← Chapters

အမတ မိစ္ဆာ သားရဲနှင့်တစ္ဆေ

Vol. 16 Ch. 167

အမတ မိစ္ဆာ သားရဲနှင့်တစ္ဆေ

Vol. 16 Ch. 167

ကျန်းယန် ဘားရတ်ရိုင်ဖယ်ကို ကိုင်ဆွဲကာ မိုးကြိုးပင်လယ်ထဲတွင် အသက်ရှင်ရန် ရုန်းကန်နေရသော ဝိညာဉ်အခြေတည်အဆင့်များကို တစ်ယောက်ချင်း အမှည့်ခြွေခြွေနေခဲ့သည်။

အဆောင်များနှင့်မိုးကြိုးများ၏ ရိုက်နှက်မှုကို ခံထားရသော ဝိညာဉ်အခြေတည်အဆင့်များသည် စိတ်ဝိညာဉ်စွမ်းအားကုန်ခမ်းနေရုံသာမက ဒဏ်ရာလည်း အပြင်းအထန်ရနေကြလေရာ ယခုအချိန်တွင် ရွှေအမြုတေအဆင့်တစ်ယောက်၏ တိုက်ခိုက်မှုကိုပင် ခံနိုင်တော့မည်မဟုတ်ပေ။ ထိုအခြေအနေတွင် ဘားရတ်ရိုင်ဖယ်နှင့်တွေ့လိုက်ရသောအခါ သူတို့မည်သို့ ခုခံနိုင်ကြပါတော့မည်နည်း။

“မျှော်လင့်ထားသလိုပဲ စွမ်းအားက အံ့ဖွယ်ပဲ” ချင်းရှု သူရှေ့ကမိုးကြိုးပင်လယ်ကြီးကိုကြည့်ကာ စိတ်‌ေကျနပ်နေခဲ့၏။

ကျန်းယန် လှုပ်ရှားလိုက်သည်နှင့် သူတို့က ချက်ချင်းဆိုသလို ချင်းရှုမျှော်စင်၏ တိုက်ခိုက်မှုမှ ရှောင်ရှားရန် ကျန်းယန် ဘေးသို့ပြေးကပ်ခဲ့ကြခြင်း ဖြစ်သည်။

အရမ်းမောက်မာ အရမ်း မာနကြီးနေတဲ့ကောင်တွေ မင်းတို့အခုတော့သေပြီမလား!

မကြာခင်တွင် သူတို့လည်း မိုးကြိုးပင်လယ်ထဲမှ ဖရိုဖရဲထွက်ပြေးလွတ်မြောက်လာသော ဝိညာဉ်အခြေတည်အဆင့်များကို သွားရောက် သုတ်သင်လေတော့၏။

ချင်းရှု သူတို့ဆီ ပြေးတက်လာသည်ကိုမြင်သောအခါ ရှို့ယိဘုရားကျောင်းမှ ဝိညာဉ်အခြေတည်အဆင့်တစ်ယောက် အမြန် အော်ပြောလိုက်သည်။

“ဂျူနီယာညီလေးချင်းရှု ငါတို့ကတစ်ဖက်တည်းက မဟုတ်ဘူးလား ဘာလို့မင်းကိုယ့်လူကိုယ်ပြန်သတ်နေရတာလဲ”

“ဟုတ်လား ငါခုနကကြားတာတော့ မင်းတို့ငါ့ကို သတ်ချင်နေတာမဟုတ်လား ပြီးတော့ ပုံမှန်ဆိုမင်းတို့ကငါ့ကိုအရူးလို့ခေါ်တာပါ ငါကအရူးပဲမဟုတ်လား အရူးတစ်ယောက်က ကိုယ့်လူကိုယ်ပြန်သတ်တာ သာမန်ပါပဲ” ချင်းရှု တုန့်ဆိုင်းမနေဘဲ လွတ်မြောက်လာသူများဆီ ပြေး၀င်လာခဲ့သည်။

တဖြည်းဖြည်းနှင့် မိုးကြိုးပင်လယ်ကြီးကပြိုကွဲသွားပြီး နောက်ဆုံးတွင် ထိုနေရာ၌ မီးကျွမ်းနေသော မြေပြင်ကြီးနှင့် အသက်ခပ်မျှင်းမျှင်းသာ ကျန်တော့သော ဝိညာဉ်အခြေတည်အဆင့်များသာ ကျန်ရစ်ခဲ့တော့၏။

ထိုစဉ် ကျားမိစ္ဆာ မီးကျွမ်းနေသော မြေပြင်ဆီပြေး၀င်သွားပြီး အသက်မျှင်းမျှင်းသာ ကျန်တော့သော ဝိညာဉ်အခြေတည်အဆင့်များကို အဆုံးသတ်ပေးလိုက်လေသည်။

ကျန်းယန်လည်း ဘားရတ်ရိုင်ဖယ်ကို ပြန်သိမ်းလိုက်ပြီး ညွှန်ကြားလိုက်၏။

“သူတို့ကိုယ်ပေါ်က တံဆိပ်ပြားတွေကိုယူခဲ့ ငါတို့ ခန်းမဆီသွားကြမယ်”

သူတို့အဖွဲ့အလျင်အမြန်ပင် ဝိညာဉ်အခြေတည်အဆင့် ၃၆ယောက်ထံမှ တံဆိပ်ပြားများကို သိမ်းဆည်းခဲ့ပြီး ခန်းမဆီချီတက်သွားခဲ့ကြသည်။

ကျန်းဒါဇင်နှင့်ချီအောင်မြင့်သည့် ခမ်းနားထည်ဝါလှသောခန်းမကြီးကိုမြင်သောအခါ ကျန်းယန် အံ့အားမသင့်ဘဲ မနေနိုင်ခဲ့ပေ။

ဒါပေါ့ သူအခုတကယ်သိချင်နေသည်ဟု ဤခန်းမကြီးကို သူဖွင့်လို့ ရနိုင်မရနိုင်ဆိုတာသာ ဖြစ်၏။

ဤသို့ဖြင့် သူတို့ ခန်းမ၏အဓိကတံခါးမကြီးဆီ ရောက်ရှိလာခဲ့ကြသည်။ ကျန်းပေါင်းများစွာရှည်သော တံခါးကြီးက ခပ်တင်းတင်းစေ့ပိတ်ထားခဲ့ပြီး ခန်းမကိုယ်ထည်၏နံရံများကိုတော့ အလွန်ရှေးဆန်သောအငွေ့အသက်ရနေသည့် အမည်မသိသတ္တုတစ်မျိုးဖြင့် ပြုလုပ်ထားခဲ့၏။

“ငါတို့ဒါကိုဘယ်လိုဖွင့်မှာလဲ” ချင်းရှု ကျန်းယန်ကိုကြည့်ကာ ပြောလိုက်သည်။

“တံခါးကို တိုက်ရိုက်တိုက်ခိုက်ကြမှာလား”

သူ့အမြင်တွင် ဤတံခါးကိုဖွင့်ဖို့ တစ်ခုတည်းသောနည်းလမ်းက ချင်းရှုမျှော်စင်၏စွမ်းအားဖြင့် တိုက်ခိုက်ဖို့သာ ဖြစ်၏။

ကျန်းယန် တံခါးကိုတစ်ချက်ကြည့်ပြီးနောက် ခန်းမရှေ့ရှိ ရင်ပြင်ပေါ်က အမျိုးမျိုးသော ရုပ်ထုများကို ပြန်လှည့်ကြည့်လိုက်သည်။

ထိုနေရာတွင် ရုပ်ထုများစွာရှိနေပြီး အချို့ရုပ်ထုများက လူပုံလိုလိုဘာလိုလို မပြတ်မသားရှိ၍ အချို့ကလည်း ဖရိုဖရဲဖြစ်နေကာ ကိုးရိုးကားရားနိုင်သောအသွင်များရှိနေသောကြောင့် ထိုရုပ်ထုများ၏ သရုပ်ကိုခွဲခြားဖို့ မဖြစ်နိုင်ခဲ့ပေ။

ထို့အပြင် ထိုရုပ်ထုများ၏အရွယ်အစားကလည်း မတူညီကြပေ။

ခန်းမနှင့်နီးလာလေလေ ရုပ်ထုများ၏ အရွယ်အစားက ပိုကြီးလာလေလေပင်။

ခန်းမတံခါးမကြီးရှေ့က ရုပ်ထုကြီးလေးခုဆိုလျှင် ၄ ၅ ကျန်းလောက်မြင့်မားပြီး အတော်လေး ခြိမ်းခြောက်နိုင်စွမ်းရှိသော မြင်ကွင်းမျိုးဖြစ်၏။

အတန်ကြာ အကဲခတ်ပြီးသောအခါ ကျန်းယန် ဂိတ်တံခါးနှင့်အနီးဆုံး ရုပ်ထုကြီး လေးခုနားသို့ လျှောက်သွားလိုက်သည်။

မိစ္ဆာများပြောခဲ့ပုံအရ ခန်းမထဲကို ၀င်ဖို့က အမတ မိစ္ဆာ သားရဲ တစ္ဆေ မျိုးနွယ်စုလေးခုထဲမှ ၃ခုထက်မနည်းသော မျိုးနွယ်စုအရေအတွက်လို၏။ ထိုမှသာ ခန်းမထဲ၀င်ခွင့်ကို ရရှိနိုင်ပေလိမ့်မည်။

ဤရုပ်ထုကြီးလေးခုက ထိုမျိုးနွယ်စု လေးခုကိုကိုယ်စားပြုသော ရုပ်ထုများ ဖြစ်နိုင်ပါသလော။

သေချာအကဲခတ်ပြီးသည့်နောက် သူလူပုံသဏ္ဍာန်ရုပ်ထုကြီးဆီလျှောက်သွားလိုက်ပြီး စစ်ထူမင်ယွဲ့ကို ပြောလိုက်သည်။

“မကြာခင်မှာ ဒီရုပ်ထုကိုနင်တာ၀န်ယူရမယ်”

ဤလူပုံသဏ္ဍာန်ရုပ်ထုသည် အမတကိုကိုယ်စားပြုခြင်းဖြစ်နိုင်သောကြောင့် ထိုအရာကို စစ်ထူမင်ယွဲ့ တာ၀န်ယူ၍ ရနိုင်ပေသည်။

ထို့နောက် သူအတောင်ပံကြီးနှစ်ဖက်ပါသော ရုပ်ထုကြီးဆီသွားလိုက်ပြီး ကျားမိစ္ဆာကို ပြောလိုက်၏။

“ဒီတစ်ခုကို မင်းတာ၀န်ယူရမယ်”

ထိုအရာက သားရဲကိုကိုယ်စားပြုသောရုပ်ထု ဖြစ်နိုင်ပေသည်။

သို့သော်လည်း လက်ကျန်နှစ်ရုပ်ကိုတော့ ဘယ်အရာက မိစ္ဆာလဲ ဘယ်အရာက တစ္ဆေလဲဆိုတာ ကျန်းယန် ကွဲကွဲပြားပြားမသိတော့ပေ။

နှစ်ရုပ်လုံးက အလွန်ကြမ်းကြုတ်ပုံပေါ်ပြီး အတော်လေးထူးဆန်းကာ ကိုးရိုးကားရားလည်း နိုင်လှ၏။

သူမိစ္ဆာသန္ဓေသားထံမှ ရရှိလာသော သတင်းအချက်အလက်များကို ပြန်စစ်ဆေးကြည့်သော်လည်း ထိုထဲတွင် ရုပ်ထုကြီးများအကြောင်း မပါခဲ့ပေ။

ထိုမိစ္ဆာများလည်း ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ရေကန်ထဲ မ၀င်ဖူးသည်မှာ ရှင်းနေခဲ့ချေပြီ။ မဟုတ်လျှင် သူတို့ပေးသောအချက်အလက်များထဲ၌ ဤကိစ္စနှင့်ပတ်သက်ပြီး သတိပေးချက်အချို့တော့ ရှိနေနိုင်သေးသည်။

ကျန်းယန် အတန်ကြာအောင် တွေးတောပြီးနောက် တစ်ရုပ်ချင်းစီ စမ်းသပ်ကြည့်ဖို့သာ ဆုံးဖြတ်လိုက်၏။

“ချင်းရှု ဘေးမှာသေချာရပ်ကြည့်နေ တကယ်လို့ တစ်ခုခုမှားသွားရင် င့ါကိုရုပ်ထုရှေ့ကနေ ချက်ချင်း အမြန်ဆွဲထုတ်ရမယ် ငါ့လုံခြုံရေးကို မင်းလက်ထဲထည့်ထားလိုက်ပြီ သေချာအာရုံစိုက်ထားနော်” ကျန်းယန် ချင်းရှုကိုကြည့်ကာ ပြောလိုက်သည်။

ချင်းရှု ခက်ခက်ခဲခဲတံတွေးမြိုချလိုက်ပြီး လေးလေးနက်နက်ခေါင်းညိတ်ပြလိုက်၏။

“စိတ်မပူပါနဲ့”

သူ့အာရံုကို ကျန်းယန်ဆီတွင်သာစိုက်ထားလိုက်ပြီး တစ်ခုခုမှားသွားသည်နှင့် ချက်ချင်းဆွဲထုတ်ဖို့ ပြင်ထားလိုက်သည်။

ကျန်းယန် ရုပ်ထုများထဲမှ တစ်ခုဆီသို့ လျှောက်သွားလိုက်ပြီး ထိုအရုပ်ထဲစိတ်ဝိညာဉ်စွမ်းအားထည့်သွင်းလိုက်၏။ သို့သော်လည်း ရုပ်ထုက ဘာတုန့်ပြန်မှုမှ ရှိမလာခဲ့ပေ။

မိစ္ဆာစွမ်းအားဖြင့် မိစ္ဆာပုလဲလုံးဖွဲ့တည်လိုက်ပြီး ရုပ်ထုအနီးသို့ ပိုကပ်သွားလိုက်သော်လည်း ရုပ်ထုကဘာတုန့်ပြန်မှုမှ ရှိမလာသေးပေ။

ထို့နောက် ရိုးရှင်းစွာပင် ရုပ်ထုပေါ်သူ့သွေးတစ်စက်ချကြည့်လိုက်သော်လည်း ရုပ်ထုက မတုန်မလှုပ်ပင်။

ကျန်းယန် နောက်ရုပ်ထုတစ်ခုဆီသွားကာ ခုနကနည်းလမ်းများအတိုင်းပင် စမ်းသပ်လိုက်ပြန်သည်။

ထိုအခိုက်တွင်တော့ ရုပ်ထုမှ ကျောချမ်းစရာကောင်းသော ခပ်ဖျော့ဖျော့အလင်းတစ်ခုစတင်ထွက်ပေါ်လာခဲ့၏။

ချင်းရှု ထိုအခြေအနေကိုမြင်သည်နှင့် ချက်ချင်းဆိုသလို ကျန်းယန်ကိုလှမ်းဆွဲ၍ ခပ်လှမ်းလှမ်းဆီသို့ ပစ်ချလိုက်လေသည်။

ကျန်းယန် နောက်လွင့်သွားပြီး ဆွံ့အသွားခဲ့၏။

“ငါအဲ့ဒီရုပ်ထုရှေ့မှာ ရပ်တောင်မနေတော့တာကို ဘာလို့လွှင့်ပစ်လိုက်တာလဲဟ ကြည့်ရတာ ဒီနည်းလမ်းကအလုပ်ဖြစ်ပုံပဲ အားလုံးပဲ ငါလုပ်သလိုလိုက်လုပ်ကြ အရင်ဆုံး စိတ်ဝိညာဉ်စွမ်းအင်ထည့်ပြီးစမ်း ပြီးရင် သွေးတစ်စက်ပါချ”

စစ်ထူမင်ယွဲ့လည်း ကျန်းယန် လုပ်သလို လိုက်လုပ်လိုက်သည်။ ကျားမိစ္ဆာကတော့ ပိုပြီးရင် ဒဲ့တိုးဆန်နေသေး၏။ စိတ်ဝိညာဉ်စွမ်းအင်ထည့်ပြီးနောက် သူ့ခြေဖဝါးကို သွေးထွက်အောင်လုပ်လိုက်ကာ ရုပ်ထုပေါ်သို့ သွေးပေနေသော ခြေဖဝါးတင်ပြီး များပြားလှသော သွေးပမာဏများ ရုပ်ထုထဲ လောင်းထည့်နေခဲ့သည်။

အချိန်တခဏအတွင်းမှာပင် ကျားမိစ္ဆာရှေ့က ရုပ်ထုမှ ကျောချမ်းစရာကောင်းသော ခပ်မှိန်မှိန်အလင်းတောက်လာခဲ့၏။

သို့သော် စစ်ထူမင်ယွဲ့ရှေ့က ရုပ်ထုကတော့ အချိန်အတန်ကြာသည်အထိ ဘာတုန့်ပြန်မှုမှ ရှိမလာသေးပေ။

ကျန်းယန် မျက်မှောင်ကြုံ့သွားခဲ့သည်။ ထိုရုပ်ထုက အမတရုပ်ထုမဟုတ်တာ ဖြစ်နိုင်ပါသလော။

ကျန်းယန် ကျားမိစ္ဆာရှေ့မှ ရုပ်ထုနှင့် စစ်ထူမင်ယွဲ့ရှေ့ကရုပ်ထုကို တစ်လှည့်စီ ကြည့်ပြီးနောက် နောက်ဆုံးတွင် အဖြစ်အပျက်ကို နားလည်သွားခဲ့သည်။

ရုပ်ထုမတုန့်ပြန်ရခြင်းမှာ စစ်ထူမင်ယွဲ့၏ စွမ်းအားမလုံလောက်မှုကြောင့်ဖြစ်နိုင်သလို သူထည့်သွင်းသော သွေးပမာဏမလုံလောက်မှုကြောင့်လည်း ဖြစ်နိုင်၏။

“မင်ယွဲ့သွေးများများထပ်ထည့်…ချင်းရှု မင်းရောရုပ်ထု‌ထဲကို စိတ်ဝိညာဉ်စွမ်းအင် ထည့်ပေးလိုက်”

သူ့အမြင်တွင် ထိုနှစ်ချက်ကလွဲပြီး ရုပ်ထုကိုအသက်မ၀င်စေသောအခြားအကြောင်းရင်း ရှိတော့ပုံမရပေ။

စစ်ထူမင်ယွဲ့နှင့်ချင်းရှုတို့ ရုပ်ထုထဲသို့ များပြားလှသော သွေးပမာဏနှင့်စိတ်ဝိညာဉ်စွမ်းအားများ ထည့်သွင်းပြီးသောအခါ နောက်ဆုံးတွင် ရုပ်ထုမှ အလင်းရောင်တစ်ချက်တောက်လာခဲ့၏။

ရုပ်ထုသုံးခုလုံးမှ တစ္ဆေအလင်းလို ခပ်မှိန်မှိန်အလင်းများ ထွက်ပေါ်လာပြီဖြစ်ပါသော်လည်း ခန်းမတံခါးကတော့ ပွင့်မလာသေးပေ။

သွေးနှင့်စိတ်ဝိညာဉ်စွမ်းအင်ပမာဏ အများအပြားဆုံးရှုံးလိုက်ရသောကြောင့် အားနည်းနေသော ချင်းရှု ကျန်းယန်ကိုလှည့်ကြည့်သည်။ ထို့နောက် စိတ်ဝိညာဉ်စွမ်းအင်ဖြည့်တင်းဆေး ထုတ်သောက်လိုက်ပြီး မေးလိုက်၏။

“ဆိုတော့ ငါတို့ဘယ်လို၀င်ကြမှာလဲ”

ယခုဖြစ်ရပ်က အဝောာ်လေးထူးဆန်းသည်ဟု သူခံစားနေခဲ့ရသည်။ လွန်ခဲ့သော နှစ်သုံးထောင်လုံးလုံး ဘယ်သူမှ ထိုရုပ်ထုများပေါ်သွေးစက်ချ၍ မစမ်းကြည့်ဖူးတာ မဟုတ်ပေ။

သို့သော် သွေးဖြင့်စမ်းကြည့်ဖူးဟူ မည်သူမှ ရုပ်ထုအားလုံးမှ အလင်းရောင်ထွက်လာအောင် မလုပ်နိုင်ခဲ့ဖူးပေ။

ကျန်းယန်ကတော့ ထိုအရုပ်သုံးရုပ်ကို အသက်၀င်အောင် လုပ်နိုင်ခဲ့၏။ အကြောင်းပြချက်က ဘာဖြစ်နိုင်ပါသနည်း။

“လေးခုမြောက်ရုပ်ထုကိုလည်း အသက်၀င်အောင် လုပ်ရမှာများလား” စစ်ထူမင်ယွဲ့ စိတ်ဝိညာဉ်စွမ်းအင်ဖြည့်တင်းဆေး ထုတ်သောက်ပြီး ပြောလိုက်၏။

ကျန်းယန်လည်း ပဟေဠိဖြစ်သွားခဲ့သည်။ မိစ္ဆာများပြောစကားအရတော့ အမတ မိစ္ဆာ သားရဲ တစ္ဆေများထဲမှ မျိုးနွယ်စုသုံးခုနှင့်အထက်ကို စုဆောင်းနိုင်သည်နှင့် ဂိတ်တံခါးကိုဖွင့်လို့ရပြီဟု ဆိုထားခဲ့၏။

အခု သူတို့ ထိုမျိုးနွယ်စုများအားလုံးကို စုစည်းပြီးဖြစ်ပါသော်လည်း….

“သွေးထပ်ထည့်ကြတာပေါ့ ငါတို့စွမ်းအားက မလုံလောက်သေးတာ ဖြစ်နိုင်တယ်” ကျန်းယန် အံကိုကြိတ်ကာ ပြောလိုက်သည်။ သူတို့တွင်အခြားရွေးစရာလည်းမရှိတော့သောကြောင့် ဒဏ်ရာကိုချဲ့ကာ ရုပ်ထုထဲ သွေးများထပ်မံထည့်သွင်းလေတော့၏။

စစ်ထူမင်ယွဲ့လည်း ကျန်းယန်ကိုကြည့်ကာ သူမလက်ဖဝါးက ဒဏ်ရာကို ထပ်ချဲ့ပြီး သွေးများ ထပ်လောင်းထည့်လိုက်သည်။

ကျားမိစ္ဆာလည်း နာကျင်မှုကိုတောင့်ခံကာ ခြေဖဝါးကိုထပ်ကိုက်လိုက်ပြီး သွေးများထပ်ထည့်လိုက်ပြန်၏။

ထိုမြင်ကွင်းကိုမြင်သောအခါ ချင်းရှုလည်း အကူအညီမဲ့စွာဖြင့် သူ့လက်ဖဝါးကို ထပ်ဖြတ်လိုက်ရပြန်သည်။

ဤနည်းလမ်းဖြင့် အလုပ်မဖြစ်ခဲ့လျှင်တော့ သူတို့တွင်အခြားရွေးချယ်စရာ ဘာမှထပ်ရှိတော့မည် မဟုတ်ပေ။

ထိုစဉ် ရုတ်တရက်ဆိုသလို နဂိုက ခပ်မှိန်မှိန်သာလင်းနေသော ရုပ်ထုများမှ အလင်းရောင်က ပိုပိုတောက်လာပြီး တောက်ပသော အလင်းရောင်များ စတင်ထွက်ပေါ်လာခဲ့၏။

ထို့နောက် အလင်းရောင်က ကျန်းယန်တို့အားလုံးကို လွှမ်းခြုံသွားခဲ့လေသည်။

ရုတ်ချည်းဆိုသလို ထိုအလင်းရောင်များမှ စက်လုံးပုံအလင်းလုံးတစ်ခုဖွဲ့တည်လာခဲ့ပြီး အလင်းလုံးက ကျန်းယန်တို့ကို သူ့ထဲသို့ဆွဲသွင်းလိုက်ပြီးနောက် အစအနမကျန်အောင် ပျောက်ကွယ်သွားခဲ့၏။

All Chapters