ရေကန်ပေါ်က သီချင်းသံ
Vol. 9 Ch. 86
သူတို့ ကစားကွင်းသွားဖို့ ပြောခဲ့ကြပေမယ့် ပန်းခြံနားကနေ ဖြတ်မောင်းသွားတဲ့အခါ ချန်းချန်းက ပန်းခြံကို ရုတ်တရက် စိတ်ဝင်စားသွားသည်။ ဒါကြောင့် လုအန်းကျီက ကားကို ကွေ့လိုက်ပြီး ပန်းခြံထဲကို မောင်းဝင်ခဲ့၏။
စက်တင်ဘာလကျော်လာတော့ ရာသီဥတုက တဖြည်းဖြည်း အေးမြလာပါပြီ။ နေရောင်ကလည်း အရင်လို သိပ်မပူတော့ပါဘူး။
လုအန်းကျီနဲ့ ကျန်းဆူရှင်းတို့ဟာ ချန်းချန်းကို ခေါ်ပြီး ပန်းခြံထဲမှာ လမ်းလျှောက်ထွက်ခဲ့ကြသည်။
ပန်းခြံထဲမှာ ကလေးကစားစရာတွေ အများကြီးရှိပြီး ကလေးမလေးက အရုပ်ကားတွေကို ချက်ချင်း မြင်သွားကာ အနားကို လျှောက်သွားပြီး စီးချင်တယ်လို့ ပူဆာပါတော့သည်။
ကျန်းဆူရှင်းက လုအန်းကျီကို “ကျွန်မ အပြင်ကနေ ကြည့်နေမယ်၊ ရှင်ပဲ သူ့ကို ခေါ်ပြီး စီးပေးလိုက်ပါ” လို့ ပြောလိုက်သည်။
လုအန်းကျီက ပြန်မေးလိုက်သည် “သေချာလို့လား? အရင်တစ်ခေါက် ပန်းခြံလာတုန်းက သူ ထိုင်လိုက်တာနဲ့ ချက်ချင်း ကြောက်သွားတာလေ”
ချန်းချန်း စီးချင်နေတဲ့ အရုပ်ကားတွေက တစ်စီးနဲ့တစ်စီး တိုက်ရတဲ့ ကားလေးတွေ ပါ။
လုအန်းကျီ ပြောတာကို ကြားတော့ ကျန်းဆူရှင်း ခဏလောက် တွန့်ဆုတ်သွားသည်။
ဒါပေမဲ့ ကလေးမလေးကတော့ အရင်က နာကျင်စရာတွေကို ခဏလေးနဲ့ မေ့သွားတတ်သူဖြစ်ပြီး အဲဒီလို ရင်ခုန်စရာကောင်းတာကို ထပ်ပြီး ကြုံတွေ့ချင်နေ၏။ သူမက ကားတိုက်ကွင်းရှေ့မှာ ရပ်ပြီး ကားစီးချင်တယ်လို့ အတင်းအော်ဟစ် ပူဆာနေပြီး ဘယ်လိုမှ ခေါ်လို့မရဘဲ ဂျီတိုက်နေပါတော့သည်
လုအန်းကျီက အားကိုးရာမဲ့စွာ သက်ပြင်းချပြီး “ဒါဆိုလည်း ပေးစီးလိုက်ပါ၊ ကိုယ်ပဲ သူ့ကို သေသေချာချာ ကြည့်ထားပေးလိုက်မယ်” လို့ ပြောလိုက်သည်။
ဒါနဲ့ လုအန်းကျီက ချန်းချန်းကို ခေါ်ပြီး ကားထဲဝင်ထိုင်ကာ စတင်မောင်းနှင်လိုက်၏။ ဒါပေမဲ့ ဖြစ်ချင်တော့ လမ်းတစ်ဝက်လောက်မှာတင် ချန်းချန်းက ထုံးစံအတိုင်း ထပ်ပြီး ကြောက်သွားပြန်သည်။ သူမက ခေါင်းတွေကို ရမ်းပြီး ကားဘောင်ကို ကိုင်ကာ အပြင်ကို တွားသွားထွက်ဖို့ ကြိုးစားနေပါတော့သည်။
လုအန်းကျီမှာ ချန်းချန်းကို ဖက်ထားပြီး ကလေးမလေးကို တည်ငြိမ်အောင် လုပ်ပေးရ၏။ သူတို့ကားကို လာတိုက်မယ့် တခြားသူတွေကိုလည်း မလာဖို့ အဆက်မပြတ် အချက်ပြရင်းနဲ့ အဲဒီပွဲပြီးအောင် စောင့်နေခဲ့ရသည်။
ကားတွေ အားလုံး ရပ်သွားတဲ့အခါ လုအန်းကျီက ထိုင်ခုံခါးပတ်ကို ဖြုတ်ပြီး ချန်းချန်းကို ပွေ့ချီကာ အပြင်ကို ထွက်လာခဲ့သည်။ ကလေးမလေးကတော့ အပြင်ရောက်တာနဲ့ တစ်ချက်လေးတောင် မရပ်ဘဲ ဝေးဝေးကို လျှောက်သွားပါတော့သည်။
လုအန်းကျီက ကျန်းဆူရှင်းကို မေးသည် “သူ အရင်က အဲဒီကားမျိုး မစီးဖူးဘူးလား?”
ကျန်းဆူရှင်းက ခေါင်းယမ်းပြီး “မစီးဖူးဘူး။ ချန်းချန်းက ငယ်သေးတယ်လေ။ ကျွန်မက သူ့ကို ကစားကွင်းတွေပဲ ခေါ်သွားတာ၊ ပန်းခြံကို တစ်ခါတစ်လေမှ ရောက်တာပါ။ ရောက်တဲ့ အခါတွေမှာလည်း ရိုးရိုးကစားစရာတွေပဲ ဆော့တာ၊ အဲဒီလို ကားမျိုး တစ်ခါမှ မစီးဖူးဘူး။ သူ ဒီလောက်အထိ ကြောက်လိမ့်မယ်လို့ ကျွန်မ တကယ် မထင်ထားခဲ့ဘူး” လို့ ပြောလိုက်သည်။
လုအန်းကျီက သက်ပြင်းချပြီး “ဟူး... ဒါမျိုးတွေက သူ နည်းနည်း ပိုကြီးလာမှပဲ ကောင်းမှာပါ” လို့ ဆိုလိုက်သည်။
အဲဒီနောက်မှာတော့ သူတို့နှစ်ယောက်ဟာ ချန်းချန်း ဆော့ဖို့အတွက် ရိုးရှင်းပြီး ကလေးတွေနဲ့ သင့်တော်တဲ့ ကစားစရာတွေကို လိုက်ရှာကြသည်။
အစောက ကားတိုက်တာကြောင့် ကလေးမလေးရဲ့ စိတ်ထဲမှာ ထိခိုက်သွားမှာကို သူတို့ စိုးရိမ်နေကြပေမယ့် အကြာကြီး စောင့်ကြည့်ပြီးတဲ့နောက်မှာတော့ ကလေးမလေးဟာ တခြားအရုပ်ကားတွေကို မြင်တဲ့အခါ ချက်ချင်းပဲ စိတ်ဝင်တစားနဲ့ ပြန်ဆော့ချင်နေတာကို တွေ့လိုက်ရသည်။
ရထားအသေးလေးစီးတာ၊ ဘောလုံးအိမ်ထဲမှာ ဆော့တာ၊ ငါးကန်ထဲက ရွှေငါးလေးတွေကို ဖမ်းတာနဲ့ ကားလေးတွေကို မောင်းတာတွေ လုပ်ပြီးတဲ့နောက်မှာ တစ်နာရီကျော်တောင် ကုန်ဆုံးသွားခဲ့ပါပြီ။
ချန်းချန်းကတော့ အပျော်လွန်ပြီး ကျန်တာတွေကို အကုန်မေ့နေ၏။ ကျန်းဆူရှင်းက သူမနောက်ကို လိုက်ပြီး ရေတိုက်ဖို့တောင် တော်တော်လေး ကြိုးစားလိုက်ရသည်။
ဒါကို မြင်တော့ လုအန်းကျီက ပန်းခြံထဲက ရေကန်ဘေးက နားနေဆောင်လေးကို သွားပြီး ရေနှစ်ပုလင်း ဝယ်လာကာ ကျန်းဆူရှင်းကို တစ်ပုလင်း ပေးလိုက်သည်။ သူတို့နှစ်ယောက်လုံး ရေငတ်ပြေအောင် သောက်လိုက်ကြသည်။
အဲဒီ တစ်နာရီကျော်အတွင်းမှာ သူတို့ ရေတောင် မသောက်ရသေးပါဘူး။
“အဲဒါ ဘာလဲ?”
ချန်းချန်းက မလှမ်းမကမ်းက အရာတစ်ခုကို ရုတ်တရက် လက်ညှိုးထိုးပြပါတယ်။
လုအန်းကျီနဲ့ ကျန်းဆူရှင်းတို့လည်း ချန်းချန်း ပြတဲ့ဘက်ကို လှည့်ကြည့်လိုက်ကြပါတယ်။ ကလေးမလေးက ရေကန်ဘေးမှာ ဆိုက်ကပ်ထားတဲ့ လှေတန်းကြီးကို ပြနေတာပါ။ ဝန်ထမ်းတွေက ကမ်းပေါ်မှာ ရပ်ပြီး ဧည့်သည်တွေကို လှေပေါ်တက်ဖို့ လမ်းညွှန်ပေးနေကြသည်။
အချို့လူတွေက လှေပေါ်ရောက်နေပြီဖြစ်ပြီး ရေကန်အလယ်ကို မောင်းထွက်နေကြသည်။ တော်တော်လေး ကျယ်တဲ့ အဲဒီရေကန်ထဲမှာ လှေတွေ အများကြီး ရှိနေ၏။
“အဲဒါတွေက လှေတွေလေ။”
လုအန်းကျီက ပြန်ဖြေလိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ သူတို့ ရေဝယ်တဲ့နေရာက လှေဆိပ်နဲ့ အရမ်းနီးသည်
“သြော်... လှေတွေ။”
ချန်းချန်းက ခေါင်းငြိမ့်ပြီး “ချန်းချန်းလည်း လှေစီးချင်တယ်” လို့ ပြောပြန်၏။
လုအန်းကျီက ကျန်းဆူရှင်းကို ကြည့်ပြီး “သူ့ကို ပေးစီးလို့ဖြစ်ရဲ့လား?” လို့ မေးလိုက်သည်။ အစောက ကားတိုက်တဲ့ ကိစ္စကြောင့် လုအန်းကျီက အနည်းငယ် စိုးရိမ်စိတ် လွန်ကဲနေပြီး ကလေးမလေး ထပ်ပြီး ကြောက်သွားမှာကို ကြောက်နေတာပါ။
ချန်းချန်းက နားလည်ပုံရပြီး ကျန်းဆူရှင်းက မစီးခိုင်းမှာ စိုးရိမ်သလိုမျိုး ကျန်းဆူရှင်းကို အမြန်ကြည့်လိုက်သည်။
ကျန်းဆူရှင်းက “ဒါကတော့ အဆင်ပြေပါတယ်။ အရင်က စုန့်ရှောင်ချင်းနဲ့ ငါနဲ့ သူ့ကို ခေါ်ပြီး စီးဖူးတယ်” လို့ ပြောလိုက်သည်။
လုအန်းကျီက ပြုံးပြီး ချန်းချန်းရဲ့ ခေါင်းလေးကို ပုတ်ကာ “သမီးက လှေလည်း စီးဖူးရဲ့သားနဲ့ အခုကျမှ အဲဒါ ဘာလဲလို့ လာမေးနေတာလား!” လို့ ပြောလိုက်သည်။
“ဟီးဟီး!”
ချန်းချန်းလေးက ပျော်ရွှင်စွာနဲ့ ရယ်မောလိုက်သည်။
အဲဒီနောက် လုအန်းကျီက ကျန်းဆူရှင်းနဲ့ ချန်းချန်းကို ခေါ်ပြီး လှေစီးဖို့ လက်မှတ်သွားဝယ်လိုက်သည်။
ပန်းခြံထဲက ရေကန်မှာ လှေသုံးမျိုး ရှိသည်။ စက်လှေ၊ ခြေနင်းလှေနဲ့ တက်နဲ့လှော်ရတဲ့ လှေတို့ပါ။
ချန်းချန်း ပါနေတဲ့အတွက် စက်လှေကတော့ မဖြစ်နိုင်ပါဘူး။ အရှိန်က နည်းနည်း မြန်သလို လေတိုက်တဲ့အခါ ရေလှိုင်းတွေကြောင့် လှေက ခုန်နေတတ်တာမို့ ချန်းချန်း ထပ်ပြီး ကြောက်သွားနိုင်သည်။
ကျန်တဲ့ နှစ်မျိုးထဲမှာ လုအန်းကျီက တက်နဲ့လှော်ရတဲ့ လှေကို စီးချင်တာပါ။ ဒါပေမဲ့ အဲဒီလိုစီးရင် သူနဲ့ ကျန်းဆူရှင်းက တစ်ဖက်တစ်ချက်စီ ထိုင်ပြီး တက်လှော်ရမှာဖြစ်လို့ ချန်းချန်းကို ကြည့်ဖို့နဲ့ သူမရဲ့ ဘေးကင်းမှုကို ဂရုစိုက်ဖို့ လက်တွေက အားနေမှာ မဟုတ်ပါဘူး။
ဒါကြောင့် လုအန်းကျီက ခြေနင်းလှေကိုပဲ ရွေးလိုက်ရသည်။
ကျန်းဆူရှင်းကလည်း အရင်က စုန့်ရှောင်ချင်းနဲ့ လာတုန်းက ခြေနင်းလှေကိုပဲ ရွေးခဲ့တယ်လို့ ပြော၏။ ဒီလှေမျိုးက မောင်းရတာ ရိုးရှင်းပြီး ပိုပြီးတော့ အဆင်ပြေ ပေသည်။
လှေပေါ်ရောက်တော့ လုအန်းကျီနဲ့ ကျန်းဆူရှင်းက ဘေးတစ်ဖက်စီမှာ ထိုင်ပြီး ချန်းချန်းကို အလယ်မှာ ထားလိုက်သည်။ သူတို့က စက်ဘီးနင်းသလိုမျိုး ခြေထောက်နဲ့ နင်းပြီး လှေကို ကမ်းကနေ ခွာလိုက်ကြသည်။
“ဝူး... ဝူး... ဝူး...”
ခြေနင်းတွေက လှေနောက်ပိုင်းက ဒလက်တွေနဲ့ ချိတ်ဆက်ထားပြီး ရေကို တွန်းထုတ်လိုက်တဲ့အခါ အသံတွေ ထွက်လာ၏။
“အဲဒါ ဘာအသံလဲ?”
ချန်းချန်းက ရေသံကို ကြားတော့ ခေါင်းလှည့်ပြီး မေးလိုက်သည်။
အဲဒီနောက် လှေနောက်ပိုင်းကနေ ထွက်လာတဲ့ ရေလှိုင်းလေးတွေကို သူမ မြင်သွားသည်။
“ဝိုး! လှေကြီးက လေလည်နေတာပဲ—“
ကလေးမလေးရဲ့ အသံထွက်က သိပ်မပီသပါဘူး။ လုအန်းကျီကတော့ ကလေးမလေးက “လေလည်တယ်” လို့ ပြောတာကို နားလည်လိုက်သည်။
“အဲဒါက နံလား?”
လုအန်းကျီက သူမကို စနောက်ပြီး မေးလိုက်သည်။
“နံတယ်—“
ချန်းချန်းက လေလည်ရင် နံတတ်တယ်ဆိုတဲ့ သူမရဲ့ အသိအတိုင်း ချက်ချင်း ပြန်ဖြေ၏။
သူတို့ရဲ့ လှေလေးက ရေကန်အလယ်ကို မျောပါသွား တော့သည်။ မလှမ်းမကမ်းမှာလည်း မိသားစု သုံးယောက်က လှေတစ်စီးနဲ့ မျောနေ၏။ ဒါပေမဲ့ သူတို့က တက်နဲ့လှော်နေတာဖြစ်လို့ လုအန်းကျီတို့ လှေထက်စာရင် နည်းနည်း ပိုနှေးသည်။
“အဲဒါ ဘာလဲ?”
ချန်းချန်းက စူးစမ်းလိုစိတ်နဲ့ အဲဒီမိသားစုရဲ့ လှေကို လက်ညှိုးထိုးပြီး မေးလိုက်သည်။
လုအန်းကျီက “အဲဒါတွေက တက်လှေလေ” လို့ ပြောပြ၏။
“သြော်... တက်လှေ။”
ချန်းချန်းက ခေါင်းငြိမ့်ပြပြီးနောက် ဇဝေဇဝါနဲ့ သူမတို့ လှေထဲမှာ ဘယ်ညာ လိုက်ကြည့်နေ၏။ “တက်တွေက ဘယ်မှာလဲ?”
ကျန်းဆူရှင်းက “ငါတို့မှာ တက်မရှိဘူး၊ ခြေနင်းတွေ ရှိတာ။ သူတို့မှာကျတော့ အဲဒါ မရှိဘူးလေ” လို့ ရှင်းပြသည်။
“သြော်။”
ချန်းချန်းက ခေါင်းငြိမ့်လိုက်ပြီး တက်ရှိဖို့ ဂျီမတိုက်တော့ပါဘူး။ ဒါပေမဲ့ သူမရဲ့ အာရုံက ကျန်းဆူရှင်း ပြလိုက်တဲ့ ခြေနင်းတွေဆီ ရောက်သွားပြီး “ချန်းချန်း နင်းမယ်! ချန်းချန်း နင်းမယ်!” လို့ အော်ပါတော့သည်။
ဒါနဲ့ ကျန်းဆူရှင်းက ချန်းချန်းကို ပွေ့ချီလိုက်ပြီး ကလေးမလေးရဲ့ ခြေထောက်သေးသေးလေးတွေကို သူမရဲ့ ခြေနင်းပေါ် တင်ပေးလိုက်သည်။ လုအန်းကျီကလည်း တစ်ဖက်ကနေ ဖြည်းဖြည်းချင်း နင်းပေးရင်း ကလေးမလေး လှေမောင်းတာကို ဝိုင်းကူပေး၏။
ဒါပေမဲ့ ကလေးမလေးက တက်တွေကိုပဲ ဆက်ပြီး ကြည့်နေတုန်းပါပဲ။
ဒါကို မြင်တော့ လုအန်းကျီက တစ်ခုခုကို တွေးမိသွားပြီး ချန်းချန်းကို ပြုံးပြကာ “ချန်းချန်း၊ ဖေဖေ သမီးကို သီချင်းတစ်ပုဒ် ဆိုပြရမလား?” လို့ မေးလိုက်သည်။
ချန်းချန်းရဲ့ မျက်လုံးတွေက တောက်ပသွားပြီး “ဟုတ်” လို့ ခေါင်းငြိမ့်ပါတယ်။ ဒီလိုအချိန်မျိုးဆိုရင် သူမက “ဖေဖေက တော်တယ်” ဒါမှမဟုတ် “ချန်းချန်းက တော်တယ်” လို့ ပြောရမယ့် အချိန်ဖြစ်လို့ သူမက အရမ်း စိတ်လှုပ်ရှားနေ ပေသည်။
လှေလေးက လေအဝေ့မှာ ဖြည်းဖြည်းချင်း ယိမ်းနွဲ့နေပြီး ရေကန်ထဲမှာ သိပ်မရွေ့ပါဘူး။ လုအန်းကျီဟာ ရေကန်ပေါ်က လတ်ဆတ်တဲ့ လေညင်းလေးနဲ့အတူ သီချင်း စဆိုပါတော့တယ် - “ငါတို့ တက်တွေကို လှော်ကြစို့၊ လှေလေးက ရေလှိုင်းတွေကို တွန်းထုတ်သွားတယ်၊ ပင်လယ်ရေမျက်နှာပြင်ပေါ်မှာ လှပတဲ့ စေတီဖြူကြီးက အရိပ်ထင်နေတယ်၊ စိမ်းလန်းတဲ့ သစ်ပင်တွေနဲ့ အနီရောင် တံတိုင်းတွေ ဝန်းရံလို့...”
သာယာလှတဲ့ သီချင်းသံလေးဟာ ရေကန်တစ်ခုလုံး ပျံ့လွင့်သွား၏။ ချန်းချန်းလေးက သီချင်းသံထဲမှာ နစ်မျောနေသလိုမျိုး သူမရဲ့ ခေါင်းလေးကို ဖြည်းဖြည်းချင်း ငြိမ့်နေသည်။
ကျန်းဆူရှင်းရဲ့ မျက်လုံးတွေက လုအန်းကျီကို ကြည့်ရင်း တောက်ပနေသည်။ ဒီလူက တကယ်ပဲ သူမကို တစ်ခါပြီးတစ်ခါ အံ့သြအောင် လုပ်နိုင်လွန်းသည်။ ဒီလို သာယာပြီး စင်ကြယ်လှပတဲ့ သီချင်းမျိုးဟာ အရင်က “မျောက်နှစ်ကောင်” သီချင်းနဲ့ ယှဉ်ရင် လုံးဝကို ကွဲပြားတဲ့ ခံစားချက်မျိုး ပေး၏။
သူက ချန်းချန်းအတွက် ကလေးသီချင်းတွေကို သီးသန့် လေ့လာထားတာလား?
“လှေငယ်လေးက ဖြည်းညှင်းစွာ၊ ရေပေါ်မှာ မျောပါလို့၊ အေးမြတဲ့ လေညင်းလေးက ငါတို့ မျက်နှာကို တိုက်ခတ်လို့ ~”
ရိုးရှင်းပြီး နားထောင်လို့ ကောင်းတဲ့ တေးသွားနဲ့အတူ လုအန်းကျီရဲ့ ကြည်လင်တဲ့ သီဆိုမှုဟာ ကျန်းဆူရှင်းကို ဖမ်းစားထား၏။ ကျန်းဆူရှင်းက သီချင်း စည်းချက်အတိုင်း လက်ခုပ်ကလေး ဖြည်းဖြည်းချင်း လိုက်တီးနေသည်။
အနားက လှေပေါ်က မိသားစု သုံးယောက်လည်း မသိစိတ်နဲ့ လှော်ခတ်တာကို ရပ်လိုက်ကြပြီး သီချင်းသံလာရာကို လှည့်ကြည့်နေကြပါတော့သည်။