မင်း ဘယ်လိုသေချင်လဲ
Vol. 86-89 Ch. 1279
*ဆက်လုပ် ဟုတ်လား*
*ဒါကို ဘယ်လို ဆက်လုပ်ရမှာလဲ*
လက်ရှိတွင် သိုင်းပညာရှင်များအားလုံး ကြောက်လန့်ကာ အော်ငိုလုနီးပါး ဖြစ်သွားကြသည်။ သူတို့ရှေ့မှလူသည် သူတို့ထက် ပိုသန်မာပြီး သူတို့ မည်မျှ တိုက်ခိုက်ပါစေ ထိခိုက်သွားအောင် လုပ်ရခက်နေ၏။
ပုရွက်ဆိတ်တစ်ဖွဲ့က တောင်ကို လှုပ်ခါရန် ကြိုးစားနေသည့်အဖြစ်နှင့် တူလှသည်။ ဤသည်က မည်သို့ ဖြစ်နိုင်ပါမည်နည်း။
သူတို့ ဆက်တိုက်သည်နှင့် ထိုအဘိုးအိုကဲ့သို့ သေသွားရမည်ကို လူတိုင်း သိနေကြသည်။ သူတို့ ဆက်လုပ် နိုင်မည်လော။ သူတို့ ဆက်လုပ်ရဲပါမည်လော။
“ငါ လာပြီဟေ့”
ထိုအခိုက်တွင် သုံးမီတာကျော် မြင့်မားသော အရပ်ရှိသည့် တုတ်ခိုင် သန်မာသော ယောကျ်ားတစ်ယောက်က ကြီးမားသော တူကိုကိုင်၍ ပြေးတက်လာသည်။ ထိုတူ၌ စာသားများစွာဖြင့် ပြည့်နှက်နေပြီး အစီအရင် ပါသည့်ပုံပင်။
သူ၏ တစ်လှမ်းချင်း လှမ်းလာသော ခြေလှမ်းတိုင်း၌ နတ်ဘုရား စွမ်းအင်များ ပါဝင်နေသည်။ သူ၏ လက်မောင်းများက သစ်ပင်အမြစ်များကဲ့သို့ သန်မာပြီး ယဲ့ဖန်၏ အရှေ့သို့ လွှားခနဲ ရောက်လာသည်။ သူ့အရှေ့၌ ယဲ့ဖန်က ကလေးတစ်ယောက်လိုပင်။
ထိုအခိုက်တွင် ယဲ့ဖန်အရှေ့သို့ ရောက်လာပြီးနောက် ဧရာမလူကြီးက ယဲ့ဖန်ကို ငုံ့ကြည့်၍ သရော်သော အပြုံးမျိုး ပြုံးလိုက်သည်။
“ဟေ့ကောင် မင်း ရူးနေလား၊ ဒီဘိုးဘိုးရဲ့ တူနဲ့ထုတာကို ခံချင်နေတာလား”
ပြင်းထန် ကြမ်းကြုတ်လွန်းလှသည်။ ရှေးဟောင်း သားရဲတစ်ကောင်က ယဲ့ဖန်ကို အထင်သေးနေသလိုပင်။ ယဲ့ဖန်က ဘာမှမပြောဘဲ သူ့အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ အထင်သေးမှုအပြည့်ဖြင့် မော့ကြည့် နေ၏။
“မင်း”
ရုတ်ချည်းဆိုသလိုပင် ဤတုတ်ခိုင်သန်မာသော ယောကျ်ားကြီးသည် ဒေါသထွက်လာလေတော့သည်။
*ဒီကောင်က ငါ့ကို အထင်သေးတာလား*
*ငါ့ရဲ့ ဘီလူးလို ပြင်းထန်တဲ့ အင်အားနဲ့ဆို ဘုရင်အဆင့်တောင် တိုက်ခိုက်ရဲတာ မဟုတ်ဘူး*
*ဒီကောင်က ငါ့ကို ဘယ်လိုတောင် အထင်သေးရဲတာလဲ*
ချက်ချင်းဆိုသလိုပင် သူသည် လက်ထဲမှ တူကို ကျစ်ကျစ်ပါအောင်ဆုပ်၍ အားပါပါ မြှောက်၍ ယဲ့ဖန်၏ ရင်ဘတ်ကို အရှိန်ဖြင့် ထုချလိုက်သည်။
“ဒုန်း”
ယခု အသံသည် ယခင်ထက် ပိုကယ်လောင်ပြီး ဗုံးတစ်လုံး ပေါက်ကွဲသကဲ့သို့ လူတိုင်းအား နားအူသွားစေသည်။ ထိုအခိုက်တွင် လူတိုင်း စိတ်လှုပ်ရှားနေကြလေသည်။
“တကယ်လို့ ဒီတူက အောက်ကိုကျလာရင် သေသွားမှာ ဟုတ်တယ်မလား”
“အရေးမပါလိုက်တာ၊ ဒီလူက မှော်တူနဲ့ လူ့ဘီလူးလေ၊ ဒီတူရဲ့ အစွမ်းနဲ့ဆို ဘုရင်အဆင့်တောင် မတိုက်ခိုက်ရဲဘူး၊ အဲ့ကောင် ဘုရင်အဆင့် မဟုတ်ရင် တားနိုင်ပါ့မလား”
လူတိုင်း ယဲ့ဖန် အသားပြား ဖြစ်သွားသည်ကို မြင်ချင်နေသည့် မျှော်လင့်ချက်ဖြင့် ကြည့်နေကြသည်။ သို့သော် မြင်တွေ့လိုက် ရသည့် မြင်ကွင်းကြောင့် သူတို့အားလုံး တုန်ယင်ကာ ကြမ်းပြင်ပေါ် ကြောက်လန့်တကြား လဲကျ သွားလေသည်။
တထောင်းထောင်း ထနေသော ဖုန်မှုန့်များ လွင့်ပြယ်သွားသောအခါ ယဲ့ဖန်၏ ပုံရိပ်က တဖြည်းဖြည်း ပေါ်လာပြီး ထိခိုက်မှု မရှိချေ။ သူသည် ဘာမှမဖြစ်ခဲ့သကဲ့သို့ သူ့ရင်ဘတ်ကို အသာ ပုတ်လိုက်သည်။
“ဒါ လုံးဝ မဖြစ်နိုင်ဘူး၊ ငါ့တူနဲ့ အထုခံရရင် ဘုရင်အဆင့်တောင် သေနိုင်တာ၊ မင်းက ဘယ်လိုမိစ္ဆာမျိုးလဲ”
မှော်တူနှင့် ဧရာမ လူ့ဘီလူးက မယုံနိုင်ဟန်ဖြင့် အော်ဟစ်လိုက်သည်။ သို့သော် ယဲ့ဖန်က သူ့အား အရေးမပါသော စကားများ ပြောမနေတော့ဘဲ သူ့ရင်ဘတ်ကို ထိုးဖောက်၍ နှလုံးသားကို ဆွဲထုတ်လိုက်သည်။
လက်တစ်ခုလုံး သွေးများပေကျံနေပြီး သွေးသံတရဲရဲနှင့် ကြည့်ရဆိုးလှသည်။ ယဲ့ဖန်က လူတိုင်းကို ထူးဆန်းသော အကြည့်မျိုး ထပ်ကြည့်၍ အေးတိအေးစက် အသံဖြင့် ပြောလေသည်။
“ဆက်လုပ်”
“ဝှစ်”
ထိုအခိုက်တွင် လူတိုင်း လှုပ်ရှားလာသည်။ သို့သော် ရှေ့တက်ရပြီးအစား သူတို့အသက်အတွက် ထွက်ပြေး ကြလေသည်။ သူတို့အားလုံး၏ မျက်နှာတွင် ကြောက်စိတ် ပြည့်နှက်နေပြီး ချက်ချင်း နောက်ဆုတ်၍ ထွက်ပြေး ကြတော့သည်။
*ဒါ မအောင်မြင်တဲ့ အပေးအယူပဲ*
*မင်း ဘယ်လောက် ပိုက်ဆံပေးပေး ရှုံးမှာပဲ*
*ဒီလူက လူလုံးဝ မဟုတ်ဘူး၊ သူတို့ မကိုင်လှုပ်နိုင်တဲ့ နတ်ဆိုးတစ်ကောင်ပဲ*
*မိစ္ဆာ*
*သူက မိစ္ဆာပဲ*
*မနိုင်နိုင်မှတော့ ပြေးရမှာပေါ့*
*ဝေးနိုင်သမျှ ဝေးဝေးပြေးရမယ်၊ ဒီမိစ္ဆာနဲ့ ဝေးဝေးမှနေရမယ်*
“ငါ မင်းတို့ကို အခွင့်အရေး ပေးခဲ့တယ်၊ ဒါပေမဲ့ မင်းတို့က တန်ဖိုးမထားခဲ့ဘူး၊ မင်းတို့ တန်ဖိုးမထားခဲ့တာ”
ယဲ့ဖန် ရုတ်တရက် အော်ပြောလိုက်သောအခါ ယန်စွမ်းအင်များ ဝုန်းခနဲ ထိုးထွက်လာပြီး သူ့အရှေ့မှ ထွက်ပြေးနေသော သိုင်းပညာရှင်များထံ ရိုက်ခတ်သွားသည်။
“ရွှစ် ရွှစ်”
၎င်းနှင့် ထိမိသည်နှင့် သေဆုံးသွားလေသည်။ ယင်းယန်စွမ်းအင်သည် အဆိပ်ပြင်းသော မြွေတစ်ကောင်သဖွယ် သိုင်းပညာရှင်များ၏ ရင်ဘတ်ထဲသို့ တိုးဝင်သွားပြီး သူတို့၏ ဝမ်းဗိုက်များကို ပွင့်ထွက်သွားစေသည်။
အားလုံး၏ မျက်စိရှေ့၌ ထိတ်လန့်ဖွယ်ကောင်းသော အဖြစ်အပျက် ဖြစ်ပေါ်နေ၏။ ယန်စွမ်းအင်သည် ပင့်ကူအိမ်အဖြစ်သို့ စုစည်း ပြောင်းလဲသွားပြီး ဝင်တိုးမိသည့် သိုင်းပညာရှင်များကို လေထဲ၌ တိုးလို့တွဲလောင်း ဖြစ်စေကာ ပေါက်ကွဲ သေဆုံးသွားစေ၏။
သွေးများ မဟားတရား ပန်းထွက်လာပြီး ကြမ်းပြင်ပေါ်၌ သွေးကွက်များသာ ကျန်ရစ်လေတော့သည်။ သားသတ်ရုံ လိုပင်။ နတ်ဆိုး၏ သားသတ်ရုံလေအလား ထင်မှတ်မှားရသည်။
တစ်ယောက်ပြီး တစ်ယောက် သွေးများ ပန်းထွက်ခဲ့သဖြင့် ယဲ့ဖန်၏ တစ်ကိုယ်လုံး၌ သွေးများ ရွှဲစိုနေသည်။ ဤနေရာသည် သွေးများဖြင့် အရောင်ခြယ်ထားသော လောကသဖွယ် ဖြစ်နေကာ လောကပေါ် ရောက်လာသည့် ကြေးချွတ်သန့်စင်ဘုံလိုပင်။ ထို့အပြင် အရောင်အဆင်းကလည်း ကြောက်စရာကောင်းလှသည်။
ထိုသိုင်းပညာရှင်များသည် ချိတ်ဆွဲခံထားရသည့် ဝက်များသဖွယ် ဖြစ်နေပြီး ဝက်တစ်ကောင်ကဲ့သို့ ညည်းညူ အော်ဟစ်နေကြသည်။
နဂါးအသွင်ပြောင်းခြင်းအဆင့် အယောက်နှစ်ဆယ်လုံး ယဲ့ဖန်ကြောင့် လေထဲ၌ ခြံမွေးတိရစ္ဆာန်သဖွယ် ချိတ်ဆွဲခံ ထားရပြီး လှုပ်ရှားမှု မရှိတော့ချေ။ သူတို့ထဲမှ အချို့သည် ဒေါသဖြင့် သေဆုံးသွားပြီး အချို့က ယခုထိ ရုန်းကန်ကာ ညည်းညူနေသေးသည်။
မျက်စိပြာသွားလောက်သည့် သွေးများကိုကြည့်ပြီး ဖန်သားပြင်ရှေ့မှ လူများအားလုံး အသက်ရှူရန်ပင် မေ့လျော့ကာ ငြိမ်၍ ရပ်နေမိသည်။
သူတို့၏ မျက်လုံးတွင် ကြောက်စိတ် ထင်ဟပ်နေ၏။
*အံ့ဩစရာ ကောင်းလိုက်တာ၊ နဂါးအသွင်ပြောင်းခြင်းအဆင့် အယောက်နှစ်ဆယ်လုံး ယဲ့ဖန်ရဲ့ ဆံပင်ကိုတောင် ပျက်စီးအောင် မလုပ်နိုင်ဘဲ လုံးဝ အသတ်ခံလိုက်ရတာလား*
*သူက သေချာပေါက် တစ်ယောက်တည်းပဲကို*
*သူကလည်း ဘုရင်အဆင့် ဖြစ်နေတာများလား*
*ဒါ ဖြစ်နိုင်ပါ့မလား၊ ဒီလောက် ငယ်ငယ်လေးနဲ့ ဘုရင်အဆင့် ဖြစ်နေတာလား၊ သူက အသက်နှစ်ဆယ် စွန်းစွန်းပဲ ရှိသေးတာလေ*
သူတော်စင်သခင်အဆင့်သာလျင် မိမိ၏ အသက်အရွယ်အစစ်ကို ပြောပြစရာမလိုပဲ မိမိ၏ ပုံပန်းသွင်ပြင်ကို အလွယ်တကူ ပြောင်းလဲနိုင်ကြောင်း သူတို့ သိထားသည်။ ယဲ့ဖန်က သူတော်စင်သခင်အဆင့် ဖြစ်နေလိမ့် မည်ဟုတော့ သူတို့ မယုံကြည်ပါ။
အင်ပါယာတွင်း၌ သူတော်စင်သခင်အဆင့်က လက်တစ်ဆုပ်စာမျှသာ ရှိပြီး သူတို့တစ်ယောက်ချင်းစီအား နတ်ဘုရား သဖွယ် ဆက်ဆံကြသည်။ ထိုသို့သော သိုင်းပညာရှင်က ဘယ်လိုလုပ် ဤသို့ တောကျသည့် မြို့လေးသို့ ရောက်လာနိုင်မည်နည်း။
တစ်ချို့လူများဆိုလျင် ဘဝတစ်လျောက်လုံး သူတော်စင်သခင်အဆင့်ကိုပင် မမြင်ဖူးကြချေ။ သူတို့ ဤမျှ ကံဆိုးလိမ့်မည်ဟု မယုံကြည်ပါ။
ယဲ့ဖန်က သူတော်စင်သခင်အဆင့်လည်း မဟုတ်၊ ဘုရင်အဆင့်လည်း မဟုတ်ပါက အဘယ်ကြောင့် နဂါးအသွင် ပြောင်းခြင်းအဆင့် သိုင်းပညာရှင်များအား ခွေးသတ်သလို သတ်နိုင်နေရသနည်း။
သူတို့အားလုံး မျက်နှာဖြူရော်၍ ကြောက်လန့်ကာ ထွက်ပြေးချင်နေကြသလို အော်ဟစ်ချင်နေကြ၏။ တစ်ယောက်ယောက်က သူတို့ကို ဤသည်မှာ အိပ်မက်သာ ဖြစ်သည်ဟု ပြောလာသည်ကိုလည်း လိုချင်နေ ကြလေသည်။
*လူတစ်ယောက်တည်းက နဂါးအသွင်ပြောင်းခြင်းအဆင့် အယောက်နှစ်ဆယ်ကို ဖြေရှင်းသွားတယ်*
*သူတို့တစ်ယောက်ချင်းစီက ရှုကျိုးကို လှုပ်ခါအောင် လုပ်နိုင်ပင်မယ့် ယဲ့ဖန်က သူတို့ကို ချက်ချင်း သတ်ပစ် လိုက်တာ*
သူတို့ ယဲ့ဖန်ကို တစ်ထောင်ရာခိုင်နှုန်းအထိ အထင်သေးခဲ့မိကြောင်း ရိပ်မိသွားသည်။
*သူ ကျောက်မိသားစုအိမ်ထဲ တစ်ယောက်ထဲ ဝင်လာရဲတာက အံ့ဩစရာ မရှိတော့ဘူး၊ ဒီလိုခွန်အားနဲ့ နည်းလမ်း နဲ့ဆိုရင် ဒီလောကမှာ သူ မသွားရဲတဲ့နေရာ ရှိပါ့မလား*
ထိုအခိုက်တွင် ယဲ့ဖန်သည် နေရာ၌ ရပ်နေပြီး ခေါင်းတွင်တွင်ခါနေ၏။
“မလုံလောက်ဘူး မလုံလောက်ဘူး”
*မလုံလောက်ဘူး*
*ဒါ ဘာကို ဆိုလိုချင်တာလဲ*
“သူ သတ်မယ့်လူက မလုံလောက်သေးဘူးလို့ ပြောနေတာ၊ သူ့ရဲ့ လူသတ်ချင်စိတ်ကို ချေဖျောက်ဖို့ မဖြစ်နိုင်ဘူး”
စုန့်ယွမ်ပေါင်က ထူးဆန်းသော အပြုံးမျိုး ပြုံးနေသည်။
“ငါ အမြင်မှားခဲ့တာပဲ၊ ရက်စက်တဲ့လူမျိုး ဖြစ်နေလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”
*ဘာ လူသတ်ဖို့ မလုံလောက်သေးဘူးတဲ့လား*
လူတိုင်း ကြောက်လန့်တကြား ဖြစ်သွားကြသည်။ ယဲ့ဖန်က နဂါးအသွင်ပြောင်းခြင်းအဆင့် အယောက် နှစ်ဆယ် အပါအဝင် လူတစ်ရာကျော်ကို သတ်ခဲ့ပြီးလေပြီ။ ဒါတောင်မှ မလုံလောက်သေးဘူးတဲ့လား။
ဤသို့ ဖြစ်နေရသည့် အကြောင်းမှာ ယဲ့ဖန်၏ ဒေါသကို သူကိုယ်တိုင်ပင် မထိန်းချုပ်နိုင်သောကြောင့် ဖြစ်လေသည်။ ပိုင်ရွှယ်၏ ငိုသံ၊ ပိုင်ရွှယ်၏ နောင်တက သူ့နှလုံးသားကို အပ်ဖြင့် ထိုးနေသလိုပင်။ သူ့စိတ်ထဲ၌ အတွေးတစ်ခုတည်းသာ ရှိသည်။ ယင်းမှာ လူသတ်ရန်ပင်။
သူ သွေးပွက်ပွက်ဆူနေပြီး လူသတ်ချင်သော အရှိန်အဝါက တစ်ဟုန်ထိုး တိုးပွားနေ၏။ သို့သော် ဤလူဖျင်းများက အမှိုကများသာ ဖြစ်ပြီး သူ စိတ်ပျော်အောင် မလုပ်နိုင်ချေ။ ပိုသန်မာသော လူများစွာ ရောက်လာရန် မျှော်လင့်နေမိသည်။ သို့မှသာ သူ ပျော်ပျော်ကြီး လူသတ်နိုင်ပေမည်။
ထိုသိုင်းပညာရှင်များကို သူ ထိခိုက်ခွင့်ပေးထားသော်လည်း ထိုလူများက အသုံးမကျသဖြင့် ယဲ့ဖန်၏ မခုခံသော အခြေအနေမှာတောင်မှ သူတို့က တစ်စက်ကလေးမှ ဒဏ်ရာရအောင် မလုပ်နိုင်ချေ။
ကျောက်ထျန်းရှုံး ကြက်သီးထသွားပြီး စုန့်ယွမ်ပေါင်၏ လက်ကို လှမ်းဆွဲလေသည်။
“စီနီယာစုန့် အခု ခင်ဗျားပဲ သူ့ကို သတ်နိုင်ပါတော့မယ်”
“ဟီးဟီးဟီး သွေးမပျက်နဲ့၊ ငါက အဲ့အမှိုက်တွေနဲ့ မတူဘူး၊ သူတို့ အဲ့ကောင်ကို မတားနိုင်ပင်မယ့် ငါလည်း မတားနိုင်ဘူးလို့ မဆိုလိုဘူးလေ”
စုန့်ယွမ်ပေါင်က အထင်သေးစွာ ပြုံးလိုက်သည်။
“နဂါးအသွင်ပြောင်းခြင်းအဆင့်ကို စက္ကန့်ပိုင်းအတွင်း သတ်လိုက်တာက မိုက်တယ် မဟုတ်လား၊ ငါ ဘာလို့ မတွေးမိတာ ပါလိမ့်”
“စီနီယာ ခင်ဗျား သူ့ကို သတ်ဖို့ ဘယ်နှစ်ကွက်လောက် သုံးရမလဲ”
ခေါင်းဆောင်တစ်ယောက်က အနည်းငယ် စိတ်မသက်မသာဟန်ဖြင့် အသည်းအသန် မေးလာသည်။
“သူ့ကို သတ်ဖို့ ဘယ်နှစ်ကွက် သုံးရမလဲ ဟုတ်လား၊ ဟားဟားဟား”
ချက်ချင်းဆိုသလိုပင် စုန့်ယွမ်ပေါင်က ဟာသတစ်ပုဒ်ကို ကြားလိုက်ရသကဲ့သို့ ဟားတိုက် ရယ်မောလေသည်။ ဤသည်ကိုမြင်သော် လူတိုင်း မှင်တက်သွားပြီး သူ ဘာကြောင့် ရယ်ရသလဲ နားမလည်၍ တွေဝေစွာ ကြည့်နေ ကြသည်။
“အဲ့ကောင် ငါ့တိုက်ကွက်ကို တားနိုင်ပါ့မလားလို့ မင်းတို့ မေးသင့်တာ”
စုန့်ယွမ်ပေါင်က လှောင်ရယ်လေသည်။
“နဂါးအသွင်ပြောင်းခြင်းအဆင့်က ဘယ်လောက်ပဲ သန်မာနေပါစေ နဂါးအသွင်ပြောင်းခြင်းအဆင့်ပဲ ရှိသေး တာလေ၊ ဘုရင်အဆင့်ကို စိန်ခေါ်တာက သေလမ်းပဲ ရှိတယ်”
ဤသည်ကိုကြားပြီး လူတိုင်း စိတ်အေးသွားကြသည်။ မှန်ပေသည်၊ စုန့်ယွမ်ပေါင်သည် ဘုရင်အဆင့် ဖြစ်ပြီး ဘုရင်အဆင့်သည် ပြိုင်ဘက်ကင်းသော အဆင့်ပင်။ သူတော်စင်သခင်အဆင့်နှင့် မတွေ့မချင်း သူသည် ပြိုင်ဘက်ကင်း နေဦးမှာပင်။ နဂါးအသွင်ပြောင်းခြင်းအဆင့် ကောင်လေးတစ်ယောက်က သူက ဘယ်လိုလုပ် ကြောက်ရဦးမည်နည်း။
“ဒီလမ်းဘေးခွေးကို ငါ ရှင်းရလိမ့်မယ်လို့ ထင်မထားမိဘူး၊ သူ့ကို ဘုရင်တစ်ပါးရဲ့ အရှိန်အဝါကို ပြပေးရမှာပေါ့”
စုန့်ယွမ်ပေါင်က ခါးကိုမတ်၍ ခပ်အေးအေး ပြောလိုက်သည်။
“တစ်ကွက်ပဲ၊ တစ်ကွက်တည်းနဲ့ ငါ ဒီလမ်းဘေးခွေးကို ငါ့ရှေ့ ဒူးထောက်ပြီး အသနားခံရအောင် လုပ်ပြမယ်”
ယုံကြည်မှုအပြည့်နှင့် အထက်စီးဆန်လွန်းလှသည်။ မူလ၌ သူသည် ဤသို့သော လမ်းဘေးတိရစ္ဆာန်ကဲ့သို့သော လူမျိုးနှင့် တိုက်ခိုက်ရမည်ကို အလွန် စက်ဆုပ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ပြိုင်ဘက်က ဝူချီဖုန်းကဲ့သို့ ပြိုင်ဘက်ကင်းသော သိုင်းပညာရှင် ဖြစ်သင့်ပေသည်။ သို့သော် ကျောက်ထျန်းရှုံး၏ ယုံကြည်မှုကို သူ မဆုံးရှုံး ချင်သဖြင့် သူ့လက်ကို ညစ်ပတ်ခံရမည်ဟု တွေးနေမိသည်။
*ဒီတစ်ခါလောက်ပဲ လက်အပေခံတာပေါ့*
“စီနီယာစုန့်ကို လှုပ်ရှားပေးဖို့ တောင်းဆိုပါတယ်”
ကျောက်ထျန်းရှုံးက ဦးဆောင်၍ စုန့်ယွမ်ပေါင်ကို ဒူးထောက်ကာ တောင်းဆိုလေသည်။
“စီနီယာစုန့်ကို လှုပ်ရှားပေးဖို့ တောင်းဆိုပါတယ်”
အခြားသူများကလည်း တစ်ယောက်ပြီး တစ်ယောက် ဒူးထောက်လေသည်။ ယခုအခါ၌ စုန့်ယွမ်ပေါင်က သူတို့၏ တစ်ဦးတည်းသော ထောက်တိုင် ဖြစ်ပေသည်။
စုန့်ယွမ်ပေါင်က ဘာမှမပြောဘဲ လှောင်ပြုံးနှင့်အတူ ကျားတစ်ကောင်ကဲ့သို့ မာန်အပြည့်ဖြင့် ထွက်သွား လိုက်သည်။ ကျောက်ထျန်းရှုံးနှင့် အခြားသူများ၏ အမြင်တွင် ဘုရင်အဆင့် သိုင်းပညာရှင်တစ်ယောက်၏ အမူအရာကို အလွန် အားကျနေ၏။
ထိုအခိုက်တွင် ယဲ့ဖန်သည် နောက်ဖေးခြံဝန်းသို့ လျှောက်လာနေသည်။ စူးရှသော သွေးနံ့နှင့်အတူ လူသတ် လိုသော အရှိန်အဝါကပါ ပေါင်းစပ်၍ သူ့ကိုယ်ထဲမှ ပျံ့လွင့်နေလေသည်။ ဤအရှိန်အဝါ၏ သက်ရောက် မှုကြောင့် နောက်ဖေးခြံဝန်းတစ်ခုလုံး၏ အပူချိန်က ရုတ်တရက် သုညမှတ်သို့ ထိုးကျကာ ကျောချမ်းသော အငွေ့အသက်ပါ ထွက်ပေါ်လာသည်။
ကျောက်ထျန်းရှုံးနှင့် အခြားသူများသည် ထွက်လာပြီး ယဲ့ဖန်ကို တွေ့သည်နှင့် ကျောက်ထျန်းရှုံးက မကျေမချမ်း မျက်နှာပေးဖြင့် ပြောလိုက်သည်။
“ခွေးမသား ငါ့လူတွေ အများကြီးကို မင်း သတ်ခဲ့တယ်၊ ငါ မင်းကို အရေခွံစုတ်ပြီး နုတ်နုတ်မစင်းပစ်ရင် ငါ့ကိုယ်ငါ ကျောက်ထျန်းရှုံးလို့ မခေါ်တော့ဘူး”
ယဲ့ဖန်က လှုပ်လည်းမလှုပ်သလို တစ်ခွန်းမှမပြောဘဲ ရက်စက် ခက်ထန်စွာ ရယ်မောလိုက်သည်။
“ဟေ့ကောင် မင်းက အလာကြီးပဲ၊ မင်းရဲ့ အရည်အချင်းမှာ လောကမှာ ရှားတယ်လို့ ပြောရမယ်၊ အင်ပါယာ တစ်ခုလုံးက လူငယ်မျိုးဆက်ထဲမှာ မင်းကို ယှဉ်နိုင်တဲ့လူ နည်းနည်းပဲ ရှိတယ်”
စုန့်ယွမ်ပေါင်က သူ့ကို ချီးကျူးရန် ဝန်မလေးချေ။ ထို့ကြောင့် စကားလမ်းကြောင်း ပြောင်းလဲသွား၏။
“ဒီသခင်ကြီးနဲ့ မင်း လာတွေ့တာက စိတ်မကောင်းစရာပဲ၊ မင်း ဘယ်လောက်ပဲ သန်မာနေပါစေ မင်း ခွေးလို ဒူးထောက်ရမှာပဲ”
ဒူးထောက်ဟူသော စကားလုံးအဆုံး၌ စုန့်ယွမ်ပေါင်ထံမှ ခေါင်းလောင်းသံကဲ့သို့သော အသံတစ်သံ ထွက်လာပြီး လူတစ်ကိုယ်လုံး တုန်ခါလာကာ ခန္ဓာကိုယ်တစ်ခုလုံးအား ရွှေရောင် အလွှာတစ်ခုက ဖုံးအုပ်လာ၏။
အရှိန်အဝါက မြင့်မား၍ ဖိနှိပ်လွန်းလှသည်။ သူ၏ သိမ်းငှက်သဖွယ် စူးရဲသော မျက်လုံးများဖြင့် ယဲ့ဖန်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
“ကဲ အခု မင်း ဘယ်လိုသေချင်လဲ ငါ့ပြောပါဦး”