← Chapters

သောင်းကျန်းမှု

Vol. 6 Ch. 51

သောင်းကျန်းမှု

Vol. 6 Ch. 51

အကယ်၍ ထိုသူတို့ အသတ်ခံလိုက်ရသည့် အပြင် ၊ သတင်းစကား တစ်ခွန်းမျှပင် ပြန်မပို့နိုင်ခဲ့ခြင်းမှာ ထိုနေရာ၏ အန္တရာယ်အဆင့်သည် ကောင်းကင်အရှင်သခင် အဆင့် (၆) သို့မဟုတ် ထို့ထက်မက မြင့်မားနေပြီဟု ဆိုလိုခြင်း ဖြစ်သည်။ နှမြောစရာကောင်းသည်မှာ လင်းရန်ယန် အနေဖြင့် ဤတာဝန်ကို ရယူလိုသော်လည်း ၊ ဂိုဏ်းချုပ်ကြီးနှင့် မဟာအကြီးအကဲတို့က သူ့အား သွားခွင့်ပြုမည် မဟုတ်ပေ။

အကယ်၍ ဤမစ်ရှင်သာ အောင်မြင်ခဲ့လျှင် အနည်းဆုံး ‘စွမ်းရည်’ ပေါင်း ၃၀ မှ ၅၀ အထိ ၊ သို့မဟုတ် ထို့ထက်မက ရရှိနိုင်မည် ဖြစ်သည်။

“ဒါပေမဲ့ သတင်းကောင်းလည်း ရှိသေးတယ်၊ အနောက်ဘက်ဒေသ ဗုဒ္ဓဘာသာဂိုဏ်းရဲ့ အရှင်သူမြတ်ဆီက သတင်းစကား ရောက်လာတယ်၊ သူတို့က အဲဒီ အအေးဓာတ် ဘေးအန္တရာယ်နယ်မြေကို ခေတ္တ ချုပ်နှောင်ထားနိုင်ပြီမို့ ၊ ခဏတဖြုတ်တော့ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူးတဲ့၊ ဒါပေမဲ့ အဲဒီနယ်မြေကို အမြစ်ပြတ် သုတ်သင်ဖို့အတွက် ငါတို့ အလယ်ပိုင်းဒေသ တာအိုဂိုဏ်းတွေဆီက ပညာရှင်တွေရဲ့ အကူအညီ လိုအပ်နေသေးတယ်၊ အဲဒီမှာ သောင်းကျန်းနေတဲ့ ရေခဲမိစ္ဆာသားရဲတွေက အရမ်းများလွန်းလို့ ၊ ကောင်းကင်အရှင်သခင် အနည်းငယ်တည်းနဲ့တော့ အကုန် သတ်နိုင်မှာမဟုတ်ဘူး”

အောင်းထျန်းလုံ က ပြုံးလျက် ဆက်ပြောလိုက်တော့သည်။

“ဒါကြောင့် ရှေ့တန်းကနေ တိုက်ခိုက်မယ့် ကောင်းကင်အရှင်သခင်တွေအပြင် ၊ သာမန် မိစ္ဆာသားရဲတွေကို ရှင်းလင်းပေးဖို့အတွက် မြေကမ္ဘာအရှင်သခင် အမြောက်အမြားလည်း လိုအပ်တယ်၊ ငါတို့ မော်ရှန်းဂိုဏ်းက တခြား ဂိုဏ်းကြီး ငါးခုနဲ့ ညှိနှိုင်းပြီးပြီ၊ ဂိုဏ်းတစ်ခုချင်းစီက မြေကမ္ဘာအရှင်သခင် ငါးဦးနဲ့ ကောင်းကင်အရှင်သခင် တစ်ဦးစီ စေလွှတ်ကြမယ်၊ ငါကတော့ သေချာပေါက် သွားမှာပဲ၊ ညီလေးရော စိတ်ဝင်စားလား၊ မင်းရဲ့ အစွမ်းနဲ့ဆိုရင်တော့ တကယ့် လျှို့ဝှက်လက်နက် တစ်ခု ဖြစ်လာမှာ”

“ကျွန်တော်လား ၊ သွားမှာပေါ့ ၊ ဘာလို့ မသွားဘဲ နေရမှာလဲ”

လင်းရန်ယန်သည် ထိုစကားကို ကြားသည်နှင့် စိတ်လှုပ်ရှားသွားတော့သည်။

“ကောင်းပြီ၊ လူရွေးချယ်ဖို့ တာဝန်ကို ဂိုဏ်းချုပ်က ငါ့ကို ပေးထားတာဆိုတော့ ၊ ဒီအကြောင်းကို ငါ အထက်ကို မတင်ပြတော့ဘူး၊ မဟုတ်ရင်တော့ ဂိုဏ်းချုပ်ကြီးတို့က ညီလေးကို လွှတ်ဖို့ နှမြောနေကြမှာ”

အောင်းထျန်းလုံက ရယ်မောကာ ပြောလိုက်၏။ လင်းရန်ယန်၏ အစွမ်း “အစစ်အမှန်” ကို သိရှိထားသူ အနည်းငယ်ထဲတွင် သူလည်း အပါအဝင် ဖြစ်သဖြင့် လင်းရန်ယန်အတွက် သူ စိုးရိမ်ခြင်း မရှိပေ။ လင်းရန်ယန်သည် အနည်းဆုံး ကောင်းကင်အရှင်သခင် ဒုတိယအဆင့် တိုက်ခိုက်ရေးစွမ်းရည် ရှိနေနိုင်သည်။

“ဟားဟား၊ ဒါဆိုရင်တော့ ဂိုဏ်းတူအစ်ကိုကြီးကိုပဲ အပ်ပါတယ်”

လင်းရန်ယန်လည်း လိုက်၍ ရယ်မောလိုက်သည်။ အမှန်စင်စစ် သူသည် ဂိုဏ်းချုပ်ကြီးထံသို့ သွားရောက်ကာ သူ၏ အစွမ်းကို ထုတ်ပြရန် ပြင်ဆင်နေခြင်း ဖြစ်၏။ အကယ်၍ ဂိုဏ်းချုပ်ကြီးကသာ သူ့ကို သွားခွင့်မပြုပါက ၊ သူသည် အားနည်းသူ မဟုတ်ကြောင်း သိစေရန် ဂိုဏ်းချုပ်ကြီးကိုပင် ရိုက်နှက်ရန် စိတ်ကူးနေသည်။ သို့သော် ယခုမူ အောင်းထျန်းလုံက လူရွေးချယ်မည် ဖြစ်သဖြင့် စိတ်ပူစရာ မလိုတော့ပေ။

[ ဒင်... ဂုဏ်ပြုပါတယ် အရှင်၊ ဂိုဏ်းမစ်ရှင်ကို လက်ခံရရှိပါသည် - အနောက်ဘက်ဒေသ အအေးဓာတ်နယ်မြေတွင် သုတ်သင်ရန် ]

[ မစ်ရှင်ဖော်ပြချက် - အအေးဓာတ် ဘေးအန္တရာယ်နယ်မြေတွင် သံသယဖြစ်ဖွယ် အချက်များနှင့် ပုန်းကွယ်နေသော အန္တရာယ်များစွာ ရှိနေသည်၊ သင်သည် ဂိုဏ်းနှင့် ပူးပေါင်း၍ အဆိုပါနယ်မြေ၏ သောင်းကျန်းမှုများကို ဖြေရှင်းရမည် ]

[ အာမခံဆုလာဘ် - စွမ်းရည် ၅၀၊ ကောင်းကင်အဆင့်မြင့် ထိပ်တန်းကျင့်စဉ်နှင့် တာအိုပညာရပ်များ၊ ထို့အပြင် ပစ္စည်းဆုလာဘ်ပေါင်း မြောက်မြားစွာ ]

မျှော်လင့်ထားသည့်အတိုင်း စနစ်၏ အသိပေးသံမှာ လင်းရန်ယန်၏ စိတ်ထဲသို့ ရောက်ရှိလာတော့သည်။ အနိမ့်ဆုံး ဆုလာဘ်ပင် စွမ်းရည် ၅၀ ဖြစ်နေသဖြင့် ဤမစ်ရှင်၏ အန္တရာယ်အဆင့်မှာ မည်မျှ ကြီးမားကြောင်း သိသာလှသည်။

“ဒါနဲ့ ၊ ကျွန်တော်တို့ ဘယ်တော့ ထွက်ခွာမှာလဲ၊ ဂိုဏ်းတွေအများကြီး ပူးပေါင်းတာဆိုတော့ ပြင်ဆင်ဖို့ ရက်အနည်းငယ် လိုဦးမှာမလား”

လင်းရန်ယန်က မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

“ရက်အများကြီးမလိုဘူး ၊ သုံးရက်ပဲ လိုတယ်၊ ငါတို့ မော်ရှန်းဂိုဏ်းက နောက်နှစ်ရက်နေရင် ထွက်ခွာမယ်၊ အဲဒီအချိန်ကျရင် တခြားဂိုဏ်းကြီးတွေနဲ့ အနောက်ဘက်ဒေသမှာ တိုက်ရိုက် ဆုံကြမှာ”

အောင်းထျန်းလုံက ပြုံးလျက် ပြန်ဖြေလိုက်သည်။ ဤတစ်ကြိမ်တွင် ကောင်းကင်အရှင်သခင် တစ်ဦးပင် ကျဆုံးခဲ့ရသဖြင့် ၊ ဂိုဏ်းများအားလုံးက အလွန်အမင်း အလေးအနက်ထားကာ အလျင်အမြန် လှုပ်ရှားနေကြခြင်း ဖြစ်သည်။

“သုံးရက်ပေါ့၊ အတော်ပဲ၊ အဲဒီအချိန်ဆိုရင် ကျွန်တော့်အဆင့်ကလည်း မြေကမ္ဘာအရှင်သခင် အဆင့် (၁၀) ကို ရောက်လောက်ပြီ၊ ဒါနဲ့ အချိန် သုံးရက် ရနေသေးတာဆိုတော့ ၊ ကျွန်တော် တစ်ခုခု သွားလုပ်ဦးမှ ဖြစ်မယ်”

လင်းရန်ယန်က စဉ်းစားခန်း ဝင်သွားတော့သည်။ ထိုအချိန် သုံးရက်ကို ဖြုန်းတီးပစ်ရန်မှာ အလွန် နှမြောစရာ ကောင်းလှသည်။

“နင်ရွှမ်း၊ အပြင်ထွက်ပြီး ပျော်ပျော်ပါးပါး လျှောက်သွားချင်လား”

လင်းရန်ယန်က အနား၌ရှိနေသော အောင်းနင်ရွှမ်းကို ပြုံး၍ မေးလိုက်သည်။ အောင်းထျန်းလုံမှာ ယခုမှ ပြန်ရောက်ကာ လူရွေးချယ်ရေး ကိစ္စဖြင့် အလုပ်ရှုပ်နေမည် ဖြစ်ရာ ၊ အောင်းနင်ရွှမ်းကို တစ်ယောက်တည်း ပျင်းရိစွာ ထားခဲ့၍ မဖြစ်ပါပေ။

“အပြင်သွားမလို့လား၊ သွားမယ်၊ သွားမယ်၊ ဘယ်သွားကြမလဲ”

နင်ရွှမ်း၏ တောက်ပလှသော မျက်ဝန်းလေးများမှာ အရောင်တောက်သွားတော့သည်။

“ရောက်ရင် သိရမှာပေါ့”

မိနစ်အနည်းငယ် ကြာပြီးနောက် လင်းရန်ယန်သည် နင်ရွှမ်းကို ခေါ်ဆောင်ကာ ‘တာဝန်လက်ခံဆောင်’ သို့ ရောက်ရှိလာတော့သည်။

“အကြီးအကဲ၊ ကျွန်တော် ပြန်လာပြီနော်”

လင်းရန်ယန်က တာဝန်ကြီးကြပ်ရေး အကြီးအကဲထံ ပြုံးလျက် ချဉ်းကပ်လိုက်သည်။ အကြီးအကဲမှာ လင်းရန်ယန်ကို မြင်သည်နှင့် မျက်နှာ အနည်းငယ် ပျက်သွား၏။ လွန်ခဲ့သော နှစ်ရက်ကပင် ဤကောင်လေးသည် ကြေးနီသံချပ်ကာ အလောင်းကောင်ကို သတ်ခဲ့ကြောင်း အထောက်အထားများနှင့်တကွ လာရောက် တင်ပြခဲ့သဖြင့် အကြီးအကဲမှာ ဆွံ့အသွားခဲ့ရသည်။

“မင်းက အခုမှ ပြန်ရောက်တာ မဟုတ်လား ကောင်လေးရာ၊ တစ်လအတွင်းမှာတင် မစ်ရှင် နှစ်ခုတောင် ပြီးခဲ့ပြီကို ၊ အခု ထပ်လာပြန်ပြီလား”

အကြီးအကဲက စိတ်ပျက်လက်ပျက်ဖြင့် ဆိုလိုက်၏။

‘ ဤကောင်လေးမှာ သူ့ကို လာရောက် အရှက်ခွဲပြန်ပြီလား ။ ထို့အပြင် မိန်းကလေးတစ်ယောက်ကိုပါ ခေါ်လာသေးသည်။ ဘာလဲ... လင်မယား နှစ်ယောက်ပေါင်းပြီး သူ့ကို လာနောက်နေကြတာလား ‘

“ဟဲဟဲ၊ ကျွန်တော်က ပျင်းလို့ပါ ၊ ဒီမှာ ကျွန်တော်နဲ့ သင့်တော်မယ့် တာဝန်တစ်ခုခု ရှိဦးမလားလို့”

“ဟုတ်တယ် အကြီးအကဲ၊ မိစ္ဆာတွေကို သုတ်သင်ဖို့ဆိုတာ ကျွန်မတို့ မော်ရှန်းတပည့်တွေရဲ့ တာဝန်ပဲလေ ၊ ဟုတ်တယ်မလား၊ ဂိုဏ်းတူအစ်ကို လင်းရန်ယန်က တက်ကြွနေတာကို အကြီးအကဲက ဘာလို့ ညည်းညူနေရတာလဲ”

အနားမှ နင်ရွှမ်းကလည်း တရားမျှတဟန်ဖြင့် ဝင်ပြောလိုက်ရာ ၊ အကြီးအကဲမှာ စကားပင် ဆက်မပြောနိုင်တော့ချေ။

“မိန်းကလေး၊ မင်းကတော့ အတော်လေး စကားပြောတတ်တာပဲ၊ ဘယ်သူ့ဆီက သင်လာတာလဲ ၊ ကဲ... ကောင်းကင်အရှင်သခင် အဆင့်အောက်က တာဝန်တွေ အကုန်လုံး ဒီထဲမှာ ရှိတယ် ၊ မင်းတို့ဘာသာ ကြည့်ကြတော့”

အကြီးအကဲက သက်ပြင်းချလျက် သူ၏ လက်စွပ်အတွင်းမှ ကျောက်စိမ်းပြား တစ်ခုကို ထုတ်ပေးလိုက်၏။

“ဟီးဟီး ၊ ကျွန်မ ဖေဖေ့ဆီက သင်လာတာလေ”

နင်ရွှမ်းက ရယ်မောလျက် ပြန်ပြောလိုက်တော့သည်။ အကြီးအကဲမှာ ထပ်၍ဆွံ့အသွားရပြန်သည်။ အောင်းထျန်းလုံလို စကားနည်းသူ၏ သမီးက ဤမျှ စကားတတ်နေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ လင်းရန်ယန်မှာမူ အားနာမနေတော့ဘဲ ကျောက်စိမ်းပြားကို ယူကာ စတင် စစ်ဆေးလိုက်တော့သည်။

ကောင်းကင်အရှင်သခင် အဆင့်အောက် တာဝန်များထဲ၌ စိတ်ဝင်စားဖွယ်ရာများစွာ ရှိနေသည်။ လင်းရန်ယန်သည် တာဝန်နှစ်ခုခန့်ကိုသာ ကြည့်ရသေးသော်လည်း ၊ တာဝန်တစ်ခုက သူ၏ အာရုံကို ချက်ချင်း ဖမ်းစားသွားတော့သည်။

“ဟင်... ဒီတာဝန်က ဂိုဏ်းတူအစ်ကို ချင်းဟော် တင်ထားတာပါလား”

လင်းရန်ယန်က မျက်မှောင်ကြုတ်လျက် ဖတ်ကြည့်လိုက်တော့သည်။

[ အရေးပေါ်တာဝန် - မိစ္ဆာကျင့်ကြံသူ မြင်းစီးဓားပြအဖွဲ့ကို နှိမ်နင်းရန် ]

[ တာဝန်အခက်အခဲ - ကြယ်ငါးပွင့်မှ ခြောက်ပွင့်အထိ ]

[ တာဝန်ဖော်ပြချက် - လွန်ခဲ့သော နှစ်ပေါင်း ငါးဆယ်ကျော်က ယွမ်ပြည်နယ်ဒေသ၌ မိစ္ဆာပညာရပ်များကို ကျင့်ကြံသော မြင်းစီးဓားပြအဖွဲ့တစ်ဖွဲ့ ပေါ်ပေါက်ခဲ့သည်၊ သူတို့သည် ထင်ထင်ပေါ်ပေါ်မသွားလာဘဲ လျှို့ဝှက်စွာ လှုပ်ရှားတတ်ကြသည် ]

သူတို့ ပထမဆုံး ပေါ်ထွက်လာစဉ်က မြို့ပေါင်း ဆယ်မြို့ကို သတ်ဖြတ်ဖျက်ဆီးခဲ့ပြီးနောက် အစအနမကျန် ပျောက်ကွယ်သွားခဲ့သည်။ လွန်ခဲ့သော ရက်အနည်းငယ်က အတွင်းစည်းတပည့် ချင်းဟော်သည် သူတို့၏ အစအနများကို ယွမ်ပြည်နယ်၌ ပြန်လည် တွေ့ရှိခဲ့ပြီး ၊ ယခုအခါ မြို့လေးမြို့မှာ ထပ်မံ၍ သတ်ဖြတ်ခံလိုက်ရသည်။

ချင်းဟော်၏ စုံစမ်းမှုအရ ဓားပြအဖွဲ့၏ နောက်ထပ် ပစ်မှတ်မှာ ရန်မိသားစုမြို့တော် အနီးရှိ မြို့တစ်မြို့ ဖြစ်လာနိုင်ပြီး ၊ အချိန်မှာ သုံးရက်အတွင်း ဖြစ်နိုင်သည်။

နှစ်ပေါင်းငါးဆယ်ကြာပြီးနောက်နှင့် မြို့ပေါင်း ၁၄ မြို့၏ သွေးဖြင့် စွန်းထင်းနေသဖြင့် ၊ ဤဓားပြအဖွဲ့၏ အစွမ်းမှာ အလွန်ပင် ကြီးမားကြောင်း သိသာသည်။ ထို့ကြောင့် ဤတာဝန်ကို လက်ခံမည့် တပည့်များသည် အနည်းဆုံး မြေကမ္ဘာအရှင်သခင် အဆင့် (၆) ရှိရမည် ဖြစ်သည်။

All Chapters