← Chapters

တစ္ဆေခန်းမ၏ အခြေတည်ဝိညာဉ်

Vol. 16 Ch. 172

တစ္ဆေခန်းမ၏ အခြေတည်ဝိညာဉ်

Vol. 16 Ch. 172

“စီနီယာအစ်ကိုကြီး ပြေး!”

ခန်းမထဲမှ မကောင်းဆိုးဝါးတစ္ဆေများ ထွက်လာသည်ကိုမြင်သောအခါ စစ်ထူမင်ယွဲ့ ချက်ချင်း အော်ပြောလိုက်၏။

“ဘာမဟုတ်တာလေးကို ကြောက်နေတာပဲ” ကျန်းယန် နှာခေါင်းရှူံ့လိုက်သည်။

“အပြင်မှာထိုင်စောင့်နေ အထဲ၀င်မလာခဲ့နဲ့”

တကယ်တော့ တံခါးကိုဖွင့်လိုက်ချိန်တွင် သူလည်းအံ့အားသင့်သွားခဲ့ရသည်သာ။

သို့သော် မကြာခင်တွင် ထိုအကောင်း‌ဆိုးဝါးတစ္ဆေများက တစ္ဆေလမ်းစဉ်၏ စွမ်းအင်ပုံစံတစ်ခုသာဖြစ်မှန်း သူသိရှိသွားခဲ့၏။

အထူသဖြင့် ထိုအရာများကို သူ့ရွှေအမြုတေက စုပ်ယူနိုင်လိုက်သောအခါ ထိုအရာနှင့်ပတ်သက်၍ သူပိုပြီးသေချာသွားခဲ့သည်။

ထို့ကြောင့်လည်း သူကြောက်လန့်မနေခဲ့ခြင်း ဖြစ်၏။

သူ့ကိုတုန်လှုပ်သွားစေသည်က ထိုမကောင်းဆိုးဝါးတစ္ဆေများမဟုတ်ဘဲ များပြားလွန်းသော စွမ်းအင်ပမာဏသာ ဖြစ်ပေသည်။

အဘယ်ကြောင့် ဤခန်းမထဲတွင် စွမ်းအင်ပမာဏအခုလောက်ကြီးထိ များနေရပါသနည်း။

နှစ်ပေါင်းများစွာကြာတဲ့ထိ ဤခန်းမထဲသို့ မည်သည့်တစ္ဆေမျိုးနွယ်မှ မ၀င်ရောက်နိုင်ခဲ့ခြင်းပေလော။

အကျိုးသင့်အကြောင်းသင့်တွေးကြည့်ပါက တစ္ဆေမျိူးနွယ်မှတစ်ယောက်ယောက်သာ ဤနေရာမှ စွမ်းအင်များကို စုပ်ယူသွားခဲ့လျှင် ဤနေရာတွင် စွမ်းအင်ပမာဏဒီလောက်အများကြီး ကျန်နေစရာ အကြောင်းမရှိပေ။

ကျန်းယန် ကျောက်စားပွဲပေါ်က အတုံးလေးများအကြောင်း ပြန်တွေးမိသွားခဲ့သည်။ ဤကိစ္စက တစ္ဆေမျိုးနွယ်ဘက်ခြမ်းတွင် အတုံးအများဆုံးကျန်နေသည့်အဖြစ်နှင့် ဆက်စပ်နေနိုင်ပါသလော။

ကျန်းယန် စစ်ထူမင်ယွဲ့တို့ကို နောက်ဆုတ်ခိုင်းလိုက်ပြီး သူကတော့ထိုသံသယနှင့်အတူ ခန်းမထဲ ဆက်၀င်သွားခဲ့၏။

သူအထဲသို့ ခြေလှမ်းလိုက်သည်နှင့် များပြားလှသော တစ္ဆေစွမ်းအင်များက သူ့ကိုယ်ထဲ အရူးအမူးစီး၀င်သွားခဲ့ကြလေသည်။ တစ်ချိန်တည်းမှာပင် တစ္ဆေမျိုးနွယ် ကျင့်စဉ်များကလည်း သူ့အသိစိတ်ပင်လယ်ထဲ စီး၀င်လာခဲ့ကြ၏။

အေးစက်နေသော အရိုးထိအောင်စိမ့်နေသည့် စွမ်းအင်များကြောင့် ကျန်းယန် ထိုနေရာတွင်ပင် ရေခဲတုံးဖြစ်သွားတော့မလို ခံစားနေခဲ့ရသည်။

တဖြည်းဖြည်းနှင့် သူ့အသားနှင့်သွေးများကို တစ္ဆေစွမ်းအင်များက တိုက်စားသွားခဲ့ကာ သူ့ကိုယ်ပေါ်တွင်အရိုးဖြူများသာ ကျန်ရစ်ခဲ့တော့၏။

အန္တရာယ်ကိုသတိထားမိသည်နှင့် ကျန်းယန် ရွှေအမြုတေကိုလှည့်ပတ်လိုက်ကာ အားကုန်သုံး၍ တစ္ဆေစွမ်းအင်မျာကို စုပ်ယူလေတော့သည်။

သူအဖြူထည်ရွှေအမြုတေသည် နဂိုကတည်းကကို ဘာတာအိုသန္ဓေသားမှရှိမနေခဲ့ခြင်းဖြစ်၏။ သူသည် မိစ္ဆာစွမ်းအင် သားရဲစွမ်းအင်နှင့် အမတစွမ်းအင်အားလုံးကို စုပ်ယူနိုင်လေရာ တ‌စ္ဆေစွမ်းအင်ကိုလည်း စုပ်မယူနိုင်စရာ အကြောင်းမရှိပေ။

များပြားလှသော စွမ်းအင်ပမာဏများ ရွှေအမြုတေထဲစီး၀င်လာသောအခါ သူ့ရွှေအမြုတေတွင် ပြောင်းလဲမှုများ စတင်ဖြစ်ပေါ်လာခဲ့‌သည်။

မိစ္ဆာစွမ်းအင်ကို စုပ်ယူပြီးနောက် သူ့ရွှေအမြုတေထဲတွင် ကြမ်းကြုတ်သော အရှိန်အဝါတစ်ခု ဖြစ်ပေါ်လာခဲ့ကာ သားရဲစွမ်းအင်ကို စုပ်ယူပြီးချိန်တွင်တော့ သွေးနီရောင်အလင်းတစ်ခုဖြစ်ပေါ်လာခဲ့၏။

ယခုတစ္ဆေစွမ်းအင်ကို စုပ်ယူပြီးချိန်၌လည်း သူ့ရွှေအမြုတေထဲ၌ စွမ်းအင်အစုအဝေးတစ်ခုထပ်မံပေါ်ထွက်လာခဲ့ကာ မိစ္္ဆာနှင့်သားရဲစွမ်းအင်များကြားတွင်လည်း ဆန်းကြယ်သော ဆက်သွယ်မှုတစ်ခု ပေါ်ထွက်လာခဲ့သည်။

ထို့နောက် စွမ်းအင်သုံးခုလုံးက ချိတ်ဆက်သွားကြပြီး တစ်ခုကိုတစ်ခုချေဖျက်ကာ ပိုပြီးအရိုင်းဆန်လာခဲ့ကြ၏။

သို့သော် ထိုအခြေအနေတွင် တစ္ဆေစွမ်းအင်က သန်မာလွန်းနေသောကြောင့် အခြားစွမ်နှစ်ခုအနေနှင့် တစ္ဆေစွမ်းအင်ကို မယှဉ်နိုင်ဖြစ်နေခဲ့ရသည်။

တဖြည်းဖြည်းနှင့် သူ့ရွှေအမြုတေထဲတွင် ဆိုးယုတ်သော မည်းမှောင်တိတ်ဆိတ်နေသော အမည်းရောင်တွင်းပေါက်ကြီးတစ်ခု ဖြစ်တည်လာခဲ့၏။

ထိုတွင်းပေါက်ကြီးက ရွှေအမြုတေထဲတွင် ရှိသမျှအရာအားလုံးကို စုပ်ယူနေခဲ့ကာ မိစ္ဆာစွမ်းအင်နှင့်သားရဲစွမ်းအင်သာမကဘဲ ရွေအမြုတေအခွံများကိုပါ စုပ်ယူသွားခဲ့သည်။

ကျန်းယန် ထိုအခြေအနေကို တုန်လှုပ်စွာ စိုက်ကြည့်နေခဲ့ရ၏။

သူသည် တာအိုသန္ဓေသားတစ်ခုဖွဲ့တည်လာအောင် ကြိုးစားနေခဲ့ခြင်းဖြစ်ပြီး သူ့ရွှေအမြုတေကို အခုလို တစ္ဆေစွမ်းအင်က ဖျက်ဆီးသွားခြင်းမျိုးကို ခွင့်မပြုလိုပေ။

သို့သော် ယခုအခြေအနေတွင် သူဘာကိုမှရပ်တန့်လို့မရဘဲ အကူအညီမဲ့စွာသာ အနက်ရောင်တွင်းပေါက်ကြီးက သူ့ရွှေအမြုတေအား ဝါးမြိုသွားခြင်းကို ထိုင်ကြည့်နေခဲ့ရသည်။

“ငါ့ရွှေအမြုတေ!”

ကျန်းယန် ငိုချင်သော်လည်း မျက်ရည်ကျမလာခဲ့ပေ။ သူနှစ်ပေါင်းများစွာ ကြိုးစားစုပ်ယူခဲ့ရသော အရင်းအမြစ်လေးများက အခုလို ချက်ချင်းကြီး ဝါးမြိုခံလိုက်ရပြီလော။

ပိုအရေးကြီးသည်မှာ သူ့ရွှေအမြုတေမရှိဘဲ သူမည်ကဲ့သို့ ကျင့်ကြံရပါမည်နည်း။

အခုထိလည်း အနက်ရောင်တွင်းပေါက်ကြီးက ပျောက်ကွယ်မသွားသေးပေ။

ရွှေအမြုတေ၏နောက်‌ဆုံးလက်ကျန်အခွံကို ဝါးမြိုပစ်လိုက်ပြီးနောက်တွင်တော့ သူ့ဒန်တျန်ထဲတွင် ထိုအနက်ရောင်တွင်းပေါက်ကြီးတစ်ခုတည်းသာ ကျန်ရစ်ခဲ့တော့၏။

ရွှေအမြုတေကို ဝါးမြိုပြီးတာတောင် ထိုအရာက ပျောက်ကွယ်မသွားသေးသောအခါ ကျန်းယန် စတင်စိတ်ပူလာခဲ့သည်။

အကယ်၍ သူ့ရွှေအမြုတေမရှိတော့လျှင်တောင် သူ့တွင်ပြန်လည်ကျင့်ကြံဖို့ ယုံကြည်ချက်ရှိနေသေး၏။

သို့သော် ထိုအနက်ရောင်တွင်းပေါက်ကြီးက သူ့‌ရွှေအမြုတေကိုသာမကဘဲ သူ့တကိုယ်လုံးကို ဝါးမြိုသွားလိုက်လျှင်တော့ သူ့အသက်ပင် သေဆုံးသွားရပေလိမ့်မည်။

သူစိတ်ပူနေချိန်တွင် အစားလွန်သွားပုံရသော အနက်ရောင်တွင်းပေါက်ကြီး၏ မျက်နှာပြင်ပေါ်၌ အက်ကွဲကြောင်းများ ပေါ်ပေါက်လာခဲ့သည်။

ထို့နောက် တွင်းပေါက်ကြီးက ရုတ်တရက်ပေါက်ကွဲထွက်သွားခဲ့ပြီး သွေးရောင်အလင်းများ အရိုးစိမ့်အောင်အေးသည့်အရှိန်အဝါများက နေရာအနှံ့သို့ ပြန့်ကျဲသွားခဲ့၏။

တစ်ချိန်တည်းမှာပင် တွင်းပေါက်ထဲမှ အနက်ရောင်လူပုံသဏ္ဍာန်ပုံရိပ်လေးတစ်ခု ထွက်ပေါ်လာခဲ့သည်။

“အခြေတည်ဝိညာဉ်တစ်ခု!”

ကျန်းယန် ကြောင်အသွားခဲ့ရ၏။

သူတော့ လုံး၀ပြီးသွားပြီဟုထင်နေခဲ့သော်လည်း နောက်ဆုံးတွင်အရာအားလုံးကိုဝါးမြိုပြီးနောက် တွင်းပေါက်ကြီးက အခြေတည်ဝိညာဉ်တစ်ခုကို ထုတ်လုပ်ပေးခဲ့သည်။

သူ့တွင် မဟာတာအိုသန္ဓေသားပင် မရှိသေးဘဲ ဤအခြေတည်ဝိညာဉ်က ဘယ်နေရာက ပေါ်လာပါသနည်း။

သို့သော် တွင်းပေါက်ကထုတ်ပေးလိုက်သော အခြေတည်ဝိညာဉ်က သူ့အပိုင်ဆိုတာကိုတော့ သူသေချာသိ၏။

ထိုအခိုက်တွင် အခြေတည်ဝိညာဉ်လေးက သူ့လက်သေးသေးလေးများကို ဝေ့ယမ်းလိုက်ရာ ပေါက်ကွဲမှုမှ လွင့်ထွက်ကုန်သော အပိုင်းအစများက ထူးဆန်းစွာပင် သူ့ကိုယ်ဆီ ပြန်လာနေခဲ့ကြသည်။

အခြေတည်ဝိညာဉ်လေးက ထိုအပိုင်းအစများအားလုံးကို ဆွဲယူပြီးသောအခါ သူ့ကိုယ်ပေါ်တွင်ရောင်စုံအ၀တ်အစားတစ်စုံ ထွက်ပေါ်လာခဲ့၏။

သို့သော် ထို၀တ်စုံကအပေါက်အပြဲများဖြင့် ပြည့်နေပြီး အဆင်းရဲဆုံးသူဖုန်းစားတစ်ယောက်၏ ၀တ်စုံထက်ပင် ပိုဆိုးနေသေးသည်။

“သေစမ်းပါတော့ကွာ…အဖြူထည်ရွှေအမြုတေရှိရတာတောင် ဆိုးလှပြီ အခုတော့ သူဖုန်းစားအခြေတည်ဝိညာဉ်တဲ့လား” ကျန်းယန် သူ့အခြေတည်ဝိညာဉ်ကို စိုက်ကြည့်နေရင်း ဆွံ့အနေခဲ့၏။

ကျန်းယန် မကျေမနပ်ဖြစ်နေချိန်တွင် အခြေတည်ဝိညာဉ်လေးက လက်ယမ်းကာ သူ့ရင်ဘတ်ရှိ ခရမ်းနန်းတော်ကိုဖွင့်လိုက်ပြီး ထိုနေရာတွင် စံမြန်းနေခဲ့လေသည်။

ဤအရာက သူသည် ဝိညာဉ်အခြေတည်အဆင့်သို့ လုံး၀ရောက်ရှိသွားပြီဟု ဆိုလိုနေ၏။

“ငါတကယ်ကြီး ဝိညာဉ်အခြေတည်အဆင့်ရောက်သွားတာလား” ကျန်းယန် သူ့ကိုယ်သူပင် သေချာမသိခဲ့ပေ။

သူတစ္ဆေခန်းမ၀င်ပေါက်ဆီ ပြန်လျှောက်သွားလိုက်ပြီး စစ်ထူမင်ယွဲ့ကိုမေးလိုက်သည်။

“ဂျူနီယာညီမလေး ငါနင့်အခြေတည်ဝိညာဉ်ကို တစ်ချက်လောက်ကြည့်လို့ရမလား”

စစ်ထူမင်ယွဲ့ ရှက်သွေးဖြာသွားခဲ့၏။

“ဘာ စဉ်းတောင်မစဉ်းစားနဲ့”

သူမ ရှက်သွားသလို စိတ်လည်းတိုသွားခဲ့သည်။ သူ့အစ်ကိုကြီးပါးစပ်ဖွင့်လိုက်သည်နှင့် ထွက်လာသည့်စကားက သူမအခြေတည်ဝိညာဉ်ကိုတောင်းကြည့်ခြင်း ဖြစ်နေခဲ့၏။

ခရမ်းနန်းတော်သည် လူတစ်ယောက်၏ ရင်ဘတ်တွင်တည်ရှိနေသည်ဟူသော ကိစ္စကို ထားပါဦး အခြေတည်ဝိညာဉ်ဆိုတာကလည်း သူမနှင့်တစ်ပုံစံတည်းတူသည့် ကိုယ်ပွားတစ်ခုသာ ဖြစ်ပေသည်။ ပြီးတော့ ထိုကိုယ်ပွားတွင် ဘာအ၀တ်အစားမှလည်း မပါပေ။

“ဒါဆို…ငါ့ဟာကို တစ်ချက်လောက်ကြည့်ရင်ရော” ကျန်းယန် ခါးသက်သက်ပြုံးကာ ပြောလိုက်သည်။

“ငါ့အခြေတည်ဝိညာဉ်ဘာဖြစ်နေလဲဆိုတာ တစ်ချက်လောက်ကြည့်ပေးစမ်းပါဟာ”

စစ်ထူမင်ယွဲ့မျက်နှာပိုပြီးပင် နီရဲသွားခဲ့၏။ သူမကျန်းယန်ကို မျက်စောင်းတစ်ချက်ထိုးလိုက်ကာ

“အစ်ကိုကြီး အဲ့တာကိုပဲဆက်ပြောနေမယ်‌ဆို ညီမလေးအစ်ကိုကြီးနဲ့ စကားမပြောတော့ဘူး”

ကျန်းယန် စိတ်ရှုပ်ထွေးသွားခဲ့သည်။ ကြည့်ရတာ ဤကိစ္စကို ပြန်ရောက်မှပဲ သူ့ဆရာနှင့်တိုင်ပင်ရတော့မည့်ပုံပင်။

ထို့နောက် သူခန်းမထဲပြန်၀င်လာခဲ့၏။ တစ္ဆေစွမ်းအင်များ သိသိသာသာလျော့နည်းသွားသောကြောင့် ဤနေရာတွင် ခုနကလို မကောင်းဆိုးဝါးတစ္ဆေထွက်လာသည့် အဖြစ်မျိုး ရှိမနေတော့ပေ။

ကျန်းယန် ခန်းမကိုတစ်ချက်လှည့်ပတ်ကြည့်ရှုလိုက်ရာ တစ္ဆေခန်းမကပိုပြီးပင် စည်းကမ်းတင်းကြပ်ပုံရနေတာကို တွေ့လိုက်ရသည်။

ဤနေရာတွင်တရားထိုင်ဖျာများနှင့် ခန်းမအလယ်ရှိ ထူးဆန်းသောပန်းတစ်ပွင့်မှလွဲပြီး ဘာမှမရှိခဲ့ပေ။

ကျန်းယန် ဘာစကားတစ်ခွန်းမှမပြောဘဲ ထိုပန်းကိုသာ စိုက်ကြည့်နေခဲ့မိသည်။

သူအမွေဆက်ခံထားသော မှတ်ဉာဏ်များအရ ထိုပန်းသည် မြေအောက်ကမ္ဘာကြာ ဖြစ်မှန်း သူသိနေခဲ့၏။ ထိုအရာက တစ္ဆေမျိုးနွယ်၏ အလွန်ရှားပါးသော ပစ္စည်းတစ်ခုဆိုလည်း မမှားပေ။

စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေသောလက်များနှင့် သူထိုပန်းကို ခူးယူလိုက်လေသည်။

တစ္ဆေခန်းမကို မဖွင့်လှစ်ခဲ့တာ အချိန်မည်မျှ ကြာသွားပါပြီနည်း။

ဤနေရာတွင် အခုလိုပန်းမျိုးပင် အလိုလိုပေါက်နေခဲ့၏။

ပန်းကိုခူးယူပြီးသောအခါ သူအရင်လိုပင်မျက်နှာကျက်ဆီသို့ တစ်ဖန်ပျံတက်သွားခဲ့ပြန်သည်။

အရင်အတိုင်းပင် ထိုနေရာသို့ ရောက်ရှ်ိဖို့ မဖြစ်နိုင်ခဲ့ပြန်ပေ။

အသံလည်းမကြားရဘူးလား!

ကျန်းယန် မျက်ခုံးများ တွန့်ကွေးသွားခဲ့၏။ မိစ္တာ အမတ သားရဲ ခန်းမများအားလုံးတွင် အသံရှိနေချိန်တွင် ဤနေရာ၌ အဘယ်ကြောင့် အသံမရှိရပါသနည်း။

ရုတ်တရက်ဆိုသလို သူမျှော်လင့်မထားသော အသံတစ်ခု အဝေးမှ ပျံ့လွင့်လာခဲ့လေသည်။

“သတ်!”

All Chapters