← Chapters

တာဝန်ယူခြင်း

Vol. 6 Ch. 52

တာဝန်ယူခြင်း

Vol. 6 Ch. 52

အတွင်းစည်းတပည့် တစ်ဦးအတွက် အခြေခံသတ်မှတ်ချက်မှာ မြေကမ္ဘာအရှင်သခင် အဆင့် (၅) ဖြစ်သည်။

[ တာဝန်ဆုလာဘ် - အခြေအနေပေါ်မူတည်၍ ကွဲပြားနိုင်သည်၊ ဤသည်မှာ အရေးပေါ်တာဝန် ဖြစ်သောကြောင့် လက်ခံဆောင်ရွက်သူ တပည့်အားလုံး ဆုလာဘ် သုံးဆ ရရှိမည်၊ လက်ရှိတာဝန် လက်ခံထားသူ - ယိမေ (ဦးလေးကိုး) ]

ဤတာဝန်၏ ဖော်ပြချက်မှာ အလွန်ပင် အသေးစိတ်လှသကဲ့သို့ ၊ သတ်မှတ်ချက်များမှာလည်း အလွန် မြင့်မားလှသည်။ ထို့ကြောင့်ပင် လက်ခံနိုင်သည့် စံနှုန်းမှာ နိမ့်ပါးခြင်း မရှိပေ။ ကံကောင်းသည်မှာ ဦးလေးကိုးက ဤတာဝန်ကို လက်ခံထားပြီး ဖြစ်သဖြင့် အခြားသူများ လာရောက် လုယူခြင်း မရှိဖြစ်နေတော့သည်။

သို့သော် လင်းရန်ယန် မှာမူ စိတ်ဝင်စားသွား၏။

“ဒီတာဝန်ရဲ့ အခက်အခဲက နည်းနည်းတော့ လျော့နေပေမဲ့ ၊ ဒါက ရုပ်ရှင်ဇာတ်ကွက် တစ်ခုပဲ ၊ ဘာပဲဖြစ်ဖြစ် အားနေတာပဲကို ဒီတာဝန်ကို ယူလိုက်တော့မယ် ၊ ပြီးတော့ ဒီလို ဇာတ်ကွက်မျိုးတွေက ရိုးရိုးလေးတော့ ဖြစ်မှာမဟုတ်ဘူး၊ ငါသာ ကောင်းကောင်း ဖန်တီးနိုင်ရင် မစ်ရှင်အဆင့်သတ်မှတ်ချက်ကို အများကြီး မြှင့်တင်နိုင်မှာ”

“အကြီးအကဲ၊ ကျွန်တော် ဒီတာဝန်ကို လက်ခံချင်ပါတယ်”

လင်းရန်ယန်သည် တာဝန်ကို တိုက်ရိုက် ရွေးချယ်ကာ တာဝန်ကြီးကြပ်ရေး အကြီးအကဲကို ပြောလိုက်သည်။ အကြီးအကဲက တစ်ချက် ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သွား၏။

“မင်း ဒီတာဝန်ကို ယူလို့မရဘူး၊ အတွင်းစည်းတပည့်တွေ ဆိုရင်တောင် အနည်းဆုံး မြေကမ္ဘာအရှင်သခင် အဆင့် (၅) ရှိမှ ဖြစ်မှာ”

အကြီးအကဲက တိုက်ရိုက်ပင် ခေါင်းခါပြလိုက်သည်။

“ဝုန်း”

ကံဆိုးစွာပင် လင်းရန်ယန်သည် စကားအရှည်ကြီး ပြောမနေတော့ဘဲ ၊ သူ၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို တိုက်ရိုက်ပင် ထုတ်ပြလိုက်တော့သည်။ ရုတ်တရက် ထွက်ပေါ်လာသော အရှိန်အဝါကြောင့် လှုပ်ကုလားထိုင်ပေါ်တွင် လဲလျောင်းနေသော အကြီးအကဲမှာ မြေပြင်ပေါ်သို့ အရှိန်ဖြင့် ပြုတ်ကျသွားတော့၏။

သူသည် မြေပြင်ပေါ်၌ လဲလျောင်းလျက် လင်းရန်ယန်ကို ထိတ်လန့်တုန်လှုပ်သော မျက်နှာဖြင့် စိုက်ကြည့်နေမိသည်။

“မြေ... မြေကမ္ဘာအရှင်သခင် အဆင့် (၇) ပါလား ၊ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ထိုခဏ၌ အကြီးအကဲ၏ မျက်နှာမှာ အလွန်ပင် ပုံပျက်ပန်းပျက် ဖြစ်သွားရတော့သည်။ လင်းရန်ယန်သည် ဤမျှ ကြောက်စရာကောင်းလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။

အသက် ၁၈ နှစ်။ အသက် ၁၈ နှစ်သာ ရှိသေးကာ ဂိုဏ်းသို့ ဝင်ရောက်ပြီး သုံးနှစ်မပြည့်မီမှာပင် မြေကမ္ဘာအရှင်သခင် အဆင့် (၇) သို့ ရောက်ရှိသွားကြောင်း အပြင်သို့ ပျံ့နှံ့သွားပါက ကျင့်ကြံရေးလောက တစ်ခုလုံး တုန်လှုပ်သွားလိမ့်မည်။

“အခု ကျွန်တော် ဒီတာဝန်ကို ယူလို့ရပြီလား”

လင်းရန်ယန်က ပြုံးလျက် မေးမြန်းလိုက်သည်။

“ရ... ရပြီ၊ ယူလို့ရတယ်”

အကြီးအကဲမှာ တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီးနောက် ၊ တာဝန်ကျောက်စိမ်းပြားကို လင်းရန်ယန်ထံသို့ အမြန်ပင် ကမ်းပေးလိုက်တော့သည်။ ဤမျှ ပါရမီထူးချွန်နေပါက နောက်ထပ် နှစ်အနည်းငယ်အတွင်း သူ့ကိုပင် ကျော်လွန်သွားလိမ့်မည်။အသက် ၃၀ မတိုင်မီ ပြိုင်ဘက်ကင်းသော ကောင်းကင်အရှင်သခင် ပါရမီရှင်ကြီး ဖြစ်လာနိုင်သည်။

အသက် ၃၀ မတိုင်မီ မြေကမ္ဘာအရှင်သခင် ဖြစ်ခြင်းကပင် အတွင်းစည်းတပည့် ဖြစ်ရန် လုံလောက်နေပြီ ဖြစ်ရာ ၊ အသက် ၃၀ တွင် ကောင်းကင်အရှင်သခင် ဖြစ်လာခြင်းမှာ ကျင့်ကြံရေးလောကကြီး တစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်နိုင်သည့် ကိစ္စပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ပြိုင်ဘက်ကင်းသော ‘စစ်မှန်သော အရှင်သခင်’ အဆင့် ပညာရှင်ကြီး တစ်ဦး ပေါ်ထွန်းလာခြင်းကို ဆိုလိုသောကြောင့် ဖြစ်သည်။

[ ဒင်... ဂုဏ်ပြုပါတယ် အရှင်၊ ဇာတ်ကွက်ကို တွေ့ရှိပါသည် - မစ္စတာ ဗမ်ပိုင်းယား ၊ မစ်ရှင် စတင်ပါပြီ - မြင်းစီးဓားပြများကို သုတ်သင်ရန်၊ အနိမ့်ဆုံး ဆုလာဘ် - စွမ်းရည် ၁၀ ခု၊ ကောင်းကင်အဆင့် အလယ်အလတ် ကျင့်စဉ်နှင့် ပစ္စည်းများစွာ ]

မျှော်လင့်ထားသည့်အတိုင်း စနစ်၏ အသိပေးသံမှာ လင်းရန်ယန်၏ စိတ်ထဲ၌ ပဲ့တင်ထပ်သွားတော့သည်။

“စွမ်းရည် ၁၀ ခုတောင်လား ၊ ပြိုင်ဘက်က မြေကမ္ဘာအရှင်သခင် အဆင့် (၁၀) ဆိုရင် စွမ်းရည် ၁၅ ခု ၊ အဆင့် (၅) ဆိုရင် ၅ ခု ရတာလေ ၊ ဒါဆိုရင် ဒီမစ်ရှင်ရဲ့ ခက်ခဲမှုက မြေကမ္ဘာအရှင်သခင် အဆင့် (၈) ဝန်းကျင်လောက် ရှိနေတာပေါ့ ၊ ဒီမြင်းစီးဓားပြတွေက တကယ့်ကို အစွမ်းထက်တာပဲ”

လင်းရန်ယန်က မျက်ခုံးတစ်ချက် ပင့်လိုက်၏။ သို့သော် ပြိုင်ဘက်က ပို၍ အစွမ်းထက်လေ ၊ သူ S-အဆင့် ရရှိပါက ရရှိမည့် ဆုလာဘ်များက ပို၍ များပြားလေ ဖြစ်သည်။

“ကျေးဇူးတင်ပါတယ် အကြီးအကဲ ၊ နောက်နှစ်ရက်နေရင် ပြန်တွေ့ကြတာပေါ့”

လင်းရန်ယန်က ခပ်အေးအေးပင် ပြုံးလျက် ကျောက်စိမ်းပြားကို သိမ်းဆည်းကာ အောင်းနင်ရွှမ်း ကို ခေါ်ဆောင်၍ အပြင်သို့ ထွက်ခွာလာတော့သည်။

“နောက်မှ တွေ့မယ်နော် အကြီးအကဲ”

အောင်းနင်ရွှမ်းသည်လည်း သူမ၏ လက်ကလေးကို ဝေ့ယမ်းကာ ပြုံးလျက် နှုတ်ဆက်လိုက်တော့သည်။

“ပြန်တွေ့မယ် ဟုတ်လား ၊ မတွေ့ပါရစေနဲ့တော့ ၊ ငါ့နှလုံးသားလေးက မခံနိုင်တော့ဘူး”

အကြီးအကဲမှာ ငိုချင်စိတ်ကို မနည်းအောင့်ထားရတော့သည်။

မကြာမီ လင်းရန်ယန်သည် နင်ရွှမ်းကို ခေါ်ဆောင်ကာ ဂိုဏ်း၏ တံခါးဝသို့ ရောက်ရှိလာတော့သည်။ အချိန်မှာ နေဝင်ရီတရော ဖြစ်နေပြီး မိုးချုပ်စ ပြုနေပေပြီ။

“နင်ရွှမ်း၊ ပျံသန်းချင်လား”

လင်းရန်ယန်က ရုတ်တရက် ထူးဆန်းစွာ ပြုံးလျက် မေးလိုက်၏။

“ဟုတ်ကဲ့၊ အစ်ကို လင်းရန်ယန်က ညီမကို ပျံသန်းဖို့ခေါ်သွားမလို့လား”

နင်ရွှမ်းက အမြန်ပင် ခေါင်းငြိမ့်လိုက်‌ သောကြောင့် လင်းရန်ယန်ကလည်း နင်ရွှမ်း၏ လက်ကလေးကို ဆုပ်ကိုင်လိုက်၏။

“ဝုန်း”

နောက်တစ်ခဏ၌ မမြင်ရသော စွမ်းအင်လှိုင်းများက သူတို့နှစ်ဦးကို ဖုံးလွှမ်းသွားတော့သည်။

“ရှူး”

ထို့နောက် သူတို့နှစ်ဦးမှာ အလွန်တရာ မြန်ဆန်လှသော အရှိန်ဖြင့် ကောင်းကင်ယံသို့ ပျံတက်သွားပြီး ၊ တစ်ခဏအတွင်းမှာပင် မိုးကုတ်စက်ဝိုင်းဆီသို့ ပျောက်ကွယ်သွားတော့သည်။

တစ်ဖက်တွင်မူ………

ရန်မိသားစုမြို့တော် ၊ ရင်ခွဲရုံအတွင်း၌………

“ဆရာ၊ ထောင်ချောက်တွေ အားလုံး ဆင်ပြီးပါပြီ”

လက်မောင်းတွင် အနီရောင် လက်ပတ်ဝတ်ထားသော ချိုးရှန်း သည် နောက်လိုက်တစ်စုကို ဦးဆောင်ကာ တက်ကြွစွာ ပြေးဝင်လာသည်။

“မြားခေါင်းတွေကို ငါပြောတဲ့အတိုင်း ကြက်သွေးနဲ့ စိမ်ထားရဲ့လား”

ဦးလေးကိုးက လေးနက်စွာ မေးမြန်းလိုက်၏။

“ဟဲဟဲ၊ မြားခေါင်းတွေတင် မဟုတ်ပါဘူး၊ မြင်းဖမ်းကျော့ကွင်းတွေ ၊ မြေစိုက်ငြောင့်တွေနဲ့ သစ်သားတုံး ထောင်ချောက်တွေအထိ ကြက်သွေးတွေ အများကြီးနဲ့ လောင်းထားတာပါ ၊ အခု မြို့ထဲမှာ အဖိုကြက် တစ်ကောင်တောင် မကျန်တော့ဘူး”

အနား၌ရှိနေသော ဝိန်ချိုက် ကလည်း ဂုဏ်ယူစွာဖြင့် ဝင်ပြောလိုက်သည်။

“အင်း... ကောင်းတယ်”

ဦးလေးကိုးက ကျေနပ်စွာ ခေါင်းငြိမ့်လိုက်၏။ ဤကောင်စုတ်လေး နှစ်ယောက် နောက်ဆုံးတော့ အသုံးဝင်တာတစ်ခုခု လုပ်နိုင်ခဲ့ပြီ။

“ဒါနဲ့ ဦးလေးကိုး၊ အခုလိုတွေ အများကြီး လုပ်ထားပြီးမှ ဒီမြင်းစီးဓားပြတွေက ရောက်မလာဘူးဆိုရင် ၊ ကျွန်တော်တို့တော့ မြို့သူမြို့သားတွေရဲ့ ကျိန်ဆဲတာကို ခံရတော့မှာပဲ”

ထိုအချိန်တွင် အနား၌ရှိနေသော မြို့တော်ဝန်မှာ စိုးရိမ်နေသော ပုံစံဖြင့် ဆိုလိုက်သည်။ လွန်ခဲ့သော နှစ်ရက်က ဦးလေးကိုး ရောက်လာပြီး ၊ မြို့ပေါင်းများစွာကို ဖျက်ဆီးခဲ့သော မြင်းစီးဓားပြအဖွဲ့မှာ ဤနေရာသို့ လာနေကြောင်း သတိပေးခဲ့သဖြင့် သူနှင့် ဂုဏ်သရေရှိ လူကြီးမင်းများမှာ ထိတ်လန့်သွားခဲ့ကြရသည်။

မကြာသေးမီကပင် ထိုရက်စက်လှသော ဓားပြများအကြောင်းမှာ ပြောစရာ အဖြစ်ဆုံး ကိစ္စတစ်ရပ် ဖြစ်သည်။ တစ်လမပြည့်မီမှာပင် မြို့လေးမြို့ ပျက်စီးခဲ့ရပြီး ၊ ယခုအခါ သူတို့၏ နောက်ထပ် ပစ်မှတ်မှာ သူတို့ ဖြစ်နေသည်ဟု ဆိုရာ မည်သူကများ မထိတ်လန့်ဘဲ နေနိုင်ပါမည်နည်း။

ဦးလေးကိုး၏ ဂုဏ်သတင်းနှင့် ရောနှော၍ မြို့တော်ဝန်တို့မှာ ထိုစကားကို အပြည့်အဝ ယုံကြည်ခဲ့ကြ၏။ နှစ်ရက်အတွင်းမှာပင် ဓားပြများအားလုံး လာရောက်ခဲ့ပါက သေဆုံးသွားစေရန် ပိုက်စိပ်တိုက် ထောင်ချောက်များ ဆင်ထားခဲ့ကြသည်။ ဦးလေးကိုးမှလွဲ၍ အစွမ်းအထက်ဆုံးသူ ဖြစ်သော ချိုးရှန်းသည် ဓားပြနှိမ်နင်းရေးအဖွဲ့၏ ခေါင်းဆောင် ဖြစ်လာပြီး ၊ ဝိန်ချိုက်က ဒုတိယခေါင်းဆောင် ဖြစ်လာ၏။

သို့သော် အချိန်နီးကပ်လာသည်နှင့်အမျှ သူတို့မှာ စိုးရိမ်စိတ်များ ဝင်လာတော့သည်။ အကယ်၍ ဓားပြများ ရောက်မလာပါက ဆုံးရှုံးမှုများမှာ ကြီးမားလှသဖြင့် ၊ မြို့တော်ဝန်အနေဖြင့် သူ၏ ရာထူးကိုပင် ဆက်လက် ထိန်းသိမ်းနိုင်မည် မဟုတ်ပေ။

“ဟုတ်တယ်၊ သူတို့သာ တကယ် ရောက်မလာရင် ၊ ဒီရက်တွေမှာ အရောင်းအဝယ်တွေ ပျက်သွားတာတွေကို ဘယ်လိုလုပ်မလဲ”

“ကျွန်တော့်ဆိုင်ဆိုရင် တစ်ရက်ကို အနည်းဆုံး ငွေဒင်္ဂါး ဆယ်ပြားလောက် ရတာ၊ အဲဒါတွေ ဆုံးရှုံးကုန်ပြီလေ”

မြို့တော်ဝန် ပြောလိုက်သည်နှင့် ဘေးပတ်ဝန်းကျင်ရှိ လူကြီးမင်းများကလည်း ဆူညံစွာဖြင့် ဝိုင်းဝန်း ပြောဆိုလာကြတော့သည်။

“ကိစ္စမရှိပါဘူး၊ အကယ်၍ မြင်းစီးဓားပြတွေ ရောက်မလာဘူးဆိုရင် ၊ ဦးလေးကိုးကိုယ်စား ဆုံးရှုံးမှုအားလုံးကို ကျွန်တော် တာဝန်ယူပါ့မယ်”

ထိုစဉ် အနား၌ရှိနေသော ရန်သခင်ကြီး က တိုက်ရိုက်ပင် ဝင်ပြောလိုကေ၏။ သူပြောလိုက်သည်နှင့် လူကြီးမင်းများမှာ သက်ပြင်းချနိုင်သွားကြသည်။ ရန်သခင်ကြီးက တာဝန်ယူမည် ဆိုပါက သူတို့အတွက် စိုးရိမ်စရာ မရှိတော့ပေ။

“နေပါဦး၊ အဲဒီလို ပြောလို့တော့ ဘယ်ရမလဲ”

“ရန်သခင်ကြီးက ဘာလို့ တာဝန်ယူရမှာလဲ ၊ မြင်းစီးဓားပြတွေ သောင်းကျန်းနေတာကို သတင်းမကြားရင်တောင် ကြိုတင် ပြင်ဆင်ထားသင့်တာလေ ၊ သူတို့သာ တကယ် ရောက်လာရင် ကျွန်တော့်ဆရာကလွဲလို့ လူတိုင်း သေကုန်မှာပေါ့ ၊ အခု ဆရာနဲ့ ကျွန်တော်တို့က ကူညီပေးနေတာကို ၊ ဆရာ့ကို တာဝန်ယူခိုင်းချင်နေတာလား”

ချိုးရှန်းကမူ မကျေမနပ်ဖြင့် ပြန်လည် အော်ဟစ်လိုက်တော့သည်။

All Chapters