ကြီးမားလှသော မျက်နှာသာပေးမှု
Vol. 6 Ch. 55
“အစ်မ... အစ်မ၊ သမီး ကြောက်တယ်”
“ယွီအာ၊ သူ့ကို လွှတ်ပေးလိုက်ကြရအောင်”
မိန်းမဝိညာဉ် မိသားစုတစ်ခုလုံးမှာ တုန်တုန်ရီရီ ဖြစ်နေကြတော့သည်။ နတ်မင်းတစ်ပါးများ ကိုယ်ထင်ပြလေသလားဟု သူတို့ တွေးတောနေမိကြ၏။
“မင်းတို့က ဒီနေရာမှာ ပုန်းအောင်းနေတာ နှစ်ပေါင်း တစ်ရာရှိပြီ၊ ဘယ်သူ့ကိုမှလည်း မသတ်ခဲ့ဖူးဘူး၊ အခုမှတော့ ဒီလိုလူမျိုးအတွက်နဲ့ မင်းတို့ရဲ့ ဖြူစင်မှုကို အပျက်မခံပါနဲ့တော့”
ထိုခဏ၌ တည်ငြိမ်အေးဆေးလှသော အသံတစ်သံမှာ ကောင်းကင်ထက်ယံမှ ပဲ့တင်ထပ်လာတော့သည်။ ချက်ချင်းဆိုသလိုပင် လင်းရန်ယန် သည် အောင်းနင်ရွှမ်း ၏ လက်ကလေးကို ဆုပ်ကိုင်လျက် ကောင်းကင်ထက်မှ ဆင်းသက်လာသည်ကို မြင်တွေ့လိုက်ရသည်။
လင်းရန်ယန်က သူ၏ ညာဘက်လက်ကို ဝေ့ယမ်းလိုက်သည်။ ကြောက်လန့်လွန်းသဖြင့် မေ့လဲနေသော မောက်ရှန်းမင် မှာ သူထံသို့ ဆွဲယူခြင်း ခံလိုက်ရပြီး ၊ ထိုလူအိုကြီးကို ထန်းအိမ်တော်၏ အပြင်ဘက်သို့ ပေါ့ပေါ့ပါးပါးပင် ပစ်ထုတ်လိုက်တော့သည်။ ဤကဲ့သို့ နတ်ဘုရားတစ်ပါးကဲ့သို့ စွမ်းဆောင်နိုင်မှုကို မြင်သောအခါ မိန်းမဝိညာဉ် မိသားစုမှာ ထိတ်လန့်တုန်လှုပ်သွားကြ၏။
“နတ်မင်းကြီး၊ ကျွန်မတို့ကို အသက်ချမ်းသာပေးပါ၊ ကျွန်မတို့ မိသားစုတစ်ခုလုံး ဘယ်သူ့ကိုမှ ဒုက္ခမပေးခဲ့ဖူးပါဘူး”
“ဟုတ်ပါတယ် နတ်မင်းကြီး၊ အပြစ်ပေးချင်တယ်ဆိုရင် ကျွန်တော့်ကိုပဲ အပြစ်ပေးပါ၊ ကျွန်တော်က သူဌေးထန်းကို မကြည်လို့ သမီးကို နေ့တိုင်း သွားခြောက်ခိုင်းခဲ့တာပါ”
“အစ်မ... သမီး ကြောက်တယ်”
ဝိညာဉ်မိသားစုမှာ လင်းရန်ယန်၏ ရှေ့၌ ကန်တော့ကာ အသနားခံနေကြတော့သည်။
“ဘယ်လိုပဲ ပြောမပြနိုင်တဲ့ အခက်အခဲတွေ ရှိနေပါစေ ၊ လူကို ဒုက္ခပေးတာက ပေးတာပဲလေ။”
အောင်းနင်ရွှမ်းကမူ မျက်မှောင်ကြုတ်လျက် ဆိုလိုက်သည်။ အောင်းထျန်းလုံ ၏ သွန်သင်မှုတွင် လူကို ဒုက္ခပေးသော မည်သူမဆိုမှာ ခွင့်မလွှတ်နိုင်သော လူဆိုးများသာ ဖြစ်၏။ ဝိညာဉ် သို့မဟုတ် ဖုတ်ကောင်ပင် ဖြစ်နေပါစေ သေသင့်သည်ဟု သူမ ယူဆထားသည်။
အောင်းနင်ရွှမ်း၏ စကားကို ကြားသောအခါ မိန်းမဝိညာဉ် ယွီအာက ရှေ့သို့ တစ်လှမ်း တိုးလိုက်၏။
“ဒီသူဌေးထန်းက ကျွန်မတို့ မိသားစုရဲ့ လယ်ကွင်းတွေကို သိမ်းပိုက်ခဲ့ရုံတင်မကဘူး ၊ အိမ်ဆောက်ဖို့အတွက် ကျွန်မတို့ တစ်မိသားစုလုံးရဲ့ အုတ်ဂူတွေကိုပါ တူးပစ်ခဲ့တယ် ၊ အဲဒါကြောင့် ကျွန်မတို့ မိသားစု တစ်ခုလုံး လူပြန်ဝင်စားခွင့် မရတော့တာ၊ ကျွန်မတို့က သူတို့ကို ရံဖန်ရံခါ ခြောက်ရုံပဲ ခြောက်တာပါ ၊ ဘယ်သူ့ကိုမှ အန္တရာယ် မပြုခဲ့ပါဘူး၊ ဒါတောင် သူက တာအိုဆရာတွေကို အကြိမ်ကြိမ် ခေါ်ပြီး ကျွန်မတို့ကို သတ်ခိုင်းနေတာ ၊ ပြောပါဦး... ကျွန်မတို့က လူကို ဒုက္ခပေးနေတာလား ၊ သူကပဲ ကျွန်မတို့ကို ဒုက္ခပေးနေတာလား”
ယွီအာက ဝမ်းနည်းကြေကွဲစွာဖြင့် ပြန်လည် ချေပလိုက်တော့သည်။ ထိုစကားကို ကြားသောအခါ အောင်းနင်ရွှမ်းမှာ တွေဝေသွားရ၏။ သူမသည် လင်းရန်ယန်ကို လှမ်းကြည့်လိုက်မိတော့သည်။ ဖခင်ဖြစ်သူ၏ သွန်သင်ချက်အရဆိုလျှင် ဤဝိညာဉ်များကို သုတ်သင်ရမည် ဖြစ်သော်လည်း ၊ သူတို့၏ ဒုက္ခကို ကြားသိလိုက်ရချိန်တွင် သူမ မလုပ်လိုတော့ပေ။
“ဂိုဏ်းတူအစ်ကို အောင်းထျန်းလုံရဲ့ နည်းလမ်းတွေက တကယ့်ကို ပြင်းထန်လွန်းတယ် ၊ ဒီလောကမှာ ဝိညာဉ်ကောင်းဆိုတာ အလွန်ရှားပေမဲ့ ၊ အားလုံးကိုတော့ တစ်ပြေးညီ ဆုံးဖြတ်လို့ မရဘူးလေ ၊ တချို့က အသက်ရှင်စဉ်မှာ ဖိနှိပ်ခံခဲ့ရသလို ၊ သေပြီးတဲ့နောက်မှာလည်း ထပ်ပြီး ဖိနှိပ်ခံနေရလို့ အခုလို ပြန်တိုက်ခိုက်တာမျိုးတွေ ရှိတတ်တယ် ၊ ဒါကြောင့် ငါ့အမြင်မှာတော့ ဝိညာဉ်တစ်ခုကို သတ်၊ မသတ်ဆိုတာ အခြေအနေပေါ်မှာပဲ မူတည်တယ်”
လင်းရန်ယန်က ပြုံးလျက် ဆိုလိုက်သည်။ ဤသည်မှာ သူ အောင်းနင်ရွှမ်းကို အပြင်သို့ ခေါ်လာရသည့် အကြောင်းရင်းပင် ဖြစ်၏။ အောင်းထျန်းလုံ၏ သွန်သင်မှုမှာ အစွန်းရောက်လွန်းလှသည်။ အမှန်စင်စစ် ဝိညာဉ်များသည် နာကျည်းချက် အနည်းငယ်ကို စုပ်ယူမိသည်နှင့် ယုတ်မာသွားတတ်ကြ၏။ ယုတ်မာသွားလျှင် လူကို ဒုက္ခပေးတတ်ကြသည်။
ထို့ကြောင့် ဝိညာဉ် တစ်ရာတွင် ကိုးဆယ်မှာ လူကို အနည်းနှင့်အများ ဒုက္ခပေးဖူးကြ၏။ ကျန်ရှိသော ဆယ်ယောက်တွင် ကိုးယောက်မှာ လူသတ်ဖူးပြီး ၊ တစ်ယောက်မှာမူ လူအများအပြားကို သတ်ဖူးသူ ဖြစ်သည်။ အကယ်၍ မကောင်းမှုဖြင့်သာ တိုင်းတာမည်ဆိုလျှင် ဝိညာဉ်တိုင်းမှာ အပြစ်ပေးခံရမည် ဖြစ်သော်လည်း ၊ လူသားများရော ၊ မိမိတို့ တစ်သက်တာတွင် မည်သူ့ကိုမျှ ဒုက္ခမပေးခဲ့ဖူးပါဟု မည်သူ အာမခံနိုင်သနည်း။
ထို့ကြောင့် ခွင့်မလွှတ်နိုင်သော အပြစ်ကြီးများကို မကျူးလွန်ထားသရွေ့ ခွင့်လွှတ်ပေးနိုင်သည်ဟု လင်းရန်ယန်က ယုံကြည်ထားသည်။ လူသတ်ဖူးသော ဝိညာဉ်များပင်လျှင် သူတို့သတ်လိုက်သောသူမှာ သူတို့ကို နှိပ်စက်ညှဉ်းပန်းခဲ့သော လူယုတ်မာ ဖြစ်နေပါက ခွင့်လွှတ်ပေးနိုင်သည်။
“ဒါက တကယ်ပဲလား”
လင်းရန်ယန်၏ စကားကို ကြားပြီးနောက် အောင်းနင်ရွှမ်းမှာ စဉ်းစားခန်း ဝင်သွားတော့သည်။ ဤသည်မှာ ဖခင်ဖြစ်သူ သင်ကြားပေးခဲ့သည်နှင့် လုံးဝ ခြားနားနေသော်လည်း ၊ လင်းရန်ယန် ပြောသည်မှာ မှန်ကန်သည်ဟု သူမ ခံစားနေမိသည်။
“ကဲ... မင်းတို့ ဘယ်သူ့ကိုမှ ဒုက္ခမပေးခဲ့ဘူးဆိုပေမဲ့ ၊ လူ့လောကမှာ ဆက်နေနေတာကတော့ အမြဲတမ်းအတွက် ဖြေရှင်းချက် မဟုတ်ဘူး၊ မင်းတို့ လူပြန်ဝင်စားနိုင်အောင် ငရဲပြည်ကို ပို့ပေးမယ့်သူတစ်ယောက် ငါ ရှာပေးမယ် ၊ အကယ်၍ လူပြန်မဝင်စားချင်ရင်တောင် ငရဲပြည်မှာပဲ လွတ်လွတ်လပ်လပ် နေထိုင်လို့ ရတယ်၊ ဒီမှာ ချုပ်နှောင်ခံထားရတာထက်စာရင် အများကြီး ပိုကောင်းတာပေါ့”
လင်းရန်ယန်က ရှေ့မှ ဝိညာဉ်မိသားစုကို ကြည့်ကာ ဖြည်းညှင်းစွာ ဆိုလိုက်သည်။ သူပြောလိုက်သည်နှင့် ဝိညာဉ်များမှာ စိတ်လှုပ်ရှားသွားကြတော့သည်။ ငရဲပြည်သို့ ရောက်ရှိကာ လူပြန်ဝင်စားခွင့်ရရန်မှာ လေလွင့်ဝိညာဉ်များ အားလုံး၏ အိပ်မက်ပင် ဖြစ်သည်။ မည်သူကများ မိမိ၏ အလောင်းအနီးမှာပင် ချုပ်နှောင်ခံထားရပြီး ၊ နေ့ဘက်တွင် ပုန်းအောင်းကာ ညဘက်မှသာ ထွက်ရသည့် ဘဝကို အလိုရှိမည်နည်း။
“နတ်မင်းကြီးရဲ့ ကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး ၊ တကယ်ပဲ ကျေးဇူးတင်ပါတယ်”
“နတ်မင်းကြီးရဲ့ ကြီးမားလှတဲ့ ဂုဏ်ကျေးဇူးကို ကန်တော့ပါတယ်”
ယွီအာ၏ မိသားစုမှာ လင်းရန်ယန်၏ ရှေ့တွင် ဒူးထောက်ကာ အကြိမ်ကြိမ် ဦးတိုက်နေကြတော့သည်။
“ကဲ... ထကြတော့၊ မင်းတို့ ငရဲပြည်ကို သွားနိုင်ဖို့ တစ်ယောက်ယောက်ကို ငါ ခေါ်ပေးမယ်”
လင်းရန်ယန်က လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်၏။ ထို့နောက် သူသည် မိမိ၏ အသိစိတ်ကို အသုံးပြုကာ ကျယ်ပြောလှသော လေဟာနယ်မှတစ်ဆင့် ငရဲပြည်နှင့် တိုက်ရိုက် ဆက်သွယ်လိုက်တော့သည်။
“ပိုင်ဝူချန် ၊ ငါ့ထံကို အခုချက်ချင်း လာခဲ့စမ်း”
နောက်တစ်ခဏ၌ လင်းရန်ယန်၏ တည်ငြိမ်လှသော အသံမှာ ငရဲပြည်တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားတော့သည်။ ထိုအသံကို ပိုင်ဝူချန် တစ်ဦးတည်းသာ ကြားရသည်။
“ဝုန်း”
မကြာမီမှာပင် လင်းရန်ယန်တို့၏ အနောက်ဘက် ကောင်းကင်ယံမှ ပြင်းထန်လှသော ဟင်းလင်းပြင် တုန်ခါမှုကြီး ဖြစ်ပေါ်လာတော့သည်။ ထို့နောက် ဟင်းလင်းပြင်အတွင်းမှ အတောင်ပေါင်း တစ်သောင်းခန့် မြင့်မားလှသော နတ်ဘုရား အရိပ်မည်းကြီး တစ်ခု ထွက်ပေါ်လာ၏။ မြေပြင်ပေါ်၌ ဝပ်စင်းနေသော ဝိညာဉ်မိသားစုမှာ လင်းရန်ယန်၏ အနောက်မှ ကောင်းကင်ထိအောင် မြင့်မားလှသော ထိုအရိပ်ကြီးကို မြင်လိုက်ရသောအခါ တဆတ်ဆတ် တုန်ရီနေကြတော့သည်။
အောင်းနင်ရွှမ်းမှာမူ ကျောပေးထားသဖြင့် ထိုအရာကို မမြင်ရဘဲ ၊ ဝိညာဉ်များ ဘာကြောင့် ဤမျှ ကြောက်လန့်နေကြသနည်းဟုသာ နားမလည်နိုင် ဖြစ်နေ၏။
“ဝုန်း”
ကံကောင်းသည်မှာ ထိုအရိပ်ကြီးသည် ချက်ချင်းပင် အဖြူရောင် အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ၊ လင်းရန်ယန်၏ ရှေ့မှောက်သို့ သုံးမီတာခန့် မြင့်သော ပိန်ပါးပါး လူရိပ်အဖြစ် ဆင်းသက်လာသည်။ ထိုသူမှာ အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ၊ “တွေ့သည်နှင့် ချမ်းသာစေ” ဟူသော စာတန်းပါသော ဦးထုပ်အမြင့်ကြီးကို ဆောင်းထား၏။ လျှာကြီးမှာလည်း သွားများကြားတွင် အပြင်သို့ ထွက်နေသည်။
ထို့အပြင် သူ၏ ဘယ်ဘက်လက်တွင် ဝိညာဉ်ရိုက်တုတ်ကို ကိုင်ထားပြီး ၊ ညာဘက်လက်တွင် ဝိညာဉ်ဖမ်း သံကြိုးကို ကိုင်ဆောင်ထား၏။ ထိုသူမှာ ငရဲပြည်၏ ဝိညာဉ်ပို့ဆောင်ရေးဌာနမှ စစ်သူကြီး - ပိုင်ဝူချန်ပင် ဖြစ်သည်။
“ပိုင်ဝူချန်လား ၊ တကယ်ပဲ ပိုင်ဝူချန်ကြီးပါလား”
လင်းရန်ယန်၏ အနားတွင် ရပ်နေသော အောင်းနင်ရွှမ်းမှာ မှင်သက်သွားရ၏။ ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူထံမှ ငရဲပြည်အကြောင်း ကြားဖူးခဲ့သဖြင့် ၊ ရှေ့မှ ပိုင်ဝူချန်မှာ မော်ရှန်းဂိုဏ်း၏ ကနဦးဆရာသခင်ကြီးများပင် တွေ့ဆုံရန် အရည်အချင်း မပြည့်မီသော ငရဲပြည် နတ်မင်းကြီး ဖြစ်ကြောင်း သူမ သိရှိလိုက်သည်။ ထို့ကြောင့် ပိုင်ဝူချန်ကို မြင်လိုက်ရချိန်တွင် သူမ၏ စိတ်ထဲ၌ သံသယများဖြင့် ပြည့်နှက်သွားတော့သည်။ သို့သော် မည်သူကများ ပိုင်ဝူချန်အဖြစ် ဟန်ဆောင်ရဲမည်နည်း။
“ပိုင်ဝူချန်... အရှင်မင်းကြီးကို ဂါရဝပြုပါတယ်”
လင်းရန်ယန်ကို မြင်သောအခါ ပိုင်ဝူချန်က ပြုံးလိုက်၏။ သူသည် လင်းရန်ယန်၏ ရှေ့တွင် ရိုသေလေးစားစွာ ဒူးထောက်လျက် ဂါရဝပြုလိုက်တော့သည်။ ပိုင်ဝူချန်မှာ ပြုံးနေသည်ဆိုသော်လည်း ၊ ၎င်းမှာ သူ့ နတ်ဘုရားပုံရိပ်၏ သဘာဝ အမူအရာသာ ဖြစ်သည်။ ထိုအချိန်၌ သူ၏ စိတ်ထဲတွင် အလွန်အမင်း ထိတ်လန့်နေ၏။ ငရဲပြည်၏ အရှင်သခင်ကြီးက သူ့အား အလုပ်တစ်ခု ခိုင်းစေရန် ရှာဖွေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
ဤသည်မှာ တကယ့်ကို ကြီးမားလှသော မျက်နှာသာပေးမှုပင် ဖြစ်သည်။
“အရှင်မင်းကြီး ဟုတ်လား ၊ သူက အစ်ကို လင်းရန်ယန်ကို အဲဒီလို ခေါ်တာလား”
အောင်းနင်ရွှမ်း၏ ဦးနှောက်မှာ ခေတ္တမျှ ရပ်တန့်သွားတော့သည်။
“ဒီလူတွေကို ငရဲပြည်ကို ခေါ်သွားပေးလိုက်”
လင်းရန်ယန်က တိုက်ရိုက်ပင် အမိန့်ပေးလိုက်၏။
“ကျွန်တော်မျိုးကြီး အမိန့်တော်အတိုင်း လိုက်နာပါ့မယ် အရှင်မင်းကြီး”
ပိုင်ဝူချန်မှာ ခဏမျှ မှင်သက်သွားသော်လည်း ၊ အလျင်အမြန်ဖြင့် ရိုသေစွာ လက်ခံလိုက်တော့သည်။
“ဝုန်း”
နောက်တစ်ခဏ၌ သူသည် ကောင်းကင်အနှံ့ အဖြူရောင် မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး ၊ ဝိညာဉ်မိသားစုကို ရုတ်ချည်း ဖုံးလွှမ်းလိုက်၏။ မြူခိုးများ ပျောက်ကွယ်သွားချိန်တွင် ဝိညာဉ်မိသားစုမှာလည်း တစ်ပါတည်း ပျောက်ကွယ်သွားတော့သည်။
“သူတို့တွေ ငရဲပြည်ကို ဒီလောက် လွယ်လွယ်လေးနဲ့ ရောက်သွားတာလား”
အောင်းနင်ရွှမ်းမှာ ဆွံ့အလျက် ကျန်ရစ်ခဲ့တော့သည်။ သူမ၏ ဖခင်ဖြစ်သူက လူတစ်ယောက်ကို ငရဲပြည်သို့ ပို့ဆောင်ရန်အတွက် ၊ ယဇ်ပူဇော်မှုများစွာ ပြုလုပ်ကာ ဝိညာဉ်ပို့ဆောင်ရေးဌာနမှ ဆရာသခင်ကြီးများကို ပင့်ဖိတ်ရသည်ကို သူမ မြင်ဖူးခဲ့သည်။ ထို့နောက်တွင်လည်း ဝိညာဉ်ငွေစက္ကူ အမြောက်အမြား အကုန်အကျခံပြီးမှသာ ဝိညာဉ်ကို ငရဲပြည်သို့ ပို့ဆောင်နိုင်ခြင်း ဖြစေသည်။
ထိုလုပ်ငန်းစဉ်မှာ အချိန်ကုန် ၊ လူပင်ပန်းပြီး ငွေကုန်ကြေးကျ အလွန်များလွန်းလှသည်။