တိုက်ပွဲဝင်စိတ်ဓာတ်များ ထက်သန်လာခြင်း
Vol. 6 Ch. 57
“သူကလည်း ငါတို့ မော်ရှန်းတပည့် တစ်ယောက်ပဲကွ”
ဦးလေးကိုး က အေးစက်စွာ နှာခေါင်းရှုံ့လျက် ဆိုလိုက်သည်။
“ဘာ... သူကလည်း မော်ရှန်းတပည့် ဟုတ်လား”
ချိုးရှန်း မှာ မှင်သက်သွားရ၏။ ကြောက်လန့်လွန်းသဖြင့် ချွေးဒီးဒီးကျနေသော မောက်ရှန်းမင် ကို ကြည့်ကာ ဤလူမှာ မိမိတို့နှင့် ဂိုဏ်းတူဖြစ်သည်ဆိုသည်ကို သူ လုံးဝ မယုံကြည်နိုင်ပေ။
‘လွတ်ပြီ... လွတ်ပြီ၊ ကြောက်လွန်းလို့ သေတော့မှာပဲ’
မောက်ရှန်းမင်မှာ အသက်ကို လုကာ ရှူနေရတော့သည်။ သူသည် ဤနေရာသို့ ရောက်ရောက်ချင်းမှာပင် အမည်မသိ ကြိုးတစ်ချောင်းဖြင့် လူတစ်စု၏ ဝိုင်းဝန်းချည်နှောင်ခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။ အမှန်စင်စစ် သူသည် အနည်းဆုံး လူသားအရှင်သခင် အဆင့် (၈) ရှိသော ကျင့်ကြံသူဖြစ်ရာ၊ သာမန်လူ တစ်ဒါဇင်ခန့်က သူ့ကို ဖိထားနိုင်ရန် မဖြစ်နိုင်ပေ။ သို့သော် ထိုကြိုးနှင့် ထိလိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ခွန်အားအားလုံးမှာ ပျောက်ဆုံးသွားရ၏။ ထို့နောက်တွင် ချိုးရှန်းက ဓားမကြီးဖြင့် လည်ပင်းကို ချိန်ကာ စစ်မေးနေခြင်း ဖြစ်သည်။
လည်ပင်းကို ညှစ်ထားခြင်း ခံရသဖြင့် အသက်ရှူပင် မဝသော အခြေအနေတွင် သူ မည်သို့ စကားပြောနိုင်မည်နည်း။ အကယ်၍ ရှေ့မှ ခန့်ညားလှသော တာအိုဆရာသာ အချိန်မီ ရောက်မလာပါက၊ သူသည် အကြောင်းမဲ့ သေဆုံးသွားရတော့မည်။
“အကြောင်းစုံကို သေချာမစုံစမ်းဘဲ လူသတ်ဖို့ ပြင်ရသလား၊ ချိုးရှန်း၊ မင်း တော်တော်လေး လက်ရဲဇက်ရဲ ရှိလာတာပဲ”
ထိုစဉ် ဦးလေးကိုး၏ အနောက်ဘက်မှ လင်းရန်ယန် ၏ အသံ ထွက်ပေါ်လာတော့သည်။
“ဦးလေး လေး”
“ဦးလေး လေး၊ ဘာလို့ ဒီကို ရောက်နေတာလဲ”
လင်းရန်ယန်ကို မြင်သည်နှင့် ဝိန်ချိုက် နှင့် ချိုးရှန်းတို့မှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြ၏။
“ဘာလဲ၊ ငါ လာလို့မရဘူးလား”
လင်းရန်ယန်က ထိုလူငယ်နှစ်ဦးကို မျက်စောင်းထိုးလျက် ဆိုလိုက်သည်။
“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ကျွန်တော်တို့က ဝမ်းသာလွန်းလို့ပါ”
နှစ်ဦးသားမှာ နေရခက်စွာဖြင့် ရယ်မောလိုက်ကြတော့သည်။
“မင်းတို့ ဦးလေး လေးက မြင်းစီးဓားပြတွေကို နှိမ်နင်းဖို့ ကူညီပေးမလို့ လာတာကွ ၊ မင်းတို့ ကောင်စုတ်နှစ်ယောက်ကတော့ ဓားပြနှိမ်နင်းရေးအဖွဲ့ လုပ်နေတာလား ၊ လူသတ်သမားအဖွဲ့ လုပ်နေတာလား မသိဘူး၊ တွေ့တာနဲ့ သတ်ဖို့ပဲ ပြင်နေကြတယ် ၊ ဖယ်ကြစမ်း”
ဦးလေးကိုးကလည်း တပည့်နှစ်ဦးကို အော်ငေါက်လိုက်၏။
“ဆရာရယ်၊ ကျွန်တော်က သူ့ကို ခြောက်ရုံ ခြောက်တာပါ၊ တကယ် သတ်မလို့ မဟုတ်ပါဘူး ၊ အလွန်ဆုံးရှိရင် လက်မောင်းတစ်ဖက်လောက်ပဲ ဖြုတ်လိုက်မှာပါ”
ချိုးရှန်းက အလျင်အမြန်ပင် ဆင်ခြေပေးလိုက်သည်။ သို့သော် ထိုသို့ပြောနေစဉ်အတွင်း သူ၏ စိတ်ထဲ၌ အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရ၏။
“လက်မောင်းဖြုတ်တာလည်း မရဘူးကွ ၊ မြန်မြန် ၊ ဝိညာဉ်ချည်နှောင်ကြိုးကို အခုချက်ချင်း ဖြုတ်ပေးလိုက်စမ်း”
ဦးလေးကိုးက ထပ်မံ ဆဲဆိုလိုက်ပြန်သည်။ ထိုအခါမှ ဝိန်ချိုက်က မောက်ရှန်းမင်ကို အမြန်ပင် ကြိုးဖြည်ပေးလိုက်တော့သည်။ ဦးလေးကိုးသည် မောက်ရှန်းမင်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။
‘ဒီလူ့ဆီမှာ ဘာလို့ ဝိညာဉ်အငွေ့အသက်တွေ ကျန်နေရတာလဲ ၊ သူက လမ်းမှားလိုက်ပြီး မိစ္ဆာပညာတွေ ကျင့်နေတာများလား ၊ ဒါပေမဲ့ သူ့ကိုယ်ထဲမှာ မိစ္ဆာဓာတ်လည်း မရှိပါဘူး ။’
“အော်၊ အစ်ကို လင်းရန်ယန်၊ ဒီလူက အစောက ဝိညာဉ်မိသားစုအိမ်မှာ တွေ့ခဲ့တဲ့သူ မဟုတ်လား”
ရုတ်တရက် အောင်းနင်ရွှမ်း က မောက်ရှန်းမင်ကို မှတ်မိသွားပြီး လင်းရန်ယန်ကို တိုးတိုးလေး ကပ်ပြောလိုက်သည်။ ဤမျှ တိုက်ဆိုင်လိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။
“သူပဲပေါ့၊ သူက တော်တော်လေး ခြေမြန်လက်မြန် ရှိတာပဲ၊ ဒီကိုတောင် အရင်ရောက်နေပြီ”
လင်းရန်ယန်ကလည်း ပြုံးလျက် ဆိုလိုက်၏။
“သူက အစွမ်းမရှိပေမဲ့၊ ဝိညာဉ်တွေ မိစ္ဆာတွေကို သတ္တိရှိရှိ တိုက်ခိုက်တဲ့ စိတ်ဓာတ်ကတော့ ချီးကျူးစရာပဲနော်”
အောင်းနင်ရွှမ်းမှာ မောက်ရှန်းမင်၏ အစောပိုင်းက လှည့်ကွက်များကို မမြင်ခဲ့ရသဖြင့်၊ သူ၏အပေါ် အထင်ကြီးနေဆဲ ဖြစ်သည်။
“မင်းကတော့ သူ့ကို တကယ် အထင်ကြီးလွန်းနေပြီ”
လင်းရန်ယန်က မတတ်သာသလို ရေရွတ်လိုက်သည်။
“တာအိုမိတ်ဆွေ၊ ညဉ့်နက်သန်းခေါင်မှာ ဘာကိစ္စကြောင့် ဒီကို ရောက်နေရတာလဲ”
ထိုအချိန်တွင် ဦးလေးကိုးက မျက်မှောင်ကြုတ်ကာ စူးစမ်းစွာ မေးမြန်းလိုက်၏။ တစ်ချိန်တည်းမှာပင် သူသည် မောက်ရှန်းမင်ထံမှ သိမ်းဆည်းထားသော ပစ္စည်းများကို ချိုးရှန်း၏ လက်ထဲမှ ပြန်ယူလိုက်သည်။ သို့သော် ထီးကို ကိုင်လိုက်ချိန်တွင် ၎င်းမှာ တုန်ခါသွားပြီး ပြင်းထန်သော ဝိညာဉ်အငွေ့အသက်များ ထွက်ပေါ်လာသည်ကို ခံစားလိုက်ရ၏။
ဦးလေးကိုးသည် ဤလူမှာ ဝိညာဉ်တစ်ကောင်ကို ဖမ်းဆီးလာခြင်း ဖြစ်ကြောင်း ရုတ်ချည်း သိရှိသွားတော့သည်။ ကြည့်ရသည်မှာ သူသည် အစွမ်းအစရှိပြီး တာဝန်သိတတ်သော မော်ရှန်းတပည့်တစ်ဦး ဖြစ်ပုံရ၏။ ထို့ကြောင့် ဦးလေးကိုး၏ မျက်နှာထားမှာ သိသိသာသာ ပြေလျော့သွားတော့သည်။
“တာအိုမိတ်ဆွေတို့ကလည်း မော်ရှန်းတပည့်တွေပဲလား၊ ဒီမှာ ဘာတွေ ဖြစ်နေတာလဲ”
ဦးလေးကိုးတို့မှာလည်း မော်ရှန်းတပည့်များ ဖြစ်ကြောင်း ကြားလိုက်ရသဖြင့် မောက်ရှန်းမင်မှာ များစွာ ထူးဆန်းသည်ဟု မထင်မိပေ။ အဘယ်ကြောင့်ဆိုသော် မော်ရှန်းဂိုဏ်းသည် ငါးနှစ်လျှင် တစ်ကြိမ် တပည့်သစ် ရာပေါင်းများစွာကို လက်ခံလေ့ရှိသောကြောင့် ဖြစ်၏။ နှစ်ပေါင်း ငါးဆယ်အတွင်း တပည့်ပေါင်း ထောင်နှင့်ချီ၍ ရှိနေမည်ဖြစ်ရာ၊ လောကအနှံ့တွင် မော်ရှန်းတပည့်များ ရှိနေသည်မှာ မဆန်းပေ။
ရှေ့မှ ဦးလေးကိုးနှင့် လင်းရန်ယန်တို့မှာ မော်ရှန်းဂိုဏ်း၏ ပင်တိုင်တပည့်များ ဖြစ်ကြပြီး၊ ဘေးမှ အောင်းနင်ရွှမ်းကဲ့သို့ပင် အနာဂတ်တွင် ‘ကောင်းကင်အရှင်သခင်’ အဆင့်သို့ မုချရောက်ရှိမည့် ပါရမီရှင်များဖြစ်ကြောင်းကိုမူ သူ မသိရှိနိုင်ပေ။
“ရက်စက်ကြမ်းကြုတ်တဲ့ မြင်းစီးဓားပြတစ်အုပ်က ငါတို့ရဲ့ ရန်မိသားစုမြို့တော်ကို လာတိုက်တော့မယ်ဆိုတဲ့ သတင်းရထားတယ်၊ အဲဒါကြောင့် ဒီအချိန်မှာ မင်း ရောက်လာတာက တကယ့်ကို သံသယဖြစ်စရာပဲ”
ချိုးရှန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ယခုအချိန်ထိ သူသည် မောက်ရှန်းမင်ကို မသင်္ကာဖြစ်နေဆဲ ဖြစ်သည်။
“တာအိုမိတ်ဆွေ၊ ကူညီပေးဖို့ စိတ်ဝင်စားလား”
ဦးလေးကိုးကလည်း ပြုံးလျက် ဖိတ်ခေါ်လိုက်၏။ မောက်ရှန်းမင်မှာ အစွမ်းမရှိဟု ဆိုသော်လည်း လူသားအရှင်သခင် အဆင့် (၈) ဖြစ်သဖြင့်၊ သာမန်ရန်သူများကိုမူ သုတ်သင်နိုင်စွမ်း ရှိသည်။
“ဟင်၊ မြင်းစီးဓားပြတွေလား၊ ကူညီရမယ် ဟုတ်လား”
မောက်ရှန်းမင်မှာ ထိုစကားကို ကြားသည်နှင့် ချက်ချင်းပင် တွန့်ဆုတ်သွားတော့သည်။ ဓားပြအုပ်စုကြီးများတွင် သေနတ်များပင် ပါတတ်သည်။
ထိုအမူအရာကြောင့် ချိုးရှန်းနှင့် လူငယ်များမှာ သူ့ကို ချက်ချင်းပင် အထင်သေးသွားကြ၏။ သူ့ကို ကြည့်ရသည်မှာ တကယ့်ကို သူရဲဘောကြောင်ပုံ ပေါက်နေသောကြောင့် ဖြစ်သည်။ ဝိညာဉ်များကို တိုက်ခိုက်ဝံ့သောသူမှာ အဘယ်ကြောင့် ဤမျှ ကြောက်တတ်နေရသနည်းဟု ဦးလေးကိုးပင်လျှင် နားမလည်နိုင် ဖြစ်သွားရ၏။
မောက်ရှန်းမင်သည် ဝိညာဉ်များကို သုတ်သင်ဖူးသည်ဆိုသော်လည်း၊ ၎င်းမှာ မလွှဲသာမရှောင်သာသည့် အခြေအနေမျိုးတွင်သာ ဖြစ်သည်။ အကယ်၍ ထိပ်တိုက်ရင်ဆိုင်ရမည်ဆိုပါက၊ အားနည်းသော ဝိညာဉ်လေးတစ်ကောင်ကပင် သူ့ကို ခေါင်းမထောင်နိုင်အောင် ခြောက်လှန့်နိုင်သည်။
“သတင်းပို့ပါတယ်၊ မကောင်းတော့ဘူး၊ မြင်းစီးဓားပြတွေ တကယ် ရောက်လာပါပြီ”
ထိုစဉ် မြင်းစီးကင်းထောက်တစ်ဦးမှာ ဆိုင်ရှေ့သို့ အပြေးအလွှား ရောက်ရှိလာပြီး အော်ဟစ်လိုက်တော့သည်။
“ဘာ၊ တကယ် ရောက်လာတာလား”
ဦးလေးကိုး ခန့်မှန်းထားသည်မှာ တကယ့်ကို မှန်ကန်နေသည်။
“ငါတို့ ဘာလုပ်ကြမလဲ၊ ငါ နည်းနည်း ကြောက်လာပြီ”
“ကြောက်နေလို့ ဘာထူးမှာလဲ၊ ငါတို့သာ မကာကွယ်နိုင်ရင် ငါတို့ မိသားစုတွေ အကုန်သေကုန်မှာ”
ခဏချင်းမှာပင် ဘေးပတ်ဝန်းကျင်ရှိ လူအားလုံးမှာ ထိတ်လန့်သွားကြသော်လည်း၊ အကယ်၍ အရှုံးပေးလိုက်ပါက မိသားစုတစ်ခုလုံး အသတ်ခံရမည်ကို တွေးတောမိကြသဖြင့်၊ သူတို့၏ တိုက်ပွဲဝင်စိတ်ဓာတ်များမှာ ချက်ချင်းပင် ပြန်လည် ထက်သန်လာကြတော့သည်။
“မြင်းစီးဓားပြတွေ ဘယ်နား ရောက်နေပြီလဲ”
ဦးလေးကိုးက မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်၏။
“သူတို့တွေက ‘တောင်ပြင်’ နဲ့ ‘မြစ်ပြင်’ ကို ကျော်လာပြီးပြီ၊ မကြာခင် ‘တောတွင်းတော’ ကို ရောက်တော့မှာပါ”
ကင်းထောက်က လျင်မြန်စွာ ပြန်လည် ဖြေကြားလိုက်သည်။
“တာအိုမိတ်ဆွေ၊ မင်း မကူညီချင်လည်း ငါ မတိုက်တွန်းပါဘူး၊ ဒါပေမဲ့ မြင်းစီးဓားပြတွေက အန္တရာယ်များတယ်၊ ဒီမှာပဲ ပုန်းနေလိုက်ပါ၊ ကျန်တဲ့သူတွေ အားလုံး ငါ့နောက်က လိုက်ခဲ့ကြ”
ဦးလေးကိုးက မောက်ရှန်းမင်ကို တိုးတိုးလေး ပြောဆိုလိုက်ပြီးနောက်၊ လက်နက်ကို ဆွဲကိုင်ကာ အပြင်သို့ ပြေးထွက်သွားတော့သည်။
“သွားကြစို့၊ ကျွန်တော်တို့လည်း ကူညီရအောင်”
လင်းရန်ယန်သည်လည်း နင်ရွှမ်းကို ခေါ်ဆောင်ကာ ဦးလေးကိုး၏နောက်သို့ လိုက်ပါသွား၏။
“မင်း ဒီမှာပဲ ငြိမ်ငြိမ်လေး နေလိုက်စမ်း၊ မင်းက သံသယတရားခံ မဟုတ်တော့ဘူးဆိုပေမဲ့၊ ဒီအခန်းထဲမှာပဲ နေရမယ် ၊ အမိန့်မနာခံရင်တော့ ငါတို့ ပြန်လာတဲ့အချိန် မင်းကို သတ်ပစ်မယ်”
ချိုးရှန်းက မောက်ရှန်းမင်ကို အေးစက်စွာ သတိပေးလိုက်သည်။ ထို့နောက် သူသည် ဝိန်ချိုက်နှင့် ဓားပြနှိမ်နင်းရေးအဖွဲ့ဝင် အားလုံးကို ဦးဆောင်ကာ ဦးလေးကိုးတို့နောက်သို့ လိုက်ပါသွားတော့သည်။
တစ်ချိန်တည်းမှာပင် ရန်မိသားစုမြို့တော် ပြင်ပရှိ တောအုပ်တစ်ခု၌………..
“ဝူး”
ဖုတ်ကောင်တစ်ကောင်၏ ဟိန်းဟောက်သံမှာ တောင်တန်းတစ်ခုလုံးသို့ ပဲ့တင်ထပ်သွား၏။
“ညီမလေး၊ သင်္ချိုင်းကုန်းမှာ ဘာတွေ တွေ့ခဲ့လို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲ”
ဖုတ်ကောင်ကဲ့သို့ ပုပ်သိုးနေသော အရေပြားများ ရှိသော်လည်း၊ လွတ်လပ်စွာ လှုပ်ရှားနိုင်သော လူတစ်စုမှာ ရန်မိသားစုမြို့တော်ဆီသို့ မြင်းစီးကာ ဦးတည်လာနေကြသည်။ စကားပြောလိုက်သူမှာ မြင်းစီးဓားပြများ၏ ခေါင်းဆောင်ကြီး ဖြစ်သည်။ သူ ပြောဆိုလိုက်သော ညီမလေးမှာ တတိယခေါင်းဆောင်ဖြစ်ပြီး၊ ဓားပြများထဲတွင် တစ်ဦးတည်းသော အမျိုးသမီး ဖြစ်သကဲ့သို့ အစွမ်းအထက်ဆုံးသူလည်း ဖြစ်သည်။
“ဝူး၊ (အခုလေးတင် ဖုတ်ကောင်အငွေ့အသက်တွေ အများကြီး ရလိုက်တယ်၊ ဒီမြို့ကို ဖျက်ဆီးပြီးတာနဲ့ အဲဒီဖုတ်ကောင်တွေကို ငါတို့နဲ့အတူ တစ်ပါတည်း ခေါ်သွားရမယ်၊)”
တတိယခေါင်းဆောင်က စိတ်လှုပ်ရှားစွာဖြင့် ဆိုလိုက်သည်။ သူတို့မှာ မှော်ဆရာများ ဖြစ်ကြပြီး၊ သူတို့၏ မျိုးနွယ်စုတွင် ထူးဆန်းသော လျှို့ဝှက်နည်းစနစ်တစ်ခု ရှိသည်။ ထိုအရာမှာ မိမိ၏ ဝိညာဉ်ကို အရင်ဆုံး ထုတ်ယူပြီး၊ ခန္ဓာကိုယ်ကို ဖုတ်ကောင်အဖြစ် ပြောင်းလဲသန့်စင်ကာ၊ နောက်ဆုံးတွင် ဝိညာဉ်ကို ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် ထည့်သွင်းချုပ်နှောင်ခြင်း ဖြစ်သည်။ ဤသို့ဖြင့် သူတို့သည် လူသားတို့၏ အသိဉာဏ်ကို ပိုင်ဆိုင်နိုင်ကြသကဲ့သို့၊ ဖုတ်ကောင်တို့၏ မသေမျိုး ခန္ဓာကိုယ်ကိုလည်း ရရှိထားကြသည်။ သူတို့၏ ရည်မှန်းချက်မှာ ဤမြို့ကို ချေမှုန်းပြီးနောက် ပိုမိုမြင့်မားသော ‘ဖုတ်ကောင်ဘုရင်’ အဆင့်သို့ တက်လှမ်းရန်ပင် ဖြစ်သည်။