ထိုက်ယင် အမတပညာရပ်
Vol. 16 Ch. 171
ကျားဖြူနတ်သိုင်းကျင့်နေသော ကျားမိစ္ဆာကိုမြင်သောအခါ ကျန်းယန် အော်ပြောလိုက်လေသည်။
“မင်းက ကျားဖြူနတ်ကျင့်စဥ်ကိုကျင့်နေပြီဆိုမှတော့ ဘာလို့ အမြန်၀တ်စုံကို မဖွဲ့တည်လိုက်တာလဲဟ!”
ကျားမိစ္ဆာ ကျန်းယန်ကိုအကူအညီမဲ့စွာ ကြည့်လိုက်၏။ သူသည် အရင်က ကျားတစ်ကောင်ဖြစ်ခဲ့သောကြောင့် ဘာအ၀တ်အစားမှမလိုခဲ့ပေ။ ထို့ကြောင့် အခုလည်းသူမ၀တ်ချင်ခဲ့ပေ။ သို့သော် ကျန်းယန်က အတင်းတိုက်တွန်းနေမှတော့ သူ့တွင်ရွေးစရာမရှိတော့ပေ။
သူ့သိုင်းကျင့်စဥ်ကို လှည့်ပတ်လိုက်လေရာ သူ့ကိုယ်ပေါ်တွင် ရောင်စုံအ၀တ်အစားတစ်စုံပေါ်ပေါက်လာခဲ့၏။
ထိုအရောင်က သူ့အရင်က အမွှေးအရောင်နှင့်တစ်ပုံစံတည်းပင်။
ကျန်းယန် ကျားမိစ္ဆာခေါင်းကိုပုတ်လိုက်ပြီး သူ့ကို သတိပေးလိုက်သည်။
“မင်းက လူပုံပြောင်းသွားပြီဆိုမှတော့ လူ့အသိုင်းအဝိုင်းမှာ နေရတော့မှာ အဲ့တော့ မင်းလူ့အသိုင်းအဝိုင်းကစည်းမျဉ်းတွေကို လိုက်နာရမယ်ကွ”
ကျားမိစ္ဆာနားလည်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်၏။
“ဒီမှာခဏစောင့်နေ ငါအပေါ်ကိုတစ်ချက်တက်ကြည့်လိုက်ဦးမယ်”
ကျန်းယန် မျက်နှာကျက်ကိုတစ်ချက်မော့ကြည့်လိုက်ကာ သားရဲခန်းမမျက်နှာကျက်ဆီ ပျံတက်ခဲ့လေသည်။
ထိုအခိုက်တွင်လည်း မိစ္တာခန်းမထဲတွင် ကြုံခဲ့ရသလိုပင် တစ်ပုံစံတည်းတူသော အခြေအနေဖြင့် ကြုံခဲ့ရ၏။ သူအပေါ်ရောက်လာလေလေ အတားအဆီးက ပိုသန်မာလာလေလေဖြစ်ပြီး အပေါ်သို့ရောက်သောအခါ အဝေးမှလာသော သားရဲတစ်ကောင်၏ဟိန်းဟောက်သံလို အသံမျိုးကို ကြားလိုက်ရသည်။
အရင်ကလိုပင် သူထိုအသံကို သဲသဲကွဲကွဲ မကြားခဲ့ရပေ။
ကျန်းယန်ေခါင်းကိုသာ ယမ်းခါလိုက်မိသည်။ ခန်းမများ၏ မျက်နှာကျက်များတွင် လျှို့ဝှက်ချက်များရှိနေပုံရပြီး ရိုးရှင်းစွာပင် သူထိုလျှို့ဝှက်ချက်များကို အဖြေမရှာနိုင်သေးပေ။
သားရဲခန်းမကိုတစ်ချက်ကြည့်လိုက်သောအခါ ထိုနေရာက မိစ္ဆာခန်းမထက်ပင် ဆင်းရဲနေပုံပေါ်ပြီး ခန်းမတစ်ခုလုံးပြောင်သလင်းခါနေကာ ဘာမှမရှိတော့ပေ။
ကျန်းယန် ကျားမိစ္ဆာကို ပြောလိုက်၏။
“အခြားသူတွေကို သွားရှာရအောင် အို့ ဟုတ်သားပဲ အပြင်မှာစိတ်ဝိညာဉ်ဆေးပင်တွေရှိတယ် မင်းစားပစ်လို့မရဘူး အဲ့တာတွေရဲ့ ဆေးအစွမ်းကအရမ်းကြီးတယ် မင်းချေဖျက်နိုင်မှာမဟုတ်ဘူး ပြီးတော့ အဲ့တာတွေကိုပြန်ယူသွားပြီး ဆေးအဖြစ်သန့်စင်လိုက်ရင် သူ့ဆေးစွမ်းကပိုကောင်းလာမှာ အဲ့တော့ ငါတို့ပြန်ယူသွားမှဖြစ်မယ် ဒီမှာသုံးပစ်လို့ မဖြစ်ဘူး”
ကျားမိစ္ဆာ၏မျက်လုံးများ တောက်ပသွားခဲ့ပြီး ကျန်းယန်နောက်သို့ လိုက်လာခဲ့လေသည်။
သင်းပျံ့ေသာဆေးနံ့ကိုရလိုက်ပြီး ဆေးဉယျာဉ်ခင်းကျယ်ကြီးကို မြင်လိုက်ရသောအခါတွင်တော့ သူ့ပါးစပ်မှ သွားရည်များ ရေတံခွန်တစ်ခုလို စီးကျလာခဲ့၏။
“ကြည့်မနေနဲ့တော့ ငါနဲ့လိုက်ခဲ့” ထိုကောင် ဆေးများကိုစားပစ်မည်စိုးသောကြောင့် ကျန်းယန် ကျားမိစ္ဆာကို ခန်းမတစ်ခု၏ ၀င်ပေါက်ဆီ အတင်းဆွဲခေါ်လာခဲ့သည်။
ထိုခန်းမ၏တံခါးကိုလည်း သူအလွယ်တကူပင် တွန်းဖွင့်နိုင်ခဲ့၏။
ခန်းမထဲတွင် စစ်ထူမင်ယွဲ့နှင့်ချင်းရှုတို့ ကျင့်ကြံနေခဲ့ကြသည်။ ဆူညံသံများ ကြားလိုက်ရသောအခါ စစ်ထူမင်ယွဲ့ မျက်လုံးဖွင့်ကြည့်လိုက်၏။
ခန်းမထဲ၀င်လာသည်က ကျန်းယန်မှန်း မြင်လိုက်ရသောအခါ သူမ သူ့ဆီ ပြေးသွားခဲ့လေသည်။
“စီနီယာအစ်ကိုကြီး ဘယ်ရောက်နေတာလဲ”
သူမ သူ့ကိုစိတ်လှုပ်ရှားစွာ ကြည့်လိုက်ကာ
“ညီမလေး အကျိုးအမြတ်အကြီးကြီးရခဲ့တယ် အခုဆို ဝိညာဉ်အခြေတည်အထွတ်အထိပ်အဆင့်ကိုရောက်နေပြီ နတ်ဝိညာဉ်အဆင့်ကိုရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်”
ကျန်းယန်ဘေးတွင်ရပ်နေသောသူကိုတွေ့သောအခါ သူမကြောင်သွားပြီး မေးလိုက်၏။
“စီနီယာအစ်ကိုကြီး ဘာတွေဖြစ်နေတာလဲ သူကဘယ်သူလဲ”
သူမ ၀မ်ချိုက်၏လူပုံစံကို ထူးဆန်းစွာ ကြည့်ရှုနေခဲ့သည်။
“သူက ၀မ်ချိုက်လေ” ကျန်းယန် ငေးကြောင်နေရာမှ သတိပြန်၀င်သွားပြီး သူ့ကိုယ်ထဲက ကြွတက်လာသော သွေးများကို စွမ်းအင်သုံး၍ ပြန်ဖိနှိပ်လိုက်ရ၏။ ထို့နောက် သူမေးလိုက်သည်။
“မင်းတို့ရခဲ့တာ ဘာအကျိုးအမြတ်မျိုးလဲ”
သူလုံး၀တုန်လှုပ်နေခဲ့ရ၏။
သူပထမဆုံးအကြိမ် စစ်ထူမင်ယွဲ့ကိုတွေ့စဉ်က သူမသည် စစ်မှန်သောမိန်းမလှလေးတစ်ယောက်ဟု သတ်မှတ်၍ရသော အလှလေးမျိုး ဖြစ်ခဲ့သည်။ နောက်တစ်ကြိမ် သိမ်မွေ့ယင်ပညာရပ်ကို ကျင့်ကြံပြီးချိန်တွင်တော့ သူမအလှတွင် ချစ်စဖွယ်ကောင်းသော အရှိန်အဝါမျိုးပါ ထပ်တိုးလာခဲ့၏။ ယခုတွေ့လိုက်ရချိန်မှာတော့ သူမအလှသည် လူတစ်ယောက်ကိုသေသွားစေနိုင်သော အလှမျိုးအဖြစ်ပြောင်းလဲသွားကာ သူမအလှက လမ်းလျှောက်နေသော ဆေးလုံးတစ်လုံးလိုပင်။
“ကျားကြီးက လူပုံစံပြောင်းသွားတာလား…” စစ်ထူမင်ယွဲ့ တခဏကြောင်အသွားပြီးနောက် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ညီမလေး ခန်းမထဲရောက်ရောက်ချင်း စွမ်းအင်တစ်မျိုးက ညီမလေးကိုယ်ထဲ၀င်လာပြီး ကျင့်ကြံခြင်းက ခပ်မြန်မြန်တက်လာခဲ့တာ ပြီးတော့ စွမ်းအားလည်းတိုးလာပြီး ထိုက်ယင်အမတပညာရပ်လိုခေါ်တဲ့ ကျင့်စဉ်တစ်မျိုးကို အမွေဆက်ခံလိုက်ရတယ်”
“အဲ့ဒီကျင့်စဉ်က သိမ်မွေ့ယင်ပညာရပ်ထက် ပိုကောင်းမှန်းသိတာနဲ့ ညီမလေးလည်း ကျင့်စဉ်ပြောင်းပြီး ကျင့်ကြံခဲ့တယ်
ထိုက်ယင်အမတပညာရပ်ကို ကျင့်ပြီးတဲ့နောက်မှာ ညီမလေး ဝိညာဉ်အခြေတည်အထွတ်အထိပ်အဆင့်ကို ရောက်သွားခဲ့တယ် အခုဆို နတ်ဝိညာဉ်အဆင့်ရဲ့ အနှစ်သာရကိုနားလည်သွားတာနဲ့ နတ်ဝိညာဉ်အဆင့်ကို ရောက်နိုင်ပြီပဲ”
“အင်း ကောင်းတယ်” ကျန်းယန် ခေါင်းညိတ်ပြလိုက်၏။
နာမည်နှင့်ပင် ထိုထိုက်ပင်အမတပညာရပ်က သာမန်မဟုတ်သော ပညာရပ်ဖြစ်မှန်း သိသာလှသည်။ စစ်ထူမင်ယွဲ့၏ သိမ်မွေ့ယင်တာအိုမျိုးစေ့နှင့်ဆိုလျှင်သူမသည် သိမ်မွေ့ယင်ပညာရပ်ကို ဖန်တီးခဲ့သော ဘိုးဘေးထက်ပင် ပိုပြီးအလားအလာရှိလာတော့မည့်ပုံပင်။
နောက်ဆုံးတွင် ထိုကျင့်စဉ်က ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ခန်းမမှ အမွေဆက်ခံခဲ့ရသော ကျင့်စဉ် မဟုတ်ပါလော။
“တာအိုပညာရှင်ရော ဘာအကျိုးကျေးဇူးတွေရနေတာလဲ သူကျင့်ကြံနေတုန်းလား”
ကျန်းယန် မလှုပ်မယှက်ကျင့်ကြံနေသောချင်းရှုကိုကြည့်ကာ မေးလိုက်လေသည်။
စစ်ထူမင်ယွဲ့ အသံကိုနှိမ့်ကာ ပြောလိုက်၏။
“ညီမလေးလည်း မသိဘူး သူ၀င်လာပြီး မကြာဘူး ရူးရူးမူးမူး ကျင့်ကြံတော့တာပဲ သူ့ဦီးနှောက်နဲ့ပတ်သက်ပြီးတစ်ခုခုတော့ မှားနေပြီလို့ ညီမလေးသံသယရှိမိတယ်”
ကျန်းယန် ရယ်မောလိုက်သည်။ ချင်းရှုလည်း သူတို့လိုပင် ကြီးမားသော အကျိုးကျေးဇူးတစ်ခုခုရလိုက်တာ ထင်ရှားလှ၏။
“ဒီခန်းမထဲက ရေအိုင်ကဘယ်မှာလဲ ငါတစ်ချက်လောက် သွားကြည့်ဦးမယ်” ကျန်းယန် ပြောလိုက်ရာ အမွေဆက်ခံသည့်နေရာကို ရှာလိုက်လေသည်။
စစ်ထူမင်ယွဲ့ ခေါင်းယမ်းပြလိုက်ကာ
“ညီမလေး ဒီမှာဘာရေကန်မှ မတွေ့ဘူးနော်”
“ဒါဆို နင့်ကျင့်စဉ်ကို ဘယ်နေရာက ရလာတာလဲ” ကျန်းယန် အံ့အားသင့်သွားခဲ့၏။
စစ်ထူမင်ယွဲ့ ပြုံးလိုက်ကာ
“ကျင့်ကြံလိုက်တာနဲ့ အဲ့ဒီမှတ်ဉာဏ်တွေက အလိုလို၀င်လာတာပဲ”
ကျန်းယန် အသာအယာမျက်မှောင်ကြုံ့လိုက်ကာ ထိုင်ပြီး စတင်ကျင့်ကြံကြည့်လိုက်သည်။
သူကျင့်ကြံလိုက်သည်နှင့် ကောင်းကင်နှင့်မြေပြင်နိယာမများ သူ့ကိုယ်ထဲ၀င်လာသည်ကို ခံစားလိုက်ရပြီး အမျိုးမျိုးသော အမတကျင့်စဉ်များကလည်း သူ့အသိစိတ်ပင်လယ်ထဲ စီး၀င်လာခဲ့ကြ၏။
ကံဆိုးစွာဖြင့် သူကဤစိတ်ဝိညာဉ်စွမ်းအင်အမျိုးအစားကို အများကြီး စုပ်ယူဖူးပြီးသားဖြစ်သောကြောင့် သူ့ရွှေအမြုတေအတွက် အကျိုးအမြတ် ကြီးကြီးမားမားတော့ ရှိမလာခဲ့ပေ။
သိုင်းများ ကျင့်စဉ်များကတော့ မဆိုးလှပေ။ ထိုထဲမှ အချို့ကျင့်စဉ်များကို သူကျင့်ကြံ၍ ရနိုင်ပေသည်။
ကျန်းယန် ကျင့်ကြံပြီးသောအခါ စစ်ထူမင်ယွဲ့ စိတ်၀င်တစားမေးလိုက်၏။
“စီနီယာအစ်ကိုကြီး ဘာအကျိုးကျေးဇူးတွေရခဲ့လဲ အစ်ကိုကြီး အဆင့်ချိုးဖြတ်နိုင်တော့မှာလား”
ကျန်းယန် ခေါင်းယမ်းကာ သက်ပြင်းချလိုက်မိသည်။ ဤတစ်ကြိမ်လည်း သူအဆင့်မချိုးဖြတ်နိုင်ခဲ့ပေ။
“စီနီယာအစ်ကိုကြီး ဒီနေရာမှာ စာအုပ်အချို့နဲ့ ပန်းချီအချို့လည်းရှိတယ် အဲ့တာတွေက အစ်ကိုကြီးကိုကူညီပေးနိုင်မလား တစ်ချက်လောက် ကြည့်ကြည့်ပါလား” စစ်ထူမင်ယွဲ့ အမြန်ထပ်ပြောလိုက်၏။
ကျန်းယန် စာအုပ်စင်ဆီရောက်သွားသောအခါ စင်ပေါ်တွင် စာအုပ်ထူကြီးများရှိနေသည်ကို တွေ့လိုက်ရလေသည်။
သူတစ်အုပ်ယူပြီး လှန်ကြည့်လိုက်ရာ “ကောင်းကင်နှင့်မြေပြင်၏ မရှိမဖြစ်လိုအပ်သော စွမ်းအင်ကို အသေးစိတ်လေ့လာခြင်း” ဟူသော ခေါင်းစဉ်ဖြင့် ကမ္ဘာကြီး၏ မူလစွမ်းအင်အကြောင်း ဆွေးနွေးထားသော စာအုပ်တစ်အုပ်ကို တွေ့လိုက်ရ၏။
“အကုန်လုံး သိမ်းလိုက်” ကျန်းယန် ပြတ်ပြတ်သားသား ပြောလိုက်သည်။
“ဒါတွေအားလုံးကို ဂိုဏ်းဆီပြန်ယူသွားနိုင်ရင် ငါတို့ဂိုဏ်းရဲ့ အုတ်မြစ်က သိသိသာသာ ပိုသန်မာလာလိမ့်မယ်”
“စာအုပ်တွေကအများကြီးလေ….” စစ်ထူမင်ယွဲ့ စင်ပေါ်က အနည်းဆုံးတစ်ရာလောက်ရှိသော စာအုပ်ထူကြီးများကိုကြည့်ကာ ပြောလိုက်၏။
“ညီမလေးတို့ ဒါတွေအားလုံးကို ဘယ်လိုပြန်သယ်သွားမှာလဲ”
ကျန်းယန် ကျင့်ကြံနေဆဲဖြစ်သော ချင်းရှုကိုသာ ကြည့်လိုက်မိ၏။
ယခုအခါ သူ့မျှော်လင့်ချက်များကထိုကောင့်ပေါ်တွင်သာ မူတည်နေခဲ့ချေပြီ။ များစွာသော အကျိုးအမြတ်များရှိနေပြီး ထိုအရာများကို ပြန်သယ်မသွားနိုင်ခြင်းက ခေါင်းကိုက်စရာကောင်းသော အခြေအနေမျိုးပင်။
ချင်းရှုကတော့ မလှုပ်မယှက် တရားထိုင်ခြင်းအမှု၌ နစ်မြုပ်နေဆဲပင်။
ကျန်းယန် ချင်းရှုကိုတစ်ချက်ကြည့်လိုက်ပြီးနောက် အမတခန်းမ၏ မျက်နှာကျက်ဆီ ပျံတက်ကြည့်လိုက်သည်။
ဤနေရာကလည်း အခြားခန်းမများလိုပင် မျက်နှာကျက်ဆီပျံတက်ဖို့ တားဆီးထားပုံရပြီး အမြင့်တစ်နေရာအရောက်တွင် အဝေးမှလာသော မသဲမကွဲအသံများကိုသာ ကြားလိုက်ရ၏။
ထိုအသံများထဲမှာ မျိုးဆက်များနှင့်အနာဂတ်ဟူသော စကားလုံးကိုသာ ကျန်းယန် သဲသဲကွဲကွဲ ကြားလိုက်ရပြီး ဘာကိုဆိုလိုချင်သလဲ သေချာမသိခဲ့ပေ။
ခန်းမများအားလုံး၌ ထိုကဲ့သို့သော အသံများကိုကြားနိုင်လျှင် တစ္ဆေခန်းမတွင်ရော အသံကြားနိုင်ပါမည်လော။
ကျန်းယန် မျက်ခုံးများတွန့်ကွေးသွားခဲ့သည်။ ထို့နောက် သူပြောလိုက်၏။
“ဒီကောင့်ကို ဆက်ကျင့်ကြံခိုင်းထားလိုက်ဦး ငါတို့ တစ္ဆေခန်းမဆီ သွားကြည့်ကြမယ်”
သူတို့ တစ္ဆေခန်းမဆီရောက်သောအခါ အ၀င်၀မှာပင် အလွန်ဆိုးယုတ်ပြီး ဝိညာဉ်ကိုဖောက်ထွင်းသွားတော့မလို ကျောချမ်းစရာ အရှိန်အဝါမျိုးကိုခံစားလိုက်ကြရသည်။
“မင်းတို့အားလုံး အ၀င်၀မှာပဲ နေခဲ့ကြ အထဲကိုငါအရင်တစ်ချက်သွားကြည့်လိုက်မယ် ငါ့ခွင့်ပြုချက်မရဘဲ အထဲကို၀င်မလာကြနဲ့ ဒီနေရာမှာ သာမန်မဟုတ်တာတစ်ခုခုရှိနေနိုင်တယ်” ကျန်းယန် စစ်ထူမင်ယွဲ့တို့ကို သတိပေးလိုက်သည်။
ကျောက်စားပွဲပေါ်တွင် အတုံးအများဆုံးရှိနေသည်မှာ တစ္ဆေခန်းမဘက်ခြမ်းကဖြစ်၏။
ထို့အပြင် ထိုခန်းမထဲက အရှိန်အဝါကလည်း တစ်ခုခုမှားနေသောကြောင့် ကျန်းယန်ဤနေရာနှင့်ပတ်သက်ပြီး တစ်ခုခုမှားနေမှာကို စိတ်ပူနေခဲ့ခြင်း ဖြစ်သည်။
စစ်ထူမင်ယွဲ့တို့ကို သတိပေးပြီးနောက် ကျန်းယန် တစ္ဆေခန်းမ၀င်ပေါက်ကို တွန်းဖွင့်လိုက်၏။
တံခါးကိုဖွင့်လိုက်သည်နှင့် မရေတွက်နိုင်သော အရိပ်မကောင်းဆိုးဝါးတစ္ဆေများ၏ ကျောချမ်းဖွယ်အော်သံများ ထွက်ပေါ်လာကာ ထိုကောင်များက သူ့ဆီ ပြေး၀င်လာခဲ့ကြလေသည်။