ထိတ်လန့်ဖွယ်ရာ ကျင်းကြီး
Vol. 6 Ch. 60
အမှန်စင်စစ် လင်းရန်ယန် ၏ မီးလျှံများမှာ ယခုအချိန်တွင် အလွန်ပင် ပြင်းထန်လှရာ၊ သာမန် ‘အမွေးရှည်ဖုတ်ကောင်’ အဆင့်မြင့်တစ်ကောင်မျှပင် မခုခံနိုင်ပေ။
“ဝုန်း... ဝုန်း”
သို့သော် ထိုစဉ်မှာပင် မနီးမဝေးအရပ်မှ ကျယ်လောင်လှသော ပေါက်ကွဲသံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာတော့သည်။ လင်းရန်ယန်မှာ မျက်မှောင်ကြုတ်လိုက်ပြီးနောက် ထိုအသံထွက်ပေါ်ရာအရပ်သို့ အမြန်ကြည့်လိုက်၏။
ဦးလေး လေးဖြစ်သူ ဦးလေးကိုး သည် သူ၏ထံသို့ အရှိန်အဟုန်ဖြင့် လွင့်စင်လာသည်ကို မြင်လိုက်ရတော့သည်။
“ဘာဖြစ်တာလဲ”
လင်းရန်ယန်မှာ ဇဝေဇဝါဖြစ်သွားသော်လည်း၊ လွင့်စင်လာသော ဦးလေးကိုးကို အချိန်မီ ဖမ်းထိန်းလိုက်သည်။
“မကောင်းဘူး ညီလေး၊ အဲဒီဓားပြခေါင်းဆောင် ထွက်ပြေးသွားပြီ”
ဦးလေးကိုးသည် သွေးတစ်ချက် အန်ထုတ်လိုက်ပြီးနောက် စိုးရိမ်တကြီး ဆိုလိုက်၏။ ထိုအခါမှ လင်းရန်ယန်သည် ဦးလေးကိုးနှင့် ရန်သူတို့ တိုက်ခိုက်ခဲ့သော နေရာသို့ ကြည့်လိုက်ရာ၊ ထိုအရပ်၌ ယင်စွမ်းအင် များ အလိပ်လိုက် ထွက်ပေါ်နေသည်ကို တွေ့လိုက်ရသည်။ တစ်ချိန်တည်းမှာပင် မြေပြင်၌လည်း ဒုံးကျည်ဖြင့် အပစ်ခံထားရသည့်အလား ကြီးမားလှသော ကျင်းကြီးတစ်ခု ဖြစ်ပေါ်နေခဲ့သည်။
မြင်းစီးဓားပြခေါင်းဆောင်ကြီးမှာမူ ထိုပေါက်ကွဲမှုအရှိန်ကို အခွင့်ကောင်းယူကာ သွေးရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲ၍ ဝေးရာသို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။ လင်းရန်ယန်၏ နတ်ဘုရားအာရုံ ဖြင့် ထိုသူကို ချက်ချင်း ဖမ်းဆီးနိုင်သော်လည်း၊ သူသည် ထိုသို့မပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။
ဤခေါင်းဆောင်ကြီးသည် နောက်ဆုံးတွင် မည်မျှအထိ ခရီးရောက်နိုင်မည်ကို သူ စမ်းသပ်ကြည့်ချင်သည်။ ရုပ်ရှင်ထဲက အမျိုးသမီးမြင်းစီးဓားပြထက် ပို၍ စွမ်းနိုင်မည်လားဟု သူ သိချင်နေမိပ၏။
“သူက ကီလိုမီတာ အတော်များများအထိ ရောက်သွားပြီ၊ ‘သွေးလွတ်အတတ်’ ကိုတောင် သုံးသွားတာဆိုတော့ ကျွန်တော် လိုက်မမီတော့ဘူး”
လင်းရန်ယန်က မတတ်သာသည့် ပုံစံဖြင့် ဟန်ဆောင်ပြောဆိုလိုက်သည်။ ထိုစကားကို ကြားသောအခါ ဦးလေးကိုး၏ စိတ်မှာ လေးလံသွားတော့သည်။
“ငါ ပေါ့ဆမိသွားတယ် ၊ ဒီဓားပြဆီမှာ ‘ယင်ပေါက်ကွဲဗုံး’ ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး ၊ ဒီအရာရဲ့ စွမ်းအားက အဆင့်မြင့် အမွေးရှည်ဖုတ်ကောင်တစ်ကောင် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်တာနဲ့ ညီမျှတယ် ၊ ငါသာ အကာအကွယ်ဒိုင်းကို အမြန်မသုံးလိုက်ရင်၊ တကယ်အသတ်ခံလိုက်ရမှာ”
ဦးလေးကိုးသည် အားယူကာ မတ်တတ်ထရပ်လိုက်ပြီး ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော ကျင်းကြီးကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ထိုနေရာ၌ မည်သူမျှမရှိခဲ့ခြင်း ဖြစ်သည်၊ မဟုတ်ပါက ဤစွမ်းအားမှာ လူအားလုံးကို အမြစ်ပြတ်သတ်ဖြတ်ပစ်ရန် လုံလောက်လှသည်။
“ဝူး”
ထိုအချိန်တွင် လင်းရန်ယန်၏ လက်ထဲမှ ‘သစ်သားစွမ်းအင်’ များ ပွင့်လန်းလာပြီး၊ ၎င်းတို့မှာ ဦးလေးကိုး၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားကာ ဒဏ်ရာများကို ချက်ချင်းပင် သက်သာပျောက်ကင်းသွားစေတော့သည်။
“ဟင်၊ ညီလေး၊ မင်းရဲ့ ရေစွမ်းအင်က ဘာလို့ ဒီလောက်မြန်မြန် ပြန်ကောင်းသွားတာလဲ”
ဦးလေးကိုးမှာ ဒဏ်ရာများ ချက်ချင်း ပျောက်ကင်းသွားသည်ကို ခံစားလိုက်ရသဖြင့် ဇဝေဇဝါ ဖြစ်သွား၏။ သို့သော် နောက်တစ်ခဏ၌ ဘေးပတ်ဝန်းကျင်ရှိ မြက်ပင်များမှာ အရှိန်အဟုန်ဖြင့် စတင်ကြီးထွားလာသည်ကို သူ တွေ့လိုက်ရတော့သည်။
“မဟုတ်ဘူး၊ ဒါက သစ်သားစွမ်းအင်ပါ”
ဦးလေးကိုးမှာ အံ့ဩလွန်းသဖြင့် အသက်ပင် ရှူဖို့ မေ့သွားရ၏။
“ဟုတ်ပါတယ်၊ ကျွန်တော် ‘ဓာတ်ကြီးငါးပါးစွမ်းအင်’ ကို နိုးထစေနိုင်ခဲ့ပါပြီ ၊ ဒါပေမဲ့ ‘ဓာတ်ငါးပါးဝိညာဉ်ခန္ဓာ’ အဖြစ်တော့ မပေါင်းစပ်နိုင်သေးဘူး၊ မကြာခင်တော့ ဖြစ်လာမှာပါ”
ဦးလေးကိုး၏ အံ့ဩမှုကို ကြားသောအခါ လင်းရန်ယန်က မဖုံးကွယ်တော့ဘဲ ပြုံးလျက် ရှင်းပြလိုက်သည်။
“ဝုန်း”
ထိုသတင်းမှာ ဦးလေးကိုး၏ ဦးနှောက်အတွင်း၌ ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွားပြီး၊ သူသည် လင်းရန်ယန်ကို ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အမူအရာဖြင့် ကြည့်နေမိတော့သည်။
‘ဓာတ်ငါးပါးစွမ်းအင်ကို အကုန်လုံး ထိန်းချုပ်နိုင်တယ်တဲ့ ။ ဒီလင်းရန်ယန်က လူသားမှ ဟုတ်ရဲ့လား။’
“ဆရာ၊ ခုနက ဘာဖြစ်တာလဲ”
“ဆရာ လွင့်ထွက်သွားတာ တွေ့လိုက်သလိုပဲ၊ ဘာမှမဖြစ်ဘူး မဟုတ်လား”ထိုအချိန်၌ ဘေးမှ ကြည့်နေကြသော ဝိန်ချိုက် နှင့် ချိုးရှန်း တို့မှာလည်း အပြေးအလွှား ရောက်ရှိလာကြသည်။
“ငါ ဘာမှမဖြစ်ပါဘူး ၊ အော်၊ ဒါက မိစ္ဆာနှိမ်နင်းရေး အဆောင်လက်ဖွဲ့ပဲ၊ မသေသေးတဲ့ အဲဒီမြင်းစီးဓားပြကို မြန်မြန်သွားပြီး နှိမ်နင်းလိုက်ကြ”
ဦးလေးကိုးက ခေါင်းယမ်းလိုက်ပြီးနောက်၊ တစ်ခုခုကို သတိရသွားကာ မိစ္ဆာနှိမ်နင်းရေး အဆောင်လက်ဖွဲ့တစ်ခုကို ချိုးရှန်းထံသို့ အမြန်ကမ်းပေးလိုက်၏။
“ဟုတ်ကဲ့ ဆရာ”
ချိုးရှန်းမှာ တွန့်ဆုတ်မနေဘဲ ထောင်ချောက်ကျင်းရှိရာသို့ သွားကာ သတိထား၍ ဆင်းသွားတော့သည်။ အသနားစရာ အကောင်းဆုံးမှာ ဒုတိယခေါင်းဆောင်ပင် ဖြစ်သည်၊ သူသည် မည်သည့်လှုပ်ရှားမှုမျှ မလုပ်ရသေးမီမှာပင် ကျော့ကွင်းများနှင့် ငြောင့်များကြောင့် နွားသိုးအိမ်သဖွယ် အပေါက်အပြဲများ ဖြစ်နေခဲ့ပြီ။
ထို့ပြင် ထောင်ချောက်များအတွင်း၌ စုဆောင်းထားသော ခွေးသွေးအိုင်ကြီးမှာ ဒုတိယခေါင်းဆောင်၏ ကိုယ်ခန္ဓာအတွင်းရှိ ယင်စွမ်းအင်အားလုံးကို တိုက်ရိုက် ဆေးကြောပစ်လိုက်သည်။ ထို့ကြောင့် ဤအဆောင်လက်ဖွဲ့မရှိလျှင်ပင် သူသည် ချိုးရှန်းကို ရန်မပြုနိုင်ပေ။
“ဝူး၊”
တစ်စုံတစ်ဦး ချဉ်းကပ်လာသည်ကို မြင်သောအခါ ဒုတိယခေါင်းဆောင်မှာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
“ဘာတွေ အော်နေတာလဲ၊ သေခါနီးနေတာတောင် မာန်တက်နေတုန်းလား”
ချိုးရှန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် ရန်သူကို ပါးရိုက်ပစ်လိုက်တော့သည်။ သို့သော် ပါးရိုက်ပြီးနောက်တွင်မူ ချိုးရှန်း၏ လက်များ၌ ဖုတ်ကောင်၏ စေးကပ်လှသော သွေးများ ပေကျံသွားတော့သည်။
“အီ၊ ရွံစရာကြီး”
ချိုးရှန်းမှာ ချက်ချင်းပင် ရွံရှာသွားပြီး ရန်သူ၏ အဝတ်အစားများပေါ်တွင် သုတ်ပစ်လိုက်တော့သည်။ သို့သော် သုတ်လိုက်လေ ပို၍ ညစ်ပတ်လာလေ ဖြစ်နေသည်။
“တောက်၊ မင်းကတော့ကွာ၊ တစ်သက်လုံး ရေမချိုးခဲ့ဘူးလား”
ချိုးစန်းက ဒေါသတကြီး ဆဲဆိုလိုက်ပြီးနောက်၊ မိစ္ဆာနှိမ်နင်းရေး အဆောင်လက်ဖွဲ့ကို ရန်သူ၏ နဖူးပေါ်သို့ ပြင်းထန်စွာ ကပ်လိုက်တော့သည်။
“အပေါ်ကနေ ကြိုးတစ်မျှင်လောက် ချပေးကြပါဦး”
ချိုးရှန်းက အော်ဟစ်လိုက်ရာ မကြာမီ ကြိုးကျလာတော့သည်။ သူသည် ဒုတိယခေါင်းဆောင်ကို ကြိုးဖြင့် တုပ်နှောင်လိုက်ပြီးနောက်၊ မိမိကိုယ်တိုင်ရော ရန်သူကိုပါ အပေါ်သို့ ဆွဲတင်ခိုင်းလိုက်တော့သည်။
“ဆရာ၊ အကုန်ပြီးပါပြီ”
ချိုးရှန်းမှာ ကိုယ်အောက်ပိုင်း၌ ခွေးသွေးများ ပေကျံနေသော်လည်း ဝမ်းသာအားရ ပြုံးလျက် ပြေးလာသည်။
“ဟေ့၊ ဟေ့၊ အဲဒီနားမှာပဲ ရပ်လိုက်စမ်း၊ နားမကပ်နဲ့ဦး”
ဦးလေးကိုးကလည်း ရွံရှာသော အမူအရာဖြင့် သူ့ကို တားဆီးလိုက်တော့သည်။ ထိုအခါမှ ချိုးရှန်းသည် ဦးလေးကိုး အဘယ်ကြောင့် ကိုယ်တိုင်ဆင်းပြီး မဖမ်းဆီးခဲ့သနည်းဆိုသည်ကို သဘောပေါက်သွားသည်၊ ဆရာဖြစ်သူမှာ အညစ်အကြေး ပေကျံမည်ကို ကြောက်နေခြင်း ဖြစ်သည်။
“ဟုတ်တယ်၊ မင်း အရင်ဆုံး ရေဆေးလို့ရမယ့် နေရာတစ်ခုကို သွားရှာလိုက်ဦး”
လင်းရန်ယန်ကပင် အနည်းငယ် ရွံရှာသလို ဆိုလိုက်၏။
“မဟုတ်ဘူးလေ၊ ဦးလေး လေးရော ဆရာရောကတော့”
ချိုးရှန်းမှာ ပြောစရာပင် မရှိတော့ချေ။
“ချိုးရှန်း၊ မကြောက်ပါနဲ့၊ ငါကတော့ မင်း ညစ်ပတ်နေတာကို စိတ်မရှိပါဘူး”
ကံကောင်းထောက်မစွာဖြင့် ဝိန်ချိုက်သည် အူကြောင်ကြောင် ပုံစံဖြင့် လျှောက်လာသည်။
“ညီကိုကောင်းလေးပဲ”
ထိုစကားကို ကြားသောအခါ ချိုးရှန်းမှာ စိတ်လှုပ်ရှားသွားပြီး ဝိန်ချိုက်ကို တင်းကြပ်စွာ ဖက်လိုက်တော့သည်။ ဝိန်ချိုက်ကလည်း အညစ်အကြေးများကို စိတ်မရှိဘဲ ပြုံးပြနေ၏။ သို့သော် ချိုးရှန်း၏ လက်များမှာ သူ၏ နောက်ကျောတွင် ပွတ်သပ်နေသည်ကိုမူ သူ ခံစားနေရသည်။
“ဦးလေးကိုး၊ လူစာရင်း စစ်ပြီးပါပြီ ၊ ထွက်ပြေးသွားတဲ့ ဓားပြတစ်ယောက်ကလွဲရင် ကျန်တဲ့ မြင်းစီးဓားပြတွေ အကုန်လုံး သေကုန်ပါပြီ၊ စုစုပေါင်း တစ်ရာ့တစ်ဆယ့်ရှစ်ယောက်ပါ”
သန်မာသော လူငယ်တစ်ဦးက ပြေးလာပြီး ဦးလေးကိုးတို့အဖွဲ့ကို အထင်ကြီးလေးစားစွာဖြင့် ကြည့်ကာ သတင်းပို့လိုက်သည်။ ဦးလေးကိုးသည် ထိုမျှ ပြင်းထန်သော ပေါက်ကွဲမှုဒဏ်ကို ခံလိုက်ရသော်လည်း ဘာမှမဖြစ်ဘဲ ရှိနေဆဲဖြစ်သည်။
ဤပေါက်ကွဲမှုမှာ ပေနှစ်ဆယ်ကျော် နက်ပြီး ပတ်ဝန်းကျင် ပေပေါင်းများစွာအထိ ကျယ်ဝန်းသော ကျင်းကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်ကို လူတိုင်း သိကြသည်။ သာမန်လူသာဆိုလျှင် ထိုအတွင်းသို့ ကျရုံနှင့်ပင် သေဆုံးနိုင်သည်။
ထို့ပြင် လင်းရန်ယန်သည်လည်း ပေပေါင်းများစွာ မြင့်သော မီးတံတိုင်းများကို ထိန်းချုပ်နိုင်သည်ကို သူတို့ တွေ့ခဲ့ရသည်။ အစောပိုင်းက သူတို့သည် ရန်မိသားစုအိမ်မှ အစေခံများ ပြောဆိုသော ဦးလေးကိုးနှင့် လင်းရန်ယန်တို့၏ အစွမ်းကိုသာ ကြားဖူးခဲ့ခြင်း ဖြစ်သည်။ ယခုမူ ရန်မိသားစုအိမ်တော်နှင့် ရဲဌာန ပျက်စီးသွားရခြင်းမှာ သာမန်လူတို့ မလုပ်နိုင်သော အရာဖြစ်ကြောင်း သူတို့ ကိုယ်တိုင် မြင်တွေ့လိုက်ရပြီ ဖြစ်ရာ၊ စစ်တပ်၏ အမြောက်များဖြင့်ပင် ထိုသို့ မလုပ်နိုင်ဟု သူတို့ တွေးတောမိကြတော့သည်။
“ဒီမှော်ဆရာတွေက တကယ် သေသင့်တဲ့သူတွေပဲ ၊ ဒါပေမဲ့ သူတို့ရဲ့ အလောင်းတွေက အန္တရာယ်ရှိတယ်၊ အကုန်လုံးကို မီးရှို့ပစ်ကြ ၊ သတိထားနော်၊ ဒဏ်ရာမရစေနဲ့။ အကယ်၍ ဒဏ်ရာရသွားရင် ငါ့ဆီကို ချက်ချင်းလာခဲ့၊ မဟုတ်ရင် မင်းတို့လည်း ဖုတ်ကောင် ဖြစ်သွားလိမ့်မယ်”
ဦးလေးကိုးက လေးနက်စွာ ညွှန်ကြားလိုက်သည်။ ဦးလေးကိုး၏ အမိန့်ကို ရရှိသည်နှင့် ပတ်ဝန်းကျင်ရှိ လူများမှာ အလုပ်ရှုပ်သွားကြတော့သည်။
“ဆရာ၊ ဒါကိုရော ဘာလုပ်မလဲ”
ချိုးရှန်းက ဒုတိယခေါင်းဆောင်ကို ဆွဲခေါ်လာရင်း စူးစမ်းစွာ မေးမြန်းလိုက်၏။
“မြင်းစီးဓားပြတစ်ယောက် လွတ်သွားတယ်ဆိုတော့၊ သူ့ကို ပြန်မျှားခေါ်ဖို့အတွက် ဒီတစ်ယောက်ကိုပဲ သုံးရတော့မှာပေါ့ ၊ သူ ပြန်လာရင်တော့ အကောင်းဆုံးပဲ၊ မလာရင်တော့ ဒါကိုလည်း သတ်ပစ်ရမှာပဲ”
ဦးလေးကိုးက မတတ်သာသည့် ပုံစံဖြင့် သက်ပြင်းချလိုက်သည်။ ရှေ့က လာသော လှံကို ရှောင်ရလွယ်သော်လည်း အနောက်က လာသော မြားကိုမူ ကာကွယ်ရန် ခက်ခဲလှသည်။ မြေကမ္ဘာအရှင်သခင် အဆင့် (၈) ရှိသော တာအိုဆရာတစ်ဦး လွတ်သွားခြင်းမှာ၊ အမှောင်ထဲမှ ဒုက္ခပေးလာနိုင်သဖြင့် အလွန်ပင် စိုးရိမ်စရာ ကောင်းလှ၏။
“အန္တရာယ်ရှိတယ်ဆိုပေမဲ့ ဘာမှမဖြစ်နိုင်ပါဘူး ၊ သူတို့ သုံးယောက်က ညီအစ်ကိုတွေလိုပဲ၊ ထွက်ပြေးသွားတဲ့ ဓားပြက သာမန်လူတွေကို တိုက်ခိုက်ဖို့ ရဲမှာမဟုတ်ဘူး ၊ ဘာလို့လဲဆိုတော့ သူသာ တိုက်ခိုက်လိုက်ရင် ဒီဖုတ်ကောင်ပါ အသတ်ခံရနိုင်ခြေ ရှိလို့ပဲ”
လင်းရန်ယန်က အခြေအနေကို သုံးသပ်ပြလိုက်သည်။