ဂူဟုန်းကျိ ဟုတ်လား။ သဘောထားသေးသိမ်တဲ့ လူတစ်ယောက်ပဲ
Vol. 5 Ch. 44
"ဘာလဲ။ ကျွန်တော်နဲ့ တိုက်ချင်လို့လား"
ကျန်းဝူကျိက အထင်သေးသော အမူအရာဖြင့် ကြည့်လိုက်သည်။ ယခင်က တိမ်လွှာဓားကို ကိုင်ထားသည့် သီလရှင် မြဲ့ကြွယ်နှင့် ရင်ဆိုင်ရစဉ်က သူ အနည်းငယ် သတိထားခဲ့ရသော်လည်း ယခုမူ သူ လုံးဝ မကြောက်တော့ချေ။
သီလရှင် မြဲ့ကြွယ်သည် ဓားကိုဆွဲထုတ်ကာ ရှေ့သို့ တိုးဝင်ရန် ပြင်လိုက်စဉ် ကျိုးကျစ်လော့က ချက်ချင်းပင် တားလိုက်သည်။
“ဂိုဏ်းချုပ်…ဂိုဏ်းချုပ်။ ကျွန်မတို့ ဂိုဏ်းနှစ်ဂိုဏ်းကြားမှာ အဖုအထစ်တွေမဖြစ်ပါစေနဲ့ရှင်"
ဆုန့်ယွမ်ချောင်နှင့် အခြားသူများလည်း ဖျောင်းဖျရန် အပြေးအလွှား ရောက်လာကြပြီး ကျန်းဝူကျိကို ခပ်တည်တည်ဖြင့် ကြိမ်းမောင်းလိုက်ကြသည်။
"မင်း ဂိုဏ်းချုပ်မြဲ့ကြွယ်ကို ဒီလောက်အထိ ရိုင်းရိုင်းစိုင်းစိုင်း မလုပ်သင့်ဘူး။ ငါတို့ ဝူတန်နဲ့ အော့မေ့ဂိုဏ်းက ရင်းနှီးတဲ့ ဆက်ဆံရေးရှိတာ မင်းမသိဘူးလား"
ယွီလျန်ကျိုးကလည်း "ဝူကျိ… ဂိုဏ်းချုပ်မြဲ့ကြွယ်က ဟို ရှန်းယွီထုံလို လူမျိုးမဟုတ်ဘူး။ မင်း ဘယ်လိုဖြစ်ပြီး ဒီလောက်အထိ ပေါ့ပေါ့ဆဆ ပြစ်မှားရတာလဲ။ မြန်မြန် တောင်းပန်လိုက်စမ်း" ဟု ဆိုသည်။
ဝူတန်ဂိုဏ်းသားများသည် မြဲ့ကြွယ်၏ အကျိုးအကြောင်းမရှိ ခေါင်းမာမှုကို စိတ်ပျက်မိကြသော်လည်း သူမ၏ မကောင်းမှုကို မုန်းတီးသည့် စရိုက်ကိုမူ လေးစားကြသည်။ ယခု ကျန်းဝူကျိက မြဲ့ကြွယ်ကို ဆဲဆိုလိုက်သည်ကို မြင်သောအခါ အားလုံး ပျာယာခတ်သွားကြသည်။
အဘယ်ကြောင့်ဆိုသော် ကျန်းဆန်းဖုန်းကိုယ်တိုင်ပင် အော့မေ့ဂိုဏ်းကို အလွန်တန်ဖိုးထားသောကြောင့် ဖြစ်သည်။ အကယ်၍ အော့မေ့ဂိုဏ်းနှင့် ဆက်ဆံရေး ပျက်ပြားသွားပါက ကြီးမားသော ပြဿနာ ဖြစ်လာပေလိမ့်မည်။
"ဟွန်း..ကျန်းသခင်လေးရဲ့ တောင်းပန်မှုကို ငါ အလိုမရှိဘူး"
ကျိုးကျစ်လော့၏ တားဆီးမှုကြောင့် မြဲ့ကြွယ်သည် စိတ်ပြန်လည် တည်ငြိမ်သွားသည်။ လူအများရှေ့တွင် အော့မေ့ဂိုဏ်း၏ သိက္ခာကို မကျစေလိုသလို ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် ကျန်းဝူကျိကဲ့သို့ ကလေးတစ်ယောက်နှင့် စကားနိုင်လုနေခြင်းမှာ အဆင့်မရှိဟု တွေးမိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူမက နှာခေါင်းရှုံ့လိုက်ပြီး ဂရုမစိုက်တော့ဟန် ပြုလိုက်သည်။
အမှန်စင်စစ် အခြား အရေးကြီးသော အကြောင်းရင်းတစ်ခုလည်း ရှိသေးသည်။ ကျန်းဝူကျိသည် လမ်းခရီးတွင် သူမကို အကြိမ်ကြိမ် ဆဲဆိုခဲ့ဖူးသည်။ အကြိမ်တိုင်းတွင် သူမ ဒေါသထွက်ခဲ့သော်လည်း ယခုမူ ကျန်းဝူကျိ၏ စရိုက်ကို အသားကျနေပြီ ဖြစ်သည်။ ကျန်းဝူကျိ မည်မျှပင် ရိုင်းစိုင်းသော စကားများ ပြောပါစေ သူမအတွက် မထူးဆန်းတော့ချေ။
ဒေါသကြီးလှသော သီလရှင် မြဲ့ကြွယ်သည် ယနေ့တွင် ဤမျှ အလျှော့ပေးလိမ့်မည်ဟု ဝူတန်ဂိုဏ်းသားများ မမျှော်လင့်ထားကြသဖြင့် အချင်းချင်း ကြောင်တောင်တောင်ဖြင့် ကြည့်နေကြသည်။
သို့သော် သူတို့ အံ့ဩရုံရှိသေး မြဲ့ကြွယ်က နှာခေါင်းရှုံ့လိုက်ပြီး ယင်းလိထင်ကို ပြောလိုက်သည်။
"သူရဲကောင်းယင်း။ ငါ့စကားကို မယုံရင် ဒီကလေးမလေးကို မေးကြည့်လိုက်လေ။ သူမ နာမည်က ဘယ်သူတဲ့လဲ"
ယင်းလိထင်သည် စိတ်ဓာတ်ပျော့ညံ့သူဖြစ်ရာ ပျာယာခတ်နေပြီး မျက်ရည်ပင် ဝဲနေချေပြီ။ ထိုစကားကို ကြားသောအခါ သူက ရန်ပုဟွေ့ကို ကြည့်လိုက်သည်။
သူ မမေးရသေးမီမှာပင် ရန်ပုဟွေ့က "ကျွန်မ နာမည်က ရန်ပုဟွေ့ ။ ကျွန်မအမေက ဒီကိစ္စအတွက် ဘယ်တော့မှ နောင်တမရဘူးလို့ ပြောခဲ့တယ်" ဟု အော်ပြောလိုက်သည်။
ဝုန်း။
ယင်းလိထင်သည် ဝိညာဉ်လွင့်သွားသကဲ့သို့ ဖြစ်သွားရသည်။ လက်ထဲမှ ဓားရှည်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး သူသည် မျက်နှာကို လက်နှင့်အုပ်ကာ တောင်အောက်သို့ တန်းတန်းမတ်မတ် ပြေးထွက်သွားတော့သည်။
"ဆဌမမြောက် ညီလေး"
ထိုစဉ် ကျန်းစုန်းရှီးက ဘေးမှ ပြေးထွက်ကာ ယင်းလိထင်ကို လှမ်းဖမ်းလိုက်သည်။ ဆုန့်ယွမ်ချောင်နှင့် ယွီလျန်ကျိုးတို့လည်း ရောက်လာပြီး ယင်းလိထင်ကို မြဲမြံစွာ ဆွဲထားကြသည်။
ယင်းလိထင်သည် ခဏတာ ရုန်းကန်နေပြီး စိတ်မနှံ့သလို ဖြစ်နေသည်။ နောက်ဆုံးတွင် ဆုန့်ယွမ်ချောင်က ယွီလျန်ကျိုးကို အကူအညီယူကာ ယင်းလိထင်၏ သွေးကြောမှတ်ကို ပိတ်လိုက်ပြီး ဂုတ်ကို ညှစ်လိုက်ရာ ယင်းလိထင်မှာ တုန်ယင်သွားပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။
ပုံမှန်ဆိုလျှင် ယင်းလိထင်၏ ကိုယ်ဖော့ပညာမှာ အလွန်လျင်မြန်သော်လည်း ယခုကဲ့သို့ အလွယ်တကူ ဖမ်းဆီးနိုင်ခြင်းမှာ ကျန်းဝူကျိက ကြိုတင်သတိပေးထားခဲ့သောကြောင့် ဖြစ်သည်။
ယင်းလိထင်၏ ကြေကွဲနေသော ပုံစံကို မြင်ရသောအခါ လူအများက သနားမိကြသည်။ ဝူတန်၏ ထင်ရှားသော သူရဲကောင်းတစ်ဦးဖြစ်သည့် ယင်းလိထင်သည် လူပုံအလယ်တွင် ဤမျှ ကြေကွဲနေသည်မှာ သူ့စိတ်ထဲတွင် မည်မျှအထိ နာကျင်နေရကြောင်း ထင်ရှားလှပေသည်။
"ကျန်းဝူကျိ။ ကျန်းဆရာကြီးရဲ့ မျက်နှာနဲ့ ကျစ်လော့ကို ကယ်ခဲ့တဲ့ ကျေးဇူးကြောင့် အရင်က ကိစ္စတွေကို ငါ ထပ်မပြောတော့ဘူး။ မင်ဂိုဏ်းက ရန်ရှောင်နဲ့ ငါ့ရဲ့ အော့မေ့ဂိုဏ်းကြားမှာ နက်ရှိုင်းတဲ့ ရန်ငြိုးရှိတယ်။ ဒီနေ့ ဒီလူယုတ်မာကို ငါ မဖြစ်မနေ သတ်ရမယ်။ မင်း ဖယ်စမ်း"
သီလရှင် မြဲ့ကြွယ်သည် စကားနည်းပြီး အလုပ်လုပ်သူ ဖြစ်သည်။ ရှောင်လင်နှင့် ခွန်းလွန်ဂိုဏ်းတို့ စကားမပြောရသေးမီမှာပင် သူမက ရှေ့သို့ လှမ်းတက်လာသည်။
ရန်ပုဟွေ့မှာ ဤသည်ကို မြင်သောအခါ မျက်ရည်ဝဲလာပြန်သည်။ တစ်ယောက်ပြီးတစ်ယောက် သူမအဖေကို သတ်ဖို့ ကြိုးစားနေကြသည် မဟုတ်ပါလော။
ရန်ပုဟွေ့က ဒေါသတကြီးဖြင့် "အဘွားကြီး။ ရှင် ကျွန်မအမေကို သတ်ခဲ့ပြီးပြီ။ အခု ကျွန်မအဖေကိုပါ ထပ်သတ်ဦးမလို့လား" ဟု ဆဲဆိုလိုက်သည်။
မြဲ့ကြွယ်က သူမကို ဂရုမစိုက်ချေ။ သူမ ရန်ရှောင်ကို သတ်ချင်သည်မှာ သူမ၏ စီနီယာအစ်ကိုကြီးနှင့် စေ့စပ်ထားသူ ဂူဟုန်းကျိမှာ ရန်ရှောင့်ကြောင့် စိတ်နာကာ သေဆုံးခဲ့ရသဖြင့် ကလဲ့စားချေလိုခြင်း ဖြစ်သည်။ ဤကိစ္စမှာ ကျိရှောင်ဖူနှင့် များစွာ မသက်ဆိုင်ပေ။
ရန်ပုဟွေ့မှာမူ သူမ၏ မျက်လုံးထဲတွင် ကလေးမလေးတစ်ဦး ဟုသာယူဆထားသဖြင့် ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် သူမကို အရေးမလုပ်ခြင်း ဖြစ်သည်။
"ကျွန်တော် ပြောပါရစေ မြဲ့ကြွယ်စီနီယာအစ်မကြီး။ ခင်ဗျားရဲ့ စီနီယာအစ်ကိုကြီး ကိစ္စမှာ ရန်ရှောင်ကိုပဲ အကုန် အပြစ်ပုံချလို့ မရပါဘူး။ ဒီကိစ္စအတွက် သူ့ကို သတ်ချင်တယ်ဆိုရင်တော့ ဒါက တကယ်ပဲ အကျိုးအကြောင်း မရှိရာ ရောက်ပါတယ်။"
ကျန်းဝူကျိက ခေါင်းခါရင်း ရှေ့သို့ လှမ်းထွက်လာသည်။
သူ စကားပြောလိုက်သည်နှင့် လူအုပ်ကြီး၏ မျက်နှာများမှာ အံ့အားသင့်ကုန်ကြသည်။ ယင်းလိထင်ကို ပြုစုနေသော ဆုန့်ယွမ်ချောင်တို့ပင်လျှင် ကြမ်းပြင်ပေါ်သို့ ချော်လဲကျမတတ် ဖြစ်သွားကြသည်။
ဝူကျိက မြဲ့ကြွယ်ကို ဘယ်လို ခေါ်လိုက်တာလဲ။ စီနီယာအစ်မကြီး ဟုတ်လား။
ဆုန့်ယွမ်ချောင်တို့မှာ မှင်တက်သွားကြသည်။ ဒီကလေးက ဤအမည်ကို မည်သို့ ခေါ်ရဲသနည်း။ သူတို့ကိုယ်တိုင်ပင် မြဲ့ကြွယ်ရှေ့တွင် သူမနှင့် တန်းတူထား၍ မပြောဝံ့ကြချေ။
မြဲ့ကြွယ်ကိုယ်တိုင်မူ ကျန်းဝူကျိ၏ အခေါ်အဝေါ်ကို အသားကျနေပြီဖြစ်ရာ အေးစက်သော မျက်နှာဖြင့် "ဒီကိစ္စက မင်းနဲ့ မဆိုင်ဘူး။ ငါ ဒုတိယအကြိမ် ထပ်ပြောဖို့ လိုသေးလား" ဟု မေးလိုက်သည်။
"ကျွန်တော်က ကြားဝင်စေ့စပ်ပေးပြီး ပဋိပက္ခကို ဖြေရှင်းချင်တာလို့ ပြောထားသားပဲ။ ကျွန်တော်လည်း ဒုတိယအကြိမ် ထပ်ပြောဖို့ လိုဦးမလား"
ကျန်းဝူကျိက လုံးဝ အလျှော့မပေးပေ။
မြဲ့ကြွယ်က အေးစက်သော အမူအရာဖြင့် "အခုနက ယင်းလိထင်က ရန်ရှောင်ကို သတ်မလို့ လုပ်တုန်းက မင်း ဝင်မပါခဲ့ဘဲ အခု ငါ့ကျမှ ဘာလို့ လာတားတာလဲ။ ငါ့ရဲ့ အော့မေ့ဂိုဏ်းက အနိုင်ကျင့်ရ လွယ်တယ်လို့ မင်းထင်နေတာလား" ဟု ဆိုသည်။
ကျန်းဝူကျိက လက်ကို ဖြန့်လိုက်ပြီး -
"ကျွန်တော့်ဦးလေးယင်းနဲ့ ရန်ရှောင်ကြားမှာက လူသိရှင်ကြား ပုဂ္ဂိုလ်ရေး ရန်ငြိုးရှိတာ။ ပြီးတော့ ရန်ရှောင်ဘက်ကလည်း တကယ် မှားခဲ့တာဆိုတော့ ကျွန်တော် ဝင်မပါတာပါ။ ဒါပေမဲ့ ခင်ဗျားရဲ့ စီနီယာအစ်ကိုကြီး ကိစ္စကတော့ တကယ်ပဲ အရေးတကြီး ကိစ္စလို့ သတ်မှတ်လို့ မရပါဘူး။ အဆိုးဆုံး ပြောရရင် သူက အမြင်မကျယ်လို့သာ သူ့ဘာသာ စိတ်နာပြီး သေသွားတာပဲ။ ဒါက တကယ်တော့ အသေခံရမယ့် ကိစ္စမှ မဟုတ်တာ"
ကျန်းဝူကျိ၏ စကားကို ကြားသောအခါ လူအုပ်ကြီးသည် မြဲ့ကြွယ်ရှေ့တွင် သဘောတူကြောင်း မပြောဝံ့ကြသော်လည်း စိတ်ထဲတွင်မူ မှန်သည်ဟု ခေါင်းညိတ်မိကြသည်။
ရန်ရှောင်နှင့် ဂူဟုန်းကျိတို့၏ သိုင်းပြိုင်ပွဲတွင် ဂူဟုန်းကျိ သိက္ခာကျခဲ့ရသည်မှာ အမှန်ပင်။ သူသည် တိမ်လွှာဓားကို ငှားရမ်းခဲ့သော်လည်း ရန်ရှောင်ကို မနိုင်ခဲ့ပေ။ ရလဒ်အနေဖြင့် ရန်ရှောင်၏ လှောင်ပြောင်မှုကို ခံခဲ့ရပြီး သူ့ဘာသာ စိတ်နာကာ သေဆုံးခဲ့ခြင်း ဖြစ်သည်။
ဤနေရာတွင် ရန်ရှောင်မှာ အမှန်တကယ် အပြစ်မရှိပေ။ အလွန်ဆုံးပြောရလျှင် သူသည် ငယ်ရွယ်စဉ်က မောက်မာခဲ့ပြီး တိမ်လွှာဓားကို လှောင်ပြောင်ခဲ့ရုံသာ ရှိသည်။ သိုင်းပြိုင်ပွဲအတွင်း ရန်ရှောင်က လှည့်ကွက်များ သုံးခဲ့သည်ဟု မြဲ့ကြွယ်က ဆိုသော်လည်း သိုင်းပြိုင်ပွဲတွင် ချောင်းမြောင်းတိုက်ခိုက်ခြင်း မဟုတ်ဘဲ တစ်ဦးချင်း ပြိုင်ဆိုင်နေစဉ်အတွင်း လှည့်ကွက်သုံးခြင်းမှာ အပြစ်ဟု ဆို၍ မရပေ။ ဂူဟုန်းကျိကိုယ်တိုင်ပင် လက်နက်ကောင်းကို အားကိုးခဲ့သည် မဟုတ်ပါလော။
အရာအားလုံးကို ဤသို့ တွက်ချက်၍ မရပေ။
လက်ရှိရောက်နေသော ဂိုဏ်းကြီးများမှ လူအများစုမှာ ရန်ရှောင်အပေါ် ရန်လိုကြသော်လည်း ဓမ္မဓိဋ္ဌာန်ကျကျ ပြောရလျှင် ဂူဟုန်းကျိမှာ စိတ်ကျဉ်းမြောင်းသူဖြစ်ကြောင်း အားလုံး လက်ခံကြသည်။
မြဲ့ကြွယ်ကမူ မတူပေ။ ဤစကားကို ကြားသောအခါ သူမ၏ မျက်နှာမှာ အလွန်ပင် ပျက်ယွင်းသွားသည်။ သူမ တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ်မှာပင် ကျန်းဝူကျိက ကြားဖြတ် ပြောလိုက်ပြန်သည်။
ကျန်းဝူကျိက လက်တစ်ဖက်ကို မြှောက်ကာ -
"ခင်ဗျား ဘာပြောချင်လဲဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကျွန်တော် ပြောမယ်၊ တကယ့် သူရဲကောင်းဆိုတာ ရှုံးနိမ့်ပြီးရင် နောက်တစ်ကြိမ် ပြန်နိုင်အောင် ကြိုးစားပြီး ပြိုင်ဘက်ကို ကျော်တက်ရမှာ။ တကယ်လို့ တစ်ဖက်လူက လှည့်ကွက်တွေ သုံးခဲ့တယ်ဆိုရင်လည်း ကလဲ့စားချေဖို့အတွက် တစ်ဖက်လူကို သတ်နိုင်မယ့် နည်းလမ်း ရှာရမှာ။ အဲဒါမှ တကယ့် ယောက်ျားကောင်း သူရဲကောင်းလို့ ခေါ်လို့ရတာ။
ဒါပေမဲ့ ဂူဟုန်းကျိက ဘာလုပ်ခဲ့လဲ။ သူ ရှုံးနိမ့်ပြီးနောက်မှာ စိတ်ဓာတ်ကျပြီး သူ့ဘာသာ စိတ်နာနာနဲ့ သေသွားခဲ့တယ်။ ဒါဟာ မာန်မာန အရမ်းကြီးတာကို ပြနေသလို သဘောထားသေးသိမ်တာကိုလည်း ဖော်ပြနေတာပဲ။ သူက ယောက်ျားကောင်းလို့ အခေါ်ခံရဖို့ မထိုက်တန်ဘူး"
သူ၏ စကားအဆုံးတွင် မင်ဂိုဏ်းဘက်မှ လက်ခုပ်သံများ ဟိန်းထွက်လာသည်။ ကျန်းဝူကျိ ပြောသည်မှာ လုံးဝ ကွက်တိဖြစ်သည်ဟု သူတို့ ခံစားရသည်။
အခြားဂိုဏ်းကြီးများမှ လူအများအပြားပင်လျှင် စိတ်ထဲတွင် ခေါင်းညိတ်မိကြသည်။ ဂူဟုန်းကျိမှာ အမြင်မကျယ်သူဖြစ်ကြောင်း သူတို့လည်း သဘောတူကြသည်။
မြဲ့ကြွယ်ကို ပြန်ကြည့်လိုက်သောအခါ သူမ၏ မျက်နှာမှာ လူကို ဝါးစားတော့မည့်အတိုင်း ဖြစ်နေသည်။ ကလေးသူငယ်များသာ မြင်လျှင် ကြောက်လန့်တုန်လှုပ်သွားလောက်အောင် သူမသည် အလွန်အမင်း ဒေါသထွက်နေချေပြီ။