← Chapters

ဂိုဏ်းကြီးများ တောင်အောက်သို့ ဆင်းသွားကြပြီ။ အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ခြင်း

Vol. 5 Ch. 49

ဂိုဏ်းကြီးများ တောင်အောက်သို့ ဆင်းသွားကြပြီ။ အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ခြင်း

Vol. 5 Ch. 49

ကျန်းဝူကျိ၏ ပြင်းထန်သော တုံ့ပြန်မှုကို ကြားလိုက်ရသောအခါ လူအုပ်ကြီးမှာ ပါးစပ်များပင် အနည်းငယ် တွန့်သွားကြသည်။

ကျန်းဝူကျိမှာ မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ ရမ်းကားတတ်သူဖြစ်ကြောင်း သူတို့ သိထားကြသော်လည်း ဆရာ‌ေတာ်ကြီး ခွန်းကျိမှာ ရှောင်လင်ကျောင်းတော်၏ ထိပ်တန်းဘုန်းကြီးတစ်ပါး မဟုတ်ပါလော။ သူ၏ နာမည်ကျော်ကြားမှုမှာ သီလရှင်မြဲ့ကြွယ်ထက်ပင် များစွာသာလွန်ပြီး ဗုဒ္ဓဘာသာ၏ အရှိန်အဝါလည်း ရှိနေသူဖြစ်သည်။ သို့သော် ကျန်းဝူကျိသည် သူ့ကို လုံးဝ မျက်နှာမထောက်ဘဲ စကားပြောလိုက်တိုင်း ပါးစပ်ဖွင့်လိုက်သည်နှင့် အရှိုက်ထိစေမည့် စကားလုံးများဖြင့် ဆဲဆိုနေတော့သည်။

ရောက်နေသူ အများစုမှာ တွေးမိသည်မှာ... အကယ်၍ သူတို့သာ ကျန်းဝူကျိ၏ လူပုံအလယ်တွင် ဤသို့ ဆဲဆိုခြင်းကို ခံရပါက ဒေါသကြောင့် တစ်ဝက်သေလောက်မည်မှာ အမှန်ပင်။

သို့သော် ခွန်းကျိမှာမူ ဆဲဆိုခံရပြီးနောက် ခေါင်းကိုသာ တတွေတွေ ခါနေမိသည်။ သူ၏ မျက်နှာတွင် ဝမ်းနည်းရိပ်များ ပိုမို ထင်ဟပ်လာသော်လည်း ဘာမှပြန်မပြောနိုင်တော့ချေ။

အကြောင်းမှာ သူသည် ကျန်းဝူကျိကို စကားစစ်ထိုးရာတွင် လုံးဝ မယှဉ်နိုင်သောကြောင့် ဖြစ်သည်။

အမှန်အတိုင်း ပြောရလျှင် ကျန်းဝူကျိ ပြောသည်မှာလည်း မမှားပေ။ သူသည် ရှဲ့ရွှန်း၏ လုပ်ရပ်များကို ထောက်ခံသည်ဟု မပြောခဲ့ပေ။ ဟွာရှန်းဂိုဏ်းသားများကို သတ်ဖြတ်ရာတွင်လည်း သူက အရင်စတင်ခဲ့ခြင်း မဟုတ်ပေ။ ယွမ်ယင်ကို တိုက်ခိုက်သတ်ဖြတ်ခဲ့ခြင်းမှာလည်း ယွမ်ယင်က ကျန်းချွေ့ဆန်းကို ဆဲဆိုခဲ့သောကြောင့်သာ ဖြစ်သည်။

ဤသို့ ကြည့်မည်ဆိုလျှင် ဘေးမှ ကြည့်နေသူ အများစုမှာ ကျန်းဝူကျိ လုပ်သည်မှာ အလွန်ပင် မှန်ကန်သည်ဟု ခံစားရသည်။ အကယ်၍ တစ်စုံတစ်ယောက်က မိမိ၏ အဖေကို လူပုံအလယ်တွင် ထိုသို့ ဆဲဆိုလာပါက ဒေါသထွက်မည်မှာ မှန်သော်လည်း ရှောင်လင်ဘုန်းကြီး တစ်ပါးကို နေရာမှာတင် သတ်ပစ်ရန်မှာမူ သူတို့တွင် သတ္တိရှိလိမ့်မည် မဟုတ်ပေ။

ကျန်းဝူကျိ၏ သတ္တိနှင့် ပြတ်သားမှုကို သူတို့ မယှဉ်နိုင်ကြချေ။

ထိုစဉ် ဝူတန်မှ ဆုန့်ယွမ်ချောင်နှင့် ယွီလျန်ကျိုးတို့ပင် ဘာမှ ဝင်မပြောကြတော့ပေ။

ပထမအချက်မှာ ကျန်းဝူကျိ၏ လျှာစောင်းထက်မှုကို သူတို့ နေသားကျနေပြီ ဖြစ်သည်။ ဒုတိယအချက်မှာ အစောပိုင်းက ယွမ်ယင်က ကျန်းချွေ့ဆန်းကို ဆဲဆိုခဲ့သဖြင့် သူတို့လည်း အလွန်ပင် ဒေါသထွက်နေကြသောကြောင့် ဖြစ်သည်။ သူတို့၏ ပဉ္စမမြောက်ညီလေး ကွယ်လွန်ခဲ့သည်မှာ ကြာပြီဖြစ်ရာ မည်သူကမှ လာရောက်စော်ကားရန် မသင့်ပေ။ ကျန်းဝူကျိက ယွမ်ယင်ကို သတ်လိုက်ခြင်းမှာ သူတို့ကို ဒေါသထွက်စေမည့်အစား ကျေနပ်မှုကိုပင် ဖြစ်စေခဲ့သည်။

ခွန်းရှင်းက ထိုစဉ်တွင် အော်ဟစ်လိုက်သည်။

"ကျန်းဝူကျိ…. ယွမ်ကျန်း (ချန်ခွန်း) က ငါတို့ဆရာ သေဆုံးမှုနဲ့ ပတ်သက်နေတဲ့သူပဲ။ သူ့ကို ငါတို့ ရှောင်လင်ဂိုဏ်းကို အပ်နှံပြီး စီရင်ခွင့်ပေးရမယ်"

"ခင်ဗျားတို့ဆီ အပ်ရမယ် ဟုတ်လား။ ခင်ဗျားတို့လို လူအတွေက သူ့ကို လွှတ်ပေးလိုက်မှာပေါ့"

ကျန်းဝူကျိက လှောင်ပြောင်လိုက်ရင်း ချန်ခွန်းကို မြေပြင်ပေါ်သို့ ကန်ချလိုက်သည်။ ထို့နောက် သူက ရှေ့သို့ တိုးသွားကာ အတွင်းအားများကို စုစည်းပြီး ချန်ခွန်း၏ ခြေလက်လေးဖက်လုံးကို နင်းချေပစ်လိုက်ရာ ချန်ခွန်း၏ နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။

"ဒါနဲ့တင် မလုံလောက်သေးဘူး။ မင်းကို နောက်တစ်ခါ ဘယ်တော့မှ မကောင်းမှု မလုပ်နိုင်အောင် လုပ်ရမယ်"

ကျန်းဝူကျိက အေးစက်စွာ ပြုံးလိုက်ပြီး ချန်ခွန်း၏ ဒန်ထျန် ကို ထပ်မံ ကန်လိုက်ပြန်သည်။ ချန်ခွန်းမှာ ထပ်မံ အော်ဟစ်လိုက်ရပြီး သူ၏ သိုင်းပညာများအားလုံး ကျန်းဝူကျိ၏ လက်ချက်ဖြင့် ပျက်စီးသွားရတော့သည်။

ယခုအခါ ချန်ခွန်းသည် ခြေလက်လေးဖက်လုံး ကျိုးသွားပြီး သိုင်းပညာလည်း မရှိတော့သဖြင့် လုံးဝ လူမစွမ်းမသေ ဘဝသို့ ရောက်ရှိသွားချေပြီ။

ဤသို့ လုပ်ပြီးနောက် ကျန်းဝူကျိက ပြန်လှည့်ကြည့်ကာ

"ဒီလူယုတ်မာကို အသက်မသေစေဘဲ ယာယီ ထိန်းသိမ်းထားပေးဖို့ မင်ဂိုဏ်းကို တောင်းဆိုပါတယ်။ သူ့ကို ပေးမသေပါနဲ့" ဟု ဆိုသည်။

မင်ဂိုဏ်းသား အားလုံးသည် ကျန်းဝူကျိကို လေးစားကြည်ညိုနေကြပြီ ဖြစ်သည်။ ကျန်းဝူကျိမှာ မင်ဂိုဏ်းဝင် တစ်ဦး မဟုတ်သေးသော်လည်း သူ၏ စကားကို နာခံကာ လူနှစ်ဦးက ရှေ့သို့ ထွက်လာပြီး ချန်ခွန်းကို ဆွဲယူသွားကြတော့သည်။

"ဟူး... ဒီချန်ခွန်းက တရားခံအစစ်ဆိုမှတော့ သူ့ကို ငါတို့ဆီ ပေးပြီး စီရင်ခွင့်ပြုပါလား"

ခွန်းလွန်အကြီးအကဲ ငါးဦးမှာ မကျေမနပ် ဖြစ်နေကြသည်။ ချန်ခွန်းမှာ တရားခံအစစ်ဖြစ်ကြောင်း သိလိုက်ရပြီဖြစ်ရာ အချိန်ဆွဲမနေဘဲ သူတို့ ကိုယ်တိုင် စီရင်ချင်နေကြခြင်း ဖြစ်သည်။

ကျန်းဝူကျိက မျက်လုံးပြူးကာ ပြောလိုက်သည်။

"ခင်ဗျားတို့ ဟုတ်လား။ ခင်ဗျားတို့က ဟို ရှောင်လင်က ထိပ်ပြောင်တွေထက်တောင် ပိုပြီး အသုံးမကျသေးတယ်။ ချန်ခွန်းက ဘယ်လိုပဲဖြစ်ဖြစ် သေရမှာပဲ၊ ဒါပေမဲ့ မင်ဂိုဏ်းထဲမှာ ဒုက္ခခံပြီးမှ သေတာက ပိုမကောင်းဘူးလား"

ကျန်းဝူကျိက ပြန်လည် တုံ့ပြန်လိုက်သည်နှင့် ခွန်းလွန်အကြီးအကဲ ငါးဦးမှာ မသိစိတ်မှ တုန်လှုပ်သွားကြပြီး သူတို့၏ မေးခွန်းထုတ်သံများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

"ခင်ဗျားတို့နဲ့ ချန်ခွန်းကြားက ရန်ငြိုးအတွက်တော့ သူ ဒီမှာ ခံစားနေရတာကိုပဲ လျော်ကြေးအဖြစ် မှတ်ယူလိုက်ပါ။ ကျွန်တော့် မွေးစားအဖေ ရှဲ့ရွှန်းနဲ့ ရှိတဲ့ ရန်ငြိုးအတွက်ကတော့ နောက်ပိုင်း သူ အလယ်ပိုင်း ဒေသကို ပြန်ရောက်လာတဲ့အခါမှ ခင်ဗျားတို့ ကလဲ့စားချေချင်ရင် ချေနိုင်ပါတယ်။ ဘယ်သူမှ တားမှာ မဟုတ်ဘူး"

ကျန်းဝူကျိက အရာရာကို ရှင်းရှင်းလင်းလင်း ပြောဆိုလိုက်သည်။

ခွန်းလွန်အကြီးအကဲ ငါးဦးမှာ အချင်းချင်း ကြည့်လိုက်ကြသည်။ ဒုတိယအကြီးအကဲ ကျုန်းဝေရှ က ရုတ်တရက် မေးလိုက်သည်။

"တကယ်လို့ ရှဲ့ရွှန်းက အလယ်ပိုင်းဒေသကို ဘယ်တော့မှ ပြန်မလာဘူးဆိုရင် ဒါမှမဟုတ် သေနေပြီဆိုရင် ငါတို့က ဘယ်လို ကလဲ့စားချေရမှာလဲ"

"ခင်ဗျားတို့ ဦးနှောက်မရှိဘူးလား။ ဒါကိုတောင် ကျွန်တော့်ကို လာမေးနေရတာလား"

ကျန်းဝူကျိက စိတ်မရှည်စွာဖြင့် -

"ကျွန်တော်ကိုယ်တိုင်တောင် ကျွန်တော့် မွေးစားအဖေ ရှိတဲ့ ကျွန်းကို ရှာမတွေ့သေးတာ၊ သူ ပြန်လာမလား ဆိုတာ ကျွန်တော် ဘယ်လိုသိမလဲ။ တကယ်လို့ သူကံဆိုးပြီး ကွယ်လွန်သွားပြီဆိုရင် ခင်ဗျားတို့ ကလဲ့စားချေဖို့ လိုသေးလို့လား။ ဘယ်သူ့ကို သွားချေမှာလဲ။ ကျွန်တော့်ကိုလား။ ခင်ဗျားတို့ လုပ်ရဲလို့လား"

ကျန်းဝူကျိ၏ ထူးခြားချက်မှာ မောက်မာခြင်းပင် ဖြစ်သည်။

ခွန်းလွန်အကြီးအကဲ ငါးဦးမှာ ဤစကားကြောင့် အလွန်ပင် နေရခက်သွားသော်လည်း ကျန်းဝူကျိကို အနိုင်ရမည်ဟု အာမမခံနိုင်သဖြင့် ၎င်းနှင့် ရန်ဖြစ်ရန် မဝံ့ရဲကြချေ။

သို့သော်လည်း ကျန်းဝူကျိ ပြောသည်မှာ မမှားပေ။ သူတို့ ယခုအချိန်တွင် ဘာလုပ်ရမှန်း မသိဖြစ်နေကြသည်။ အကယ်၍ ရှဲ့ရွှန်းသာ သေဆုံးသွားပါက ကလဲ့စားချေစရာလည်း ရှိတော့မည် မဟုတ်ပေ။ ကျန်းဝူကျိက သူတို့ကို လှောင်ပြောင်နေသော်လည်း သူတို့သည် ကျန်းဝူကျိကို အနိုင်တိုက်နိုင်မည်ဟု ယုံကြည်ချက် မရှိကြချေ။

ထို့ပြင် ကျန်းဝူကျိမှာ သူတို့ထက် မျိုးဆက်ငယ်သူ ဖြစ်သလို ထိုစဉ်က အဖြစ်အပျက်နှင့်လည်း ဘာမှ မသက်ဆိုင်ပေ။ ခွန်းလွန်အကြီးအကဲ ငါးဦးမှာ အပြစ်အနာအဆာများ ရှိသော်လည်း သူရဲကောင်းတို့၏ မူဝါဒကို နားမလည်သူများ မဟုတ်ကြချေ။ မသက်ဆိုင်သော ကျန်းဝူကျိကို သူတို့ မည်သို့ အကျပ်ကိုင်ရပါမည်နည်း။

ဤသို့ တွေးမိသောအခါ ဤကိစ္စမှာ ယာယီအားဖြင့် ပြီးဆုံးသွားပြီဟု သူတို့ နားလည်လိုက်ကြသည်။ ကျန်းဝူကျိ၏ ယနေ့ အဓိက ရည်ရွယ်ချက်မှာ မင်ဂိုဏ်းနှင့် ရှိနေသော ရန်ငြိုးများကို ဖြေရှင်းပေးရန် ဖြစ်သည်။ ယခု အခြေအနေအထိ ရောက်လာပြီဖြစ်ရာ သူတို့အနေဖြင့် ဆက်လက် ကလဲ့စားချေရန် အကြောင်းပြချက် မရှိတော့ပေ။

ထို့ကြောင့် ခွန်းလွန်အကြီးအကဲ ငါးဦးသည် လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည်။

"ဒါဆိုရင် နောက်မှ ပြန်တွေ့ကြတာပေါ့"

ထိုသို့ပြောပြီးနောက် ခွန်းလွန်အကြီးအကဲများသည် ခွန်းလွန်ဂိုဏ်းသားများကို ဦးဆောင်ကာ တုံ့ဆိုင်းခြင်းမရှိဘဲ ထွက်ခွာသွားကြတော့သည်။

ကျန်းဝူကျိသည် ကျန်ရှိနေသော တစ်ခုတည်းသော ရန်လိုသည့် ရှောင်လင်ဂိုဏ်းကို ကြည့်ကာ

"ခင်ဗျားတို့ရော မပြန်သေးဘူးလား" ဟု မေးလိုက်သည်။

ရှောင်လင်ဂိုဏ်းသားများမှာ ကျန်းဝူကျိ၏ မေးခွန်းကြောင့် အနည်းငယ် ကြောင်သွားကြသည်။

ခွန်းရှင်းက အော်လိုက်သည်။

"လူငယ်လေး… မင်း ငါ့စီနီယာအစ်ကိုရဲ့ သွေးကြောမှတ်တွေကို မဖွင့်ပေးရသေးဘူးလေ"

"ဪ... အဲဒါ မေ့သွားလို့"

ကျန်းဝူကျိက သူ၏ နဖူးကို ရိုက်လိုက်ရင်း ရှေ့သို့ လျှောက်သွားကာ လေထဲသို့ လက်ညှိုးနှစ်ချောင်း ထိုးလိုက်သည်။ လက်ညှိုးအားလှိုင်း နှစ်ခုမှာ ခွန်းကျိနှင့် ခွန်းရှင်းတို့ကို အဝေးမှ ထိမှန်သွားပြီး သူတို့နှစ်ဦးမှာ ကိုယ်လက်လှုပ်ရှားနိုင်စွမ်း ပြန်လည် ရရှိသွားကြသည်။

သွေးကြောမှတ်များ ပွင့်သွားသည်နှင့် တစ်ပြိုင်နက် မောပန်းနွမ်းနယ်မှုများက သူတို့ကို ရိုက်ခတ်လာသည်။

သူတို့သည် ကျန်းဝူကျိနှင့် လက်ဝါးချင်း ယှဉ်ပြိုင်ခဲ့ရစဉ်က 'ကိုးပါးနေဝန်းအတွင်းအား' များ စုပ်ယူခံခဲ့ရသဖြင့် အားအင်များစွာ ကုန်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် သူတို့၏ ရှောင်လင်ကိုးပါးနေဝန်းအတွင်းအားမှာ အပြည့်အဝ မကျင့်ရသေးသဖြင့် သူတို့၏ စွမ်းရည်အပေါ် များစွာ သက်ရောက်မှု မရှိခဲ့ချေ။ ဤသည်မှာ ကံကောင်းခြင်း တစ်မျိုးဟု ဆိုနိုင်သည်။

ခွန်းရှင်းသည် လွတ်လပ်စွာ လှုပ်ရှားနိုင်သွားပြီးနောက် ကျန်းဝူကျိကို လက်မထောင်ပြကာ -

"မင်းရဲ့ သိုင်းပညာက တကယ့်ကို အံ့ဩစရာပဲ လူငယ်လေး။ မင်းမှာ တကယ့် အရည်အချင်း ရှိတယ်။ နောက်မှ အချိန်ရတဲ့အခါ ထပ်ပြီး ယှဉ်ပြိုင်ကြတာပေါ့၊ ဒါပေမဲ့ နောက်တစ်ခါကျရင်တော့ ဒီလို ရှုပ်ထွေးတဲ့ သိုင်းပညာတွေကို မသုံးနဲ့တော့" ဟု ဆိုသည်။

"သိုင်းပညာဆိုတာ သေသပ်နေဖို့ မလိုပါဘူး၊ လူကို ထိခိုက်စေနိုင်ရင် လုံလောက်ပါပြီ"

ကျန်းဝူကျိက ခွန်းရှင်း၏ စရိုက်မှာ ပွင့်လင်းသည်ကို မြင်သဖြင့် အနည်းငယ် ပြုံးပြလိုက်ကာ

"ဆရာကြီး ခွန်းရှင်း မဟုတ်လား။ ဆရာကြီးဟာ ရှောင်လင်မှာ ရှိတဲ့ လူကောင်း အနည်းစုထဲက တစ်ယောက်ပါ၊ ဒါပေမဲ့ ဆရာကြီးရဲ့ စရိုက်က နည်းနည်း ပွင့်လင်းလွန်းတယ်။ အကယ်၍ စိတ်ကို နည်းနည်း ထိန်းချုပ်နိုင်မယ်ဆိုရင် ဆရာကြီးရဲ့ သိုင်းပညာက အများကြီး တိုးတက်လာမှာပါ" ဟု ဆိုသည်။

ဤစကားမှာ လူကြီးတစ်ယောက်က လူငယ်တစ်ယောက်ကို ဆုံးမနေသည့်ပုံစံ ဖြစ်နေပြီး နာမည်ကျော် ဘုန်းကြီး တစ်ပါးဖြစ်သူ ခွန်းရှင်းကို ကျန်းဝူကျိက ထိုသို့ပြောလိုက်ခြင်းမှာ အလွန်ပင် ထူးဆန်းလှသည်။ သို့သော် ရောက်နေသူ မည်သူမျှ ဤသည်ကို မထူးဆန်းဟု မမြင်ကြပေ။ အကြောင်းမှာ ခွန်းရှင်းသည် ကျန်းဝူကျိ၏ လက်ချက်ဖြင့် ရှုံးနိမ့်ခဲ့ပြီး ဖြစ်သောကြောင့် ဖြစ်သည်။ အရည်အချင်း ရှိသူသည် ဆရာဖြစ်နိုင်ရာ ဤစကားမှာ အဆန်းမဟုတ်တော့ပေ။

ခွန်းရှင်းက ခေါင်းညိတ်ကာ

"ဟုတ်တယ်၊ ငါ့စီနီယာအစ်ကိုတွေကလည်း အဲဒီအတိုင်း ပြောကြတယ်။ ငါ တကယ်ပဲ ပြောင်းလဲဖို့ လိုနေပြီ ထင်တယ်၊ မဟုတ်ရင် မင်းလို လူငယ်လေးကိုတောင် မနိုင်တာက တကယ်ကို ရှက်စရာကြီးပဲ" ဟု ဆိုသည်။

စကားအနည်းငယ် ပြောပြီးနောက် ဘေးနားရှိ ခွန်းကျိမှာ စိတ်မရှည်တော့ပေ။ ကျန်းဝူကျိမှာ သူတို့အတွက် ရန်သူကဲ့သို့ ဖြစ်နေသဖြင့် (ရန်ငြိုးကြီးကြီးမားမား မရှိသော်လည်း) အလွန်အကျွံ ရင်းနှီးရန် မသင့်ဟု ယူဆကာ

"ခွန်းရှင်း... သွားကြစို့" ဟု ခေါ်လိုက်သည်။

"ကောင်းပါပြီ"

ခွန်းရှင်းက ခေါင်းညိတ်လိုက်ပြီး ကျန်းဝူကျိနှင့် အခြားသူများကို နှုတ်ဆက်ကာ ရှောင်လင်ဂိုဏ်းသားများနှင့်အတူ တောင်အောက်သို့ ဆင်းသွားတော့သည်။

ထွက်ခွာသွားသော ခွန်းရှင်းကို ကြည့်ရင်း ကျန်းဝူကျိက ဤ ဘုန်းကြီး၏ စရိုက်မှာ အတော်လေး ကောင်းမွန်သည်ဟု တွေးမိသည်။ မူရင်းဇာတ်လမ်းထဲကလို သူ မသေဆုံးဖို့ မျှော်လင့်မိသည်။ သူ စကားအနည်းငယ် အပိုပြောပေးခဲ့ခြင်းမှာလည်း တတ်နိုင်သလောက် ကူညီပေးခဲ့ခြင်း ဖြစ်သည်။ အဆုံးတွင် သူတို့ ဆက်ဆံရေးမှာ သူငယ်ချင်း မဟုတ်ဘဲ ရန်လိုမှုများသာ ရှိနေခဲ့သည် မဟုတ်ပါလော။

ဤနေရာတွင် ဂိုဏ်းကြီးခြောက်ဂိုဏ်းနှင့် မင်ဂိုဏ်းကြားက ပြဿနာများအားလုံး ပြေလည်သွားခဲ့ပြီ ဖြစ်သည်။

နည်းလမ်းများမှာ ဆန်းကြယ်ခြင်း မရှိသော်လည်း ကျန်းဝူကျိ၏ သိုင်းပညာနှင့် ဆဲဆိုမှုများအပေါ်တွင် အခြေခံထားသည်။ သူတို့သည် ကျန်းဝူကျိကို စကားစစ်ထိုးရာတွင်လည်း မနိုင်သလို သိုင်းချင်း ယှဉ်လျှင်လည်း မနိုင်ကြသဖြင့် မည်သူမျှ မတောင့်ခံနိုင်ခဲ့ကြပေ။

အရေးကြီးဆုံးအချက်မှာ အမှန်တရားကို ဖော်ထုတ်နိုင်ခဲ့ပြီး လျှို့ဝှက်ချက်များနှင့် ပြဿနာ အမြောက်အမြားကို ဖြေရှင်းနိုင်ခဲ့ခြင်း ဖြစ်သည်။

ဤသည်မှာ ပြီးပြည့်စုံသော အဆုံးသတ်တစ်ခု ဟု ဆိုနိုင်ပါတော့သည်။

All Chapters