သာမန်ဝိညာဉ်လေးများမှာ စိုးရိမ်စရာမရှိပေ
Vol. 6 Ch. 53
ချိုးရှန်း သည် ထိုနေရာတွင်ရှိနေသော ဂုဏ်သရေရှိ လူကြီးမင်းများအား တိုက်ရိုက်ပင် အော်ငေါက်ပြောဆိုလိုက်တော့သည်။
“ဟုတ်တယ်၊ ငါတို့က လုပ်အားစိုက်ထုတ်နေတာ၊ ငါတို့က ကိုယ့်အိမ်ကိုယ်ရွာကို ကာကွယ်နေတာ၊ မင်းတို့လို ချမ်းသာတဲ့သူတွေကတော့ အိမ်ထဲမှာ ပုန်းနေပြီး ၊ အလွန်ဆုံးရှိမှ ငွေအနည်းငယ်လောက်ကို နှမြောတသနဲ့ စိုက်ထုတ်တာလေ၊ ဘယ်လိုမျက်နှာမျိုးနဲ့ ဦးလေးကိုးကို တာဝန်ယူခိုင်းရတာလဲ”
“ဒါပေါ့၊ မင်းတို့စိုက်တဲ့ ငွေက ဘာအသုံးကျလို့လဲ၊ ငါ့အိမ်ဆိုရင် ကြက်ဖ ဒါဇင်ပေါင်းများစွာတောင် ပေးထားတာ”
“သွေးစုတ်ဖုတ်ကောင် အုပ်စုပဲ၊ ပုံမှန်အချိန်မှာ မောက်မာရိုင်းစိုင်းနေတာ ထားပါဦး၊ အခုလို အရေးကြီးတဲ့အချိန်မှာတောင် ငွေဒင်္ဂါးအနည်းငယ်အတွက် တွန့်တိုနေကြတုန်းပဲ”
ချိုးရှန်း တစ်ယောက်တည်း မကျေမနပ် ဖြစ်နေသည်မဟုတ်ဘဲ ၊ ဘေးပတ်ဝန်းကျင်ရှိ တက်ကြွလှသော လူငယ်များကလည်း ဒေါသတကြီးဖြင့် ဝိုင်းဝန်း ဆဲရေးနေကြ၏။ ဂုဏ်သရေရှိ လူကြီးမင်းများမှာ မျက်နှာများ နီမြန်းကာ လည်ပင်းကြောများ ထောင်ထသည်အထိ အဆဲခံလိုက်ရသဖြင့် ပြန်လည် တုံ့ပြန်လိုသော်လည်း ၊ လက်နက်ကိုယ်စီ ကိုင်ဆောင်ထားသော လူငယ်အုပ်စုကြီးကို မြင်သောအခါ ချက်ချင်းပင် ငြိမ်ကျသွားရတော့သည်။
ပုံမှန်အချိန်တွင် ဖိနှိပ်ခံထားရသောသူများမှာ ဆဲရလေလေ ပို၍ စိတ်လှုပ်ရှားလာလေလေဖြစ်ရာ ၊ လက်ပါသည့်အဆင့်သို့ပင် ရောက်လုနီးပါး ဖြစ်သွားရ၏။ ကြားထဲတွင် ညပ်နေသော မြို့တော်ဝန်မှာမူ ကြောက်လန့်တကြားဖြင့် ချွေးများကို အသည်းအသန် သုတ်နေေတော့သည်။
“ကဲ... အားလုံးပဲ တော်လိုက်ကြတော့ ၊ အခုအချိန်မှာ အရေးကြီးဆုံးက မြင်းစီးဓားပြတွေကို နှိမ်နင်းဖို့ပဲ”
ကံကောင်းသည်မှာ ထိုအချိန်တွင် ဦးလေးကိုးက အေးဆေးတည်ငြိမ်စွာဖြင့် ဝင်ရောက် ပြောဆိုလိုက်သောကြောင့် ဆူညံနေသော လူအုပ်ကြီးမှာ ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။
“ဝိန်ချိုက် ၊ ချိုးရှန်း၊ မနေ့ညကအတိုင်းပဲ ‘မူးယစ်နတ်ဗိမာန်’ ဆိုင်မှာ ငါ့ကို အရင်သွားစောင့်နေကြ၊ ငါ ပစ္စည်းတချို့ ပြင်ဆင်ပြီးတာနဲ့ ချက်ချင်း လိုက်လာခဲ့မယ်”
ဦးလေးကိုးက ဖြည်းညှင်းစွာ ဆိုလိုက်သည်။
“နားလည်ပါပြီ ဆရာ၊ သွားကြစို့”
ချိုးရှန်းက ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ၊ လူငယ်အုပ်စုကို ဦးဆောင်ကာ မြို့ထဲသို့ ထွက်ခွာသွားတော့သည်။
“ဦးလေးကိုး ၊ ကျွန်တော်တို့ကျတော့ရော”
မြို့တော်ဝန်က အပြုံးတုဖြင့် အလျင်အမြန် မေးမြန်းလိုက်၏။
“ဖြည်းဖြည်းပြန်ကြပါ၊ ကျွန်တော် လိုက်မပို့တော့ဘူး”
ဦးလေးကိုးသည် ထိုကုန်သည်များကို စကားပင် ဖက်မပြောလိုတော့ပေ။ မြို့တော်ဝန်သည်လည်း မတတ်သာဘဲ ကျန်ရှိသော လူကြီးမင်းများနှင့် သူဌေးများကို ဦးဆောင်ကာ မကျေမနပ်ဖြင့် ထွက်ခွာသွားရတော့သည်။ အမှန်စင်စစ် သူတို့သည် ဘေးအကင်းဆုံးဖြစ်သော ဦးလေးကိုး၏ အနား၌သာ ပုန်းအောင်းနေချင်ကြသည်။
“ဦးလေးကိုး၊ ကျွန်တော်လည်း သွားပါဦးမယ်၊ မြို့ရဲ့ကိစ္စကိုတော့ ဦးလေးကိုးကိုပဲ အပ်ပါတယ်”
ရန်သခင်ကြီး ကလည်း ဦးလေးကိုးကို ပြုံး၍ နှုတ်ဆက်လိုက်၏။
“အော်... ရန်သခင်ကြီး၊ ဒါကတော့ အဆောင်လက်ဖွဲ့ နှစ်စောင်ပါ၊ သခင်ကြီးနဲ့ သမီးလေး ရန်တို့ တစ်ယောက်တစ်စောင်စီ ဆောင်ထားကြပါ”
ငွေကြေးရော လုပ်အားပါ စိုက်ထုတ်ထားသော ရန်သခင်ကြီးကိုမူ ဦးလေးကိုးက ပြုံးလျက် အဆောင်လက်ဖွဲ့နှစ်စောင် ထုတ်ပေးလိုက်သည်။
“ဟင်... ဦးလေးကိုး၊ ဒါကို ကျွန်တော် ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ၊ တကယ်ပဲ ကျေးဇူးတင်ပါတယ်”
ရန်သခင်ကြီးမှာ အားနာနေသော်လည်း မိမိအသက်က အရေးကြီးသည်ကို သိသဖြင့် အမြန်ပင် လက်ခံလိုက်၏။
“ဒီတစ်ကြိမ်မှာတော့ ကျွန်တော်တို့က ကြိုတင်ပြင်ဆင်ထားတာမို့ ၊ မြင်းစီးဓားပြတွေ ရန်မိသားစုမြို့တော်ကနေ အရှင်ထွက်သွားဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး၊ သခင်ကြီး စိတ်ချလက်ချ နားနေပါ”
ဦးလေးကိုး၏ ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သော စကားကြောင့် ရန်သခင်ကြီးမှာလည်း စိတ်လှုပ်ရှားသွားရတော့သည်။
ထိုအချိန်မှာပင် ရန်မိသားစုမြို့တော်နှင့် ဆယ်ကီလိုမီတာကျော် ဝေးကွာသော ထိုက်ရှန်းမြို့ရှိ ထန်း အိမ်တော်၌…….
မော်ရှန်းတာအိုဝတ်ရုံကို ဝတ်ဆင်ထားသည့် ပိန်ချုံးချုံး တာအိုဆရာတစ်ဦးသည် ၊ အိမ်ရှင်သခင်နှင့် အစေခံတစ်အုပ်ကို ဦးဆောင်ကာ ထန်းအိမ်တော်၏ အိမ်ရှေ့တံခါးဝသို့ ရောက်ရှိလာသည်။ သူတို့အားလုံးမှာ မှောင်ရိပ်ကျနေသော အိမ်တော်ကြီးကို ကြည့်ကာ တုန်လှုပ်နေကြ၏။ အကယ်၍ သူဌေးထန်းက ငွေအမြောက်အမြား မပေးထားပါက သူတို့ လုံးဝ လာကြမည် မဟုတ်ပေ။
“တာအိုဆရာ၊ ကျွန်တော့်ရဲ့ ဒီအိမ်တော်ကြီးကို ဆောက်ပြီးတာ သုံးနှစ်ရှိပြီ၊ ဒါပေမဲ့ ပြောင်းလာကတည်းက ထူးဆန်းတာတွေ အမြဲဖြစ်နေတယ် ၊ ညဘက်ဆိုရင် သရဲအရိပ်ယောင်တွေ မြင်ရရုံတင်မကဘူး ၊ နောက်နေ့မနက်ကျရင် ဘာကြောင့်မှန်းမသိဘဲ အိမ်ရှေ့ကွင်းပြင်မှာ နိုးလာတတ်ကြတယ်”
ထိုအကြောင်းကို ပြောရင်း သူဌေးထန်းမှာ သက်ပြင်းမချဘဲ မနေနိုင်ပေ။ သူသည် ထိုက်ရှန်းမြို့၏ နံပါတ်တစ် သူဌေးကြီး ဖြစ်သည်။ သူတို့ရှေ့ရှိ အိမ်တော်သစ်ကြီးမှာ ငွေဒင်္ဂါး သောင်းပေါင်းများစွာ အကုန်အကျခံ ဆောက်လုပ်ထားခြင်းဖြစ်ပြီး ၊ အတွင်းအပြင် ဝင်းခြံ သုံးထပ်စီဖြင့် အလွန်ပင် ခမ်းနားထည်ဝါလှ၏။
ကံဆိုးသည်မှာ အိမ်၌ သရဲခြောက်နေသဖြင့် မိသားစုတစ်ခုလုံး အိမ်ဟောင်းမှာပင် ပြန်လည် နေထိုင်နေရခြင်း ဖြစ်သည်။ ငွေကြေးများစွာ အကုန်ကျခံပြီး ဆောက်ထားရသော အိမ်တော်ကြီးမှာ အသုံးမပြုဘဲ မှိုတက်အိုဟောင်းသွားမည်ကို မည်သူကမျှ လိုချင်လိမ့်မည် မဟုတ်ပေ။
“စကားပုံတစ်ခုရှိတယ်၊ လူကို ကုတင်ပေါ် ရွှေ့ပေးတာက လူယုတ်မာပဲ၊ လူကို ကုတင်ပေါ်ကနေ ချပေးတာကတော့ ဝိညာဉ်ဆိုးတွေပဲ၊ သခင်ကြီးထန်း စိတ်အေးအေးထားပါ၊ ကျွန်တော် မောက်ရှန်းမင် ကို တွေ့ပြီဆိုရင်တော့ လူမှန်ကို တွေ့တာပါပဲ၊ ကျွန်တော် ရှိနေသရွေ့တော့ ဒီလို သာမန်ဝိညာဉ်လေးတွေလောက်ကတော့ စိုးရိမ်စရာ မရှိပါဘူး”
နှုတ်ခမ်းမွေးစလေးနှင့် ‘ကွမ်းထိုချန်း’ နှင့် ရုပ်ချင်းဆင်လှသော မောက်ရှန်းမင်က နက်နဲလှသော ပုံစံဖြင့် ပြုံး၍ ဆိုလိုက်သည်။
“ဆရာပြောတာကတော့ နားဝင်ချိုပါတယ်၊ ဒါပေမဲ့ အရင်က လာတဲ့ တာအိုဆရာ ကိုးယောက်လုံးကလည်း ဒီလိုပဲ ပြောကြတာပဲ၊ နောက်ဆုံးကျတော့ ကြောက်လန့်တကြားနဲ့ ပြေးကြတာချည်းပဲ”
သူဌေးထန်းက စိတ်ပျက်လက်ပျက်ဖြင့် ဆိုလိုက်၏။ ထိုစကားကို ကြားသောအခါ မောက်ရှန်းမင်က စိတ်ထဲမှ ကျိန်ဆဲလိုက်မိတော့သည်။
‘ မင်းပေးတဲ့ ငွေအနည်းငယ်လေးနဲ့တော့ တာအိုဆရာအတုတွေကိုပဲ ရမှာပေါ့ ၊ ဘယ်တာအိုဆရာ အစစ်ကများ လာမှာလဲ။’
သို့သော် ဤသည်ကိုမူ သူ အပြင်ထုတ်မပြောလိုက်ပါ။
“တာအိုဆရာ ဆယ်ယောက်မှာ ကိုးယောက်က အလုပ်မဖြစ်ဘူး၊ ကျန်တဲ့တစ်ယောက်ကတော့ ကျွန်တော်ပေါ့၊ ကဲ... တံခါးဖွင့်စမ်းပါ”
မောက်ရှန်းမင်မှာ တည်ငြိမ်နေ၏။ အဘယ်ကြောင့်ဆိုသော် သူသည် သာမန် တာအိုဆရာအတုများနှင့် မတူသောကြောင့် ဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ်များစွာက သူသည် မော်ရှန်းဂိုဏ်းသို့ အမှန်တကယ်ပင် ပညာသင်ယူရန် သွားရောက်ခဲ့ဖူးပြီး ၊ ‘နာမည်ခံတပည့်’ အဖြစ်ပင် ပါဝင်ခဲ့ဖူးသည်။
ကံဆိုးသည်မှာ သူ၏ ပါရမီမှာ အလွန်နိမ့်ပါးလှသဖြင့် သုံးနှစ်အကြာတွင် ဂိုဏ်းမှ ထုတ်ပယ်ခြင်း ခံခဲ့လိုက်ရ၏။ ကံကောင်းသည်မှာ မော်ရှန်းမှ မထွက်ခွာမီ အခြေခံ တာအိုပညာရပ်အချို့ကို သင်ကြားခဲ့သည်။ ကျင့်ကြံမှု အနည်းငယ်ရှိသော ဤမော်ရှန်း အပြင်စည်းတပည့်များသည် ၊ ဘာပညာမှမရှိသော လူလိမ်တာအိုဆရာများထက် အဆပေါင်းများစွာ သာလွန်လှသည်။ သူတို့ကို ဝိညာဉ်လေးများ သုတ်သင်ခိုင်းခြင်းမှာ ပြည်သူလူထုကို အကျိုးပြုရာလည်း ရောက်သည်။
မောက်ရှန်းမင်၏ ယုံကြည်ချက်ရှိသော ပုံစံကို မြင်သောအခါ ၊ သူဌေးထန်းလည်း သက်ပြင်းချနိုင်သွားတော့သည်။ သူသည် လွန်ခဲ့သော ရက်အနည်းငယ်က ဦးလေးကိုးကို ငှားရန် ကြိုးစားခဲ့သော်လည်း ၊ ရန်သခင်ကြီးထံမှ စျေးနှုန်းကို မေးမြန်းလိုက်ချိန်၌ တစ်ကြိမ်လျှင် ငွေဒင်္ဂါး တစ်ရာခန့် ပေးရမည်ဟု ကြားသဖြင့် ချက်ချင်းပင် လက်လျှော့ခဲ့ခြင်း ဖြစ်သည်။ သူ၏အမြင်တွင် ငွေဒင်္ဂါး တစ်ရာ အကုန်ခံမည့်အစား သောင်းချီတန်သော အိမ်တော်ကြီးကို ပစ်ထားလိုက်ခြင်းက ပို၍ တွက်ခြေကိုက်သည်ဟု ထင်မှတ်နေမိ၏။
အိမ်ရှေ့တံခါးကြီး ပွင့်သွားသည်နှင့် လူအုပ်ကြီးမှာ အတွင်းသို့ ဝင်ရောက်သွားကြတော့သည်။
“ယဇ်ပလ္လင် ပြင်စမ်း”
မောက်ရှန်းမင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ အစေခံနှစ်ဦးက ခြံဝန်းအလယ်တွင် ယဇ်ပလ္လင်ကို အမြန်ပင် ပြင်ဆင်ပေးလိုက်ကြ၏။ ထို့နောက် မောက်ရှန်းမင်သည် မက်မွန်သားဓားကို ကိုင်ဆောင်ကာ ကခုန်သကဲ့သို့ တာအိုကွက်များကို စတင် ပြုလုပ်တော့သည်။
ဆယ်စုနှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီးနောက် သူ၏ အဆင့်မှာ ‘လူသားအရှင်သခင်’ အဆင့် (၈) သို့ ရောက်ရှိနေပြီ ဖြစ်ရာ ၊ နာမည်ခံတပည့်များထဲတွင် အတော်လေး အစွမ်းရှိသူဟု ဆိုနိုင်သည်။
“နတ်မင်း လမ်းညွှန်ခြင်း”
“ဝိညာဉ်လေး တံခါးကဝင်ခြင်း”သူသည် ဝိညာဉ်ဆင့်ခေါ်သည့် နည်းလမ်းမျိုးစုံကို အသုံးပြုလိုက်သည်။ နောက်ဆုံးတွင် သူသည် နှမြောတသဖြင့် သူ၏ အိတ်ကပ်ထဲမှ ဝိညာဉ်ငွေစက္ကူ တစ်ရွက်ကို ထုတ်ယူကာ မီးရှို့၍ ပစ်လိုက်တော့သည်။
“တာအိုဆရာ၊ ဆရာက အရမ်းများ ကပ်စေးနှဲလွန်းတာ မဟုတ်ဘူးလား၊ ဝိညာဉ်စက္ကူ တစ်ရွက်တည်းပဲ ကြဲရသလား၊ ရာနဲ့ချီပြီး ကြဲရမှာ မဟုတ်ဘူးလား၊ ကျွန်တော်က ဆရာ့ကို ငွေဒင်္ဂါး ဆယ်ပြားတောင် ပေးထားတာလေ”
ဘေးတွင် ရပ်နေသော သူဌေးထန်းက ထိုမြင်ကွင်းကို မြင်သောအခါ ချက်ချင်းပင် ညည်းတွားလိုက်တော့၏။
“မင်းက ဘာသိလို့လဲ၊ ဒါက မော်ရှန်းဂိုဏ်းက တိုက်ရိုက်ထုတ်တဲ့ ဝိညာဉ်စက္ကူ အစစ်ကွ၊ တစ်ရွက်ကိုတင် ငွေဒင်္ဂါး အတော်များများ တန်တယ်၊ မင်းပေးတဲ့ ဆယ်ပြားနဲ့ ရာနဲ့ချီ ကြဲရအောင် ငါက ရူးနေလို့လား”
မောက်ရှန်းမင်က ဒေါသတကြီးဖြင့် ပြန်လည် ဆဲရေးလိုက်၏။
“ဟင်း... မော်ရှန်းဂိုဏ်းက ငါ့ထက်တောင် ပိုပြီး ဂုတ်သွေးစုတ်တာလား”
ထိုစကားကို ကြားသောအခါ သူဌေးထန်းမှာ အံ့ဩတုန်လှုပ်သွားရတော့သည်။ စက္ကူတစ်ရွက်တည်းကို ငွေဒင်္ဂါး အတော်များများ တန်သည်ဆိုသည်မှာ တကယ့်ကို ဂုတ်သွေးစုတ်ခြင်းပင် ဖြစ်သည်။ မောက်ရှန်းမင်ကမူ ထိုကပ်စေးနှဲကြီးကို ဂရုမစိုက်အားတော့ပေ။
“ငါက မော်ရှန်းဂိုဏ်းက တာအိုဆရာ မောက်ရှန်းမင်ပဲ၊ ထိုက်ရှန်းမြို့က သူဌေးထန်းရဲ့ အကူအညီတောင်းမှုကြောင့် မိစ္ဆာတွေကို သုတ်သင်ဖို့ ရောက်လာတာ၊ ကောင်းကင်ဘုံမှာ သနားကြင်နာတဲ့ စိတ်ရှိတယ်၊ မင်းတို့တွေ အခုချက်ချင်း အေးအေးဆေးဆေး ထွက်သွားမယ်ဆိုရင် ၊ ငါ မင်းတို့ကို အသက်ချမ်းသာပေးမယ်”
မောက်ရှန်းမင်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် ၊ မက်မွန်သားဓားကို တင်းတင်းဆုပ်ကာ အနီးပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် စောင့်ကြည့်နေတော့သည်။