ရန်ပုဟွေ့ - "ဒါ ဝူကျိအစ်ကိုလား"
Vol. 4 Ch. 31
"အမလေး... ငါ ဆဲတာ အရမ်းကြမ်းသွားလို့လားမသိဘူး၊ သူ ဘယ်လိုဖြစ်ပြီး မေ့လဲသွားတာလဲ"
ကျန်းဝူကျိသည် မိမိ၏ခေါင်းကို ပြန်လည်ပွတ်သပ်ရင်း စဉ်းစားနေမိသည်။ ယခုတစ်ကြိမ် ဒေါသတကြီး ဆဲဆိုလိုက်ခြင်းက ဤမျှပြင်းထန်လိမ့်မည်ဟု သူ မထင်ထားသလို၊ ချန်ခွန်း၏ သည်းခံနိုင်စွမ်းကလည်း ဤမျှအထိ နိမ့်ပါးနေလိမ့်မည်ဟု မမျှော်လင့်ထားပေ။
သို့သော်လည်း တစ်ဖက်တွင်မူ အခြားသူများသည် များသောအားဖြင့် မိမိတို့၏ အဆင့်အတန်းကို ငဲ့ကွက်တတ်ကြသည်။ ချန်ခွန်းသည် အမှန်တရားကို ဖွင့်ပြောလိုက်သည့်တိုင်အောင် အဆင့်အတန်းမြင့်သူတစ်ဦးကဲ့သို့ပင် ဆက်လက်ပြုမူနေဦးမည်ဖြစ်သည်။ ကျန်းဝူကျိ တစ်ယောက်သာလျှင် ဆွေခုနှစ်ဆက်မျိုးခုနှစ်ဆက်တိုင်အောင် အစပျိုးကာ ဆဲဆိုရဲသူဖြစ်ရာ မည်သူက တောင့်ခံနိုင်ပါမည်နည်း။
ရန်ရှောင်နှင့် ကျန်ရှိနေသည့် လူအုပ်ကြီးသည် ကျန်းဝူကျိက ချန်ခွန်းကို သွေးအန်သည်အထိ ဆဲဆိုနိုင်သည်ကို မြင်သောအခါ စကားပင်မပြောနိုင်တော့ချေ။
လူအုပ်ကြီးထဲမှ အများစုမှာ ကျန်းဝူကျိနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိကြပေ။ ရန်ရှောင် တစ်ဦးတည်းသာလျှင် သူငယ်စဉ်က တစ်ကြိမ်တွေ့ဖူးခဲ့ပြီး ရိုးသားဖြောင့်မတ်သော ကလေးတစ်ဦးအဖြစ် သိထားခဲ့ခြင်းဖြစ်သည်။ အနည်းငယ်မျှသော နှစ်ကာလများအတွင်း သူသည် ဤမျှအထိ နှုတ်သီးကောင်းလျှာပါး ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ရာ သူသည် အမှန်တကယ်ပင် အများကြီး ပြောင်းလဲသွားချေပြီ။
"ညီလေးဝူကျိ... ငါတို့က တစ္ဆေယင်လက်ညှိုးဒဏ် ခံထားရတာဆိုတော့ ခေတ္တခဏအတွင်း လှုပ်ရှားလို့မရသေးဘူး။ ဒါကြောင့် ဒီနေရာကို ခဏလောက် စောင့်ရှောက်ပေးဖို့ မင်းကို အကူအညီတောင်းရမှာပဲ"
ဘယ်လက်ရုံးသံတမန် ရန်ရှောင်က ပြောလေသည်။
"မင်း သိပ်ပြီး စိုးရိမ်မနေပါနဲ့၊ ငါ့သမီး ပုဟွေ့ကိုပဲ သေချာလေး ကြည့်ထားပေးပါ။ ဒီကတုံးသူခိုးမှာ ကြံရာပါတွေ မရှိဘူးဆိုပေမဲ့ ဒီဖြစ်ရပ်က ငါတို့ကို ထိတ်လန့်သွားစေတာမို့လို့ သတိထားဖို့တော့ လိုလိမ့်မယ်"
မင်ဂိုဏ်း၏ မူလကိစ္စရပ်များကိုမူ ဂိုဏ်းသားများက အစီအစဥ်အတိုင်း ကိုင်တွယ်ဖြေရှင်းကြပါလိမ့်မည်။ လက်ရှိမှာ ညအချိန်ဖြစ်သဖြင့် ကြီးမားသော ပြဿနာများ ပေါ်ပေါက်လာနိုင်ဖွယ် မရှိသေးပေ။ သူတို့အနေဖြင့်လည်း အားအင်များ ပြန်လည်ကောင်းမွန်လာစေရန် လိုအပ်ပေသည်။
ထိုစကားကို ကြားသောအခါ ကျန်းဝူကျိသည် အိပ်ချင်စိတ်များ ပျောက်ဆုံးသွားပြီး ရယ်မောကာ ပြောလိုက်လေသည်။
"ကျွန်တော် ဝမ်းမြောက်ဝမ်းသာ ကူညီပေးပါ့မယ်။ အိတ်ကြီးရဟန်း ရွှေပုတေ့ကတော့ ကျွန်တော့်ရဲ့ အတွင်းအားနဲ့ အကြောပိတ်တာကို ဖွင့်ပေးထားလို့ လူတိုင်းကို ဒီမှာ ကြည့်ရှုပေးနိုင်ပါပြီ။ ကျွန်တော့်ရဲ့ အတွင်းအားက မလုံလောက်သေးလို့ လူတိုင်းကို တစ်ယောက်ချင်းစီ မကုသပေးနိုင်တာပါ။ ဒါပေမဲ့ ပုဟွေ့ညီမလေးကို စောင့်ရှောက်ပေးဖို့ကတော့ ပြဿနာမရှိပါဘူး"
လူတိုင်းသိကြသည့်အတိုင်း ကျန်းဝူကျိသည် အလွန်ကြင်နာတတ်ပြီး သူတစ်ပါးကို ကူညီရန် အမြဲအသင့်ရှိသူဖြစ်သည်။ ရန်ပုဟွေ့နှင့် သူသည် ငယ်စဉ်ကတည်းက သိကျွမ်းခဲ့သည့် ညီမကောင်းလေးဖြစ်ရာ ညသန်းခေါင်ယံအချိန်တွင် သွားရောက်ကြည့်ရှုပေးခြင်းကလည်း အလွန်ပင် ကျိုးကြောင်းဆီလျော်လှပေသည်။
ထို့ပြင် ရန်ပုဟွေ့အနားတွင် ပို၍လှပသော ရှောင်ကျောက်လည်း ရှိနေသေးသည်မဟုတ်ပါလား။ မူရင်းဇာတ်လမ်းထဲမှ ရှောင်ကျောက်၏ ကံကြမ္မာကို ကျန်းဝူကျိ တွေးမိတိုင်း အလွန်ပင် ဝမ်းနည်းမိပြီး ထိုအရာအားလုံးကို ပြောင်းလဲပစ်မည်ဟု သစ္စာဆိုထားလေသည်။
ဤအချိန်၌ ရွှေပုတေ့သည် ခန္ဓာကိုယ်အတွင်း အသက်ရှူနှုန်းနှင့် သွေးလေစီးဆင်းမှုကို ပြန်လည်တည်ငြိမ်အောင် လုပ်ဆောင်ပြီးစီးသလောက် ရှိပြီဖြစ်သည်။ သူ၏ အတွင်းအားက အပြည့်အဝ ပြန်မကောင်းသေးသော်လည်း အနည်းဆုံးတော့ လွတ်လပ်စွာ လှုပ်ရှားနိုင်နေပြီဖြစ်သည်။
သူသည် ရှေးဦးစွာ သံကွင်းစပ်ခြေချင်းတစ်စုံကို ရှာဖွေ၍ ချန်ခွန်းအား ကျကျနန တုပ်နှောင်လိုက်ပြီးနောက် ၎င်း၏ စကြဝဠာ အိတ်ကြီး အတွင်းသို့ ထည့်သွင်းလိုက်လေသည်။
ချန်ခွန်း ထွက်မပြေးနိုင်တော့သည်ကို သေချာမှသာ စိတ်အေးသွားတော့သည်။ ထို့နောက်တွင်မူ ဘယ်လက်ရုံးသံတမန် ရန်ရှောင်နှင့် ဝေယိရှောက်တို့အဖွဲ့ကို သွားရောက်ကြည့်ရှုပေးလေသည်။
ရန်ရှောင်က ကျန်းဝူကျိကို ပြောသည်။
"ညီလေးဝူကျိ... ခန်းမထဲကနေ ထွက်သွားရင် ခန်းမနောက်ဘက်ကို သွားလိုက်ပါ။ ပုဟွေ့ရဲ့ အိပ်ဆောင်က အနောက်ဘက်ဆောင်ထဲမှာ ရှိတယ်။ သူ အိပ်ဦးမှာ မဟုတ်သေးပါဘူး။ သူဘေးကင်းရဲ့လား သေချာအောင် သွားကြည့်ပေးပါဦး၊ သူ စိတ်လိုက်မာန်ပါ လျှောက်မသွားမိအောင်ရယ်၊ ငါတို့ရဲ့ အခြေအနေကို သူများတွေ မသိအောင်ရယ် မင်းကိုပဲ အားကိုးပါတယ်"
"ဘယ်လက်ရုံးသံတမန် ရန်ရှောင်... စိတ်ချပါ"
ကျန်းဝူကျိသည် ခေါင်းညိတ်ပြလိုက်ပြီး ခန်းမအပြင်ဘက်သို့ ထွက်လာကာ နောက်ဘက်သို့ လျှောက်လာခဲ့သည်။ အတန်ကြာ လျှောက်လာပြီးနောက် အလွန်ပင် ကျော့ရှင်းပြီး ထူးခြားသော ခြံဝင်းတစ်ခုကို တွေ့ရသည်။ ရန်ရှောင် ပြောခဲ့သည့်အတိုင်းပင် အနောက်ဘက်ဆောင်တွင် မီးလင်းနေသဖြင့် ရန်ပုဟွေ့ မအိပ်သေးကြောင်း သိသာလှသည်။
ကျန်းဝူကျိသည် တံခါးဝသို့ လျှောက်သွားလိုက်သည်။ သူ တံခါးမခေါက်ရသေးမီမှာပင် အခန်းထဲမှ စကားသံများကို ကြားလိုက်ရသည်။
"သခင်မလေး... နောက်ကျနေပါပြီ။ အနားယူပါတော့လား" အက်ရှရှ ဖြစ်နေသော မိန်းကလေးတစ်ဦး၏ အသံထွက်ပေါ်လာသော်လည်း ထိုအသံမှာ အလွန်ပင် နားဝင်မချိုလှဘဲ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏ အသံထက်ပင် ပို၍ ဆိုးရွားနေလေသည်။
ဖြန်း!
"အိပ်မယ် ဟုတ်လား... ဘာကို အိပ်ရမှာလဲ။ အခု မင်ဂိုဏ်းက အန္တရာယ်နဲ့ ရင်ဆိုင်နေရတာလေ။ အဖေက အခုထိ တိုင်ပင်လို့ မပြီးသေးဘူး၊ သူ မအိပ်သေးတာကို ငါက ဘယ်လိုလုပ် အိပ်နိုင်မှာလဲ။ နင်က အဆိုးဆုံးပဲ၊ ငါနဲ့ အဖေ သေသွားမှ ဒီနေရာက နင့်လက်ထဲ ရောက်မယ်လို့ မျှော်လင့်နေတာ မဟုတ်လား"
ရင်းနှီးသော်လည်း ဒေါသထွက်နေသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံမှာ ရန်ပုဟွေ့၏ အသံဖြစ်ကြောင်း ကျန်းဝူကျိ သိလိုက်သည်။
ကျန်းဝူကျိက ပြုံးလျက် ဝင်ပြောလိုက်သည်။
"မင်း အိပ်တာ၊ မအိပ်တာက အရေးကြီးတဲ့ ကိစ္စရပ်တွေအပေါ် သက်ရောက်မှု မရှိပါဘူး ကလေးမလေးရဲ့။ ဘာလို့ အခုထိ မအိပ်သေးဘဲ နေနေတာလဲ"
"ဘယ်သူလဲ?!"
ကျန်းဝူကျိ၏ အသံကို ကြားသောအခါ ရန်ပုဟွေ့မှာ ထိတ်လန့်သွားတော့သည်။ အခန်းထဲမှ ဓားဆွဲထုတ်သံ ကြားလိုက်ရခြင်းက သူမ အလွန်ပင် ထိတ်လန့်သွားကြောင်း ဖော်ပြနေသည်။
ကျန်းဝူကျိသည် စကားအများကြီး မပြောတော့ဘဲ တံခါးကို အသာအယာ တွန်းဖွင့်ကာ အတွင်းသို့ လျှောက်ဝင်သွားလိုက်သည်။
၎င်းမှာ အလွန်ပင် ကျော့ရှင်းလှပသော အမျိုးသမီးအိပ်ဆောင်တစ်ခု ဖြစ်သည်။ ပြတင်းပေါက်အနီးတွင် မှန်တင်ခုံရှိပြီး ဖယောင်းတိုင်အနီများမှာ တောက်ပစွာ လောင်ကျွမ်းလျက် အခန်းတစ်ခုလုံးကို ပန်းအလှဆင်မှုများဖြင့် ထင်းလင်းတောက်ပနေစေသည်။
အခန်းမှာ အလွန်ပင် ကျယ်ဝန်းပြီး အခန်း၏ အတွင်းဘက် အဆုံးတွင်မူ ပိုးခြည်လွှာ ကုလားကာများ ဆွဲချထားသည့် ခုတင်တစ်လုံး ရှိနေလေသည်။ ခုတင်ရှေ့တွင်မူ အမျိုးသမီးစီး ပန်းရောင်ပန်းထိုးဖိနပ်တစ်စုံ ရှိနေရာ ၎င်းမှာ သခင်မလေးတစ်ဦး၏ အိပ်ဆောင်ဖြစ်ကြောင်း ထင်ရှားလှသည်။
ကျန်းဝူကျိ ကြည့်လိုက်သောအခါ မိမိရှေ့တွင် ဓားတစ်လက် ကိုင်ထားသော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။ သူမသည် ရွှေဝါရောင် ပိုးအင်္ကျီကို ဝတ်ဆင်ထားပြီး မျက်လုံးအိမ်ကြီးကြီး၊ မျက်လုံးနက်နက်နှင့် ဘဲဥပုံမျက်နှာလေးမှာ အလွန်ပင် လှပပေသည်။ သူမကား ရန်ပုဟွေ့ ပင် ဖြစ်သည်။
ရန်ပုဟွေ့သည် ငယ်စဉ်ကတည်းက အတန်ငယ် ဇွဲကြီးပြီး ခေါင်းမာတတ်သည့် စရိုက်ရှိကြောင်း ကျန်းဝူကျိ မှတ်မိနေပြီး အခုလည်း ထိုအတိုင်းပင် ဖြစ်ပုံရသည်။ သူမ၏ ရုပ်ရည်ကလည်း သိပ်မပြောင်းလဲသလို အမူအရာကလည်း မပြောင်းလဲပေ။ ယခုအချိန်တွင် သူမသည် သတိကြီးစွာထားလျက် နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်မှာ ငယ်စဉ်က အန္တရာယ်နှင့် ကြုံတွေ့ရစဉ်ကအတိုင်းပင် ဖြစ်သည်။
ဘေးဘက်သို့ ကြည့်လိုက်သောအခါတွင်မူ အသက်သိပ်မကြီးသေးသည့် မိန်းကလေးတစ်ဦးကို တွေ့ရသည်။ သူမသည် ရိုးရှင်းသော အပြာရောင်အဝတ်ကို ဝတ်ဆင်ထားသည့် အစေခံမလေးတစ်ဦး ဖြစ်သည်။ သို့သော်လည်း သူမသည် အလွန်ပင် ရုပ်ဆိုးလှသည်။ ဘယ်ဘက်ခြေထောက်မှာ ထော့နဲ့ထော့နဲ့ဖြစ်နေပြီး ခါးလည်း ကုန်းနေသေးသည်။ မျက်လုံးနှစ်လုံးမှာလည်း တစ်ဖက်ကြီး တစ်ဖက်သေး ဖြစ်နေကာ အလွန်ပင် ကြည့်ရဆိုးလှသည်။ ယခင်က ယင်းလီထက်ပင် ပို၍ ရုပ်ဆိုးနေသေးသည်။
ထိုသူမှာ ရုပ်ဖျက်ထားသည့် ရှောင်ကျောက်ဖြစ်ကြောင်း ကျန်းဝူကျိ ချက်ချင်း သိလိုက်သည်။ သူမသည် အမှန်တကယ်ပင် ဒိုက်ချီစီ၏ သမီးကောင်းလေး ဖြစ်ပေသည်။ သားအမိနှစ်ယောက်စလုံးမှာ ရုပ်ဖျက်ရာတွင် ထူးချွန်ကြလွန်းလှသည်။
သို့သော် ရှောင်ကျောက်၏ ရုပ်ဆိုးမှုမှာ မိတ်ကပ်ကြောင့်သာ ဖြစ်ပြီး ဖျက်လိုက်ပါက ပြန်လည်လှပလာမည် ဖြစ်သည်။ ယင်းလီကဲ့သို့ ကုသရန် ခက်ခဲသော ကိစ္စမဟုတ်ပေ။ ယင်းလီကိုမူ ကျန်းဝူကျိ တစ်ယောက်သာ ကုသပေးနိုင်မည်ဖြစ်ပြီး သို့မဟုတ်ပါက တစ်သက်လုံး ရုပ်ဆိုးနေပေလိမ့်မည်။
ထိုစဉ် ရန်ပုဟွေ့က ကျန်းဝူကျိကို စိုးရိမ်တကြီး ကြည့်ကာ မေးလိုက်သည်။
"နင်က ဘယ်သူလဲ?! ကွမ်မင်တောင်ထိပ်ကို ဘယ်လိုရောက်လာတာလဲ"
သူမသည် အပြင်သို့ ထွက်စဉ်အခါက မင်ဂိုဏ်း၏ ထူးခြားဆန်းပြားသော ပုဂ္ဂိုလ်ငါးဦး နှင့် ဝေယိရှောက် တို့ကို တွေ့ဆုံဖူးသဖြင့် ၎င်းတို့၏ ရုပ်ရည်သွင်ပြင်ကို ကောင်းစွာ မှတ်မိနေလေသည်။ ကျန်းဝူကျိမှာမူ သူမအတွက် သူစိမ်းဖြစ်နေသဖြင့် ရန်ပုဟွေ့မှာ ကြောက်ရွံ့နေမိသည်။
သို့သော်လည်း သူမကို ဝေခွဲမရဖြစ်စေသည်မှာ ဤသူသည် အစပိုင်းတွင် သူစိမ်းဟု ထင်ရသော်လည်း ကြည့်လေလေ ထူးဆန်းသော ရင်းနှီးမှုတစ်ခုကို ခံစားလာရလေလေဖြစ်ကာ သူမ၏ ခုခံကာကွယ်လိုစိတ်များလည်း သိသိသာသာ လျော့ကျသွားလေသည်။
"ဘာလို့ ဒီလောက်တောင် စိုးရိမ်နေရတာလဲ။ ငါ့ညီမလေး ပုဟွေ့... အစ်ကို့ကို မေ့သွားပြီလား"
ကျန်းဝူကျိသည် မိမိကိုယ်မိမိ ကာကွယ်ရန် ရည်ရွယ်ချက်မရှိကြောင်း ပြသည့်အနေဖြင့် လက်နှစ်ဖက်ကို ဖြန့်ပြလိုက်သည်။
ပထမအချက်အနေဖြင့် ရန်ပုဟွေ့သည် သူ၏မည်သူမည်ဝါဖြစ်ကြောင်း သိသွားပါက တိုက်ခိုက်လိမ့်မည် မဟုတ်ပေ။ ဒုတိယအချက်မှာ ရန်ပုဟွေ့၏ အကန့်အသတ်ရှိသော သိုင်းပညာဖြင့်ဆိုလျှင် ကျန်းဝူကျိက လက်ညှိုးတစ်ချောင်းတည်းနှင့်ပင် သူမကို အရှုံးပေး ငိုယိုသွားအောင် လုပ်နိုင်စွမ်း ရှိသောကြောင့်ဖြစ်သည်။
"အာ! ဒါ... ဒါ ဝူကျိအစ်ကိုလား"
ရန်ပုဟွေ့မှာ ထိတ်လန့်သွားတော့သည်။ ဤလောကတွင် သူမထက် အဆင့်အတန်းမြင့်သောသူများက သူမ၏ အမည်ကို တိုက်ရိုက်ခေါ်ကြသည်၊ သို့မဟုတ် ရွယ်တူချင်းဖြစ်သော်လည်း အဆင့်အတန်းနိမ့်ပါးသူများက "သခင်မလေး" ဟုသာ ခေါ်ကြသည်။ သူမကို "ပုဟွေ့ညီမလေး" ဟု ခေါ်နိုင်သူမှာ ကျန်းဝူကျိမှလွဲ၍ အခြားသူ မရှိပေ။
"အစ်ကိုပါပဲ။ ညီမလေး အစ်ကို့ကို မေ့မသွားတာ တော်သေးတာပေါ့၊ မဟုတ်ရင် အစ်ကို တကယ် ဝမ်းနည်းမိမှာ"
ကျန်းဝူကျိက ပြုံးလျက် ပြောလိုက်သည်။
ရန်ပုဟွေ့သည် ယခုအခါ အရပ်ရှည်ပြီး ချောမောခန့်ညားနေသော ကျန်းဝူကျိကို မြင်လိုက်ရသည်။ သူ၏ မျက်ခုံးနှင့် မျက်နှာသွင်ပြင်များမှာ အတိတ်ကနှင့် ဆင်တူသော်လည်း သူမ မှတ်မိနေသည့် မိမိအသက်ကို အကြိမ်ပေါင်းများစွာ ကယ်တင်ခဲ့ဖူးသော ဖရိုဖရဲနှင့် နွမ်းပါးလှသည့် ကောင်လေးထက်စာလျှင် အဆပေါင်းများစွာ ပို၍ ခန့်ညားနေပြီ ဖြစ်သည်။
သို့သော်လည်း သူမ၏ ရင်ထဲတွင် သံသယများ ပြည့်နှက်နေဆဲ ဖြစ်သည်။ သူမ ဓားကို ချလိုက်သော်လည်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ဝူကျိအစ်ကို... ဒါ တကယ်ပဲ ဝူကျိအစ်ကိုလား။ ကွမ်မင်တောင်ထိပ်ကို ဘယ်လိုရောက်လာတာလဲ။ ပြီးတော့... ညသန်းခေါင်အချိန်ကြီးမှာ ဘာလို့ ညီမအခန်းထဲ ရောက်လာတာလဲ"
ကျန်းဝူကျိက သက်ပြင်းချကာ ပြောလိုက်သည်။
"ငါ့ညီမလေး ပုဟွေ့က အခုတော့ သတိကြီးလှချည်လား။ အရင်က အစ်ကိုတို့နှစ်ယောက်ကို လူဆိုးတွေက အိုးထဲထည့်ပြီးပြုတ်စားဖို့ လုပ်ခဲ့တာတွေကို ပြန်ပြောပြမှ အစ်ကိုဆိုတာ ယုံမှာလား"
ထိုစဉ်က ကျန်းဝူကျိနှင့် ရန်ပုဟွေ့တို့ ကလေးနှစ်ယောက်ဘဝတွင် ငတ်မွတ်ခေါင်းပါးနေသော လူများ၏ ဖမ်းဆီးခြင်းခံရကာ အိုးထဲထည့် ပြုတ်စားခံရလုနီးပါး ဖြစ်ခဲ့ဖူးသည်။ ထိုအချိန်မှာပင် သူတို့သည် ရွှီတာ၊ ကျူးယွမ်ကျန်းတို့နှင့် ဆုံတွေ့ခဲ့ခြင်း ဖြစ်သည်။ ထိုအပြုတ်စားခံရလုနီးပါး ဖြစ်ရပ်ကိုမူ သူတို့နှစ်ယောက်မှလွဲ၍ မည်သူမျှ မသိနိုင်ပေ။
ထိုစကားကို ကြားသောအခါ ရန်ပုဟွေ့၏ သံသယများ လုံးဝကင်းစင်သွားတော့သည်။ မိမိ နေ့ညမပြတ် တွေးတောနေမိသော ဝူကျိအစ်ကို အမှန်ပင်ဖြစ်ကြောင်း အတည်ပြုနိုင်လိုက်ပြီဖြစ်သည်။
ရုတ်တရက် ရန်ပုဟွေ့၏ မျက်နှာတွင် ဝမ်းသာပျော်ရွှင်ခြင်းများ ယှက်သန်းသွားသည်။ သူမ၏ ဘဝမှာ အလွန်ပင် ကြမ်းတမ်းခဲ့ရသည်။ ယခုအချိန်အထိ သူမကို အမှန်တကယ် လုံခြုံမှုပေးနိုင်သူ သုံးဦးသာ ရှိခဲ့သည်။ သူမ၏ မိဘနှစ်ပါးနှင့် ကျန်းဝူကျိ တို့ဖြစ်သည်။ သူမ၏ မိခင် ကျိရှောင်ဖူမှာ ကွယ်လွန်သွားပြီဖြစ်ပြီး၊ ဘယ်လက်ရုံးသံတမန် ရန်ရှောင်ကမူ သူမ၏ ဖခင် ဖြစ်သည်။ ရွယ်တူချင်းများထဲတွင်မူ ရန်ပုဟွေ့ အလေးအနက်ထားသူမှာ ကျန်းဝူကျိမှလွဲ၍ အခြားသူ မရှိပေ။
"အစ်ကို ကွမ်မင်တောင်ထိပ်ကို ဘယ်လိုရောက်လာလဲ၊ ပြီးတော့ ဘာလို့ ဒီကို ရောက်လာလဲဆိုတာကိုတော့ အသေးစိတ် ပြောပြရမှာပဲ"
ကျန်းဝူကျိသည် ခုနက ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာများနှင့် ရွှေပုတေ့ ၏ စကြဝဠာ အိတ်ကြီး အတွင်း မည်သို့ဖမ်းဆီးခံခဲ့ရကြောင်း အားလုံးကို အသေးစိတ် ပြန်လည်ရှင်းပြလိုက်လေသည်။
ရန်ပုဟွေ့သည် ရုတ်တရက် အကြောင်းအရာများစွာကို သိလိုက်ရသဖြင့် အံ့အားသင့်သွားသော်လည်း ရန်ရှောင် ဒဏ်ရာရသွားကြောင်း ကြားသိရသောအခါ စိုးရိမ်ပူပန်သွားမိသည်။ ထို့နောက် ဘေးနားရှိ ရှောင်ကျောက်ကို မြင်သောအခါ ဒေါသထွက်သွားပြီး ဆဲဆိုလိုက်လေသည်။
"ဒါတွေ အားလုံးက နင်တို့လို ရန်သူအုပ်စုတွေရဲ့ လက်ချက်ပဲ။ နင့်ကို အရင် သတ်ပစ်မယ်!"
စကားဆုံးသည်နှင့် ရန်ပုဟွေ့သည် ရှောင်ကျောက်၏ ဦးခေါင်းကို လက်ဝါးဖြင့် ချက်ချင်း ရိုက်ချလိုက်သည်။ သူမ၏ သိုင်းပညာမှာ မနက်ရှိုင်းသော်လည်း အတွင်းအားမှာမူ ရန်ရှောင်နှင့် နှိုင်းယှဉ်နိုင်ရာ ဤလက်ဝါးရိုက်ချက်သည် လူတစ်ယောက်ကို အသေအလဲ ဖြစ်စေနိုင်ပေသည်။
ရှောင်ကျောက်၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ လင်းလက်သွားသော်လည်း ကျန်းဝူကျိက လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး ရန်ပုဟွေ့၏ လက်ကောက်ဝတ်ကို ဖမ်းဆီးကာ လက်ဝါးရိုက်ချက်ကို တားဆီးလိုက်သည်။
"ဘာလို့ ဒီလို မိန်းကလေးငယ်လေးကို ဒုက္ခပေးနေရတာလဲ"
ကျန်းဝူကျိက ထူးဆန်းသလို မေးလိုက်သည်။
ကျန်းဝူကျိ၏ ဖမ်းဆီးခြင်းကို ခံထားရသော ရန်ပုဟွေ့သည် ရုန်းထွက်ရန် ကြိုးစားသော်လည်း သူမ၏ နည်းပါးလှသော ကျင့်စဉ်စွမ်းအားဖြင့် ကိုးပါးနေဝန်း အလင်းစွမ်းအင်၏ ကြီးမားသော အားအင်ထံမှ မည်သို့ ရုန်းထွက်နိုင်ပါမည်နည်း။ စကားဖြင့်သာ ပြန်လည်ချေပရန် တတ်နိုင်တော့သည်။
"ဝူကျိအစ်ကို... အစ်ကို နားမလည်ပါဘူး။ သူက အဖေ့ရဲ့ ရန်သူက လွှတ်လိုက်တဲ့သူပဲ။ အဖေက သူ ကျွန်မကို ဒုက္ခပေးမှာ စိုးလို့ ခြေချင်းတွေ ခတ်ထားတာ။ အခု ရန်သူတွေက အကြီးအကျယ် တိုက်ခိုက်တော့မယ့်အချိန်မှာ သူက အတွင်းကနေ ပေါင်းပြီး လက်စားချေမှာ သေချာတယ်။ သူ့ကို အရင်သတ်ပစ်လိုက်တာ အကောင်းဆုံးပဲ"
"ရန်သူ? လက်စားချေမယ်?"
ကျန်းဝူကျိက မသိသလို ဟန်ဆောင်ကာ အံ့အားသင့်ပြလိုက်ပြီး ရှောင်ကျောက်ကို ကြည့်ကာ မေးလိုက်သည်။
"မိန်းကလေးငယ်လေး... မင်းမှာ အခွင့်အရေးရရင် လက်စားချေဖို့ ရည်ရွယ်ချက် ရှိသလား"
ရှောင်ကျောက်က ခေါင်းခါပြပြီး ပြောသည်။
"လုံးဝ မရှိပါဘူး!"
ကျန်းဝူကျိက ရန်ပုဟွေ့ကို ပြောလိုက်သည်။
"ကြည့်ပါဦး... သူ မလုပ်ပါဘူးလို့ ပြောနေတာပဲ။ ပြီးတော့ သူ့လက်တွေ ခြေထောက်တွေလည်း ချည်နှောင်ထားတာပဲကို၊ ညီမက ဘာကို စိုးရိမ်နေသေးတာလဲ"
ရန်ပုဟွေ့သည် ရှောင်ကျောက်ကို အလွန်ပင် မုန်းတီးသော်လည်း ကျန်းဝူကျိက ဤသို့ပြောနေခြင်းနှင့် သူမ၏ လက်ကောက်ဝတ်ကို ကျန်းဝူကျိက ဖမ်းထားသဖြင့် လွှတ်ရန်ခက်ခဲနေခြင်းကြောင့် မတတ်သာဘဲ ပြောလိုက်ရသည်။
"ကောင်းပါပြီ... ဝူကျိအစ်ကိုက သူ့အတွက် တောင်းပန်နေမှတော့..."
စကားမဆုံးမီမှာပင် ကျန်းဝူကျိက သူမ၏ လက်ကောက်ဝတ်ကို လွှတ်ပေးလိုက်သည့် အခွင့်အရေးကို အသုံးချကာ ရန်ပုဟွေ့သည် ရုတ်တရက် လက်ညှိုးနှစ်ချောင်းဖြင့် ကျန်းဝူကျိ၏ အကြောကို ပိတ်ရန် ကြိုးစားလိုက်သည်။ ရှောင်ကျောက်ကို မကိုင်တွယ်မီ ကျန်းဝူကျိကို အရင် တားဆီးထားရန် ရည်ရွယ်ခြင်းဖြစ်သည်။
သို့သော်လည်း ကျန်းဝူကျိ၏ ကိုးပါးနေဝန်း အလင်းစွမ်းအင်မှာ အလွန်ပင် နက်ရှိုင်းလှရာ သဘာဝအတိုင်းပင် အလိုအလျောက် ကာကွယ်ခြင်းနှင့် အတွင်းအားကို ပြန်လည်တွန်းကန်ခြင်း စွမ်းရည်များ ရှိနေသည်။ ရန်ပုဟွေ့၏ လက်ညှိုးများ ကျန်းဝူကျိကို ထိတွေ့လိုက်သည်နှင့် သူမသည် ကိုးပါးနေဝန်း အလင်းစွမ်းအင်၏ တွန်းကန်အားကြောင့် လွင့်ထွက်သွားတော့သည်။
ကျန်းဝူကျိသည် ဤအရာကို ကြိုတင်ခန့်မှန်းထားပြီးဖြစ်ရာ ချက်ချင်းပင် လိုက်သွားကာ သူ၏ လျင်မြန်သော ကိုယ်ဖော့ပညာကို အသုံးပြု၍ ရန်ပုဟွေ့ထံ အရင်ရောက်ရှိသွားပြီး သူမကို ဖမ်းထိန်းလိုက်ကာ သူမ၏ ကိုယ်ပေါ်တွင် သက်ရောက်နေသည့် တွန်းကန်အားများကို လျော့ပါးသက်သာသွားစေရန် ကျန်းဝူကျိသည် သူမအား ပွေ့ချီလျက် စက်ဝိုင်းပုံသဏ္ဌာန် တစ်ပတ်လှည့်လိုက်လေသည်။
သို့သော်လည်း ရိုက်ခတ်မှုအားက ပြင်းထန်လွန်းလှသဖြင့် ရန်ပုဟွေ့၏ ဒန်ထျန်မှာ ထုံကျင်နာကျင်မှုကို ခံစားနေရသည်။ အားအင်များကို လျော့ပါးအောင် လှည့်ပတ်ပေးလိုက်သော်လည်း သူမကိုယ်သူမ မထိန်းနိုင်တော့ဘဲ ကျန်းဝူကျိအပေါ်သို့ ဖိမိသွားတော့သည်။ ကျန်းဝူကျိကလည်း အချိန်ကိုက်ပင် ခေါင်းမော့လိုက်ရာ သူတို့နှစ်ဦး၏ နှုတ်ခမ်းချင်းမှာ ချက်ချင်းပင် ထိတွေ့သွားလေတော့သည်။