ဆရာကြီးတွေတောင် မာကျောက်ကစားတယ်လား
Vol. 16 Ch. 169
ကျန်းယန် မျက်နှာကျက်ကို မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်နေခဲ့သည်။ ထိုနေရာတွင် ပုန်းအောင်းနေသောတစ်ယောက်ယောက် ရှိနေခြင်းပေလော။
သူနောက်တစ်ကြိမ် မျက်နှာကျက်ဆီသို့ သတိအပြည့်ဖြင့် ထပ်မံပျံတက်သွားလိုက်ပြန်၏။ ဤတစ်ကြိမ်တွင်တော့ ခုနကကြားခဲ့ရသောအသံကို သေချာနားထောင်၍ တစ်ခုခုရှာတွေ့ဖို့ မျှော်လင့်နေခဲ့သည်။
သို့သော် သူဘယ်လောက်ကြိုးစားစား အသံကို သေချာမကြားခဲ့ရပေ။
ထိုအရာက ညတုန်းက အိပ်မက်ထဲတွင် တစ်ယောက်ယောက်က ကိုယ့်ကိုစကားများစွာပြောခဲ့သော်လည်း မနက်နိုးသောအခါတွင် ကိုယ်က ဘာစကားကိုမှ ပြန်မမှတ်မိသည်နှင့် အလားသဏ္ဍာန်တူပေသည်။
“အဲ့တာက မိစ္ဆာနတ်ဘုရားတစ်ပါးရဲ့ တီးတိုးရေရွတ်သံများလား” ကျန်းယန် မျက်မှောင်ကြုံ့နေခဲ့၏။
သူရရှိထားသော မိစ္ဆာသိုင်းများထဲတွင် အလွန်ကြောက်စရာကောင်းသော စွမ်းအားရှိသည့် မိစ္ဆာနတ်ဘုရားတီးတိုးရေရွတ်သံ ဟူသော သိုင်းတစ်မျိုး ပါရှိပေသည်။
သူမည်းမှောင်နေသော မျက်နှာကျက်ကို ကြည့်နေရင်း ထိုနေရာတွင် ဘာတွေဖြစ်နေသလဲ တွေးနေခဲ့မိ၏။
အကြိမ်ပေါင်းများစွာ ပျံတက်ဖို့ကြိုးစားပြီးနောက်တွင်တော့ နောက်ဆုံးတွင် ကျန်းယန် လက်လျှော့လိုက်ရသည်။
သူအသံကို ရှင်းရှင်းလင်းလင်းမကြားနိုင်သလို မျက်နှာကျက်ဆီသို့လည်း မရောက်နိုင်လေရာ ထပ်ကြိုးစားလည်း ဘာမှထူးနေတော့မည်မဟုတ်ပေ။
ထို့နောက် သူစစ်ထူမင်ယွဲ့နှင့်အခြားသူများကိုရှာဖွေရန် ခန်းမ၏ထွက်ပေါက်ကို စတင်ရှာဖွေခဲ့၏။
သူတံခါးမကြီးဆီရောက်သောအခါ သူဘယ်လိုလုပ်လုပ် ထိုတံခါးကြီးကပွင့်မလာနိုင်မှန်း သိရှိသွားခဲ့ရပြန်သည်။
ကျန်းယန် အားကုန်သုံးကာတွန်းသော်လည်း တံခါးက ရွေ့ပင်မသွားခဲ့ပေ။
“သေစမ်းကွာ မင်းငါ့သိုင်းကျမ်းလေးနည်းနည်းပဲပေးတာက အဆင်ပြေသေးတယ် တံခါးကိုဖွင့်မပေးတာကတော့ များလွန်းပါတယ်” ကျန်းယန် ဒေါသတကြီး တံခါးဆီသို့ မှော်သိုင်းတစ်ကွက် ပစ်လွှတ်လိုက်လေသည်။
တံခါးကရွေ့မသွားသလို တံခါးပေါ်တွင်လည်း ခြစ်ရာပင် ထင်မသွားခဲ့ပေ။
“ပွင့်စမ်း စောက်တံခါးပွင့်စမ်းကွာ!”
ကျန်းယန် သိသမျှမှော်သိုင်းမျိုးစုံသုံး၍ တံခါးကိုဖွင့်နေခဲ့သည်။ သူစိတ်ဝိညာဉ်စွမ်းအားကိုစုစည်း၍ ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်ကို သတ်ဖြတ်ဖို့လုံလောက်သည့် စွမ်းအားပမာဏဖြင့် ပစ်သော်လည်း တံခါးက လုံး၀ကိုလှုပ်မလာခဲ့ပေ။
အမတသိုင်းများက အလုပ်မဖြစ်သောကြောင့် သူခုနကမှရရှိထားသော မိစ္ဆာသိုင်းများဖြင့် စမ်းကြည့်ခဲ့ပြန်၏။
သူ့ရွှေအမြုတေထဲက စွမ်းအားများကို အပြည့်အ၀စုစည်း၍ မိစ္ဆာသိုင်းတစ်မျိုးသုံးကာ မိုးကြုိးတစ်စင်းဖြင့် တံခါးဆီပစ်လွတ်လိုက်ချိန်တွင်တော့ တံခါးက ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။
“ဆိုတော့ မိစ္ဆာသိုင်းနဲ့ဖွင့်မှ ပွင့်မှာလား”
ကျန်းယန် တီးတိုးရေရွတ်လိုက်ပြီး မိစ္ဆာခန်းမထဲမှ ထွက်လာချိန်မှသာ ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ခန်းမကြီးတစ်ခုလုံး၏ အပြင်အဆင်ကို သဲသဲကွဲကွဲ မြင်ခဲ့ရ၏။
ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ခန်းမသည် ရိုးရာစံအိမ်ကြီးတစ်လုံးနှင့် တူညီပြီး အလယ်ရှိ ခြံ၀န်းေလးကို ဘေးပတ်ပတ်လည်ရှိ ခန်းမကြီးလေးခုနှင့် ၀န်းရံထားခဲ့ခြင်း ဖြစ်သည်။
ခြံ၀န်းထဲတွင် ပန်းမွေ့ယာများ ကျောက်တုံးတုများ နှင့် ရေအိုင်လေးတစ်ခု ရှိနေခဲ့၏။ ခြံ၀န်းအလယ်ဗဟိုတွင်တော့ ခုံလေးခုံဖြင့် ၀န်းရံထားသည့် စားပွဲတစ်လုံးရှိနေသည်။ ထိုခုံတစ်ခုံခြင်းစီက ပတ်ပတ်လည်က ခန်းမလေးခုကို ကိုယ်စားပြုနေပုံ ရ၏။
ကျန်းယန် သူ့ရှေ့ကခြံ၀န်းကိုကြည့်ရင်း အနည်းငယ် မူးနောက်လာခဲ့သည်။
ထိုမြင်ကွင်းကို ကြည့်ပြီး သူ့အတွက် ဤနေရာကထူးထူးဆန်းဆန်း နေချင်စရာကောင်းနေခဲ့၏။ အလွန်ကြာညောင်းသော အချိန်တစ်ခုတုန်းက မဟာတည်ရှိမှုကြီးလေးခုဖြစ်သော မိစ္ဆာ အမတ သားရဲ နှင့် တစ္ဆေ ဆရာကြီးလေးယောက်သည် ဤနေရာတွင် နေခဲ့ကြပုံပေါ်သည်။ ဘာမှလုပ်စရာမရှိသောအခါမျိုးတွင် ထိုဆရာကြီးလေးယောက်သည် ဤခြံ၀န်းတွင် စကားပြောကာ မာကျောက်ပါ အတူတူကစားခဲ့ကြနိုင်သေး၏။
စားပွဲပေါ်တွင် မာကျောက်တုံးနှင့်တူသော အတုံးလေးတွေကို တွေ့သောအခါ သူ့ခန့်မှန်းချက်က ပိုပြီးပင် အားကောင်းလာခဲ့သည်။
သူအလျင်အမြန်ပင် စားပွဲဆီသွားကာ ထိုအတုံးလေးများကို သေချာ စစ်ဆေးလိုက်၏။ အတုံးလေးများက ခပ်လုံးလုံးပုံသဏ္ဍာန်ရှိနေပြီး အရွယ်ကတော့ လုံငန်းသီး(Logan fruit ပါ ဒီမှာတော့ လုံငန်းသီး နဂါးမျက်စိသီး နှင်းသီး တောကြက်မောက်သီး မျိုးစုံခေါ်ကြပါတယ်)အရွယ်ရှိကာ အရောင်အားဖြင့် လေးမျိုး ဖြစ်နေခဲ့သည်။ မိစ္ဆာခန်းမကိုကိုယ်စားပြုသော အတုံး၏အရောင်က သွေးနှင့်အဝါရောင်ရောထားသည့် သွေးရောင်မျိုးဖြစ်ပြီး သူ့ဆန့်ကျင်ဘက်ရှိ သားရဲခန်းမကိုကိုယ်စားပြုသောအရောင်ကတော့ အဝါရောင်တောက်တောက်ဖြစ်ကာ ထိုခန်းမ၏ဘယ်ဘက်တွင်ရှိေသာ အတုံးက အစိမ်းရောင်သန်းသောအဝါရောင်ဖြစ်၍ ညာဘက်ကအတုံးကတော့ အညိုရောင်သန်းသော အဝါရောင်ဖြစ်နေခဲ့၏။
တစ်ဖက်တစ်ချက်စီတွင် ရှိနေသော အတုံးအရေအတွက်ကလည်း မတူကြပေ။ မိစ္ဆာခန်းမဘက်တွင် ရှိသောအတုံးက အခု ၄၀ ဖြစ်ကာ ဆန့်ကျင်ဘက် သားရဲခန်းမတွင်တော့ ၅၅ တုံးရှိပေသည်။ စိမ်းဝါရောင်အတုံးများကတော့ သိသိသာသာနည်းပြီး အတုံး၃၀ သာရှိ၏။ ဝါညိုရောင်အတုံးကတော့ အများဆုံးဖြစ်ကာ အတုံး ၇၀ အပြည့် ကျန်ရှိနေခဲ့သည်။
မဟာတည်ရှိမှုကြီး လေးခုက အတုံးတွေအဖြစ် အသုံးပြုခဲ့တဲ့ ပစ္စည်းတွေက….
ရတနာတွေပဲ!
ထိုအတုံးများက ရတနာများဆိုတာ သိရှိသွားပြီးနောက် ကျန်းယန် တုန့်ဆုိင်းမေနဘဲ ချက်ချင်းဆိုသလို အတုံးများကို အိတ်ကပ်ထဲ ကောက်ထည့်လေတော့သည်။
သူလောဘတကြီး အတုံးများကိုသာ အာရုံစိုက်၍သိမ်းယူနေသောကြောင့် ထိုအတုံးများက သူ့အိတ်ကပ်ထဲ ရောက်သွားသည်နှင့် အရောင်လေးမျိုးရှိသော မြူများအဖြစ်ပြောင်းလဲသွားကာ သူ့ကိုယ်ထဲစီး၀င်သွားကြသည်ကို သူသတိမထားမိခဲ့ပေ။
အတုံးများအားလုံးကိုသိမ်းပြီးချိန်၌ သူ့အိတ်ကပ်အလေးချိန်က သိသိသာသာတိုးမလာမှသာ ကျန်းယန် တစ်ခုခုမှားနေသည်ကို သတိထားမိသွားခဲ့သည်။
သူ့အိတ်ကိုဖွင့်ကြည့်လိုက်သောအခါ အတုံးလေးများက ရောင်စုံမြူများအဖြစ်ပြောင်းကာ သူ့ကိုယ်ထဲစီး၀င်နေကြသည်ကို သူတွေ့လိုက်ရ၏။
“သေစမ်း ငါကအမှိုက်ပုံကြီးလားဟ ဘာလို့ သိမ်းထားတဲ့ဟာတွေအကုန်လုံးက ငါ့ကိုယ်ထဲ စီး၀င်နေတာတုန်း”
သူတားဆီး၍မရခဲ့ဘဲ ထိုအတုံးများအားလုံး သူ့ကိုယ်ထဲစီး၀င်သွားသည်ကိုသာ ထိုင်ကြည့်နေခဲ့ရသည်။
အားလုံးပြီးဆုံးသွား၍ သူ့ကိုယ်ကိုစစ်ဆေးကြည့်သောအခါတွင်လည်း သူ့ကိုယ်ထဲတွင် ဘာပြောင်းလဲမှုမှ ရှိမလာခဲ့ပေ။
ကျန်းယန် သူ့ကိုယ်တွင်ဘာမှပြောင်းလဲမသွား၍ ထူးဆန်းနေချိန်တွင် ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်က ပါရမီရှင်များကတော့ ဗြောင်းဆန်နေခဲ့ကြချေပြီ။
ပုံမှန်အားဖြင့် တိုက်ပွဲကွင်းပြင်ကို အက်ကွဲကြောင်းကြီးလေးခုက အပိုင်းလေးပိုင်းအဖြစ် ပိုင်းခြားထားခဲ့ခြင်း ဖြစ်သည်။
သို့သော် အခုတော့ ထိုအက်ကွဲကြောင်းကြီးများက သူ့အလိုလိုပြန်ဆက်နေခဲ့ကြ၏။
တိုက်ပွဲကွင်းပြင်ကြီးတစ်ခုလုံးလည်း ပြင်းပြင်းထန်ထန် တုန်ခါနေခဲ့သည်။
ထိုအဖြစ်အပျက်ကြီးကို တိုက်ပွဲကွင်းပြင်ထဲက လူများသာမက ပြင်ပကလူများပါ အာရုံခံမိနေခဲ့၏။
များစွာသော ဂိုဏ်းပေါင်းစုံမှ တာအိုပေါင်းစည်းခြင်းအဆင့်များ ခပ်တင်းတင်းမျက်မှောင်ကြုံ့နေကြကာ အထဲတွင် ဘာတွေဖြစ်နေသလဲ နားမလည်နိုင်ဖြစ်နေခဲ့သည်။
နှစ်သုံးထောင်ကြာပြီးနောက် ဤနေရာတွင် ပြောင်းလဲမှုအသစ်တချို့ ဖြစ်ပွားခဲ့ခြင်းပေလော။
သူတို့ ဂိုဏ်းများက ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ဘိုးဘေးများကို ဤကိစ္စအကြောင်း သတင်းပို့ပြီး ထိုဘိုးဘေးများ ကိုယ်တိုင်လာကြည့်ဖို့ ပြောသင့်မပြောသင့် တွေဝေနေခဲ့ကြ၏။
သို့သော် မကြာခင်တွင် ထိုတုန်ခါမှုကြီးက ပျောက်ကွယ်သွားသောကြောင့် သူတို့မပြောဖို့သာ ဆုံးဖြတ်လိုက်ကြသည်။
တကယ်တော့ သူတို့ကြောက်နေခဲ့ကြခြင်း ဖြစ်၏။
လွန်ခဲ့သော နှစ်သုံးထောင်တုန်းက ဤတိုက်ပွဲကွင်းပြင်တွင် သေဆုံးသွားရသော ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်များလမနည်းမနော ရှိနေခဲ့သည် မဟုတ်ပါလော။
ဤနေရာသည် ကျင့်ကြံခြင်းနိမ့်လေလေ ပိုဘေးကင်းလေလေဖြစ်သော ထူးဆန်းသည့် နေရာတစ်ခု ဖြစ်ပေသည်။
ထို့ကြောင့် သူတို့အမြင်တွင် သူတို့ဘိုးဘေးများ ဤနေရာအနားသို့ မလာတာကသာ အကောင်းဆုံးဖြစ်ပေလိမ့်မည်။
ထိုစဉ် တိုက်ပွဲကွင်းပြင်ထဲက ခံတပ်ကြီးများရှိ ပါရမီရှင်များလည်း ထူးဆန်းနေခဲ့ကြ၏။
ဤနှစ်များအတွင်း တိုက်ပွဲကွင်းပြင်တွင် ငလျင်လှုပ်တတ်သည်ဟု သူတို့တစ်ခါမှ မကြားခဲ့ဖူးပေ။
“ဒီကိစ္စကို စုံစမ်းကြည့် ဘာတွေဖြစ်နေသလဲဆိုတာ အတိအကျသိရမှဖြစ်မယ်”
“တိုက်ပွဲကွင်းပြင်ကြီးက တစ်စဆီကွဲသွားတာများလား ဒီနေရာက ဧရာမ ဥက္ကာခဲကြီးဆိုတာ မမေ့လိုက်နဲ့”
ဂိုဏ်းကြီးများမှလူများ စတင်စိတ်ပူလာခဲ့ကြသည်။
မကြာခင်တွင် တစ်ယောက်ယောက်က အက်ကွဲကြောင်းကြီးများအကြောင်း တွေးမိသွားပြီး ချက်ချင်းပြောလိုက်၏။
“အက်ကွဲကြောင်းကြီးတွေကို သွားကြည့်ဖို့ လူလွှတ်လိုက် တကယ်လို့ တိုက်ပွဲကွင်းပြင်ကြီး တစ်စဆီကွဲသွားမယ်ဆိုရင် အစက အဲ့ဒီနေရာပဲ ဖြစ်လိမ့်မယ်”
“ပြီးတော့ ငါတို့ ဗဟိုခန်းမဆီလည်း သွားဖို့ ပြင်ထားရမယ်”
“တကယ်လို့ တိုက်ပွဲကွင်းပြင်ကြီး ကွဲသွားမယ်ဆိုရင် ဗဟိုခန်းမလည်း ပွင့်လာနိုင်တယ် မဟုတ်လား”
“တကယ်လို့ ပွင့်လာမယ်ဆိုရင် ငါတို့ခန်းမထဲ၀င်လို့ရပြီလို့ ဆိုလိုနေတာ မဟုတ်လား”
“ဒါပေမယ့် ငါတို့ပြင်ဆင်လို့မပြီးသေးဘူးလေ အရင်က တိုက်ပွဲကွင်းပြင်ဖွင့်တဲ့အချိန်တွေနဲ့ ယှဉ်ရင် ငါတို့အတွက်အချိန်ကိုက်ဖြစ်ဖို့ ၂လလောက် လိုနေသေးတယ်”
“ငါတို့အဲ့တာတွေကို စိတ်ပူနေဖို့ အချိန်မရှိဘူး နှစ်၃၀၀၀ လောက်ပိတ်နေခဲ့တဲ့ ခန်းမကြီးက နောက်ဆုံးမှာပွင့်သွားတယ်ဆိုရင် ငါတို့တစ်ချက်လောက်တော့ သွားကြည့်ကို ကြည့်ရမယ်”
ဂိုဏ်းကြီးများဧ။် ခံတပ်ကြီးများထဲက ပါရမီရှင်များထဲတွင် ငတုံးတစ်ယောက်မှမပါခဲ့ပးပေ။ နောက်ဆုံးတွင် ထိုပါရမီရှင်များအားလုံး ထိုကောက်ချက်ကို ချလိုက်နိုင်ခဲ့ကြသည်။
အချို့လူများကို ခံတပ်ကြီးများကို ကာကွယ်ရန်ထားခဲ့သော်လည်း တကယ့်ထိပ်တန်းပါရမီရှင်များကတော့ မှော်ရတနာများ ဆေးလုံးများပြင်ဆင်ကာ ဗဟိုခန်းမဆီ ထွက်လာခဲ့ကြ၏။
ထိုအခိုက်တွင် အတုံး ၂၀၀နီးနီးကိုစုပ်ယူထားသော ကျန်းယန်ကတော့ အပြင်တွင်ဘာတွေဖြစ်နေသလဲ ဘာမှမသိခဲ့ပေ။
သူစားပွဲကို စစ်ဆေးလိုက်လေသည်။ ထိုစားပွဲသည်လည်း သာမန်ကျောက်စားပွဲသာ ဖြစ်နေပြီး စားပွဲပေါ်တွင် မာကျောက်ပြားနှင့်တူသည့်အရာမျိုးလည်း ရှိမနေခဲ့ပေ။ ထိုတည်ရှိမှုကြီးများသည် သူစုပ်ယူလိုက်သော အတုံးများကို လောင်းကြေးအဖြစ်အသုံးပြုကာ ကစားနေခြင်းပေလော။
ထို့နောက် သူခြံ၀န်းထဲရှိ ပန်းမွှေ့ယာများ ကျောက်တုံးတုများနှင့် ရေအိုင်ကို စစ်ဆေးဖို့ ထွက်လာခဲ့သည်။
ပန်းမွေ့ယာထဲတွင် ရှိနေသော အရာကိုသဲသဲကွဲကွဲမြင်လိုက်ရသောအခါတွင်တော့ သူ့မျက်လုံးကိုပင် ပြန်ပွတ်လိုက်မိပြီး သေချာပြန်မကြည့်ဘဲ မနေနိုင်ခဲ့ပေ။
ချက်ချင်းဆိုသလို သူအော်ပြောလိုက်မိ၏။
“ဘုရားသခင်!”