← Chapters

ကလဲ့စားချေမယ် ဟုတ်လား။ အဲဒီ မြဲ့ကြွယ် ဆိုတဲ့ အဘွားကြီးကိုပဲ သတ်လိုက်ပါ

Vol. 5 Ch. 43

ကလဲ့စားချေမယ် ဟုတ်လား။ အဲဒီ မြဲ့ကြွယ် ဆိုတဲ့ အဘွားကြီးကိုပဲ သတ်လိုက်ပါ

Vol. 5 Ch. 43

ကျန်းဝူကျိ ကိုယ်တိုင်ပင် ခဏတာမျှ မှင်တက်သွားရသည်။

ဟဲတိုက်ချုံးနှင့် ပိုင်ရှူးရှန်း ဇနီးမောင်နှံမှာ အဘယ်ကြောင့် ဤမျှ အခြေအနေကို နားလည်ကာ လေသံပြောင်းနေကြသနည်း။

ထိုဇနီးမောင်နှံနှစ်ဦး အလေးအနက် တောင်းပန်နေသည်ကို ကြည့်ရသည်မှာ အတော်ပင် ရယ်စရာကောင်းလှပေသည်။

ကျန်းဝူကျိသည် ၎င်းတို့နှင့် စကားများများပြောကာ အချိန်မဖြုန်းလိုတော့သဖြင့်

"အမှန်အတိုင်းပြောရရင် ဒီနေ့ ကျွန်တော် လာတာက ကြားဝင်စေ့စပ်ပေးဖို့ပဲ၊ အားလုံးနဲ့ ပြဿနာတက်နေဖို့ ကျွန်တော် စိတ်ကုန်နေပြီ။ ခင်ဗျားတို့အနေနဲ့ မင်ဂိုဏ်းကို ဝိုင်းရံတိုက်ခိုက်တာကို လက်လျှော့မယ်ဆိုရင် ကျန်တဲ့ကိစ္စတွေကို ခေတ္တ ဘေးဖယ်ထားလို့ ရပါတယ်" ဟု ဆိုလိုက်သည်။

ဘာ။

ဒီကောင်လေးက တကယ့်ကို မိစ္ဆာဂိုဏ်းဘက်က ကူညီနေတာလား။

ဤစကားကို ကြားသောအခါ လူအုပ်ကြီးမှာ အံ့အားသင့်သွားကြသည်။

အစောပိုင်းက ကျန်းဝူကျိ၏ အပြုအမူများမှာ ၎င်းတို့ကိုသာ ဆဲဆိုနေပြီး မင်ဂိုဏ်းကိုမူ တစ်ခွန်းမျှ မပြောခဲ့သဖြင့် တစ်ခုခုတော့ ထူးခြားနေသည်ဟု အားလုံးက သံသယဝင်နေခဲ့ကြသည်။

ယခုမူ အတည်ဖြစ်သွားချေပြီ။

ဟဲတိုက်ချုံးနှင့် ပိုင်ရှူးရှန်းတို့ကမူ - “ဒီကောင်လေးက မိစ္ဆာဂိုဏ်းဘက်က ရပ်တည်ပေးရဲတယ်ပေါ့။ သီလရှင် မြဲ့ကြွယ်တို့ကတော့ သူ့ကို သည်းခံမှာ မဟုတ်ဘူး။ ငါတို့ကတော့ ဒီအရှုပ်အထွေးထဲမှာ ဝင်မပါတာ အကောင်းဆုံးပဲ၊ အခုတော့ သဘောတူလိုက်တာက ပိုကောင်းမယ်” ဟု တွေးလိုက်ကြသည်။

သို့ဖြစ်ရာ ဟဲတိုက်ချုံးက ချက်ချင်း ခေါင်းညိတ်ကာ -

"မူလက ကျွန်တော့်ရဲ့ ဆရာဟာ မင်ဂိုဏ်းဝင်တစ်ယောက်နဲ့ သိုင်းပြိုင်ရင်း သေဆုံးခဲ့ရတာမို့ ရန်ငြိုးတော့ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ညီအစ်ကိုကျန်းက ပြောလာပြီဆိုတော့ ကျွန်တော် ဟဲတိုက်ချုံးအနေနဲ့ မျက်နှာပေးရမှာပေါ့။ ကျွန်တော် ဟဲတိုက်ချုံးက ခွန်းလွန်ဂိုဏ်း ကို ကိုယ်စားပြုပြီး ဒီတစ်ကြိမ်မှာ မင်ဂိုဏ်းကို ထပ်ပြီး ဒုက္ခမပေးတော့ဘဲ ဘေးကနေပဲ စောင့်ကြည့်တော့မယ်လို့ ကြေညာပါတယ်" ဟု ဆိုသည်။

ဤစကားများမှာ နားထောင်ကောင်းသော်လည်း ဟဲတိုက်ချုံးမှာ ကြောက်သွားခြင်းဖြစ်ကြောင်း လူတိုင်း သိကြသည်။ ကျန်းဝူကျိကို မယှဉ်နိုင်ဟု တွေးမိသဖြင့် ဘေးထွက်နေရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

သို့သော် ဤသည်မှာ လိမ္မာပါးနပ်သော ရွေးချယ်မှုဟု ဆိုရပေမည်။ အဘယ်ကြောင့်ဆိုသော် ဟဲတိုက်ချုံး ကိုယ်တိုင် ပြောခဲ့သလိုပင် သူတို့သည် ကျန်းဝူကျိကို ယခင်က ပြစ်မှားခဲ့ဖူးသည်။ ကျန်းဝူကျိ၏ ပြတ်သားရက်စက်သော လုပ်ရပ်များကို မြင်ပြီးနောက် မည်သူမဆို ကြောက်ရွံ့သွားမည်မှာ အမှန်ပင်။

ဟဲတိုက်ချုံးအတွက်မူ ဆရာဖြစ်သူ သေဆုံးခြင်းမှာလည်း သိုင်းပြိုင်ပွဲတွင် သေဆုံးခြင်းဖြစ်ပြီး ချောင်းမြောင်းလုပ်ကြံခံရခြင်း မဟုတ်သဖြင့် အသက်ရှင်ရေးအတွက် ထိုရန်ငြိုးကို ဘေးဖယ်ထားလိုက်ခြင်းက အရေးကြီးဆုံး ဖြစ်သည်။

တိုက်ချင်သူတွေ တိုက်ကြပါစေ၊ ငါတို့ကတော့ ပွဲကြည့်ရုံပဲဟု သူ ဆုံးဖြတ်လိုက်သည်။

ထိုသို့ဖြင့် ခွန်းလွန်ဂိုဏ်းမှာ အလိုက်သင့်ပင် ထွက်ခွါသွားတော့သည်။

"ဝူကျိ... မင်း တကယ်ပဲ မိစ္ဆာဂိုဏ်းဘက်က ရပ်တည်ပေးချင်တာလား"

ဝူတန်သူရဲကောင်းငါးဦးသည် ကျန်းဝူကျိ၏ ဘေးသို့ လျှောက်လာပြီး ခပ်တည်တည်ဖြင့် မေးလိုက်ကြသည်။

အထူးသဖြင့် ယင်းလိထင်၏ မျက်နှာမှာ ပို၍ ပျက်ယွင်းနေသည်။ ဂျိရှောင်ဖူ ကိစ္စကြောင့် သူသည် ရန်ရှောင်ကို အလွန်အမင်း မုန်းတီးနေသူ ဖြစ်ရာ ဤကိစ္စကို မည်သို့ လွယ်လွယ်နှင့် လက်လျှော့နိုင်ပါမည်နည်း။

ကျန်းဝူကျိက ခေါင်းညိတ်ကာ

"ဒါက ပြောရရင်တော့ ရှည်လိမ့်မယ်။ ဒါပေမဲ့ မင်ဂိုဏ်းဟာ တကယ်တော့ မကောင်းမှုတွေ အကုန်လုပ်နေတဲ့ မိစ္ဆာဂိုဏ်း မဟုတ်ပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ သူတို့ဟာ မွန်ဂိုတွေကို မောင်းထုတ်ပြီး ဟန်လူမျိုးတွေရဲ့ နိုင်ငံကို ပြန်လည် ထူထောင်ဖို့ဆိုတဲ့ ကြီးမားတဲ့ ရည်မှန်းချက် ရှိနေတာပါ" ဟု ဆိုသည်။

ထိုသို့ပြောရင်း ကျန်းဝူကျိသည် ရန်တိန့်ထျန်း၏ ရုပ်အလောင်းဘေးမှ ရရှိခဲ့သော နောက်ဆုံးမှာတမ်းနှင့် အခြားပစ္စည်းများကို ဝူတန်သူရဲကောင်းငါးဦးအား ထုတ်ပြလိုက်သည်။

စာကို ဖတ်ပြီးသောအခါ မင်ဂိုဏ်းတွင် ဤကဲ့သို့ မြင့်မြတ်သော ရည်မှန်းချက် ရှိနေသည်ကို အားလုံး သိရှိသွားကြသည်။ ထို့ကြောင့် ၎င်းတို့မှာ မကောင်းမှုများ ကျူးလွန်နေသည့် မိစ္ဆာဂိုဏ်း မဟုတ်ကြောင်း နားလည်သွားကြသည်။

ကျန်းဝူကျိက ချန်ခွန်း၏ အကြောင်းနှင့် ရှဲ့ရွှန်း အဘယ်ကြောင့် လူအများအပြားကို သတ်ခဲ့ရကြောင်းကိုပါ အကျဉ်းချုပ် ရှင်းပြလိုက်သည်။

ဝူတန်သူရဲကောင်းငါးဦးမှာ အကောင်းအဆိုးကို ခွဲခြားသိမြင်သူများ ဖြစ်ကြသည်။ ရှဲ့ရွှန်း၏ လုပ်ရပ်များကို လက်မခံနိုင်သော်လည်း ဖြစ်ရသည့် အကြောင်းရင်းကိုမူ နားလည်ပေးနိုင်ကြသည်။ ချန်ခွန်းမှာသာ တကယ့်ကို ရွံရှာဖွယ်ကောင်းသူဖြစ်ကြောင်း သူတို့ လက်ခံသွားကြသည်။

ဆုန့်ယွမ်ချောင်က ခေါင်းညိတ်ကာ "တကယ်လို့ ဒါတွေက အမှန်ပဲဆိုရင် ငါတို့ ဝူတန်အနေနဲ့ မင်ဂိုဏ်းကို အခက်တွေ့အောင်လုပ်နေဖို့ မလိုတော့ပါဘူး" ဟု ဆိုသည်။

ကျန်းစုန်းရှီးကလည်း ထောက်ခံကာ

"တကယ်တော့ ငါတို့နဲ့ မင်ဂိုဏ်းကြားက ရန်ငြိုးဆိုတာ တတိယအစ်ကိုကြီးရဲ့ ကိစ္စပါပဲ။ ဒါပေမဲ့ ပဉ္စမမြောက်ညီလေးနဲ့ သူ့ဇနီးတို့ကလည်း ဒီအတွက် အသက်ပေးသွားကြပြီဆိုတော့ ဒီရန်ငြိုးကို ထားခဲ့လိုက်ကြရအောင်။ ဘယ်သူမှ ဒါကို ထပ်ပြီး မပြောကြပါနဲ့တော့" ဟု ဆိုသည်။

သူသည် အမြော်အမြင် အရှိဆုံးသူ ဖြစ်သည်။

ယခင်က ဝူတန်သူရဲကောင်းများအားလုံး ယင်းထျန့်ကျိန်းကို မနှစ်သက်ကြပေ။ သေဆုံးသွားသော ယင်းစုစုအပေါ်တွင်ပင် ကျန်းချွေ့ဆန်း သေဆုံးရခြင်းနှင့် ပတ်သက်နေသည်ဟု ယူဆကာ စိတ်ထဲတွင် တစ်မျိုး ဖြစ်နေခဲ့ကြသည်။

သို့သော် ယနေ့တွင် ယင်းထျန့်ကျိန်း၏ ရဲရင့်ပြတ်သားသော အမူအရာကို မြင်ရသောအခါ သူသည် တကယ့် ယောက်ျားကောင်း တစ်ယောက်ဖြစ်ကြောင်း သူတို့ အသိအမှတ်ပြုလိုက်ကြသည်။ ထို့ပြင် ကျန်းဝူကျိကလည်း သူ့အဘိုး‌ကို အသိအမှတ်ပြုထားပြီး ဖြစ်ရာ ကျန်းဝူကျိ၏ မျက်နှာကို ထောက်ထား၍ ဤရန်ငြိုးကို အဆုံးသတ်သင့်သည်ဟု ယူဆကြသည်။

မင်ဂိုဏ်းတွင် နိုင်ငံတော် ပြန်လည်ထူထောင်ရေး ရည်မှန်းချက် ရှိနေသည်ဆိုပါက သူတို့အနေဖြင့် ဆက်လက် အကျပ်ကိုင်မည် မဟုတ်ပေ။

ဝူတန်ဂိုဏ်းသားများ အားလုံး ခေါင်းညိတ်ကြသော်လည်း ယင်းလိထင် တစ်ဦးတည်းသာ မျက်လုံးများ နီမြန်းနေပြီး သဘောမတူနိုင်ဘဲ ရှိနေသည်။

"ဝူကျိ... မင်းလည်း မင်းရဲ့ ရှောင်ဖူအန်တီ အကြောင်းကို မြင်ခဲ့တာပဲ။ သူမဟာ ဟိုလူယုတ်မာ ရန်ရှောင်ရဲ့ လက်ချက်နဲ့ သေခဲ့ရတာ။ ဒါကို မင်းလည်း သိနေတာပဲ။ ငါသာ ဒီကလဲ့စားကို မချေနိုင်ရင် ဘယ်လိုလုပ်ပြီး ဆက်ရှင်နေနိုင်မှာလဲ"

ယင်းလိထင်သည် ဝူတန်သူရဲကောင်းများထဲတွင် စိတ်နှလုံး အနုဆုံးသူ ဖြစ်သည်။ ယခု ကျန်းဝူကျိက ရန်သူ့ဘက်မှ ရပ်တည်နေသည်ကို မြင်ရသောအခါ သူ လက်မခံနိုင်ဖြစ်နေရသည်။

သူ့စိတ်ထဲတွင် ကျန်းဝူကျိကို သူ့သားအရင်းကဲ့သို့ ချစ်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိ ဝူတန်သူရဲကောင်း ခြောက်ဦးထဲတွင် သူသည် ကျန်းဝူကျိအပေါ် အကောင်းဆုံး ဆက်ဆံခဲ့သူဟုပင် ဆိုနိုင်သည်။ ယခုကဲ့သို့ ချစ်ခင်ရသူက မိမိကို သစ္စာဖောက်သလို ခံစားနေရသဖြင့် သူ အလွန်နာကျင်နေရသည်။

ကျန်းဝူကျိကမူ ယင်းလိထင်ကို သနားစရာကောင်းသူတစ်ဦးအဖြစ် ကြည့်လိုက်သည်။ သူသည် အဖြစ်မှန်အားလုံးကို သိနေသော်လည်း ယင်းလိထင်မှာမူ မသိသေးသဖြင့် သနားစရာ ကောင်းနေခြင်း ဖြစ်သည်။

အရေးကြီးဆုံးအချက်မှာ ယခုတစ်ကြိမ်တွင် သူသည် ရန်ပုဟွေ့ကို ယင်းလိထင်နှင့် ပေးစားရန် စိတ်ကူးမရှိသဖြင့် ယင်းလိထင်အတွက် ပျော်ရွှင်စရာ အဆုံးသတ်ရန် ခက်ခဲပေလိမ့်မည်။

ကျန်းဝူကျိက ခေါင်းခါလိုက်ပြီး -

"ဦးလေးယင်း... ကျွန်တော်က မင်ဂိုဏ်းအတွက် တရားမျှတတဲ့ စကားတစ်ခွန်း ပြောပေးရုံသက်သက်ပါ။ ဦးလေးရဲ့ ပုဂ္ဂိုလ်ရေး ကိစ္စတွေကို ဝင်စွက်ဖက်ဖို့ ကျွန်တော် ဘယ်လိုလုပ် ဝံ့ရဲပါ့မလဲ။ ဦးလေးက ရန်ရှောင်ကို သတ်ချင်တယ်ဆိုရင် ကျွန်တော် ဘယ်တော့မှ တားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ရန်ရှောင်ကို သတ်ပြီးရင် မင်ဂိုဏ်းကို ဆက်ပြီး ဒုက္ခမပေးဖို့ပဲ ကျွန်တော် တောင်းဆိုချင်ပါတယ်" ဟု ဆိုသည်။

"ကောင်းပြီ။ ဒါမှ ငါတို့ရဲ့ ဝူကျိလေး"

ယင်းလိထင်က ချက်ချင်း ခေါင်းညိတ်ကာ "ငါက လူယုတ်မာ ရန်ရှောင်ကိုပဲ မုန်းတာ၊ တခြားသူတွေနဲ့ ရန်ငြိုးမရှိဘူး။ မင်ဂိုဏ်းကိုလည်း ငါ ဆက်ပြီး ဒုက္ခပေးမှာ မဟုတ်ဘူး" ဟု ဆိုလိုက်သည်။

ထိုသို့ပြောပြီးနောက် ယင်းလိထင်သည် သူ၏ ဓားရှည်ကို ဆွဲထုတ်ကာ မင်ဂိုဏ်းသားများ ရှိရာဘက်ရှိ ရန်ရှောင်ထံသို့ တန်းတန်းမတ်မတ် လျှောက်သွားတော့သည်။

ကျန်းဝူကျိက ထိုစဉ်မှာပင် ခပ်တိုးတိုး ဆိုလိုက်သည်။

"ဦးလေးတို့... ဦးလေးယင်းက ခဏနေရင် စိတ်အခြေအနေ မငြိမ်မသက် ဖြစ်လာလိမ့်မယ်။ လိုအပ်လာရင် သူ့ကို တစ်ယောက်တည်း ထွက်သွားပြီး ဒုက္ခမရောက်ရလေအောင် ဦးလေးတို့ ဝိုင်းပြီး ထိန်းထားပေးကြပါ"

ဆုန့်ယွမ်ချောင်နှင့် အခြားသူများက ကျန်းဝူကျိ၏ စကားကို နားမလည်ကြသော်လည်း ကျန်းဝူကျိသည် အပိုစကား ပြောမည့်သူ မဟုတ်ကြောင်း သိထားသဖြင့် ခေါင်းညိတ်လိုက်ကြသည်။

ခွန်းလွန်ဂိုဏ်း နှင့် ရှောင်လင်ဂိုဏ်းသားများက စကားပြောရန် ပြင်ဆင်နေကြသော်လည်း ယင်းလိထင်က ဓားကို ကိုင်ကာ ရန်ရှောင်တို့ထံ လျှောက်သွားသည်ကို မြင်သောအခါ အံ့ဩသွားကြပြီး ပွဲကြည့်ရန်အတွက် ခေတ္တ ငြိမ်နေလိုက်ကြသည်။

အကွာအဝေးမှာ မဝေးလှသော်လည်း ယင်းလိထင်အတွက်မူ ပေပေါင်း ရာချီ လျှောက်နေရသကဲ့သို့ပင်။

ရန်ရှောင့်ဘေးသို့ ရောက်သောအခါ သူ၏ တစ်ကိုယ်လုံးမှာ တုန်ယင်နေသည်။

မြေပြင်ပေါ်တွင် တင်ပလ္လင်ခွေ ထိုင်နေသော ရန်ရှောင်ကို မြင်သောအခါ သူက ဓားဖြင့် ချိန်ရွယ်ကာ

"ရန်ရှောင်... မင်းဟာ ကာမဂုဏ် လိုက်စားတဲ့ကောင်။ သေလိုက်စမ်း" ဟု ကြိမ်းမောင်းလိုက်သည်။

သူသည် အပြင်းအထန် ဆဲဆိုရန် ကြံရွယ်ခဲ့သော်လည်း ရန်ရှောင်၏ အားနည်းနေသော ပုံစံကို မြင်ရသောအခါ စကားလုံးများမှာ ထွက်မလာတော့ချေ။

သူသည် သွားကို တင်းတင်းကြိတ်ကာ ဓားဖြင့် ထိုးစိုက်လိုက်သည်။

ထိုအချိန်တွင် မင်ဂိုဏ်းဘက်မှ သိုင်းပညာရှင်များထဲတွင် လှုပ်ရှားနိုင်သူ အလွန်နည်းပါးနေပြီး ယင်းလိထင်ကို ခုခံနိုင်သူမှာ ပို၍ပင် မရှိချေ။ ယခုအခါ အိတ်ကြီးရဟန်း ရွှေပုတေ့ သာ လှုပ်ရှားနိုင်သော်လည်း သူ၏ အတွင်းအားမှာ ပြန်မပြည့်သေးသဖြင့် ဘေးမှ ကြည့်နေရုံသာ တတ်နိုင်သည်။

ရန်ရှောင်မှာ လုံးဝ မလှုပ်ရှားနိုင်တော့သဖြင့် သေရန်အတွက် မျက်လုံးကို မှိတ်လိုက်သည်။ သို့သော် ထိုစဉ်မှာပင် ရန်ပုဟွေ့က ရုတ်တရက် ပြေးဝင်လာပြီး -

"ကျွန်မ အဖေကို မထိနဲ့" ဟု အော်ဟစ်လိုက်သည်။

မိန်းကလေးတစ်ဦး ရုတ်တရက် ပေါ်လာသည်ကို မြင်သောအခါ ယင်းလိထင်က ဓားကို အမြန် ပြန်ရုတ်လိုက်ပြီး "ဖယ်စမ်း" ဟု ဒေါသတကြီး ဟောက်လိုက်သည်။

"မဖယ်ဘူး"

ရန်ပုဟွေ့သည် သူမ၏ အဖေကို ခေါင်းမာစွာဖြင့် ကာကွယ်ထားသည်။

ယင်းလိထင်က သူမကို ဆွဲဖယ်ရန် ကြံရွယ်လိုက်သော်လည်း ရန်ပုဟွေ့၏ မျက်နှာကို မြင်လိုက်ရသောအခါ သူ တုန်လှုပ်သွားရသည်။

ရန်ပုဟွေ့၏ ရုပ်ရည်မှာ သူမ၏မိခင် ကျိရှောင်ဖူနှင့် တစ်ပုံစံတည်းနီးပါး တူညီလွန်းလှသည်။ ထိုအကြည့်က သူ့အား အတိတ်ကာလက ကျိရှောင်ဖူထံသို့ ပြန်လည်ခေါ်ဆောင်သွားသကဲ့သို့ ဖြစ်နေသဖြင့် သူသည် မှင်သက်မိကာ မလှုပ်ရှားနိုင်ဘဲ ဖြစ်သွားရ၏။

"မင်း... ရှောင်ဖူအစ်မ..."

ယင်းလိထင်မှာ မှင်တက်သွားပြီး လက်ထဲမှ ဓားမှာလည်း တဆတ်ဆတ် တုန်ယင်နေတော့သည်။

သူသည် မူလကပင် ကလေးဆန်သော စိတ်သဘောထား ရှိသူဖြစ်သည်။

ဂျိရှောင်ဖူနှင့် စေ့စပ်ထားစဉ်က သိုင်းကျင့်ခြင်းမှ နားချိန်တိုင်းတွင် သူသည် သူ၏ စေ့စပ်ထားသူ၏ လှပသော ပုံရိပ်ကို အမြဲ တွေးတောနေခဲ့ပြီး စိတ်ထဲတွင် ချိုမြိန်သော ခံစားချက်များ ပြည့်နှက်နေခဲ့သည်။

နောက်ပိုင်းတွင် ဂျိရှောင်ဖူသည် ရန်ရှောင့်ကြောင့် သိက္ခာကျခဲ့ရပြီး ထိုကိစ္စကြောင့်ပင် သေဆုံးခဲ့ရသည်ဟု သိလိုက်ရသောအခါ သူ၏ စိတ်ထဲမှ နာကြည်းမှုကို ဖော်ပြရန်ပင် ခက်ခဲလှသည်။

ယနေ့တွင် ဂျိရှောင်ဖူနှင့် အလွန်တူသော ရန်ပုဟွေ့ကို မြင်ရသောအခါ သူ၏ ခန္ဓာကိုယ်မှာ ယိုင်နဲ့သွားပြီး လဲကျလုနီးပါး ဖြစ်သွားရသည်။

ရန်ပုဟွေ့ကမူ "ကျွန်မ နာမည်က ရန်ပုဟွေ့။ ဂျိရှောင်ဖူက ကျွန်မ အမေပဲ။ အမေ သေတာ ကြာလှပြီ" ဟု အော်ပြောလိုက်သည်။

"ဟုတ်သားပဲ၊ ရှောင်ဖူအစ်မ သေတာ ကြာလှပြီ။ ငါ တွေဝေသွားတာပဲ... ငါ တွေဝေသွားတာပဲ..."

ယင်းလိထင်မှာ မှင်တက်သွားပြီး သူ့ဘာသာ ရေရွတ်နေမိသည်။

ထို့နောက် သူ၏ အကြည့်များ ရုတ်တရက် စူးရှလာပြီး "ဖယ်စမ်း၊မင်းအမေအတွက် ငါ ကလဲ့စားချေပေးမယ်" ဟု ဆိုသည်။

ရန်ပုဟွေ့က သီလရှင် မြဲ့ကြွယ်ကို လက်ညှိုးထိုးပြကာ "ကောင်းပြီ..ဒါဆိုရင် ဟို သီလရှင်အိုကြီး မြဲ့ကြွယ်ကို သွားသတ်လိုက်လေ" ဟု ပြောလိုက်သည်။

ဘယ်သူ။

လူအုပ်ကြီး၏ အကြည့်များမှာ သီလရှင် မြဲ့ကြွယ်ထံသို့ ရောက်သွားကြသည်။

ယင်းလိထင်လည်း အံ့ဩသွားပြီး "ဘာလို့... ဘာလို့လဲ" ဟု မေးလိုက်သည်။

ရန်ပုဟွေ့၏ ချစ်စဖွယ် မျက်နှာလေးတွင် နာကြည်းမှုများ ပြည့်နှက်နေပြီး

"ကျွန်မအမေကို လိပ်ပြာချိုင့်ဝှမ်းမှာ အဲဒီ သီလရှင်အိုကြီးက လက်ဝါးနဲ့ ရိုက်သတ်ခဲ့တာ" ဟု ဆိုသည်။

"မဟုတ်တာ… ကလေးမလေးက ဘာသိလို့လဲ" ဟု ယင်းလိထင်က ခေါင်းခါလျက် ဆိုသည်။

ရန်ပုဟွေ့က "လိပ်ပြာချိုင့်ဝှမ်းမှာ ကျွန်မ မျက်စိနဲ့ တပ်အပ် မြင်ခဲ့တာ။ အစ်ကို ဝူကျိလည်း အဲဒီမှာ ရှိနေခဲ့တယ်။ အဲဒီ သီလရှင်အိုကြီးက ကျွန်မအဖေကိုသတ်ဖို့ ကျွန်မအမေကို အတင်းအကျပ် စေခိုင်းခဲ့တာ ၊ အမေက ငြင်းလိုက်တော့ အဲဒီ အဘွားကြီးက အမေ့ကို လက်ဝါးနဲ့ ရိုက်သတ်ပစ်လိုက်တာပဲ။ ဦးလေး မယုံရင် အဲဒီ အဘွားကြီးကို သွားမေးကြည့်ပါလား" ဟု ပြောလိုက်သည်။

"ဒါက..."

ယင်းလိထင်က ကျန်းဝူကျိကို တစ်လှည့်၊ သီလရှင် မြဲ့ကြွယ်ကို တစ်လှည့် ကြည့်လိုက်ပြီး

"သီလရှင်ကြီး... သီလရှင်ကြီးက ပြောတော့... ရှောင်ဖူက..." ဟု ထစ်ထစ်ငေါ့ငေါ့ မေးလိုက်သည်။

သီလရှင် မြဲ့ကြွယ်က အေးစက်သော မျက်နှာထားဖြင့် "မှန်တယ်.. ကျိရှောင်ဖူကို ငါကိုယ်တိုင် သတ်လိုက်တာ။ ဒီလောက် အရှက်မရှိတဲ့၊ ဆုံးမလို့ မရတဲ့ တပည့်မျိုးကို ဒီလောကမှာ ဘာလို့ အသက်ရှင်ခွင့် ပေးထားရမှာလဲ။ သူမနဲ့ ရန်ရှောင်တို့က တစ်ဦးကိုတစ်ဦး ချစ်နေကြတာတဲ့။ သူမက ဂိုဏ်းကို သစ္စာဖောက်ပြီး ဆရာရဲ့ အမိန့်ကိုတောင် မနာခံချင်တော့ဘူး။ သူရဲကောင်းယင်း... မင်းရဲ့ မျက်နှာကို ထောက်ထားလို့ ငါ အမှန်အတိုင်း မပြောခဲ့တာ၊ အခုတော့ မင်း သိသွားပြီဆိုရင် အဲဒီ အရှက်မရှိတဲ့ မိန်းမအတွက် စိတ်ပူမနေပါနဲ့တော့" ဟု ပြန်ပြောလိုက်သည်။

သီလရှင် မြဲ့ကြွယ်၏ စကားကို ကြားသောအခါ လူအများအပြားမှာ တအံ့တဩ ဖြစ်သွားကြသည်။

မိမိ၏ တပည့်အရင်းကို ကိုယ်တိုင် သတ်ဖြတ်ပြီး ဤမျှ ရက်စက်သော စကားများကို ပြောနိုင်သည်မှာ ဤဆရာဖြစ်သူသည် တကယ့်ကို ရက်စက်လွန်းလှပေသည်။

ယင်းလိထင်၏ မျက်နှာမှာ ပြာနှမ်းသွားပြီး "မဖြစ်နိုင်ဘူး။ ငါ မယုံဘူး" ဟု အော်ဟစ်တော့သည်။

"မယုံစရာ မရှိပါဘူး။ မြဲ့ကြွယ် အဘွားကြီးက အမြဲတမ်း စံနှုန်းနှစ်မျိုးနဲ့ လုပ်တတ်တာပဲ။ သူမက အမြဲတမ်း ခေါင်းမာပြီး အရှက်မရှိတဲ့သူဆိုတော့ ဒါက ထူးဆန်းတဲ့ ကိစ္စမှ မဟုတ်တာ"

ကျန်းဝူကျိက ရှေ့သို့ လှမ်းထွက်လာပြီး ပြောလိုက်ရာ လူအုပ်ကြီးမှာ တစ်ဖန် မှင်တက်သွားရပြန်သည်။

ကျန်းဝူကျိ၏ စကားလုံးများမှာ တကယ့်ကို အဆိပ်ပြင်းလှသည်ဟု လူအများက တွေးနေကြသည်။

ဤစကားကို ကြားသောအခါ သီလရှင် မြဲ့ကြွယ်သည် ချက်ချင်းပင် ဒေါသထွက်သွားပြီး "ကျန်းဝူကျိ။ မင်းက တမင်တကာ ပြဿနာရှာနေတာလား" ဟု ဆိုသည်။

"ဘယ်သူက တမင် ပြဿနာရှာနေလို့လဲ။ သူတို့က တစ်ဦးကိုတစ်ဦး ချစ်လို့ သဘောတူခဲ့ကြတာပဲ၊ ခင်ဗျားက ဘာလို့ ဒီလောက် ဝင်ပါနေတာလဲ။ ခင်ဗျားကိုယ် ခင်ဗျား ပြန်စဉ်းစားကြည့်ဦး၊ တကယ်လို့ ဆရာကြီး ဖုန်းလင်က ခင်ဗျားကို ဂူဟုန်းကျိကို သတ်ခိုင်းရင် ခင်ဗျား သဘောတူမှာလား"

ကျန်းဝူကျိ၏ နှုတ်သီးမှာ အလွန်ပင် ထက်မြက်လှပြီး မြဲ့ကြွယ်၏ အနာကို တုတ်နှင့်ထိုးလိုက်ခြင်း ဖြစ်သည်။

ဂူဟုန်းကျိမှာ သီလရှင် မြဲ့ကြွယ်၏ စီနီယာအစ်ကိုကြီး ဖြစ်သလို သူမ၏ ချစ်သူလည်း ဖြစ်သည်။ နောက်ပိုင်းတွင် သူသည် ရန်ရှောင့်ကြောင့် စိတ်နာကာ သေဆုံးခဲ့ရသည်။ ထိုအကြောင်းကြောင့်ပင် သီလရှင် မြဲ့ကြွယ်သည် ရန်ရှောင်နှင့် မင်ဂိုဏ်းကို အလွန်အမင်း မုန်းတီးနေခဲ့ပြီး သူမ၏ စိတ်နေစိတ်ထားမှာလည်း ယခုကဲ့သို့ ပြောင်းလဲသွားခြင်း ဖြစ်သည်။

ကျန်းဝူကျိ၏ စကားမှာ သီလရှင် မြဲ့ကြွယ်၏ သည်းခံနိုင်စွမ်းကို ကျော်လွန်သွားရုံသာမက သူမ၏ စိတ်ဒဏ်ရာကို အစဆွဲလိုက်ခြင်းပင် ဖြစ်သည်။

သီလရှင် မြဲ့ကြွယ်မှာ ချက်ချင်းပင် ဒေါသအထွတ်အထိပ်သို့ ရောက်သွားပြီး သူမ၏ တိမ်လွှာဓားကို ဆွဲထုတ်လိုက်တော့သည်။

All Chapters