတ်လိုသော အငွေ့အသက်က ပြင်းထန်လွန်းသဖြင့် သူတို့ ဖန်သားပြင်ကိုဖြတ်၍ ခံစားမိနေ၏။

*ကြောက်စရာ ကောင်းလိုက်တာ*

အစ၌ ယဲ့ဖန် သေတွင်းတူးနေသည်ဟု သူတို့ ထင်ခဲ့မိသည်။ သို့သော် ယဲ့ဖန်က ရောက်လာသည်နှင့် အမှောင်ထုကို ထိန်းချုပ်၍ လူတစ်ရာကို ရှင်းလင်းခဲ့သည်။

သူတို့အားလုံး ရင်တုန်နေပြီး အလွန် စိတ်မသက်မသာ ဖြစ်နေ၏။ ဤသို့သောခွန်အား၊ ဤသို့သော အကြည့်က အသတ်ခံရတော့မည့် သိုးများကို ကြည့်နေသလိုပင် အလွန် သွေးအေးလှပေသည်။

“သွေးမပျက်နဲ့ ပုရွက်ဆိတ်သာသာလေးပဲကို မင်းတို့ ဘာကို ကြောက်နေတာလဲ”

ထိုစဉ် စုန့်ယွမ်ပေါင်က ကျောက်ထျန်းရှုံးကို ပခုံးပုတ်၍ အထင်သေးစွာ ပြောလိုက်သည်။ လူတိုင်း ချက်ချင်း ကြက်သေ သေသွားသည်။

*ယဲ့ဖန်ရဲ့ နည်းလမ်းကို မြင်ပြီးတာတောင်မှ စုန့်ယွမ်ပေါင်က ဘာလို့ ဒီလို ပြောတာလဲ*

*စုန့်ယွမ်ပေါင်က ဘယ်လောက် သန်မာတာလဲ*

ထိုအခါတွင်မှ ကျောက်ထျန်းရှုံး သတိဝင်လာ၏။

*ဟုတ်သားပဲ ငါ့ဘေးမှာ စုန့်ယွမ်ပေါင် ရှိနေတာကို ဘာကို ကြောက်ရဦးမှာလဲ*

“ဟုတ်တယ် စီနီယာစုန့် ရှိနေမှတော့ ဒီကောင်လေး ဘယ်လောက် သန်မာသန်မာ များများစားစား လှုပ်နိုင်မှာ မဟုတ်ဘူး”

ကျောက်ထျန်းရှုံးက အလျင်အမြန် ပြန်ပြောလိုက်သည်။

“မင်း ငါ့ကို သူနဲ့ မနှိုင်းယှဉ်သင့်ဘူး၊ ဘာလို့လဲဆိုတော့ သူက မထိုက်တန်ဘူး”

စုန့်ယွမ်ပေါင်က မောက်မာစွာဖြင့် မကျေမနပ် ပြောလိုက်သည်။

“တကယ်လို့ ငါသာ လှုပ်ရှားချင်ရင် ငါ သူ့ထက် ပိုပြီး သေသေသပ်သပ်လုပ်မှာ၊ သူက လေကျယ်ကောင်ပဲ”

“ဟုတ်တယ် ဟုတ်တယ်၊ သူက ခင်ဗျားရဲ့ ဖိနပ်ကိုတောင် သယ်ဖို့ မထိုက်တန်ဘူး၊ ဒီကောင်က အမှားလုပ်နေတာ”

စုန့်ယွမ်ပေါင်က အလွန် ယုံကြည်မှု ရှိနေသဖြင့် ကျောက်ထျန်းရှုံး အံ့ဩသွားသည်။ သူ ပိုယုံကြည်မှုရှိလေ ကျောက်ထျန်းရှုံး ပို၍ ယုံကြည်မှု ရှိလေပင်။

“ဒေါက် ဒေါက် ဒေါက်”

ထိုအခိုက်တွင် ယဲ့ဖန်က ခြံဝန်းကိုဖြတ်၍ ခန်းမအလယ်သို့ ဝင်လာသည်။ ထိုအခါ ရှေ့ဆုံး၌ ရှိနေသော နဂါး အသွင်ပြောင်းခြင်းအဆင့် သိုင်းပညာရှင်များနှင့် ထိပ်တိုက် တွေ့သွားသည်။

သူ့ရှေ့၌ နဂါး အသွင်ပြောင်းခြင်းအဆင့် အယောက်နှစ်ဆယ် ရှိနေပြီး အားလုံးက ရှုကျိုး၌ နာမည်ကြီးသော အသန်မာဆုံးများ ဖြစ်လေသည်။

ထိုစဉ် သူတို့က ယဲ့ဖန်ကို အန္တရာယ်ပေးလိုသော အကြည့်များဖြင့် ကြည့်နေ၏။ ယဲ့ဖန်ကလည်း သူတို့အား တူညီသော အမူအရာဖြင့် ကြည့်နေပြီး ပြောလိုက်သည်။

“သေချင်သလား ဒါမှမဟုတ် အသက်ရှင်ချင်သလား”

*ဘာ*

သိုင်းပညာရှင်များအားလုံး ချက်ချင်း စိတ်ပျက်သွားလေသည်။

*ဒီကောင်က ငါတို့ကို ခြိမ်းခြောက်ရဲတယ်လား၊ သေချင်နေတာပဲ*

ဆံပင်ရှည်ရှည်နှင့် လူအိုကြီးက ရုတ်တရက် ခက်ထန်သော မျက်နှာထားနှင့် ယဲ့ဖန်အား ရက်စက်စွာ ကြည့်လေသည်။

“ဟေ့ကောင် မင်းက ငါတို့ကို ခြိမ်းခြောက်ရဲတယ်လား၊ ကြည့်ရတာ ငါ မင်းကို သိအော် နည်းနည်း ပညာပြမှ ဖြစ်မယ် ထင်တယ်”

“ဟေ့ ငါ့အထင်အရ ရှစ်ပိုင်းပိုင်းပစ်တာ ပိုကောင်းမယ်၊ ဘာပဲဖြစ်ဖြစ် ကျောက်မိသားစုခေါင်းဆောင်က သူ့ကို ခွေးလို ဘဝမျိုးနဲ့ အသက်ရှင်ရင် ရပြီ ပြောတာပဲ မဟုတ်လား၊ သူ ဘယ်လို နှိပ်စက်မှုမျိုးပဲ ခံရခံရ ငါတို့ကို ပျော်ခွင့် ပေးမှာပဲ”

ထိုလူက ဝမ်းသာအားရ အော်ရယ်၍ သွေးသာသလို လျှာသပ်လေသည်။ တစ်ဖက်လူက ရွေးချယ်မှု ပြုလုပ်ပြီး သွားသဖြင့် ယဲ့ဖန်သည် အရေးမပါသော စကားများ ပြောရန် ပျင်းရိသွားသည်။

*ဒီလိုဆိုမှတော့ သူတို့အတွက် ငရဲတံခါး ဖွင့်ပေးရုံပဲပေါ့*

“ချီးပဲ ငါ့ကိုယ်ငါ နှိမ့်ချပြီး သူ့ကို သတ်ရမယ်နဲ့တူတယ်”

လူအိုကြီး ဟယ်ဖာက ရုတ်တရက် ယဲ့ဖန်ထံသို့ ဦးဆောင်၍ ပြေးဝင်သွားသည်။

“ဟေ့ကောင် ခဏနေရင် မင်း ငါ့ခြေထောက်အောက်မှာ‌ အော်ဟစ်နေစေရမယ်ကွ”

သူ့အနောက်မှ သိုင်းပညာရှင်များ လိုက်လာပြီး သူတို့၏ လူသတ်လက်နက်များကို ထုတ်လာကြသည်။ သူတို့၏ ခန္ဓာကိုယ်မှ ခက်ထန်သော လူသတ်လိုသည့် အငွေ့အသက်များ ပျံ့လွင့်လာပြီး ယဲ့ဖန်အား လွှမ်းခြုံလာသည်။

လူတိုင်း၏ မျက်နှာ၌ သွေးဆာသော အရိပ်အယောင်များ ပြည့်နှက်နေကာ လက်ထဲမှ လက်နက်များကို ဝှေ့ယမ်း လာလေသည်။

“သတ် သတ် သတ်”

“သေပေတော့”

လက်နက်တိုင်း၌ ကြီးမားသော စွမ်းအင်များပါဝင်နေပြီး လေဟာနယ်ကို တု်ခါစေကာ ယဲ့ဖန်ပေါ်  ပြိုင်တူ ကျရောက် လာ၏။ သို့သော် ယဲ့ဖန်က တုပ်တုပ်မျှ မလှုပ်ပေ။

“အရူး မင်းက ဘယ်လိုတောင် မောက်မာရဲတာလဲ”

လူအိုကြီး ဟယ်ဖာက ဒေါသဖြင့် ပြောလေသည်။

*ဒီအမှိုက်ကောင်က သူ့ခန္ဓာကိုယ်ကိုသုံးပြီး ငါတို့ တိုက်ခိုက်မှုကို ဖျက်ဆီးချင်နေတာလား*

*ဟာသပဲ*

*ဟာသကြီးပဲ*

ထိုအခိုက်တွင် ကျယ်လောင်သော အသံများ ထွက်ပေါ်လာပြီး ယဲ့ဖန်ကို တိုက်ခိုက်လာသည့် လူများအားလုံး နားကွဲမတတ် အသံများနှင့်အတူ ယဲ့ဖန်ကို အားဖြင့် တိုက်ခိုက်သွားနိုင်လေသည်။

ဓားမြောင်တစ်လက်၊ တူတစ်လက်၊ ဓားရှည်တစ်လက်။ ဘယ်အရာကမှ အလဟဿ မဖြစ်ပေ။ မျက်နှာ၊ လည်ပင်း၊ ဝမ်းဗိုက်။ နေရာတော်တော်များများကို ထိမှန်သွားသည်။

ဖန်သားပြင်ကို ကြည့်နေသည့် ကျောက်ထျန်းရှုံးနှင့် အခြားသူများအားလုံး ဝမ်းသာသွားကြသည်။

“ကြည့်ရတာ ဒီကောင့်မှာ နည်းလမ်းတစ်ချို့တော့ ရှိတဲ့ပုံပဲ၊ သာမန်လူတွေနဲ့ပဲ ယှဉ်နိုင်တာကတော့ စိတ်ပျက် စရာပဲ၊ တကယ့် သိုင်းပညာရှင်နဲ့တွေ့ရင် သေဖို့ပဲ ရှိတော့တယ်”

“ဒါ ငါတို့ ကျောက်မိသားစုကို ရန်စရင် ဖြစ်လာမယ့် အဆုံးသတ်ပဲကွ၊ ဟားဟားဟား”

ယဲ့ဖန်၏ အပြုအမူက အလွန် တုံးအလွန်းသည်ဟု တွေးကာ သူတို့အားလုံး အားပါးတရ ရယ်မောနေကြသည်။ သူက သေရမည့်လူက သူတို့ဟု ပြောခဲ့သော်လည်း ယခု သူတို့၏ သတ်ဖြတ်ခြင်း ခံရလေပြီ။

ကျောက်ထျန်းရှုံးက နောင်တရသော အမူအရာ ဖြစ်လာ၏။

“စိတ်မကောင်းစရာပဲ၊ ဒီနေ့ အဘိုးစုန့် အစွမ်းပြတာကို မမြင်ရတော့ဘူး၊ ဒီကောင်က တော်တော် အသုံးမကျတာပဲ၊ ဒီလို သေရတယ်လို့”

“ငါ အစောကတည်းက ပြောခဲ့သားပဲ၊ ဒီလိုအမှိုက်မျိုးက ငါ တိုက်ဖို့ မလိုပါဘူးလို့”

စုန့်ယွမ်ပေါင်က ခနဲ့ရယ် ရယ်၍ စိတ်ပျက်သလို ကြည့်နေသော အကြည့်ကို ရုတ်သိမ်းလိုက်သည်။ ထိုစဉ် သူတို့၏ အပြုံးများ အေးခဲသွားသည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်ကို ဝိုင်းတိုက်၍ ဖိနှိပ်ထားသည့် ထိုသိုင်းပညာရှင် များ၏ သွေးပျက်သော အမူအရာကို တွေ့လိုက်ရသောကြောင့်ပင်။ အကြောင်းမှာ သူတို့၏ ပြင်းထန်သော တိုက်ခိုက်မှုအောက်၌ ယဲ့ဖန်က ဘာဒဏ်ရာမှ မရသောကြောင့်ပင်။

“ဂျွတ်”

ချက်ချင်းဆိုသလိုပင် သိုင်းပညာရှင်တစ်ယောက်၏ လက်ထဲမှ သံမဏိတူကြီး  ပျက်စီးသွားသည်။ ထို့နောက် ဓားရှည်လည်း ပျက်စီးသွားလေသည်။ ထို့အတူ ရွှေရောင်ဓားမြောင်လည်း ပျက်စီးသွားပြန်သည်။

လူတိုင်း နားဝေတိမ်တောင် ဖြစ်သွားကြသည်။

*ငါတို့လက်နက်အားလုံး ပျက်စီးသွားတာလား*

*မကောင်းတော့ဘူး*

*တစ်ခုခု မှားနေပြီ*

*ဒီကောင့်ရဲ့ကိုယ်က ဘယ်လိုလုပ် ငါတို့လက်နက်ထက် ပိုသန်မာနေရတာလဲ*

ထိုစဉ် သူတို့အား သွေးပျက်သွားစေမည့်အသံတစ်သံ ထွက်ပေါ်လာ၏။

“ဆက်လုပ်လေ”

*ဆက်လုပ် ဟုတ်လား*

လူတိုင်း သွေးပျက်သွားပြီး ယဲ့ဖန်အား အလန့်တကြား ကြည့်လိုက်ကြသည်။ ယဲ့ဖန်က လက်ပိုက်၍ ခံစားချက် ကင်းမဲ့သော မျက်နှာထားဖြင့် သူတို့အား အေးအေးလူလူ ကြည့်နေသည်ကို တွေ့လိုက်ရသည်။

*ပေါ့ပါးလိုက်တာ*

*မာနကြီးတယ်*

*ဒီကောင်က ငါတို့ကို တကယ် ဆက်လုပ်ခိုင်းနေတာလား*

*ဘယ်လောက်တောင် အထင်သေးပြီး မောက်မာလိုက်တဲ့ စကားလဲ*

*ငါတို့ကို လုံးဝ လျစ်လျူရှုတာပဲ*

သိုင်းပညာရှင်များ အားလုံး ခေါင်းမွေးထောင်သွားသည်။

*ဒီလူက ရူးနေရုံတင်မကဘူး သွက်သွက်ခါနေတာပဲ*

“ငါ ဆက်လုပ်လို့ ပြောတယ်လေ၊ မင်းတို့ နားကန်းနေလား”

ယဲ့ဖန် ထပ်ပြောလိုက်သည်။ သူ့အသံက ပိုအေးစက်လာ၏။

“သေစမ်းကွာ”

လူအိုကြီး ဟယ်ဖာ ဒေါပွသွားပြီး လက်ဝါးကိုဖြန့်၍ အားဖြင့် ရိုက်ချလိုက်သည်။ ကျန်သိုင်းပညာရှင်များလည်း တိုက်ခိုက်လာ၏။ သူတို့အားလုံး၏ ခွန်အားက ဤလူငယ်ကို မသတ်နိုင်ဟု မယုံကြည်ပေ။

“ဖိုင်ရှန်လက်ဝါး”

ပြင်းထန်သော လက်ဝါးချက်က  ယဲ့ဖန်၏ ရင်ဘတ်ပေါ် အညှာအတာမဲ့စွာ ကျရောက်လာ၏။ ကျယ်လောင်သော အသံနှင့်အတူ လေဟာနယ် လှုပ်ခါလာသည်။

သို့သော် သူတို့ထင်ထားသကဲ့သို့ ယဲ့ဖန် လွင့်ထွက်မသွားဘဲ နေရာမှာ၌ ရှေးဟောင်း အင်မော်တယ် နတ်ဘုရားသဖွယ် ရပ်နေသည်။

ရုတ်တရက် လေတိုးသံများ ထွက်ပေါ်လာသည်။ ယဲ့ဖန် အစမှအဆုံးတိုင် မယိုင်သွားသည်ကို သူတို့ မြင်နေ ရသည်။ သူ၏ ရင်ဘတ်အား လေတိုးရုံမျှသာ ရှိသည်ဟု ထင်နေပုံရကာ ဘာမှ ဖြစ်မလာချေ။

ဖန်သားပြင်ကို ကြည့်နေသည့် ကျောက်ထျန်းရှုံးနှင့် အခြားသူများ၏ အပြုံးများ အေးခဲသွားပြန်သည်။ ယဲ့ဖန် သေတော့မည်ဟု သူတို့ ထင်ထားခဲ့သော်လည်း ယဲ့ဖန်က သူတို့ကို  ပြန်ရိုက်ချသွားသည်။

ထို့အပြင် လူအိုကြီး ဟယ်ဖာသည် သူ့ဘဝ၌ အားအပြင်းဆုံး သိုင်းပညာကို ထုတ်သုံးသော်လည်း မအောင်မြင် ခဲ့ချေ။

*ဒီလူရဲ့ ခန္ဓာကိုယ်က ဘယ်လိုတောင် သန်မာနေတာလဲ*

*လုံးဝ သဘာဝ မဟုတ်ဘူး*

ထို့နောက် ယဲ့ဖန်က ရင်ဘတ်ကို အသာပုတ်၍ လက်တစ်ဖက်ဖြင့် လူအိုကြီး ဟယ်ဖာ၏ လည်မျိုကို ဖမ်းညှစ် လိုက်သည်။

“မင်း … မင်းက လူမဟုတ်ဘူး”

လူအိုကြီးဟယ်ဖာ ကြက်သီးထသွားသည်။ သူ ကြောက်လန့်ကာ မျှော်လင့်ချက် ကုန်ခမ်းသွား၏။

*ဒီလူက နတ်ဆိုးပဲ*

“ငါက လူမဟုတ်ဘူး”

ယဲ့ဖန် ရက်စက်စွာ ပြုံးလိုက်သည်။

“ဂျွတ်”

အရိုးကျိုးသံကို ရှင်းလင်းစွာ ကြားလိုက်ရပြီးနောက် ယဲ့ဖန်က လူအိုကြီး ဟယ်ဖာ၏ ခန္ဓာကိုယ်ကို ဘေးသို့ ပစ်ထုတ် လိုက်သည်။ သူ့အရှေ့မှလူများကို ခက်ထန်သော အကြည့်ဖြင့် စိုက်ကြည့်၍ လေသံမာမာဖြင့် ပြောလိုက်သည်။

“ဆက်လုပ်လေ”

All Chapters