သွေးဝိညာဉ်ကျိန်စာ
Vol. 6 Ch. 59
“ချွမ်း”
လက်နက်နှစ်ခုမှာ မျက်တောင်တစ်ခတ်အတွင်း ပြင်းထန်စွာ ထိတွေ့သွားတော့သည်။
လူသားပေါင်းများစွာ၏ အဆီအနှစ်သွေးများဖြင့် သန့်စင်ထားသော ထိုဓားမကြီး၏ အစွမ်းမှာ တကယ့်ကို ထိတ်လန့်ဖွယ်ရာ ကောင်းလှ၏။ နှစ်ပေါင်း သုံးရာသက်တမ်းရှိသော ဦးလေးကိုး ၏ မက်မွန်သားဓားသည်ပင် ထိုဓားမကြီးနှင့် ထိမှန်ချိန်တွင် အစင်းရာလေးတစ်ခုမျှပင် မထင်ကျန်ပေ။
သာမန်ထက် ထူးကဲသော ခွန်အားကို ပိုင်ဆိုင်ထားသည့်အပြင်၊ ကျင့်ကြံမှုအဆင့်မှာလည်း မြေကမ္ဘာအရှင်သခင် အဆင့် (၆) ရှိသော ဦးလေးကိုးထက် အဆင့် နှစ်ဆင့်မျှ မြင့်မားနေသဖြင့် ခေါင်းဆောင်ကြီး၏ ရုတ်တရက် အားစိုက်ထုတ်လိုက်မှုအောက်တွင်...
ဦးလေးကိုးမှာ အနောက်ဘက်သို့ ခြေလှမ်းပေါင်းများစွာ ဆုတ်သွားရသည်။ သူ နင်းခြေလိုက်သော မြေပြင်မှာလည်း တုန်ခါသွားပြီး၊ ခြေလှမ်းတိုင်းတွင် ကြီးမားသော ကျင်းကြီးများ ဖြစ်ပေါ်ကျန်ရစ်စေ၏။ ဤမြင်ကွင်းကို မြင်လိုက်ရသော မြို့သူမြို့သားများမှာလည်း ထိတ်လန့်တကြား အော်ဟစ်လိုက်ကြတော့သည်။
“ဝူး”
ခေါင်းဆောင်ကြီးက ရက်စက်ကြမ်းကြုတ်စွာ ပြုံးလိုက်ပြီးနောက်၊ ဦးလေးကိုးထံသို့ ချက်ချင်းပင် တိုးကပ်လာကာ ဓားဖြင့် အရှိန်အဟုန်ပြင်းစွာ ခုတ်ချလိုက်တော့သည်။ ဦးလေးကိုးက လျင်မြန်စွာ ရှောင်တိမ်းလိုက်ရာ သွေးရောင်လွှမ်းနေသော ဓားမကြီးမှာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားတော့၏။
“ဝုန်း”
မြေကမ္ဘာကို တုန်ဟည်းသွားစေသော အသံကြီးနှင့်အတူ၊ သွေးရောင်အလင်းတန်းများ ပါဝင်သော ဓားဓာတ်မှာ မြေပြင်ကိုပင် အက်ကွဲသွားစေပြီး၊ ပေနှစ်ဆယ်ကျော် ရှည်လျားကာ ပေပေါင်းများစွာ နက်ရှိုင်းသော အက်ကြောင်းကြီးတစ်ခု ဖြစ်ပေါ်သွားတော့သည်။
“ရွှေရောင်လက်ဖွဲ့ မန္တန် ၊ အမိန့်အတိုင်း ဖြစ်စေသတည်း”
ဦးလေးကိုးမှာ တွေဝေမနေတော့ဘဲ သူ၏လက်ဝဲဘက်လက်ကို ချက်ချင်း ဆွဲထုတ်လိုက်ကာ၊ လက်ကွက်ပေါင်းများစွာကို လျင်မြန်စွာ ဖော်ဆောင်လိုက်ပြီးနောက် ခေါင်းဆောင်ကြီး၏ ရင်ဘတ်ဆီသို့ လက်ဝါးဖြင့် ရိုက်ထုတ်လိုက်တော့သည်။
“ဝုန်း”
ဦးလေးကိုး၏ လက်ဖဝါးမှ ထိတ်လန့်ဖွယ်ရာ ခွန်အားများ ပေါက်ကွဲထွက်ပေါ်လာ၏။ ထိုစွမ်းအင်မှာ ရွှေရောင်လက်ဝါးကြီးအဖြစ် ပြောင်းလဲသွားပြီး၊ ခေါင်းဆောင်ကြီး၏ ရင်ဘတ်သို့ တည့်တည့်မတ်မတ် ရိုက်ခတ်သွားတော့သည်။
“ဖောက်”
ခေါင်းဆောင်ကြီးမှာ ပြင်းထန်စွာ ဒဏ်ရာရသွားပြီး၊ အနက်ရောင် သွေးအန်ဖတ်ကြီးများကို အန်ထုတ်လိုက်တော့သည်။ ဦးလေးကိုးသည် ထိုအခွင့်အရေးကို လက်လွှတ်မခံဘဲ သူ၏မက်မွန်သားဓားကို ဆွဲကိုင်ကာ ရန်သူကို ထပ်မံ ဖိအားပေး တိုက်ခိုက်တော့သည်။ ဘေးပတ်ဝန်းကျင်ရှိ လူများကို မထိခိုက်စေရန်အတွက် ဦးလေးကိုးသည် ထိုဖုတ်ကောင်ကို ဝေးသထက်ဝေးရာသို့ ဆွဲထုတ်သွားရာ၊ မကြာမီမှာပင် ပေရာပေါင်းများစွာ ကွာဝေးသော နေရာသို့ ရောက်ရှိသွားကြတော့သည်။ သူတို့နှစ်ဦး တိုက်ခိုက်နေသော အရှိန်အဟုန်ကြောင့် မြေပြင်မှာပင် အနည်းငယ် တုန်ခါနေသည်။
“ဝူး ( အစ်ကိုကြီး )”
တတိယခေါင်းဆောင်မှာ ထိုမြင်ကွင်းကြောင့် မျက်နှာပျက်သွားပြီး၊ ကူညီရန်အတွက် ရှေ့သို့ ပြေးထွက်လိုက်သည်။
“ဝုန်း”
ရုတ်တရက် သူမ၏ ခြေဖဝါးအောက်မှ ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာပြီးနောက်၊ ထိတ်လန့်ဖွယ်ရာ မီးတံတိုင်းကြီးတစ်ခုက သူမ၏ လမ်းကို ပိတ်ဆို့ထားလိုက်တော့သည်။ ထိုမီးတံတိုင်းမှာ လျင်မြန်စွာ ပြန့်ကားသွားပြီး ပေပေါင်းများစွာ မြင့်မားကာ ဘက်ပေါင်းစုံ ပိတ်ဆို့ထားသော မီးလျှံထောင်ချောက်ကြီးအဖြစ် ပြောင်းလဲသွားသည်။ ပူပြင်းလှသော အပူရှိန်ကြောင့် ဘေးပတ်ဝန်းကျင်ရှိ သစ်ပင်များမှာလည်း ချက်ချင်းပင် မီးစွဲလောင်ကုန်ကြ၏။
ဤထူးခြားဆန်းပြားလှသော မြင်ကွင်းကြောင့် မြို့သူမြို့သားများမှာ မှင်သက်သွားကြသည်။ ၎င်းမှာ တကယ့်ကို အံ့ဖွယ်နိမိတ်တစ်ခု ကဲ့သို့ပင် ထူးဆန်းလှသည်။
“မင်းရဲ့ ပြိုင်ဘက်က ငါလေ၊ ဘယ်ကို ဒီလောက် အပြေးအလွှား သွားနေရတာလဲ”
မီးလျှံများ၏ အပြင်ဘက်တွင် လင်းရန်ယန် က အနည်းငယ် ပြုံးလျက် ဆိုလိုက်သည်။ စကားပြောပြီးသည်နှင့် သူသည် မြေပြင်ကို ခြေတစ်ချက် ပြင်းပြင်းထန်ထန် ဆောင့်လိုက်တော့သည်။
“ဝုန်း... ဝုန်း... ဝုန်း... ဝုန်း”
ချက်ချင်းဆိုသလိုပင် အနီးအနားရှိ အစိမ်းရောင်ဖုတ်ကောင် အဆင့်သို့ ရောက်ရှိနေသော မြင်းစီးဓားပြများ၏ ခြေဖဝါးအောက်မှ မီးတိုင်များ ရုတ်တရက် ပန်းထွက်လာပြီး၊ ၎င်းတို့ကို ဝါးမြိုလောင်ကျွမ်းစေကာ ပြာအဖြစ်သို့ ပြောင်းလဲပစ်လိုက်တော့သည်။
“နင်ရွှမ်း၊ ကျန်တဲ့ ဖုတ်ကောင်တွေကိုတော့ မင်းပဲ ကိုင်တွယ်လိုက်တော့နော်”
လင်းရန်ယန်က ဘေး၌ ရှိနေသော အောင်းနင်ရွှမ်း ကို လှမ်းပြောလိုက်သည်။
“ဟီးဟီး၊ ရတာပေါ့”
နင်ရွှမ်းက ပြုံးလိုက်ပြီးနောက်၊ မြေပြင်မှ ခုန်ထွက်ကာ ဖုတ်ကောင်များရှိရာသို့ ပြေးဝင်သွားတော့သည်။
“ဝါး၊ တကယ့်ကို လှတဲ့ မိန်းကလေးပဲနော်”
“ဟုတ်ပါရဲ့ ၊ အစောက ဦးလေး လေးက ကာထားလို့ ငါ သတိမထားမိတာ၊ ဒီမိန်းကလေးက တကယ့်ကို လှတာပဲ ၊ တောက်၊ ဦးလေး လေးကတော့ ချစ်သူရှိတာကို လျှို့ဝှက်ထားတယ်၊ ငါတို့ကများ သူ့ချစ်သူကို လုယူရဲမှာကျလို့”
အောင်းနင်ရွှမ်း၏ ရဲရင့်ဖျတ်လတ်သော ပုံစံကြောင့် ဝိန်ချိုက် နှင့် ချိုးရှန်းတို့မှာ မျက်လုံးများ ပြူးသွားကြရသည်။ တစ်ချိန်တည်းမှာပင် ဝိန်ချိုက်က လင်းရန်ယန်ကို မကျေမနပ် ရေရွတ်နေတော့သည်။
“ဟုတ်တယ်၊ ဟုတ်တယ် ၊ ဒါကြောင့်လည်း ဦးလေး လေးက ရန်မိန်းကလေးကို စိတ်မဝင်စားတာကိုး၊ သူ့မှာ ဒီလောက် လှတဲ့ ချစ်သူ ရှိနေတာပဲ၊”
ချိုးရှန်းကလည်း အမှန်တရားကို ရုတ်တရက် သိရှိသွားသကဲ့သို့ ဆိုလိုက်သည်။
“နေဦး၊ ဒါဆိုရင် ရန်မိန်းကလေးကို ငါတို့ မျှော်လင့်လို့ ရတာပေါ့ ဟုတ်လား”
ထိုစကားကို ကြားသောအခါ ဝိန်ချိုက်၏ မျက်ဝန်းများမှာ အရောင်တောက်သွားတော့သည်။
“ဘာတွေ လျှောက်တွေးနေတာလဲ၊ ဦးလေး လေးက ရန်မိန်းကလေးကို သဘောမကျဘူး ဆိုရင်တောင်၊ ရန်မိန်းကလေးက မင်းကို သဘောကျမှာ မဟုတ်ဘူးကွ။”
ကံဆိုးစွာပင် ချိုးရှန်းက ဝိန်ချိုက်၏ စိတ်ကူးယဉ်အိမ်မက်ကို ချက်ချင်းပင် ရိုက်ချိုးပစ်လိုက်သည်။
“ဝူး၊ ဝူး၊ ဝူး”
သို့သော် ထိုခဏ၌ပင် မနီးမဝေးမှ ဖုတ်ကောင်များ၏ အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။ အောင်းနင်ရွှမ်းသည် ကျန်ရှိနေသော အဖြူရောင်ဖုတ်ကောင်နှင့် အနက်ရောင်ဖုတ်ကောင်များကို ဖရဲသီး စိတ်သကဲ့သို့ အလွယ်တကူ သတ်ဖြတ်နေသည်ကို သူတို့ မြင်လိုက်ရ၏။
အောင်းထျန်းလုံ နှင့်အတူ မိစ္ဆာဆိုးများကို အမြဲတစေ တိုက်ခိုက်ခဲ့သော သူမအတွက်မူ၊ ကျင့်ကြံမှုအဆင့် တစ်ဆင့် နှစ်ဆင့် ပိုမြင့်နေစေဦးတော့၊ ဤသာမန်ဖုတ်ကောင်များမှာ သူမ၏ ပြိုင်ဘက် မဟုတ်ကြပေ။ ဤမြင်ကွင်းကြောင့် မြို့သူမြို့သားများရော၊ ချိုးရှန်းနှင့် ဝိန်ချိုက်တို့ပါ တံတွေး မြိုချလိုက်ကြရသည်၊ ဤမျှ လှပသော မိန်းကလေးမှာ ဖုတ်ကောင်များကို သတ်ဖြတ်ရာတွင် ဤမျှ ရက်စက်လိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့ကြပေ။
“ဝူး (တောက်၊ ငါတို့ ဒီကို လာမှာကို မင်းတို့ ဘယ်လို သိနေတာလဲ)”
ဤအခြေအနေတွင် မိန်းကလေး မြင်းစီးဓားပြမှာ သူမနှင့် လင်းရန်ယန်ကို ပတ်ပတ်လည် ဝိုင်းထားသော မီးတံတိုင်းကြီးကို ကြည့်ကာ၊ မိမိတို့ သေဘေးနှင့် ကြုံနေရပြီဖြစ်ကြောင်း သိရှိသွားသဖြင့် ဒေါသတကြီး ဟိန်းဟောက်လိုက်တော့သည်။
“အဲဒါထက် ငါ ပိုသိချင်တာက ၊ မင်းတို့ ဒီလို ‘အတတ်ဆိုး’ တွေကို ဘယ်သူ့ဆီက သင်လာတာလဲ ဆိုတာပဲ ၊ အကယ်၍ မင်း ပြောပြမယ်ဆိုရင် ၊ ငါ စိတ်ကြည်ပြီး မင်းကို သက်သောင့်သက်သာ သေခွင့်ပေးကောင်း ပေးမှာပါ”
လင်းရန်ယန်က ပြုံးလျက် ဆိုလိုက်၏။
“ဝူး (ဟက်၊ ငါ ပြောပြရင်တောင် မင်း နားထောင်ရဲမှာ မဟုတ်ဘူး)”
တတိယခေါင်းဆောင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“အော်... ငါ ခန့်မှန်းကြည့်မယ် ၊ ‘ဝိညာဉ်နိုးထခြင်းဂိုဏ်း’ များလား”
လင်းရန်ယန်က သူ၏ မေးစေ့ကို ပွတ်သပ်ရင်း၊ ဂိုဏ်းမှ ပေးအပ်ထားသော တာဝန်မှတ်တမ်းများအရ ဖြစ်နိုင်ခြေ အရှိဆုံး ဂိုဏ်းအမည်ကို ထုတ်ဖော် ပြောဆိုလိုက်တော့သည်။ ဟုတ်ပေသည်၊ လင်းရန်ယန်၏ စကားကို ကြားလိုက်ရချိန်တွင် တတိယခေါင်းဆောင်မှာ မျက်လုံးများ ပြူးသွားကာ၊ ထိတ်လန့်တကြားနှင့် ဒေါသတကြီး ကြည့်လိုက်တော့သည်။
ဝိညာဉ်နိုးထခြင်းဂိုဏ်းသည် လွန်ခဲ့သော ရာစုနှစ်အနည်းငယ်အတွင်းမှ စတင်ပေါ်ပေါက်လာသော ဂိုဏ်းတစ်ခု ဖြစ်သည်။ ထိုဂိုဏ်း၏ အဓိက လုပ်ဆောင်ချက်မှာ ဖုတ်ကောင်များကို သန့်စင်ခြင်း ဖြစ်၏။ ထိုနည်းစနစ်မှာ ဂိုဏ်းသားများ၏ ဝိညာဉ်များကို အသုံးပြုကာ ဖုတ်ကောင်များကို ထိန်းချုပ်ခြင်း ဖြစ်ပြီး၊ ယခု ဓားပြအုပ်စုမှာလည်း ထိုနည်းအတိုင်း ပြုလုပ်ထားခြင်း ဖြစ်သည်။ ထိုဖုတ်ကောင်များ၏ တစ်သက်တာ ရည်မှန်းချက်မှာ ဖုတ်ကောင်ဘုရင် ဖြစ်လာရန်ပင် ဖြစ်၏၊ သို့မှသာ သူတို့၏ လူသားရုပ်သွင်ကို ပြန်လည် ရရှိနိုင်မည် ဖြစ်သောကြောင့် ဖြစ်သည်။
ဝိညာဉ်နိုးထခြင်းဂိုဏ်းကို တည်ထောင်သူ ‘မသေမျိုး တာအိုဆရာ’ ကိုယ်တိုင်မှာလည်း ဖုတ်ကောင်တစ်ကောင် ဖြစ်သည်ဟု ဆိုကြသည်။ ထို့ပြင် သူ၏ အစွမ်းမှာ ကောင်းကင်အရှင်သခင် အဆင့် (၅) သို့ ရောက်ရှိနေပြီ ဖြစ်ရာ၊ ‘မဟာ ကောင်းကင်အရှင်သခင်’ အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။
“ဝူး (ငါတို့က ဝိညာဉ်နိုးထခြင်းဂိုဏ်းကဆိုတာ သိရင် ငါတို့ကို လွှတ်ပေးလိုက်စမ်း၊ မဟုတ်လို့ကတော့ ငါတို့ ဂိုဏ်းချုပ်ကြီး သိသွားရင် မင်းကို လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး ၊ ငါတို့ တစ်ယောက်ချင်းစီမှာ ‘သွေးဝိညာဉ်ကျိန်စာ’ တွေ ရှိတယ်)”
တတိယခေါင်းဆောင်က လင်းရန်ယန်ကို သတိပေးသည့်အနေဖြင့် ဟိန်းဟောက်လိုက်သည်။
“ဟေ့၊ ဟေ့၊ မင်း တစ်ခုခု မှားနေပြီထင်တယ် ၊ ငါက မော်ရှန်း တပည့်ကွ ၊ ငါတို့ ဂိုဏ်းမှာ မဟာ ကောင်းကင်အရှင်သခင် သုံးလေးယောက် ရှိတဲ့အပြင်၊ ကောင်းကင်အရှင်သခင် အထွတ်အထိပ်မှာ ရှိတဲ့ ဘိုးဘေးကြီးလည်း ရှိသေးတယ် ၊ မင်းတို့ရဲ့ အမှိုက်ပုံလို ဝိညာဉ်နိုးထခြင်းဂိုဏ်းက ငါတို့လို ပင်တိုင်တပည့်တွေကို ထိရဲမယ် ထင်နေလား ၊ မင်းရဲ့ ဂိုဏ်းချုပ်ကို အရူးလို့ ထင်နေတာလား”
လင်းရန်ယန်မှာ ထိုစကားကို ကြားသောအခါ ပြောစရာပင် မရှိတော့ပေ။ ကျောထောက်နောက်ခံချင်း ယှဉ်မည်ဆိုပါက၊ သူ၏ မော်ရှန်းဂိုဏ်းသည် ကမ္ဘာပေါ်ရှိ အကြီးကျယ်ဆုံး ဂိုဏ်းကြီး ငါးခုတွင် တစ်ခု အပါအဝင် ဖြစ်သည်။
မှန်သည်၊ သူ၏ စကားကို ကြားလိုက်ရချိန်တွင် တတိယခေါင်းဆောင်မှာ မှင်သက်သွားရ၏ ။ အမှန်တကယ်ပင် သူမ၏ ခြိမ်းခြောက်မှုမှာ သာမန်ဂိုဏ်းငယ်များအပေါ်တွင် ထိရောက်နိုင်သော်လည်း၊ သူမ ရှေ့မှလူမှာ မော်ရှန်းတပည့် ဖြစ်နေသည်။
“ကဲပါ၊ ငါ မင်းနဲ့ အချိန်ဖြုန်းမနေတော့ဘူး ၊ မင်းတို့ နောက်ကွယ်က ဂိုဏ်းကိုလည်း သိရပြီဆိုတော့၊ မင်း အခု သေလို့ရပြီ”
လင်းရန်ယန်က ပြုံးလိုက်ပြီးနောက်၊ လေဟာနယ်အတွင်း၌ သူ၏ လက်ယာဘက်လက်ကို ဆုပ်လိုက်တော့သည်။
“ဝူး”
ရုတ်တရက် ပတ်ဝန်းကျင်ရှိ မီးလျှံများအားလုံးမှာ အရှိန်အဟုန်ဖြင့် စုစည်းသွား၏။ နောက်တစ်ခဏ၌ အဆုံးမရှိသော မီးလျှံများမှာ တတိယခေါင်းဆောင်ကို ဝါးမြိုသွားတော့သည်။
“စီ”
အော်ဟစ်သံပင် မထွက်နိုင်မီမှာပင် တတိယခေါင်းဆောင်မှာ ပြာအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားတော့သည်။