ရက်စက်ကြမ်းကြုတ်သော ဝိညာဉ်ဆိုးများ
Vol. 6 Ch. 54
လူကို ကုတင်ပေါ်က ချရုံသာ ချပြီး ဒုက္ခမပေးသော ဝိညာဉ်များမှာ ဝိညာဉ်ကောင်းများ ဖြစ်နိုင်သကဲ့သို့ ၊ အစွမ်းနည်းသော ဝိညာဉ်များလည်း ဖြစ်နိုင်သည်။ ဝိညာဉ်ကောင်းများမှာ သဘာဝအတိုင်း အစွမ်းနိမ့်ပါးကြသည်ဖြစ်ရာ ၊ လူကို အန္တရာယ်မပြုဘဲနှင့် ဝိညာဉ်စွမ်းအား တိုးတက်ရန်မှာ အလွန်ပင် ခက်ခဲလှသည်။
ထို့ကြောင့်ပင် မောက်ရှန်းမင် သည် ဤအလုပ်ကို လက်ခံရန် သတ္တိရှိနေခြင်း ဖြစ်သည်။ ကံဆိုးသည်မှာ သူ နှစ်ကြိမ်တိုင်တိုင် ဟစ်အော်ခေါ်ယူသော်လည်း ၊ အိမ်တော်ကြီးအတွင်းမှ မည်သည့် တုံ့ပြန်မှုမျှ ရှိမလာခြင်းပင် ဖြစ်၏။
“ဟဲဟဲ၊ သူတို့ ကြောက်ပြီး ထွက်ပြေးသွားကြပြီ ထင်တယ်”
မေက်ရှန်းမင်က ချက်ချင်းပင် ပြုံးလိုက်သည်။ သာမန်ဝိညာဉ်လေးများမှာ သူ မီးရှို့လိုက်သော ဝိညာဉ်ငွေစက္ကူ အချပ်ကြီးကို မြင်လိုက်ရသည်နှင့် ၊ ဝမ်းမြောက်ဝမ်းသာ ယူဆောင်ကာ ထွက်ပြေးသွားကြမည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်သည်။ ထိုသို့ဆိုလျှင် သူသည် သူဌေးထန်း ကို စိတ်ကြိုက် ပညာပေးနိုင်ပြီ ဖြစ်၏။ သူသည် ချမ်းသာသော်လည်း စိတ်ဓာတ်မကောင်းသော ထိုသူဌေးကြီးကို ကောင်းကောင်း စုံစမ်းထားပြီး ဖြစ်ရာ ၊ ယခုအခါ မလိမ့်တပတ်ဖြင့် ငွေညှစ်ရမည်မှာ သူ၏ ရည်ရွယ်ချက်ပင် ဖြစ်သည်။
“အော်... မင်းတို့ မထွက်လာကြဘူးပေါ့၊ ဒါဆိုရင်တော့ အေးအေးဆေးဆေး ဖြေရှင်းလို့ မရတော့ဘူးပဲ၊ ငါ နောက်ထပ် အခွင့်အရေး တစ်ခုပေးမယ် ၊ အခုချက်ချင်း ထီးထဲကို အေးအေးဆေးဆေး ဝင်မလား ၊ ဒါမှမဟုတ် ငါ အင်အားသုံးရမလား”
မောက်ရှန်းမင်က နှာခေါင်းတစ်ချက် ရှုံ့ကာ အေးစက်စွာ ဆိုလိုက်သည်။ ခဏအကြာတွင် သူသည် ကျောပိုးထားသော စက္ကူထီးကို ဖြုတ်ယူကာ ရှေ့ရှိ အိမ်မကြီးအတွင်းသို့ ပစ်သွင်းလိုက်တော့သည်။
“ဒုန်း”
ချက်ချင်းဆိုသလိုပင် အိမ်ရှေ့တံခါးကြီးမှာ ပွင့်ထွက်သွားပြီး ၊ စက္ကူထီးမှာ ဧည့်ခန်းအလယ်သို့ ကျရောက်သွားတော့သည်။
“ဝူး”
သို့သော်လည်း နောက်တစ်ခဏမှာပင် ထိုစက္ကူထီးမှာ အပြင်ဘက်သို့ ပြန်လည် လွင့်ထွက်လာ၏။
“သရဲ၊ သရဲတွေ တကယ်ရှိတာပဲ”
“မကြောက်နဲ့... မကြောက်နဲ့၊ တာအိုဆရာမှ ထွက်မပြေးသေးတာ ၊ ငါတို့ ဘာမှမဖြစ်နိုင်ဘူေ”
ဘေးပတ်ဝန်းကျင်ရှိ လူများမှာ ထိုမြင်ကွင်းကို ကြည့်ကာ အလွန်အမင်း ထိတ်လန့်ကုန်ကြသည်။
“ဟင်း... အေးအေးဆေးဆေး ပြောတာကို မရဘူးပေါ့၊ အဲ့တာဆို ငါ မင်းတို့ကို ဘယ်လို ဖမ်းမလဲဆိုတာ ကြည့်လိုက်တော့”
မောက်ရှန်းမင်က အေးစက်စွာ ဟစ်အော်လိုက်ပြီးနောက် ၊ စက္ကူထီးကို ကောက်ယူကာ အတွင်းသို့ ပြေးဝင်သွားတော့သည်။
“ဒုန်း... ဒုန်း... ဒုန်း”
ချက်ချင်းပင် တံခါးများအားလုံးမှာ လေတိုက်ခြင်းမရှိဘဲ အလိုလို ပိတ်သွားကြတော့သည်။
“ကောင်စုတ် တာအိုဆရာ၊ သူဌေးထန်းဘက်ကနေ ရပ်တည်ရဲတယ်ပေါ့ ၊ မင်း သေချင်နေတာပဲ”
“ဒီနေ့ မင်းကို အရင်သတ်မယ် ၊ ပြီးရင် ထန်းမိသားစု တစ်ခုလုံးကို အမြစ်ဖြတ်မယ်”
“ဟင်း... ဝိညာဉ်လေး နှစ်ကောင်ကများ မောက်မာလှချည်လား၊ လာစမ်း... မင်းတို့ သေနေ့ ရောက်ပြီသာ မှတ်လိုက်တော့”
ထိုစဉ်အတွင်း ဝိညာဉ်လေး နှစ်ကောင်နှင့် မောက်ရှန်းမင်တို့ အပြန်အလှန် ဆဲဆိုနေသံများမှာ အပြင်သို့ ပဲ့တင်ထပ်လာသည်။ သူ၏ မိသားစုတစ်ခုလုံး အသတ်ခံရတော့မည်ဟူသော စကားကို ကြားလိုက်ရချိန်တွင် ၊ သူဌေးထန်းမှာ ထိတ်လန့်လွန်းသဖြင့် မြေပြင်ပေါ်သို့ ပုံရက်သား လဲကျသွားပြီး မလှုပ်နိုင်တော့ပေ။
“ဝုန်း”
သို့သော်လည်း ခဏအကြာ၌ မောက်ရှန်းမင်မှာ အပြင်ဘက်သို့ အရှိန်ဖြင့် လွင့်ထွက်လာတော့သည်။
“ဝူး”
ထို့နောက်တွင် ဝိညာဉ်အဖို နှစ်ကောင်မှာ ဟိန်းဟောက်လျက် အပြင်သို့ ခုန်ထွက်လာကြ၏။ ထိုဝိညာဉ်နှစ်ကောင်မှာ မောက်ရှန်းမင် မွေးမြူထားသော သာ့ပေါင် နှင့် ရှောင်ပေါင် ပင် ဖြစ်သည်။
“မကောင်းတော့ဘူး၊ တာအိုဆရာ အရှုံးပေးပြီး ထွက်ပြေးလာပြီ”
“မြန်မြန် ပြေးကြ”
“ကယ်ကြပါဦး... သရဲတွေ လူသတ်နေကြပြီ”
ထိုအချိန်၌ လူအုပ်ကြီးမှာ ထိတ်လန့်တကြား အော်ဟစ်ကာ ဟိုဟိုဒီဒီ ထွက်ပြေးကြတော့သည်။
“ကယ်ပါဦး၊”
သူဌေးထန်းသည်လည်း ကုန်းရုန်းထကာ ထွက်ပြေးရန် ပြင်လိုက်၏။ ထိုမြင်ကွင်းကို မြင်သောအခါ မောက်ရှန်းမင်က တာ့ပေါင်နှင့် ရှောင်ပေါင်ကို မျက်ရိပ်ပြလိုက်ရာ ၊ ဝိညာဉ်နှစ်ကောင်မှာ လျင်မြန်စွာ ခုန်အုပ်လိုက်ပြီး သူဌေးထန်း၏ လမ်းကို ပိတ်ဆို့လိုက်တော့သည်။
“အား... တာအိုဆရာ ကယ်ပါဦး”
သူဌေးထန်းက အော်ဟစ်လိုက်၏။
“ငါ့လူတွေကို မထိနဲ့”
မောက်ရှန်းမင်ကလည်း ကျယ်လောင်စွာ အော်ဟစ်လျက် ပြေးဝင်လာပြီး ၊ တာ့ပေါင်ကို မြေပြင်ပေါ်သို့ ဖိနှိပ်ကာ လုံးထွေး သတ်ပုတ်နေဟန် ပြုမူတော့သည်။ တစ်ဖက်တွင်မူ ရှောင်ပေါင်မှာ သူဌေးထန်းထံသို့ တစ်လှမ်းချင်း ချဉ်းကပ်လာပြီး ၊ သူ၏ ပါးပြင်များမှာလည်း ပုပ်သိုးနေသော ပုံစံသို့ ပြောင်းလဲသွား၏။ ထိုမြင်ကွင်းကြောင့် သူဌေးထန်းမှာ မေ့လဲလုနီးပါး ဖြစ်သွားရသည်။
“သူဌေးထန်း ၊ မင်းရဲ့ ငွေစက္ကူတွေကို သူ့နဖူးမှာ မြန်မြန်ကပ်လိုက်၊ ငွေစက္ကူတွေပေါ်မှာ ဟင်္သာပြဒါး တွေ ပါတယ်”
မောက်ရှန်းမင်က စိုးရိမ်ဟန်ဆောင်ကာ အော်ပြောလိုက်တော့သည်။ သူဌေးထန်း၏ မျက်ဝန်းများမှာ ချက်ချင်း အရောင်တောက်သွားပြီး ၊ နှမြောတသဖြစ်နေသော်လည်း အသက်ဘေးမှ လွတ်ရန် ငွေဒင်္ဂါး ဆယ်ပြားတန် ငွေစက္ကူတစ်ရွက်ကို ထုတ်ယူကာ ကပ်လိုက်တော့သည်။
“ဝူး”
သို့သော် ရှောင်ပေါင်က ၎င်းကို ချက်ချင်းပင် ဆွဲခွာလိုက်ပြီး ၊ စော်ကားခံရသည့် ပုံစံမျိုးဖြင့် ပို၍ ဒေါသထွက်ဟန် ပြလိုက်၏။
“မရဘူး တာအိုဆရာ၊ အသုံးမဝင်ဘူး”
သူဌေးထန်းမှာ ငိုချတော့မတတ် ဖြစ်နေပြီ။
“မင်းက ဒီအချိန်ထိ ငွေကို နှမြောနေတုန်းလား၊ တန်ဖိုးကြီးတဲ့ ငွေစက္ကူတွေကို သုံးစမ်းပါ၊ ငွေစက္ကူ များလေလေ အာနိသင် ကောင်းလေလေပဲ၊ အသက်မရှိရင် ဒီငွေတွေကို ဘာလုပ်တော့မှာလဲ”
မောက်ရှန်းမင်က စိတ်ပျက်လက်ပျက်ဖြင့် ဆဲရေးလိုက်၏။
“အာ... ဟုတ်ကဲ့ ၊ ဟုတ်ကဲ့၊”
သူဌေးထန်းမှာ ငွေကို မနှမြောနိုင်တော့ဘဲ ၊ သူကိုင်ထားသော ငွေစက္ကူအားလုံးကို ရှောင်ပေါင်၏ နဖူးတွင် အပြုံလိုက် ကပ်လိုက်တော့သည်။
“ဝုန်း”
ချက်ချင်းဆိုသလိုပင် ရှောင်ပေါင်မှာ ထိုနေရာ၌ တောင့်ခဲသွားတော့သည်။
“တကယ်ပဲ အလုပ်ဖြစ်တာလား”
သူဌေးထန်းမှာ ဝမ်းသာသွားသော်လည်း ၊ ဆုံးရှုံးသွားသော ငွေများကို နှမြောသဖြင့် ငွေစက္ကူအချို့ကို ပြန်ခွာရန် ပြင်လိုက်သည်။
“ဝူး”
ရုတ်တရက် ရှောင်ပေါင်၏ နောက်ကျောဘက်မှ ပြင်းထန်သော စုပ်အားတစ်ခု ပေါ်ထွက်လာ၏။ မောက်ရှန်းမင်သည် စက္ကူထီးကို ကိုင်ဆောင်ကာ ရှောင်ပေါင်ကို ထီးအတွင်းသို့ တစ်ခဏချင်းမှာပင် ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။ သာ့ပေါင်ကိုမူ သူသည် အစောကတည်းက ဖမ်းထားပြီး ဖြစ်သည်။
“တာဝန် ပြီးဆုံးပါပြီ”
မောက်ရှန်းမင်က ပြုံးလျက် ဆိုလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် ယခုရရှိသော ငွေများမှာ အနည်းဆုံး ငွေဒင်္ဂါး ရာဂဏန်းရှိမည် ဖြစ်သဖြင့် ၊ ချမ်းသာပြီဟု တွေးကာ ကျေနပ်နေတော့သည်။
“တာအိုဆရာ ၊ ကျွန်တော့်ရဲ့ ငွေတွေ...”
သူဌေးထန်းက အနောက်မှ အမြန် လိုက်လာ၏။
“စိတ်မပူပါနဲ့ သူဌေးထန်းရယ် ၊ ဒီဝိညာဉ်နှစ်ကောင်ကို လုံးဝ ပိတ်လှောင်ပြီးတာနဲ့ ၊ ခင်ဗျားရဲ့ ငွေတွေကို တစ်ပြားမကျန် ပြန်ပေးပါ့မယ်”
မောက်ရှန်းမင်က ဖြောင့်မတ်ဟန်ဆောင်ကာ ပြောလိုက်သည်။ သူဌေးထန်းက ၎င်းကို မယုံကြည်သော်လည်း ၊ ထီးအတွင်း၌ ဝိညာဉ်များ ရှိနေသဖြင့် ထီးကို ဖွင့်ရန် မဝံ့မရဲ ဖြစ်နေတော့သည်။
“ဒါပေမဲ့ နေပါဦး ၊ အခုမှ စဉ်းစားမိတယ် ၊ ကျွန်တော် မြင်လိုက်ရတဲ့ ဝိညာဉ်က အနီရောင်ဝတ်ထားတဲ့ မိန်းမသရဲလို့ ထင်တာပဲ ၊ ပြီးတော့ နှစ်ယောက်တည်း မဟုတ်ဘူး ၊ ငါးယောက် ခြောက်ယောက်လောက် ရှိတာ”
ရုတ်တရက် သူဌေးထန်းက သံသယများဖြင့် ပြောဆိုလာသည်။ သူသည် တစ်ခုခု မှားယွင်းနေသည်ဟု ခံစားနေရသော်လည်း မည်သည့်အရာကမှားနေမှန်း သေချာ မသိပေ။
“ဟင်... အများကြီး ရှိတာလား ၊ အနီရောင်ဝတ် မိန်းမသရဲ ဟုတ်လား ၊ မဖြစ်နိုင်တာ”
မောက်ရှန်းမင်မှာ မှင်သက်သွားရ၏။ အဘယ်ကြောင့်ဆိုသော် အနိမ့်ဆုံး အနီရောင်ဝတ် မိန်းမဝိညာဉ်သည်ပင် မြေကမ္ဘာအရှင်သခင် အဆင့် (၁) နှင့် ညီမျှသော ဝိညာဉ်ဆိုး ဖြစ်သောကြောင့်ပင် ဖြစ်သည်။ သာ့ပေါင်နှင့် ရှောင်ပေါင်မှာမူ လူသားအရှင်သခင် အဆင့် (၇) ၊ (၈) ခန့်သာ ရှိသော ဝိညာဉ်လေးများသာ ဖြစ်ကြသည်။
“ဒုန်း... ဒုန်း... ဒုန်း... ဒုန်း”
မျှော်လင့်ထားသည့်အတိုင်း ထိုခဏ၌ အိမ်မကြီး၏ တံခါးများအားလုံးမှာ ဟက်ခနဲ ပွင့်သွားကြတော့သည်။
“သူဌေးထန်း ၊ မင်း ပြန်လာရဲသေးတယ်ပေါ့”
အိမ်တော်အတွင်းမှ အေးစက်လှသော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာသည်။ ခဏအကြာ၌ အနီရောင်ဝတ် မိန်းမဝိညာဉ်ကြီးမှာ သူမ၏ မိသားစုတစ်ခုလုံးကို ဦးဆောင်ကာ လွင့်မျောကာ ထွက်ပေါ်လာတော့သည်။
“သရဲတွေ”
“ဘာလို့ ဒီလောက်တောင် များနေရတာလဲ”
“မြန်မြန် ပြေးကြ”
ခဏချင်းမှာပင် သူဌေးထန်းနှင့် လူအုပ်ကြီးမှာ အသက်လုကာ ထွက်ပြေးကြတော့သည်။
“သွားပြီ... ပြေးမှ ဖြစ်တော့မယ်”
မောက်ရှန်းမင်၏ မျက်နှာမှာ ချက်ချင်း ပျက်သွားပြီး ၊ သူသည်လည်း နောက်သို့လှည့်ကာ အသက်လု ပြေးတော့သည်။
“ဝူး”
ကံဆိုးစွာပင် ထိုအချိန်ခဏလေးအတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော စုပ်အားတစ်ခုက သူ့ကို လွှမ်းမိုးသွားတော့သည်။
“အား... မလုပ်ပါနဲ့”
မောက်ရှန်းမင်က အော်ဟစ်လိုက်သော်လည်း သူ၏ ကိုယ်ခန္ဓာမှာ အနောက်ဘက်သို့ ပြန်လည် ဆွဲယူခြင်း ခံလိုက်ရသည်။ ထို့နောက် မိန်းမဝိညာဉ်ကြီးက သူ၏ လည်ပင်းကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်တော့သည်။
“ဟင်း... မင်းလို အသုံးမကျတဲ့ကောင်ကများ ၊ ဒီလို ဝိညာဉ်စက္ကူ အစုတ်လေး တစ်ရွက်နဲ့ ငါတို့ကို လာလာဘ်ထိုးရဲတယ်ပေါ့”
မိန်းမဝိညာဉ်ကြီးက သူတို့အတွက် မီးရှို့ပေးခဲ့သော ဝိညာဉ်စက္ကူစလေးကို အေးစက်စွာ ထုတ်ပြလိုက်သည်။ ဝိညာဉ်များ အကြောက်ဆုံးမှာ ပူဇော်ပစ္စည်း မလုံလောက်ခြင်းပင် ဖြစ်သည်။ ပူဇော်ပစ္စည်း မလုံလောက်ပါက ဝိညာဉ်များကြား ခွဲဝေရန် ခက်ခဲလှသည်။ မိသားစုတစ်ခုလုံးအတွက် ဝိညာဉ်စက္ကူ တစ်ရွက်တည်းသာ ပေးသော မောက်ရှန်းမင်ကို သူတို့က မည်သို့ ခွင့်လွှတ်နိုင်မည်နည်း။
“နတ်မင်းကြီးတို့ ၊ နတ်မင်းမမကြီးတို့... ကျွန်တော် အခုပဲ ပြန်သွားပြီး ဝိညာဉ်စက္ကူတွေ အများကြီး ပြင်ဆင်ပေးပါ့မယ် ၊ တစ်ယောက်ကို တစ်ရွက်... မဟုတ်ပါဘူး ၊ တစ်ယောက်ကို ဆယ်ရွက်စီ ပေးပါ့မယ်”
မောက်ရှန်းမင်မှာ ထိတ်လန့်တုန်လှုပ်ကာ အသနားခံနေတော့သည်။
‘ ဘုရားရေ... တစ်မိသားစုလုံးက ဝိညာဉ်ဆိုး တွေချည်းပါလား။ သူ ဘာအပြစ်များ လုပ်ခဲ့မိ၍ ဤမျှ အစွမ်းထက်သော ဝိညာဉ်မိသားစုနှင့် တိုးရသနည်း။’
“ဟင်း... နောက်ကျသွားပြီ ၊ လူတစ်ယောက်ကို မသတ်ပြရင် သူဌေးထန်းက ငါတို့ကို အထင်သေးနေဦးမှာ ၊ မင်းကနေပဲ စလိုက်ကြတာပေါ့”
ကံဆိုးစွာပင် မိန်းမဝိညာဉ်ကြီးက သူ့ကို လုံးဝ ဂရုမစိုက်ပေ။ သူမက ဟိန်းဟောက်လိုက်ပြီးနောက် ၊ မောက်ရှန်းမင်၏ လည်ပင်းကို ချိုးပစ်ရန် အားစိုက်လိုက်တော့သည်။ မောက်ရှန်းမင်၏ ရုပ်ဆိုးလှသော ပုံစံကြောင့်ပင် သူမက သူ့ကို အရင်ဆုံး သတ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
“ကယ်ကြပါဦး”
မောက်ရှန်းမင်က အော်ဟစ်လိုက်ပြီးနောက် ၊ ကြောက်လန့်လွန်းသဖြင့် မျက်လုံးများ ပြူးထွက်ကာ သတိလစ်သွားတော့သည်။
“ဝုန်း”
သို့သော်လည်း ထိုခဏ၌ မမြင်ရသော ထိတ်လန့်ဖွယ် စွမ်းအားတစ်ခုမှာ ထန်းမိသားစု အိမ်တော်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။ ခဏချင်းမှာပင် မိန်းမဝိညာဉ်ကြီး၏ သန်မာလှသော ဝိညာဉ်လက်သည်းများမှာ လေထုထဲ၌ပင် တန့်သွားရ၏။
ထိုအချိန်တွင် မိန်းမဝိညာဉ်ကြီး၏ မိသားစုတစ်ခုလုံး ထိတ်လန့်တုန်လှုပ် သွားကြတော့သည်။
“ဘာတွေ ဖြစ်နေတာလဲ ၊ ငါ ဘာလို့ မလှုပ်နိုင်ရတော့တာလဲ”