ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ခန်းမ
Vol. 16 Ch. 168
ကျန်းယန် သူ့အမြင်အာရုံ လုံး၀မှောင်မည်းသွားသလို ခံစားလိုက်ရပြီး သူ့ကိုယ်သူမထိန်းချုပ်လိုက်နိုင်ဘဲ အမည်မသိနေရာတစ်ခုထဲသို့ ဆွဲခေါ်သွားခံလိုက်ရသည်။ သူ့ပတ်၀န်းကျင်ကို တစ်ဖန်ပြန်မြင်လိုက်ရသောအခါ သူ့ပတ်ပတ်လည်တွင် မိစ္ဆာချီများဖြင့် ပြည့်နေသည်ကို တွေ့လိုက်ရ၏။
ဤနေရာရှိ မိစ္ဆာချီများက အဇူရာမဟာတိမ်၀င်္ကပါထဲက မိစ္ဆာချီများထက် အဆပေါင်းများစွာပို၍ သန့်စင်ပေသည်။
ထိုအခိုက်တွင် မိစ္ဆာချီများသည် သူစုပ်မယူဘဲနှင့်တောင် သူ့ကိုယ်ထဲသို့ အလိုလိုစီး၀င်နေခဲ့ကြ၏။
“ငါ့ကိုယ်က အလိုလိုစုပ်ယူနေမိတာလား…”
ကျန်းယန် တီးတိုးရေရွတ်လိုက်မိသည်။ ယခုအဖြစ်အပျက်များအရ မိစ္ဆာများသည် သူ့ကိုလိမ်နေပုံ မပေါ်တော့ပေ။
သူသည် အမှန်တကယ်ပင် မိစ္တာတစ်ကောင်ဖြစ်ပုံရပေသည်။
အနည်းဆုံးတော့ သူ့ခန္ဓာကိုယ်က မိစ္ဆာတစ်ကောင်၏ခန္ဓာကိုယ်ဖြစ်နိုင်၏။
သူ့ပတ်ပတ်လည်သို့ လှည့်ကြည့်လိုက်သောအခါ စစ်ထူမင်ယွဲ့ ချင်းရှုနှင့် ကျားမိစ္ဆာတို့ကို မတွေ့ခဲ့ရပေ။
ဤနေရာသည် မိစ္ဆာများအတွက် သီးသန့်နေရာဖြစ်ပုံရ၏။
ဆိုတော့ ငါကတယ်ပဲမိစ္ဆာတစ်ကောင်ပါလား…
သူ့နှလုံးသားထဲ ပူပန်မှုများလည်း ကြီးစိုးလာခဲ့သည်။ အကယ်၍ သူမိစ္ဆာဖြစ်မှန်းသာ အဇူရာတိမ်ဂိုဏ်းကအကြီးအကဲတွေ သိရှိသွားခဲ့လျှင် ပြဿနာက သေးနေမှာတော့ မဟုတ်ပေ။
သူတို့သည် မိစ္ဆာများကို နက်နက်ရှိုင်းရှိုင်း မုန်းတီးနေကြသူများ ဖြစ်၏။
တခဏကြာအောင် ငေးငိုင်နေပြီးနောက်တွင် ကျန်းယန် မိစ္ဆာစွမ်းအင်များကို စတင်စုပ်ယူလေတော့သည်။
ဤနေရာကို ရောက်နေပြီဆိုမှတော့ ဤနေရာနှင့်လိုက်လျောညီထွေဖြစ်အောင် နေဖို့ကလွဲ သူ့မှာရွေးစရာရှိတော့မည် မဟုတ်ပေ။
သူစုပ်ယူလိုက်သောအခါ သန့်စင်သော မိစ္ဆာစွမ်းအင်ချီမျှင်များက သူ့ဒျန်တျန်နှင့်ရွှေအမြုတေထဲသို့ အဆက်မပြတ် စီး၀င်လာခဲ့ကြ၏။
သူ့ရွှေအမြုတေသည် စွမ်းအားကြီးသောအရာတစ်ခုခုကို စုပ်ယူလိုက်ရသလို သိသာထင်ရှားသော ပြောင်းလဲမှုများကို ပြသလာခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်တွင် မိစ္ဆာသန္ဓေသားတစ်ခုအဖြစ် ပြောင်းလဲသွားတော့မလို ထူးဆန်းသောပြောင်းလဲမှုများ ဖြစ်ပေါ်လာတာကို ကျန်းယန် သတိထားမိသွားခဲ့၏။
ထိုအခြေအနေကို သတိထားမိသောအခါ ကျန်းယန်ပိုပြီး စိတ်ရှုပ်လာခဲ့သည်။
ဤသို့သာဆိုလျှင် သူသည် မိစ္ဆာတစ်ကောင်ဖြစ်မှန်း ဖုံးကွယ်ထား၍ ရတော့မည် မဟုတ်ပေ။
အဆုံးမဲ့သော မိစ္ဆာချီများကို စုပ်ယူနေရင်း ထိုချီများမှတစ်ဆင့် သူ့စိတ်ထဲသို့ များပြားလှသော မှတ်ဉာဏ်များ၀င်ရောက်လာမှန်းလည်း သူသိရှိသွားခဲ့၏။ ထိုမှတ်ဉာဏ်များသည် မိစ္ဆာသိုင်းများ ကျင့်စဉ်များပါရှိသော မှတ်ဉာဏ်များ ဖြစ်ကြသည်။
ထိုမိစ္ဆာသိုင်းများက ကြောက်စရာကောင်းလှပြီး စိတ်ကူးလို့မရနိုင်လောက်အောင် ဆန်းကြယ်ပြီး နက်နဲနေခဲ့၏။
ကျန်းယန် သက်ပြင်းတစ်ချက် လေးလေးပင်ပင် ချလိုက်မိသည်။ ယခုအခါ သူ့တွင်မိစ္ဆာချီများရှိနေပြီဖြစ်သလို မိစ္ဆာကျင့်စဉ်များလည်း ရှိနေပြီ ဖြစ်လေရာ ဤအခြေအနေတွင် သူမိစ္ဆာတစ်ကောင်ဖြစ်မလာဖို့ဘယ်လိုမှ တားဆီး၍ရတော့မည် မဟုတ်ပေ။
အချိန်အတန်ကြာသွားပြီး သူ့ကိုယ်ထဲ မိစ္ဆာစွမ်းအင်များ အလိုလို၀င်မလာတော့မှ ကျန်းယန် မိစ္ဆာစွမ်းအင်များ စုပ်ယူနေခြင်းကို ရပ်တန့်လိုက်၏။
ထိုအခိုက်တွင် သူ့ရွှေအမြုတေက ပိုကြီးလာသော်လည်း ဝိညာဉ်အခြေတည်အဆင့်သို့ ချိုးဖြတ်မည့် အရိပ်အယောင်တော့ ပြမလာသေးပေ။
ရွှေအမြုတေအတွင်းပိုင်းထဲသို့ သေချာကြည့်ရှုလိုက်သောအခါ သူပြောင်းလဲမှုတစ်ခုကို ရှာတွေ့သွားခဲ့သည်။
ယခုအခါ ရွှေအမြုတေထဲတွင် ကျောချမ်းစရာ ဆိုးယုတ်သည့်အရှိန်အဝါတစ်ခု ရှိနေခဲ့ချေပြီ။
သူခန့်မှန်းတာသာမမှားလျှင် ထိုအရာက မိစ္ဆာအရှိန်အဝါသာ ဖြစ်ရချေမည်။
သူသည် ဤဘ၀တွင် မိစ္ဆာတစ်ကောင်ဖြစ်လာဖို့ ကံကြမ္မာ၏ သတ်မှတ်ထားခြင်းကို ခံထားရပြီးသား လူပေလော။
သူ့မျက်ခုံးများ တွန့်ကွေးသွားပြီး ဝိညာဉ်အခြေတည်အဆင့်ကိုချိုးဖြတ်ဖို့ ကြိုးစားကြည့်လိုက်သော်လည်း အရာမထင်ခဲ့ပေ။ သူ့ရွှေအမြုတေက မာခဲနေဆဲဖြစ်ပြီး အက်ကွဲတော့မည့် အရိပ်အယောင် နည်းနည်းကလေးမှ ရှိမနေသေးပေ။
သူသက်ပြင်းချလိုက်ပြီးနောက် မိစ္ဆာသိုင်းများကို အာရုံခံကာ ထိုနက်နဲလှသောမိစ္ဆာသိုင်းများကိုသုံး၍ ခန်းမထဲတွင်ပြည့်နေသော မိစ္ဆာချီများကို လက်ယမ်း၍ ဖယ်ထုတ်လိုက်၏။
ထိုအခါ မိစ္ဆာစွမ်းအင်များ ပြန့်ကျဲသွားပြီး နောက်သို့ပြန်ဆုတ်သွားခဲ့ကြသည်။
ထိုအခါမှသာ သူသည် ရေကန်တစ်ကန်ထဲတွင်ရပ်နေခြင်းဖြစ်မှန်း ကျန်းယန် သိရှိသွားခဲ့၏။
သိပ်သည်းလှသော မိစ္ဆာစွမ်းအင်များက ရေများလို ရေကန်ထဲတွင်ပြည့်နှက်နေခဲ့ခြင်း ဖြစ်သည်။
သူစုပ်ယူမနေတာတောင် မိစ္ဆာစွမ်းအင်များက သူ့ကိုယ်ထဲဘာလို့ အလိုလို၀င်နေရသလဲဆိုသော အကြောင်းပြချက်ကိုလည်း ကျန်းယန် သိရှိသွားခဲ့၏။ ထိုစွမ်းအင်များသည် ရေများလိုဖြစ်နေခဲ့ခြင်းဖြစ်ပြီး သူကတော့ ထိုရေကန်အလယ်တွင် ရပ်နေခဲ့မိသောကြောင့် စွမ်းအင်များက သူ့ကိုယ်ထဲအလိုလို၀င်နေခဲ့ကြခြင်း ဖြစ်သည်။
ကြီးမားလှသော မိစ္ဆာရေကန်ကြီးထဲမှ ပျံတက်သွားခဲ့ပြီးနောက် ကျန်းယန် မိစ္ဆာခန်းမကြီးတစ်ခုလုံးကို ကြည့်ရှုစစ်ဆေးလိုက်၏။ ဤခန်းမသည် အာကာသနေရာလွတ်တစ်ခုဖြစ်ပုံရပြီး အပြင်ကမြင်ရသည်ထက် အများကြီး ပိုကြီးသောနေရာကြီးတစ်ခု ဖြစ်သည်။
အပေါ်မော့ကြည့်လိုက်သောအခါတွင်မူ မျက်နှာကျက်ကိုမမြင်ရဘဲ မှောင်မည်းနေသော အမှောင်ထုကြီးကိုသာ မြင်တွေ့ရ၏။
ခန်းမ၏အကျယ်မှာ ဘယ်မှညာသို့ မီတာ ၇၀၀ ၈၀၀ လောက်ရှိပြီး ကြမ်းပြင်ကိုတော့ ခပ်မှိန်မှိန်အလင်းရောင်များထွက်နေသော အမည်မသိအရာများဖြင့် ခင်းကျင်းထားခဲ့သည်။
ကျန်းယန်ကိုပဟေဠိဖြစ်သွားစေသောအရာမှာ ဤခန်းမသည် တစ်ယောက်ယောက်နေသွားခဲ့ဖူးသောနေရာနှင့် တူနေခြင်း ဖြစ်၏။
အတန်ကြာတွေးတောပြီးသောအခါမှ သူအနည်းငယ် နားလည်လာခဲ့ရသည်။
ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ခန်းမကြီး ဘာကြောင့်တည်ရှိနေရသလဲ သူမသိသော်လည်း ထိုကဲ့သို့သော အရာမျိုးက သဘာ၀အတိုင်းဖြစ်တည်လာတာတော့ မဖြစ်နိုင်ပေ။
ဤနေရာက လူလုပ်နေရာတစ်ခုဖြစ်မှတော့ ခန်းမထဲတွင် သက်ရှိများနေသွားဖူးမှာ သေချာ၏။
ရေကန်မှထွက်ခွာလာခဲ့ပြီးနောက် ကျန်းယန် ခန်းမ၏နံရံဆီလျှောက်လာခဲ့ကာ နံရံကိုထိကြည့်လိုက်ရာ ကျောက်တုံးတစ်တုံးကို ထိလိုက်ရသလို အေးစက်စက်ခံစားချက် ရလိုက်လေသည်။
ထို့နောက် ရတနာဓားတစ်လက်ကိုထုတ်၍ သုတေသနလုပ်ရန်အတွက် နံရံအပိုင်းအစတစ်ခုလောက်များ ရနိုင်မလား သိချင်သောကြောင့် ဖြတ်ယူဖို့ကြိုးစားလိုက်ရာ သူ့ရတနာဓားသည် အစိတ်စိတ်အမွှာမွှာ ကျိုးသွားခဲ့ရ၏။
ကျန်းယန် နံရံကို တုန်လှုပ်စွာ စိုက်ကြည့်နေခဲ့သည်။ တကယ်၍ သူသာ ဤနံရံကိုဖြတ်ယူသွားနိုင်ခဲ့လျှင် ထိုအရာက အသင့်လုပ်ပြီးသား ရတနာတစ်ခုဖြစ်လာနိုင်မည် မဟုတ်ပါလော။
ကံဆိုးစွာဖြင့် ထိုအရာကိုဘယ်လက်နက်နဲ့မှ ဖြတ်ယူ၍ ရမည့်ပုံမပေါ်ပေ။
နံရံကိုထားခဲ့ပြီးနောက် ကျန်းယန် အနီးရှိ စင်တစ်ခုအနားလျှောက်သွားလိုက်ရာ စင်ပေါ်တွင် ခင်းကျင်းထားသည့် ပစ္စည်းများကို တွေ့လိုက်ရ၏။
ထိုပစ္စည်းများမှာ သာမန်ပစ္စည်းများသာဖြစ်ပြီး ယပ်တောင်ဝိုင်းများ အိမ်အလှဆင်ပစ္စည်းများကဲ့သို့သော အရာများသာ ဖြစ်ကြသည်။
သူထိုပစ္စည်းများကိုတစ်ခုချင်းစီယူ၍ သေချာစစ်ဆေးလိုက်ရာ ထိုအရာများက လုံး၀သာမန်ပစ္စည်းများဖြစ်မှန်း သေချာနေ၍ သူပဟေဠိဖြစ်သွားခဲ့ရ၏။
ဤနေရာတွင် နေထိုင်ခဲ့သောတည်ရှိမှုလို အဆင့်မျိုးတွင် သူ့ကိုယ်သူအေးအောင်လုပ်ဖို့ ယပ်တောင်လိုပစ္စည်းမျိုး လိုပါမည်လော။
ထို့နောက် သူရိုးရှင်းစွာပင် အလှဆင်ကျောက်စိမ်းပြားတစ်ပြားကိုယူ၍ မြေပေါ် ပစ်ချလိုက်လေသည်။
ဤနေရာရှိပစ္စည်းများက သာမန်ပစ္စည်းများသာဖြစ်မည်ဟု သူမယုံကြည်ပေ။
ခရက်!
ကျောက်စိမ်းပြားက ကွဲကြေသွားခဲ့ပြီး အပိုင်းအစများက ကြမ်းပြင်ပေါ်တွင် နေရာအနှံ့ပြန်ကျဲသွားခဲ့၏။
သို့သော်လည်း ဆက်ဖြစ်လာသော အဖြစ်အပျက်ကြောင့် ကျန်းယန် ငေးကြောင်သွားခဲ့ရသည်။
သူလွှင့်ပစ်လုိက်ေသာေကြာင့် ကွဲကြေသွားသော ကျောက်စိမ်းပြားသည် အချိန်ပြောင်းပြန်စီးသွားသလိုပင် အလိုလို ပြန်ကောင်းသွားခဲ့ပြီး စင်ပေါ် အလိုလိုပင် ပြန်ရောက်သွားခဲ့၏။
ဒါက…
ကျန်းယန် နောက်ထပ်ကျောက်စိမ်းပြားတစ်ပြားကို ပစ်ချလိုက်ပြန်သည်။ ထိုအခါတွင်လည်း ကျောက်စိမ်းက အလိုလိုပြန်ကောင်းသွားပြီး စင်ပေါ်သို့ ပျံသန်းသွားခဲ့ပြန်၏။
သူဆွံ့အသွားခဲ့သည်။
ထို့နောက်တွင်တော့ စင်ပေါ်ကပစ္စည်းတိုင်းကို ဖျက်ဆီးကြည့်လေတော့၏။
သူဘယ်လိုပဲဖျက်ဆီးဆီး နောက်ဆုံးတွင် ထိုပစ္စည်းများက အကောင်းအတိုင်း ပြန်ပြန်ဖြစ်သွားနေခဲ့သည်။
ကျန်းယန် ၇ကြိမ်၈ကြိမ်လောက် ဖျက်ဆီးပြီးသောအခါတွင်တော့ နားကွဲလုမတတ် အသံကြီးတစ်သံထွက်ပေါ်လာခဲ့၏။ ကောင်းကင်ပေါ်မှ မိုးကြိုးတစ်စင်းကျဆင်းလာပြီး ကျန်းယန်ခေါင်းပေါ် တည့်တည့်ကျသွားသောကြောင့် သူလွင့်ထွက်သွားခဲ့ရသည်။
မိုးကြိုးက စွမ်းအားတော့သိပ်မကြီးလှသော်လည်း ဤအရာကသတိပေးချက်တစ်ခုဖြစ်တာ ထင်ရှားလှ၏။
ထိုသတိပေးချက်က စင်ပေါ်ကပစ္စည်းတိုင်းကို လျှောက်ဖျက်ဆီးနေသော ကလေးတစ်ယောက်ကို မိဘတစ်ယောက်က သတိပေးဆုံးမသော သတိပေးချက်မျိုးပင်။
ထိုအခါမှ ကျန်းယန် အူကြောင်ကြောင်ပြုံးပြလိုက်ပြီး စင်ပေါ်က သာမန်ပစ္စည်းများနှင့်တူသော ပစ္စည်းများကို စင်ပေါ်သို့ နေရာတကျ ပြန်ထားပေးလိုက်လေသည်။
ဤနေရာသည် ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ခန်းမ ဖြစ်ပေသည်။ ဤနေရာတွင် ရတနာတစ်ခုခု၏ စိတ်ဝိညာဉ်လိုမျိုး အစောင့်တစ်ယောက်ယောက် ရှိနေမနေကို ဘယ်သူမှ မသိနိုင်ပေ။
ထိုကိစ္စအပြီးတွင်တော့ ကျန်းယန် အတော်လေးဆင်ဆင်ခြင်ခြင် နေထိုင်ခဲ့၏။
ထို့နောက် ကျန်းယန် စင်ရှိရာနေရာမှ ထွက်ခွာလာခဲ့ပြီး ခန်းမ၏မြောက်ဘက်ရှိ အလွန်ကြီးမားသောစားပွဲတစ်လုံးနှင့် ကုလားထိုင်တစ်လုံးရှိရာ နေရာသို့ ရောက်ရှိလာခဲ့သည်။
ကျန်းယန်ကုလားထိုင်ပေါ်တွင် ၀င်ထိုင်လိုက်ပြီး စားပွဲပေါ်ကိုတစ်ချက်ကြည့်လိုက်ရာ စားပွဲပေါ်တွင် စုတ်တံများစွာရှိနေတာကို တွေ့လိုက်ရ၏။ သို့သော် ထိုပေါ်တွင် စာရွက်တော့တစ်ရွက်မှ ရှိမနေပေ။
ပိုအရေးကြီးသောအချက်မှာ စုတ်တံများကလည်း သာမန်ပစ္စည်းများသာဖြစ်နေခြင်း ဖြစ်သည်။
ယခုအချိန်ထိ မည်သည့်ရတနာမှမရသေးသောကြောင့် ကျန်းယန် စားပွဲပေါ်က စုတ်တံတစ်ချောင်းကိုယူလိုက်ကာ စားပွဲပေါ်တွင်ပင် သူ့မကျေနပ်ချက်ကို ချရေးလိုက်၏။
“ဒီနေရာမှာ ဘာအကျိုးအမြတ်မှချန်မထားခဲ့တာကြီးကတော့ များလွန်းပါတယ်ဗျာ!”
စာတစ်ကြောင်း စားပွဲပေါ်တွင် ပေါ်လာခဲ့သည်။
ဤနေရာရှိ ဘယ်အရာကိုပဲသွားဖျက်ဆီးဆီး ထိုအရာက နဂိုအတိုင်းသာ ပြန်ဖြစ်သွားသော်လည်း သူစားပွဲပေါ်တွင် ရေးလိုက်သောစာကတော့ ပျက်မသွားခဲ့ပေ။ ထို့ကြောင့် ကျန်းယန် ကြောင်သွားခဲ့ပြီး ထိုစာကို ဖျက်မပစ်ဖို့ ဆုံးဖြတ်လိုက်၏။
ဤနေရာကို မဖွင့်တာ နှစ်သုံးထောင်ကြာသွားပြီဖြစ်သောကြောင့် အထဲတွင် များပြားလွန်းသောရတနာများရှိနေလိမ့်မည်ဟု သူထင်ထားခဲ့မိသော်လည်း သန့်စင်သောမိစ္ဆာစွမ်းအားနှင့် မိစ္ဆာသိုင်းများကလွဲပြီး ဤနေရာမှ သူဘာရတနာမှ မရရှိခဲ့သေးပေ။
သူဟိုဟိုဒီဒီလျှောက်သွားကြည့်ခဲ့သော်လည်း ဘာရတနာကိုမှ မတွေ့ခဲ့ရပေ။
ထိုအရာက အတော်လေး အဓိပ္ပာယ်မဲ့လွန်းလှသည်။
နောက်ဆုံးတွင် ကျန်းယန် စားပွဲပေါ်၌ နောက်တစ်ကြောင်းရေးလိုက်ပြန်၏။
“ကျန်းယန် ဒီနေရာကိုရောက်လာခဲ့ပြီး စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ရတယ်!”
ထို့နောက် အပေါ်တွင် မျက်နှာကျက်တစ်ခုခုများ ရှိနေမလားသိချင်၍ သူအပေါ်သို့ ပျံတက်သွားကြည့်လိုက်သည်။
သို့သော် မျက်နှာကျက်ကအတော်လေးမြင့်သောနေရာတွင် ရှိနေဟန်ရပြီး သူဘယ်လောက်ကြိုးစားပျံတက်တက် ထိုနေရာသို့ မရောက်နိုင်ခဲ့ပေ။
ထို့အပြင် သူပျံတက်ရင်း အမြင့်သို့ရောက်လာလေလေ အတားအဆီးကပိုအားကောင်းလာလေလေဖြစ်ပြီး အားကောင်းသောအတားအဆီးတစ်ခုက သူဆက်တက်လို့မရအောင် တားဆီးထားခဲ့၏။
တစ်ချိန်တည်းမှာပင် အဝေးကြီးမှလာဟန်ရပြီး သဲသဲကွဲကွဲမကြားရသော မှိန်ပျပျ တစ္ဆေအသံမျိုးကိုလည်း သူကြားခဲ့ရသည်။
ကျန်းယန် သတိအနေအထားသို့ ပြောင်းလဲသွားခဲ့၏။ သူချက်ချင်းဆိုသလို မြေပြင်ပေါ် ပြန်ဆင်းသွားခဲ့ပြီး မျက်နှာကျက်ကို မမှိတ်မသုန် စိုက်ကြည့်နေခဲ့သည်။
ထိုနေရာတွင် ပုန်းအောင်းနေတာတစ်ခုခု ရှိနေပါသလော။