ဗလာမှတ်ဉာဏ်များ
Vol. 16 Ch. 175
ကျိယန် ဘာဖြစ်သွားသလဲမသိသောကြောင့် ကျန်းယန် သူ့ကို ငေးကြောင်စွာ ကြည့်ရှုနေခဲ့မိသည်။
ကျိယန် ပြုံးကာပြောလိုက်၏။
“ကျွန်မတို့မတွေ့ကြတော့တာ အဇူရာတိမ်ဂိုဏ်းမှာနောက်ဆုံးတစ်ခေါက်တွေ့ပြီးကတည်းကပဲ ကျွန်မက ဆရာဖိုးဖိုးရဲ့အမိန့်အတိုင်း ရှင်တို့ဂိုဏ်းဆီ အရင်းအမြစ်တွေပို့ပေးခဲ့တယ်ဆိုပေမယ့် အခုရှင်ပြန်ပေးတဲ့ နှစ်၃၀၀၀ကျော်သက်တမ်းရှိတဲ့ စိတ်ဝိညာဉ်ဆေးပင်နှစ်ပင်ကတော့ ကျွန်မပေးခဲ့တဲ့ အရင်းအမြစ်တွေနဲ့ မတန်အောင်တန်ဖိုးကြီးလွန်းပါတယ်”
“ဒါ…ဒါက…နင် လွန်ခဲ့တဲ့ ၂နှစ်က မှတ်ဉာဏ်တွေအကုန်လုံးကို မေ့သွားတာလား” ကျန်းယန် ကျိယန်ကို ထူးဆန်းစွာကြည့်ကာ ပြောလိုက်လေသည်။
နောက်ဆုံးတွင် အခြေအနေကို သူနားလည်သွားခဲ့၏။ ကျိယန်သည် သူနှင့်နောက်ဆုံးတွေ့ခဲ့ချိန်ကစပြီး မှတ်ဉာဏ်များအားလုံးကို ဖျက်ပစ်လိုက်ခြင်း ဖြစ်သည်။
ထိုအဖြစ်အပျက်နှင့် လက်ရှိအဖြစ်အပျက်ကြားက မှတ်ဉာဏ်ကိုဆက်စပ်ပြီး သူမက သူမကျန်းယန်ကိုအရင်းအမြစ်များပေးခဲ့၍ ကျန်းယန်က သူမကိုစိတ်ဝိညာဉ်ဆေးပင်နှစ်ပင်ပြန်ပေးခြင်းဟု ထင်နေခဲ့ခြင်း ဖြစ်၏။
စစ်ထူမင်ယွဲ့ ကျန်းယန်ကို ထူးဆန်းစွာ ကြည့်လိုက်ကာ
“စီနီယာအစ်ကိုကြီး အစ်ကိုကြီး ဒီနှစ်သုံးထောင်ဆေးပင်တွေကို ဘယ်ကရလာတာလဲ သူ့အကျိုးဆောင်မှုက မသေးဘူးဆိုပေမယ့် ဒီလောက်တန်ဖိုးကြီးတာကြီးကို ပေးတာကတော့ နည်းနည်းမသင့်တော်ဘူးလားလို့”
သူမ၏ စိတ်ဝိညာဉ်ဆေးပင်နှင့်ပတ်သက်နေသည့် မှတ်ဉာဏ်များကလည်း ပျောက်ဆုံးသွားခဲ့ချေပြီ။
ချင်းရှုနှင့်ဟူတလီတို့ကတော့ ဤကိစ္စကသူတို့နှင့်မသက်ဆိုင်သောကြောင့် သူတို့စိတ်ထဲတွင် ထိုသိုင်းများ နည်းစနစ်များ ဘယ်လိုရောက်လာခဲ့သလဲဆိုတာကိုသာ စဉ်းစားနေခဲ့၏။
ကျန်းယန် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ကျိယန်ကိုကြည့်၍ ပြောလိုက်သည်။
“အဇူရာတိမ်ဂိုဏ်းကို စိတ်ဝိညာဉ်ကျောက်တုံးတွေ ပေးခဲ့ရုံတင်မကဘဲ နင်ကလိပ်ခွံပေါ်က ကဗ္ဗည်းတွေကိုလည်း ပြခဲ့သေးတယ်လေ အဲ့တာကြောင့် ငါကနင့်ကို စိတ်ဝိညာဉ်ဆေးပင်နှစ်ပင် ပြန်ပေးခဲ့တာပါ”
ကျိယန်က ၀မ်လင်းဂိုဏ်းနှင့်ပတ်သက်သည့် မှတ်ဉာဏ်များအားလုံးကို မေ့ပစ်လိုမှတော့ သူကလည်း သူမသဘောအတိုင်း လုပ်ပေးလိုက်ရုံသာ။
“ကျေးဇူးတင်ပါတယ်တာအိုမိတ်ဆွေ” ကျိယန် ကျေးဇူးတင်စကား ပြောလိုက်၏။
ထို့နောက် သူမ ထိုင်ကာတိတ်တဆိတ်စဉ်းစားနေခဲ့သည်။
တကယ်တော့ သူ့ေခါင်းထဲတွင် အစိတ်အပိုင်းများစွာအဖြစ် မှတ်ဉာဏ်များက အစိတ်စိတ်အမွှာမွှာကွဲနေခဲ့ခြင်း ဖြစ်၏။ သူမ တိုက်ပွဲကွင်းပြင်ထဲကို ရောက်လာခဲ့မှန်းနှင့် ဤနေရာက တိုက်ပွဲကွင်းပြင်ဖြစ်မှန်း သိသော်လည်း သူမဤနေရာကို ဘယ်လိုရောက်လာခဲ့သလဲဆိုတာကိုတော့ စဉ်းစားမရခဲ့ပေ။
ကျန်းယန် စစ်ထူမင်ယွဲ့ဘက်လှည့်ကာ ပြောလိုက်သည်။
“ဂျူနီယာညီမလေး ငါတို့မှာ စိတ်ဝိညာဉ်ဆေးပင်တွေ အများကြီးရှိပါတယ် သူ့ကိုနှစ်ခုလောက်ပေးလိုက်တာက ဘာမှမဖြစ်ပါဘူး တာအိုပညာရှင်ကောင်းကင်ဒဏ္ဍာရီကလည်း အခု ငါတို့နဲ့ပူးပေါင်းထားတာပဲလေ သူ့ကိုသန်မာလာအောင်လုပ်ပေးလိုက်တာက ဘာအန္တရာယ်မှ ဖြစ်လာစေမှာ မဟုတ်ဘူး”
“အို့” စစ်ထူမင်ယွဲ့ တီးတိုးရေရွတ်လိုက်၏။
သူတို့လေးယောက်ထဲတွင် ကျိယန် တစ်ယောက်သာ မှတ်ဉာဏ်အများကြီးဆုံးရှုံးသွားခြင်းဖြစ်ပြီး ကျန်သုံးယောက်က မှတ်ဉာဏ်ပမာဏအနည်းငယ်သာ ဆုံးရှုံးခဲ့ခြင်းဖြစ်သောကြောင့် မကြာခင်တွင် အခြေအနေများကို ပြန်ဆက်စပ်လာနိုင်ခဲ့ကြသည်။
မကြာခင်တွင် စစ်ထူမင်ယွဲ့ အခြေအနေကို နားလည်လာခဲ့ပြီး ကျန်းယန်ကိုမေးလိုက်၏။
“စီနီယာအစ်ကိုကြီး အစ်ကိုကြီးရဲ့ လျှို့ဝှက်နည်းစနစ်က တကယ့်အံ့ဖွယ်ပဲ ဘာတွေဖြစ်ခဲ့လဲဆိုတာ ညီမလေးဘယ်လိုကြိုးစားစား မမှတ်မိတော့ဘူး အစ်ကိုကြီးဘယ်လိုလုပ်လိုက်တာလဲ”
ကျန်းယန် စစ်ထူမင်ယွဲ့ကို တစ်ချက်ကြည့်လိုက်သည်။
သူ သူမကိုဘယ်လိုရှင်းပြရပါမည်နည်း။
တစ်ရက်ကြာပြီးနောက်တွင် လူတိုင်းက မှတ်ဉာဏ်ပျောက်ဆုံးသော အခြေအနေနှင့် အသားကျကုန်ကြ၏။
ကျိယန်တစ်ယောက်သာ ဆုံးရှုံးထားသော မှတ်ဉာဏ်ပမာဏကများလွန်းနေ၍ အချိန်ယူနေခဲ့ရသည်။
သို့သော် အဇူရာတိမ်ကုန်းမြေတိုက်ကြီးမှ ထွက်ခွာခဲ့သော မှတ်ဉာဏ်များက ပျောက်ဆုံးသွားသောကြောင့် သူမသည် သိသိသာသာ ပြောင်းလဲသွားခဲ့၏။
ယခုအခါ သူမသည် သူမကိုယ်သူမ ကောင်းကင်ဒဏ္ဍာရီဂိုဏ်းက ဂိုဏ်းသားတစ်ယောက်အဖြစ်သာ တွေးနေခဲ့သည်။
သူ့နှလုံးသားထဲတွင် တာအိုပညာရှင်ကောင်းကင်ဒဏ္ဍာရီက နက်နက်ရှိုင်းရှိုင်း တည်ရှိနေခဲ့၏။
ရလဒ်အနေနှင့် ကောင်းကင်ဒဏ္ဍာရီဆီက အထင်ကြီးမှုကို ခံထားရသောကျန်းယန်အပေါ် သူမပိုပြီးယုံကြည်လာခဲ့ကာ အရင်လို တုန့်ဆိုင်းမနေတော့ဘဲ ကျန်းယန်နှင့်ပတ်သက်သည့် သူမဆုံးဖြတ်ချက်များကလည်း ပြတ်သားလာခဲ့သည်။
သူမ၏ အရင်ထက်ပိုပူးပေါင်းလာသော အပြုအမူများကြောင့် ကျန်းယန်လည်း ကျေနပ်နေခဲ့၏။
“ကောင်းပြီ အားလုံးအဆင်သင့်ဖြစ်ပြီဆိုတော့ ငါတို့အားလုံးကို ဆက်သွယ်ပြီး ဒီနေရာမှာ စုကြမယ် လူစုံတာနဲ့ ငါတို့နဲ့အနီးဆုံးဖြစ်တဲ့ ကွေ့ယွမ်ဘုရားကျောင်းက စကြမယ် ပြီးတာနဲ့ သူတို့တည်ဆောက်ထားတဲ့ခံတပ်တစ်ခုလုံးကို ရှင်းပစ်ပြီး သူတို့စုဆောင်းထားတဲ့ ကောင်းကင်နဲ့မြေပြင်ရတနာတွေအကုန်လုံးကို သိမ်းကြမယ်”
ထို့ေနာက် သူ နှင်းနယ်မြေမှကျင့်ကြံသူများနှင့် ဆုံခဲ့သောနေရာသို့ ပြန်ရောက်လာခဲ့သည်။ နယ်မြေနှစ်ခုကို ပိုင်းခြားထားသည့် အဆုံးမဲ့သောအက်ကွဲကြောင်းကြီး မရှိတော့တာကို မြင်သောအခါတွင်တော့ သူလုံး၀ ငေးကြောင်သွားခဲ့ရ၏။
ဤအဆုံးမဲ့သော အက်ကွဲကြောင်းကြီးများက အလိုလိုပြန်ကောင်းသွားခြင်းပေလော။
ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်တွင် ဘာတွေဖြစ်ခဲ့ပါသနည်း။
ဤကိစ္စသည် ကျိယန်ပြောသည့် ငလျင်လှုပ်သွားသည်ဟူသော ကိစ္စနှင့် ဆက်စပ်နေခြင်း ပေလော။
သူတို့အားလုံး အံ့အားသင့်နေခဲ့ကြပြီး အံ့အားသင့်နေရင်းပင် နှင်းနယ်မြေက ကျင့်ကြံသူဖြစ်သော ပါချင်းယန် တို့နှင့်ဆုံခဲ့သော နေရာသို့ ပြန်လည်ရောက်ရှ်ိလာခဲ့ကြသည်။
သူတို့ထိုနေရာသို့ရောက်သောအခါ ထိုနေရာတွင် အရင်လို လူ ၄ ၅ ယောက်သာ ရှိနေခြင်းမဟုတ်တော့ဘဲ လူ၂၀ကျော်လောက်ရှိနေတာကို တွေ့လိုက်ကြရ၏။
ကျန်းယန်ကိုမြင်သောအခါ ပါချင်းယန် အလျင်အမြန်ရှေ့တက်လာခဲ့ပြီး သူ့ကို စိတ်အားထက်သန်စွာ နှုတ်ဆက်လိုက်သည်။
“တာအိုမိတ်ဆွေကျန်း ငါသိသမျှအသိအကျွမ်းအားလုံးကို စုခဲ့ပြီးပြီ ငါတို့မှာ အားလုံးပေါင်း လူ၂၃ယောက်ရှိတယ်”
ထို့နောက် သူအခြားသူများဘက်လှည့်ကာ ကျယ်လောင်စွာ အော်ပြောလိုက်၏။
“မိတ်ဆွေတို့ ဒါအရင်ကငါပြောထားတဲ့ အဇူရာတိမ်ဂိုဏ်းက တာအိုမိတ်ဆွေကျန်းပဲ သူကငါတို့ကို ဂိုဏ်းကြီးတွေကို တိုက်ခိုက်ပြီး သူတို့ရတနာတွေကို သိမ်းယူတဲ့နေရာမှာ ဦးဆောင်ပေးလိမ့်မယ် အားလုံးပဲ မင်းတို့သရုပ်မှန်ပေါ်သွားမှာကိုလည်း စိတ်ပူစရာမလိုဘူး တာအိုမိတ်ဆွေကျန်းက ငါတို့သရုပ်မှန်ကို လုံး၀ဖုံးကွယ်ပေးနိုင်တဲ့ မျက်နှာဖုံးတစ်ခုစီ ပေးလိမ့်မယ် ငါတို့ဘယ်သူလဲဆိုတာ ဘယ်သူမှသိမှာမဟုတ်ဘူး”
“သူလား” ဝိညာဉ်အခြေတည်အဆင့်တစ်ယောက် ရှေ့တက်လာကာ ကျန်းယန်ကို သံသယရှိဟန်ဖြင့်ကြည့်ကာ ပြောလိုက်သည်။
“ငါတို့ကိုဦးဆောင်ဖို့ မင်းမှာ ဘယ်လိုအရည်အချင်းမျိုးရှိလို့လဲ”
“ဘာလို့လဲဆိုတော့ ငါကအဲ့ဒီခံတပ်ကြီးတွေကို တိုက်ခိုက်ရဲလို့လေ ပြီးတော့ ငါ့ခွန်အားက မင်းတို့ထက် သန်မာလို့ အဲ့လောက်ဆို လုံလောက်လား” ကျန်းယန်ပြုံးကာ ပြောလိုက်၏။
ဝိညာဉ်အခြေတည်အဆင့် ခေါင်းမာစွာ ဆက်ပြောလိုက်ပြန်သည်။
“ငါတို့ဂိုဏ်းတွေမှာ မဟာနှင်းတောင်ဂိုဏ်းလို ဂိုဏ်းကြီးတွေကိုတိုက်ခိုက်ရဲတဲ့သတ္တိမရှိဘူးဆိုတာကိုတော့ ငါ၀န်ခံပါတယ် ဒါပေမယ့် မင်းခွန်အားက ငါတို့ထက်ပိုသန်မာတယ်ဆိုတဲ့ ကိစ္စကတော့ ယုံရခက်ခက်ပဲ”
နောက်ထပ် ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်ရှေ့တက်လာကာ အေးစက်စက်ပြောလိုက်ပြန်၏။
“ငါတို့အားလုံးက ဝိညာဉ်အခြေတည်အဆင့်တွေချည်းပဲ ဘယ်သူက ဘယ်သူ့ထက်အားနည်းနေလို့လဲ အဲ့တော့ ငါတို့ခံတပ်ကြီးတွေကို အတူတူပူးပေါင်းပြီးတော့ တိုက်ခိုက်မယ် ဒါပေမယ့် မင်းကငါတို့ကို အမိန့်တွေပေးစရာမလိုဘူး”
သူတို့ရည်ရွယ်ချက်က ရှင်းပေသည်။ သူတို့သည် ကျန်းယန်၏ ဦးဆောင်မှုကို လက်မခံလိုခြင်းသာ ဖြစ်၏။
ကျန်းယန် အသာအယာပြုံးလိုက်ကာ လက်မြှောက်၍ သူ့ရှေ့က ကျင့်ကြံသူနှစ်ယောက်ကို လက်ညှိုးဖြင့် ထိုးလိုက်လေသည်။
သူ့ခရမ်းနန်းတော်ထဲက သူဖုန်းစားအ၀တ်အစားများဖြင့် အခြေတည်ဝိညာဉ်ကလည်း သူ့လက်ကို ဝေ့ယမ်းလိုက်၏။
ချက်ချင်းဆိုသလိုပင် ဝိညာဉ်အခြေတည်အဆင့်နှစ်ယောက် မြေပြင်ဆီသို့ ဖိနှိပ်ခံလိုက်ရသလို ခံစားလိုက်ရပြီး လှုပ်မရတော့ပေ။ သူတို့ခန္ဓာကိုယ်ကို ပြင်းထန်သော အားတစ်ခုက ဖိနှိပ်နေသလို ခံစားလိုက်ရပြီး တစ်ဆက်တည်းမှာပင် သူတို့အောက်ရှိ မြေပြင်က ရွှံ့ဗွက်အဖြစ်ပြောင်းလဲသွားကာ သူတို့ကိုယ်များက မြေကြီးထဲ၀င်သွားပြီး အရှင်လတ်လတ် မြေမြှပ်ခံနေခဲ့ရသည်။
ထိုအဖြစ်အပျက်တစ်ခုလုံးတွင် ထိုကျင့်ကြံသူများ လုံး၀မခုခံခဲ့ခြင်းတော့မဟုတ်ပေ။ သူတို့ မခုခံနိုင်ခဲ့ခြင်းသာ ဖြစ်၏။
သူတို့အဖော်နှစ်ယောက် အရှင်လတ်လတ်မြေမြှုပ်ခံနေရသည်ကို တွေ့သောအခါ အခြားသူများ ချက်ချင်းဆိုသလို သတိအနေအထားဖြစ်သွားပြီး ကျန်းယန်ကို တိုက်ခိုက်ဖို့ ပြင်လိုက်ကြသည်။
ထိုစဉ် ပါချင်းယန် အမြန်ပြောလိုက်၏။
“တာအိုမိတ်ဆွေကျန်း ငါတို့အားလုံးက တစ်ဖက်တည်းကပါ ငါတို့လိုက်ဖက်ညီနေမှုကို မထိခိုက်ဘဲနေကြရအောင် ဒီတာအိုမိတ်ဆွေနှစ်ယောက်ကြားမှာလည်း နားလည်မှုလွဲတာ တစ်ခုခုရှိနေလိမ့်မယ်လို့ ငါယုံတယ်”
ကျန်းယန် ပြုံးကာခေါင်းညိတ်ပြလိုက်ပြီး မြေမြှုပ်ခံနေရသော ကျင့်ကြံသူနှစ်ယောက်ကို ကြည့်၍ ပြောလိုက်သည်။
“မင်းတို့ငါ့ခွန်အားနဲ့ပတ်သက်ပြီး သံသယရှိသေးလား”
ယခုအခါ သူ့တွင်ထူးဆန်းသော အခြေတည်ဝိညာဉ်တစ်ခု ရှိနေပြီဖြစ်လေရာ သူအရင်ကသင်ကြားထားသော တာအိုနည်းစနစ်များနှင့် နားလည်ထားသော တာအိုနိယာမများကို အလွယ်တကူ အသုံးပြုနိုင်နေပြီ ဖြစ်၏။
အရှင်လတ်လတ်မြေမြှုပ်ခံရလုနီးပါးဖြစ်သွားသော ကျင့်ကြံသူနှစ်ယောက် သူ့ခွန်အားနှင့်ပတ်သက်ပြီး မေးခွန်းမထုတ်ရဲတော့ပေ။
သူတို့အမြန်ပြောလိုက်သည်။
“ငါတို့ ထိုက်တောင်ကြီးကိုမမြင်ရလောက်အောင် အမြင်ကန်းခဲ့မိပါတယ် ကျေးဇူးပြုပြီး ငါတို့ကိုခွင့်လွှတ်ပေးပါ တာအိုမိတ်ဆွေကျန်း”
အကယ်၍ ကျန်းယန်က သူတို့ထက်အနည်းငယ်သာ သန်မာနေတာဆိုလျှင် သူတို့ခုခံဦးမည်ဖြစ်သော်လည်း အခုလို အခြေအနေမျိုးတွင်တော့ ဘယ်လိုမှ မခုခံရဲတော့ပေ။
ကျန်းယန် ထိုကျင့်ကြံသူနှစ်ယောက်ကို မြေပြင်ပေါ်သို့ ပြန်ဆွဲထုတ်လိုက်ပြီး ပြုံးကာ ပြောလိုက်၏။
“ဒီတစ်ခေါက်ငါတို့နဲ့ ပူးပေါင်းတဲ့ ကျင့်ကြံသူတွေအားလုံး ကောင်းကင်နဲ့မြေပြင်ရတနာတွေအများကြီး ရိတ်သိမ်းနိုင်မှာ သေချာတယ်”
ကျန်းယန် ခွန်အားကိုမြင်တွေ့သွားသော ဝိညာဉ်အခြေတည်အဆင့်များလည်း ပြုံးကာ ပြောလိုက်ကြသည်။
“ဒီတစ်ခေါက် ငါတို့အောင်မြင်မှာ သေချာတယ်”
အခုလို စွမ်းအားကြီးကျင့်ကြံသူတစ်ယောက်က ဦးဆောင်နေခြင်းကို သူတို့ ၀မ်းမသာဘဲ ဘယ်နေပါမည်နည်း။