သူလျှို
Vol. 6 Ch. 56
ယခုမူ လင်းရန်ယန် သည် စကားတစ်ခွန်းမျှဖြင့်ပင် ဝိညာဉ်မိသားစုတစ်ခုလုံးကို ငရဲပြည်သို့ ပို့ဆောင်ပေးလိုက်တော့သည်။
“ဘာတွေ လျှောက်တွေးနေတာလဲ၊ ဒါက လုပ်ရိုးလုပ်စဉ်ပဲလေ၊ ကလေးမလေး ၊ အူကြောင်ကြောင် လုပ်မနေနဲ့တော့ ၊ သွားကြစို့”
လင်းရန်ယန်သည် မတတ်သာသလို ခေါင်းခါယမ်းလိုက်ပြီးနောက် ၊ လှည့်ထွက်ကာ တံခါးပြင်ပသို့ လျှောက်လှမ်းသွားတော့သည်။
“အစ်ကို လင်းရန်ယန် ၊ ညီမကို စောင့်ဦးလေ”
ထိုမြင်ကွင်းကို မြင်သောအခါ အောင်းနင်ရွှမ်း သည်လည်း အတွေးများကို ရပ်တန့်လိုက်ပြီး ၊ သူ၏နောက်သို့ အပြေးအလွှား လိုက်ပါသွားတော့သည်။ သူတို့နှစ်ဦး ထန်းအိမ်တော်ထဲမှ ထွက်လာချိန်တွင် မောင်ရှန်းမင် မှာ အစအနပင် မရှိတော့ဘဲ ထွက်ပြေးလွတ်မြောက်သွားပြီ ဖြစ်သည်။
“ထားလိုက်ပါတော့ ၊ သူ့ကို ဂရုမစိုက်နဲ့တော့ ၊ ငါတို့ ရန်မိသားစုမြို့တော် ကို အရင်သွားရအောင်”
လင်းရန်ယန်သည် အောင်းနင်ရွှမ်း၏ လက်ကလေးကို ဆုပ်ကိုင်လိုက်ပြီး ၊ မြေပြင်ကို ခြေတစ်ချက် ဆောင့်ကာ ရန်မိသားစုမြို့တော်ဆီသို့ ပျံသန်းထွက်ခွာခဲ့တော့သည်။ မကြာမီမှာပင် သူတို့နှစ်ဦးသည် ရန်မိသားစုမြို့တော်၏ ကောင်းကင်ယံသို့ ရောက်ရှိလာ၏။
အောက်ဘက်ရှိ ရင်ခွဲရုံကို လှမ်းကြည့်လိုက်ရာ လင်းရန်ယန်မှာ မျက်ခုံးတစ်ချက် ပင့်သွားမိသည်။ ရင်ခွဲရုံအတွင်းတွင် လက်နက်ကိုယ်စီ ကိုင်ဆောင်ထားသော လူအုပ်ကြီးမှာ တစ်စုံတစ်ခုကို စောင့်ကြိုနေသကဲ့သို့ အသင့်အနေအထားဖြင့် ရှိနေကြသည်။
“ကြည့်ရတာ ဂိုဏ်းတူအစ်ကိုကြီးတို့ အားလုံးက အသင့်ဖြစ်နေကြပြီ ထင်တယ်”
ထိုမြင်ကွင်းကြောင့် လင်းရန်ယန်က ပြုံးလိုက်ပြီး ၊ အနီးအနားတွင် သက်ဆင်းကာ ရင်ခွဲရုံဆီသို့ လျှောက်လှမ်းသွားတော့သည်။
“အဲဒီမှာ ရပ်လိုက်စမ်း၊ ဘယ်က လာတာလဲ”
စိမ်းသက်သော မျက်နှာများကို မြင်လိုက်ရသည်နှင့် ခြုံပုတ်များထဲမှ သန်မာသော လူငယ်သုံးဦးမှာ ရုတ်တရက် ခုန်ထွက်လာကြ၏။ တစ်ချိန်တည်းမှာပင် သူတို့၏ လက်နက်များမှာ လင်းရန်ယန်၏ လည်ပင်းသို့ အသင့် အနေအထား ရောက်ရှိလာတော့သည်။
သူတို့သည် အောင်းနင်ရွှမ်း၏ လည်ပင်းသို့ လက်နက်မချိန်ရသည့် အကြောင်းရင်းမှာ ရှင်းလင်းလှပါသည်။ ဤမျှ လှပချောမောသော မိန်းကလေးတစ်ဦးကို သူတို့ မရက်စက်နိုင်ကြသည့်အပြင် ၊ ထိုကဲ့သို့ မိန်းကလေးမျိုးမှာ တိုက်ခိုက်ရေးစွမ်းရည် ရှိမည်မဟုတ်ဟု တွေးတောမိကြသောကြောင့် ဖြစ်၏။
“ငါ့အစ်ကို လင်းရန်ယန်ကို ထိရဲတယ်ပေါ့ ၊ နင်တို့ကတော့ အသေအရိုက်ခံရတော့မယ်”
လင်းရန်ယန်၏ လည်ပင်းကို ဓားဖြင့် ချိန်ထားသည်ကို မြင်သောအခါ အောင်းနင်ရွှမ်းမှာ ချက်ချင်းပင် မကျေမနပ် ဖြစ်သွားတော့သည်။ သူမက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးနောက် ၊ လေဟာနယ်အတွင်းသို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်၏။
“ဝုန်း... ဝုန်း... ဝုန်း”
“အား”
“နာလိုက်တာ”
ချက်ချင်းပင် ထိုလူငယ်သုံးဦးမှာ အော်ဟစ်လျက် အနောက်ဘက်သို့ လွင့်စင်သွားကြတော့သည်။ အောင်းနင်ရွှမ်းသည် သူတို့၏ အရိုးအကြောများ မထိခိုက်စေရန် ထိန်းချုပ်ထားသော်လည်း ၊ နာကျင်မှုမှာမူ အလွန်အမင်း ပြင်းထန်လှသည်။
“ဘာဖြစ်တာလဲ”
“တစ်ယောက်ယောက် အတိုက်ခံလိုက်ရပြီ ၊ လာကြဦး”
“မြန်မြန်”
ဤဆူညံသံများကြောင့် ပတ်ဝန်းကျင်ရှိ ချောင်းမြောင်းနေသူများမှာ ချက်ချင်းပင် ရောက်ရှိလာကြပြီး ၊ လင်းရန်ယန်နှင့် အောင်းနင်ရွှမ်းကို ဝိုင်းရံထားလိုက်ကြတော့သည်။ လူအုပ်ကြီးက တိုက်ခိုက်ရန် ပြင်ဆင်နေချိန်မှာပင်.......
“ဒါက ဘာလုပ်နေကြတာလဲ”
ကံကောင်းစွာဖြင့် ဦးလေးကိုး ၏ တင်းမာလှသော အသံမှာ ထိုနေရာသို့ ရောက်ရှိလာတော့သည်။
“ဦးလေးကိုး လာပြီ ၊ လမ်းဖယ်ပေးလိုက်ကြ”
ကျယ်လောင်လှသော အော်ဟစ်သံနှင့်အတူ လူအုပ်ကြီးမှာ ဘေးသို့ တိုးဝှေ့ဖယ်ရှားပေးလိုက်ကြရာ ၊ ဦးလေးကိုး လျှောက်လှမ်းလာရန် လမ်းပွင့်သွားတော့သည်။
“ညီလေးလား”
လင်းရန်ယန်ကို မြင်လိုက်ရချိန်တွင် ဦးလေးကိုးမှာ မှင်သက်သွားရ၏။ ဦးလေးကိုး စကားပြောလိုက်သည်နှင့် ဘေးပတ်ဝန်းကျင်ရှိ လူအားလုံးမှာ အံ့ဩတုန်လှုပ်ကုန်ကြတော့သည်။
“ဘာ... သူက ဦးလေးကိုးရဲ့ ညီ ဖြစ်နေတာလား ၊ ဒါဆိုရင် သူက ဒဏ္ဍာရီထဲက တာအိုဆရာသခင် လင်းရန်ယန်များလား”
“ဟင်..... ငါတို့က တာအိုဆရာသခင် လင်းရန်ယန်ကို ဝိုင်းထားမိတာပဲ ၊ မတိုက်ခိုက်မိလို့ တော်သေးတာပေါ့”
“ဟုတ်ပ ၊ တကယ်လို့ တိုက်ခိုက်မိရင် ငါတို့အားလုံး သေကုန်တော့မှာပဲ”
“စကားကို ဆင်ခြင်ပြောစမ်းပါ ၊ တာအိုဆရာသခင် လင်းရန်ယန်က လူဆိုးမဟုတ်ပါဘူး ၊ အလွန်ဆုံးရှိရင် ငါတို့ကို ရက်အနည်းငယ်လောက် ကုတင်ပေါ်မှာ လှဲနေအောင်ပဲ လုပ်မှာပါ”
ဘေးပတ်ဝန်းကျင်ရှိ လူများမှာ လင်းရန်ယန်၏ အစွမ်းအစများအကြောင်း ကြားဖူးနားဝ ရှိထားကြသဖြင့် သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ချက်ချင်းပင် ခန့်မှန်းလိုက်ကြတော့သည်။
“ဟားဟား ၊ ဂိုဏ်းတူအစ်ကိုကြီး ၊ မတွေ့ရတာ ရက်နည်းနည်းပဲ ရှိသေးတယ် ၊ ကျွန်တော် ရောက်လာတာနဲ့ လူတွေနဲ့ ဝိုင်းခိုင်းလိုက်တာလား”
လင်းရန်ယန်က ဦးလေးကိုး ကို စနောက်လိုက်၏။
“ဒီကောင်စုတ်လေး ၊ မင်းက ဘာသံမှမပေးဘဲ ဘွားခနဲ ပေါ်လာတာကိုး ၊ ဒါနဲ့... မင်းက မြင်းစီးဓားပြတွေကို နှိမ်နင်းဖို့ ကူညီပေးမလို့ လာတာလား”
ဦးလေးကိုးက လင်းရန်ယန်ကို သံသယဖြင့် ကြည့်ကာ မေးလိုက်သည်။
“ဟုတ်တယ် ၊ ဂိုဏ်းက တာဝန်ပေးလို့ ရောက်လာတာပါ ၊ အချိန်လည်း ရှိနေတာနဲ့ လာခဲ့တာပေါ့ ၊ ဒါပေမဲ့ ဒီကိစ္စက ဂိုဏ်းတူအစ်ကိုကြီး တစ်ယောက်တည်းနဲ့တင် လုံလောက်နေတာကို ၊ ကျွန်တော်ကတော့ ဆုလာဘ်ကလေး လိုချင်လို့ လာတာပါ”
လင်းရန်ယန်က ပြုံးလျက် ဆိုလိုက်၏။
“ဒီကောင်လေး ၊ မင်းသာ ရောက်မလာရင် ထိခိုက်သေဆုံးမှုတွေ ရှိမှာကို ငါစိုးရိမ်နေတာ ၊ မင်းရှိနေမှတော့ အားလုံးက စိတ်ချရသွားပြီပေါ့”
ဦးလေးကိုးက ဝမ်းမြောက်ဝမ်းသာ ရယ်မောလိုက်တော့သည်။ လင်းရန်ယန်တွင် ‘သစ်သားဝိညာဉ်ခန္ဓာ’ ရှိကြောင်း သူ သိရှိထား၏။ မော်ရှန်းဂိုဏ်း၏ ခန့်မှန်းချက်အရ မြင်းစီးဓားပြများမှာ အစွမ်းမနိမ့်လှပေ။ ဦးလေးကိုးအနေဖြင့် သူတို့ကို သုတ်သင်နိုင်စွမ်း ရှိသော်လည်း ၊ ထိုတိုက်ပွဲအတွင်း သာမန်လူများစွာ သေဆုံးသွားနိုင်သည်မှာ စိုးရိမ်စရာ ဖြစ်နေသည်။ သို့သော် လင်းရန်ယန် ရှိနေပါက မည်သူမျှ အသက်ဆုံးရှုံးမည် မဟုတ်ကြောင်း သူ ယုံကြည်ထား၏။
“ဒါနဲ့... ဒီမိန်းကလေးက ဘယ်သူလဲ”
ရုတ်တရက် ဦးလေးကိုးက အနား၌ရှိနေသော အောင်းနင်ရွှမ်းကို ကြည့်ကာ မေးမြန်းလိုက်သည်။ ဤမျှ လှပသော မိန်းကလေးမှာ သူ၏ ညီနှင့် တကယ့်ကို လိုက်ဖက်လှသည်။ သို့သော် သူ၏ နှုတ်ခမ်းမှာ အနည်းငယ် တွန့်သွားမိ၏။ အဘယ်ကြောင့်ဆိုသော် မကြာသေးမီကပင် ရန်သခင်ကြီးသည် ရန်ထင်ထင် နှင့် လင်းရန်ယန်တို့အကြား စိတ်ဝင်စားမှု ရှိ ၊ မရှိကို လာရောက် စုံစမ်းနေသောကြောင့် ဖြစ်သည်။ လင်းရန်ယန် ထွက်ခွာသွားကတည်းက ရန်ထင်ထင်မှာ စားမဝင် အိပ်မပျော်ဘဲ အချစ်နာ ကျနေသည်။
“နှုတ်ဆက်ပါတယ် ဦးလေး လေး ၊ ကျွန်မက အောင်းထျန်းလုံ ရဲ့ သမီး ၊ အောင်းနင်ရွှမ်းပါ”
နင်ရွှမ်းက ပြုံးရွှင်စွာဖြင့် နှုတ်ဆက်လိုက်သည်။
“ဘာ... ဂိုဏ်းတူအစ်ကို ထျန်းလုံလား ၊ အစ်ကို ထျန်းလုံ ပြန်ရောက်နေပြီလား”
ဦးလေးကိုး၏ မျက်ဝန်းများမှာ ချက်ချင်း အရောင်တောက်သွားတော့သည်။ သူ၏ အဆင့်မှာ အောင်းထျန်းလုံထက် မြင့်မားသွားပြီ ဖြစ်သော်လည်း ၊ သူ၏ စိတ်ထဲတွင်မူ အောင်းထျန်းလုံမှာ အမြဲတမ်း သူ လေးစားရသော စ ဂိုဏ်းတူအစ်ကိုကြီးပင် ဖြစ်သည်။
“ဟုတ်ပါတယ် ၊ ဂိုဏ်းတူအစ်ကိုကြီး ထျန်းလုံက သူစောင့်ကြပ်နေတဲ့ နေရာမှာ ပြဿနာတချို့ ရှိနေလို့ ဂိုဏ်းကို အကူအညီတောင်းဖို့ ပြန်လာတာပါ ၊ နင်ရွှမ်းကလည်း အပြင်ထွက်ပြီး လျှောက်လည်ချင်တယ်ဆိုတာနဲ့ ကျွန်တော် ခေါ်လာလိုက်တာပါ”
လင်းရန်ယန်က ပြုံးလျက် ရှင်းပြလိုက်၏။
“ကောင်းတယ်... တကယ့်ကို ကောင်းတာပဲ ၊ အစ်ကိုကြီး ထျန်းလုံ နောက်ဆုံးတော့ ပြန်လာပြီပေါ့ ၊ သူ ဘာမှမဖြစ်ဘူးဆိုတာ သိရတာ တကယ့်ကို ဝမ်းသာစရာပဲ”
ဦးလေးကိုးမှာ အတိုင်းမသိ ပျော်ရွှင်နေတော့သည်။ နှစ်ပေါင်းများစွာကြာအောင် သူတို့ ညီအစ်ကိုများမှာ အောင်းထျန်းလုံအတွက် အမြဲ စိုးရိမ်ခဲ့ကြရသည်။
“မကောင်းတော့ဘူး ၊ သတင်းဆိုးပဲ ၊ ခေါင်းဆောင် ချိုးရှန်းတို့ သူလျှိုတစ်ယောက်ကို မိထားတယ်”
ထိုစဉ် လူငယ်လေးတစ်ဦးမှာ စိတ်လှုပ်ရှားစွာဖြင့် အပြေးအလွှား ရောက်ရှိလာတော့သည်။
“သူလျှို ဟုတ်လား”
ထိုစကားကို ကြားလိုက်ရချိန်တွင် ဘေးပတ်ဝန်းကျင်ရှိ လူအားလုံးမှာ ထိတ်လန့်သွားကြတော့သည်။
“ညီလေး ၊ သွားကြည့်ကြရအောင်”
ဦးလေးကိုး၏ မျက်နှာမှာ ချက်ချင်း တင်းမာသွား၏။ သူသည် လင်းရန်ယန်ကို ပြောလိုက်ပြီးနောက် ၊ မက်မွန်သားဓားကို ဆွဲယူကာ အပြင်သို့ အပြေးအလွှား ထွက်ခွာသွားတော့သည်။
“ဂိုဏ်းတူအစ်ကိုကြီး ၊ စောင့်ဦးလေ”
လင်းရန်ယန်သည်လည်း နင်ရွှမ်းကို ခေါ်ဆောင်ကာ အနောက်မှ လိုက်ပါသွား၏။ မကြာမီမှာပင် လူအုပ်ကြီးသည် ‘မူးယစ်နတ်ဗိမာန်’ ဆိုင်သို့ ရောက်ရှိလာတော့သည်။ ဆိုင်အတွင်းမှ ဆူညံနေသော အော်ဟစ်သံများကို ကြားနေရ၏။
“မင်း ဝန်မခံသေးဘူးလား ၊ ဝန်မခံရင်လည်း မင်းကို အသက်ရှင်လျက် ထားစရာ အကြောင်းမရှိတော့ဘူး ၊ ဝိန်ချိုက်... သူ့ကို ဖိထားစမ်း ၊ ငါ သူ့ကို သတ်ပစ်မယ်”
ချိုးရှန်း၏ ကျယ်လောင်လှသော အော်ဟစ်သံမှာ အပြင်သို့ ပဲ့တင်ထပ်လာတော့သည်။
“ဒုက္ခပဲ”
ဦးလေးကိုး၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွား၏။ အဘယ်ကြောင့်ဆိုသော် ထိုအခန်းအတွင်း၌ မိစ္ဆာအငွေ့အသက်များကို မခံစားရဘဲ ၊ မော်ရှန်းဂိုဏ်း၏ စွမ်းအင်အငွေ့အသက်များကိုသာ ခံစားနေရသောကြောင့် ဖြစ်သည်။ သူသည် တွေဝေမနေတော့ဘဲ တံခါးကို အားဖြင့် ကန်ဖွင့်လိုက်တော့သည်။
ချိုးရှန်းသည် နဂါးခေါင်းဓားကို ကိုင်ဆောင်ကာ ၊ ကောက်ကျစ်သော ပုံစံရှိသည့် သက်လတ်ပိုင်းအရွယ် လူတစ်ဦး၏ လည်ပင်းကို ခုတ်ချရန် ပြင်နေသည်ကို မြင်လိုက်ရ၏။ ဦးလေးကိုးသည် အချိန်ဆွဲမနေတော့ဘဲ သူ၏ မက်မွန်သားဓားကို တိုက်ရိုက်ပင် လှမ်းပစ်လိုက်တော့သည်။
“ချွမ်း”
ပြင်းထန်လှသော ထိခိုက်မိသံနှင့်အတူ ချိုးရန်း၏ လက်ထဲရှိ နဂါးခေါင်းဓားမှာ လွင့်ထွက်သွားတော့သည်။
“ဘယ်သူကများ ဒီလူယုတ်မာကို သတ်မှာကို တားရဲရတာလဲ”
ချိုးရှန်းက ဒေါသတကြီးဖြင့် ဆဲရေးလိုက်သော်လည်း ၊ ဝင်လာသူမှာ ဦးလေးကိုးဖြစ်ကြောင်း မြင်လိုက်ရချိန်တွင် ချက်ချင်းပင် ငြိမ်ကျသွားတော့သည်။
“ဆရာ... ဘာလို့ ဆရာ ဖြစ်နေရတာလဲ”
ချိုးရှန်းမှာ အရှက်တကွဲ ဖြစ်သွားရ၏။
“ဟင်း... ငါသာ မလာရင် ၊ မင်း ဒီတာအိုမိတ်ဆွေကို သတ်မိတော့မှာပဲ”