နဂါးအင်ပါယာ ပေါ်လာကာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေထံ လမ်းကြောင့် ပွင့်လှစ်ခြင်း
Vol. 134 Ch. 1843
“အရှင်အတွက် ဘေးကင်းလုံခြုံတဲ့ ခရီးစဉ် ဖြစ်ဖို့ ငါ မျှော်လင့်ပါတယ်…” မူပင်းမေက ထီးကို ကိုင်ထားလျက် မိုးစက်များကြားကနေ ဖြတ်၍ ဝမ်လင်းထံ လှမ်းကြည့်သည်။ သူမ၏ ညင်သာသောစကားသံက မိုးရေများကြား၌ ပဲ့တင်ထပ်၏။
အဆုံးသပ်၌ သူမက မထွက်ခွာရန် ဆုံးဖြတ်ခဲ့ပေသည်။ သူမ ဒီနေရာသို့ ရောက်လာခြင်းမှာ ဝမ်လင်းကို နောက်ဆုံးအကြိမ် တွေ့ရဖို့အတွက်သာ။ သူတို့ နောက်ထပ် မည်သည့်အချိန်ပြန်ဆုံနိုင်မလဲကို အဘယ်သူက သိနိုင်မည်နည်း။
ဝမ်လင်းက သူမ၏အတွေးများကို မခန့်မှန်းကြည့်နိုင်ပေ။ မူပင်းမေက ရိုးစင်းသော အမျိုးသမီးတစ်ယောက် မဟုတ်ပေ။ သူမ နေခဲ့ဖို့ ဆုံးဖြတ် ပြောဆိုလာမှတော့ သူမထံ၌ အကြောင်းပြချက် ရှိရမည်သာ။
သူက မမေးပေ။ သူ မမေးချင်ပေ။
မိုးရွာသွန်းနေရင်းဖြင့် လဝက်တာ ကုန်လွန်လာ၏။ နောက်ဆုံးနေ့၏ နေဝင်ရီတရောအချိန်၌ မိုးရွာသွန်းမှုက ပိုသိပ်သည်းလာဟန် ထင်ရသည်။
ဝမ်လင်းက ထရပ်ကာ ကောင်းကင်ထက်သို့ ခြေလှမ်း၏။ သူ၏နောက်၌ ထွက်ခွာမည့်လူတိုင်းက လေထဲသို့ ပျံတက်ကာ အလင်းတန်းများအဖြစ် ပြောင်းလဲသည်။ သူတို့က သည်မိုးစက်မိုးပေါက်များကြား မှုန်မှိုင်းသောအလင်းကို ထုတ်လွှတ်၏။
ကောင်းကင်ထက်တွင် ရပ်ကာ ဝမ်လင်းက သူ၏အောက်ရှိ မြေပြင်ကို ကြည့်၏။ မူပင်းမေက ထီးကိုင်လျက် နေရာတွင် ရပ်နေဆဲသာ။
ထီးအောက်မှ ညင်သာနူးညံ့သောပုံရိပ်၊ ဝတ်ရုံရှည်နှင့်လှပလွန်းသော အမျိုးသမီး၊ သူမ၏ဆံပင်တို့မှာ လေနှင့်အတူ လွင့်ဝဲလျက်။ ထိုပုံရိပ်ထံမှ ခွဲခွာရမည့်အတွက် ဝမ်းနည်းမှုခံစားချက် ပေးစွမ်းနေသည်။
မူပင်းမေကို ကြည့်ကာ ဝမ်လင်းက ငြိမ်သက်စွာ စဉ်းစားနေ၏။
အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ငါ အသက်ရှင်ခဲ့ရင် ပြန်လာခဲ့မယ်…”
မူပင်းမေ၏ထီးက အနည်းငယ် အောက်စိုက်သွားကာ သူမ၏မျက်နှာကို ဖုံးကွယ်သည်။ သူမက တိုးညင်းစွာ ပြောလိုက်၏။ “ငါ အသက်ရှင်လျက် ရှိနေခဲ့ရင် နင့်ကို လာနှုတ်ဆက်ပါမယ်…”
ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်ကာ လေဟာနယ်ထံ ဆန့်ထုတ်သည်။ သူ၏အနှစ်သာရခုနစ်ခုမှာ တစ်ပြိုင်နက်တည်း အသက်ဝင်လာပြီး သူ၏လက်၌ စုဝေး၏။ အလင်းသည် မိုးရေစက်ကို အလင်းပြန်စေလျက် သလင်းဓားတစ်လက် ပေါ်လာသည်။
ထိုဓားက ဝမ်လင်း၏အနှစ်သာရများနှင့် သူ၏ရှေးတောက်စွမ်းအားတို့ ပေါင်းစပ်ထားခြင်းပင်။ ထို့ကြောင့် ၎င်း၏စွမ်းအားက တုန်လှုပ်ဖွယ်ကောင်းမည်သာ။
“ငါ ဒီလှိုဏ်ဂူလောကကို ဘယ်အချိန်မှ ပြန်လာနိုင်စွမ်း ရှိမလဲ ငါ မသိဘူး။ ဒါက နှစ်တစ်ထောင်၊ နှစ်တစ်သောင်း ဒါမှမဟုတ် အဲ့ထက်လည်း ပိုကြာသွားနိုင်တယ်။ ငါ ဘယ်တော့မှ ပြန်မလာနိုင်တာလည်း ဖြစ်နိုင်တယ်။ ငါ နင့်ကို ဒီဓား ပေးလိုက်မယ်။ ဂရုစိုက်ပါ…” ဝမ်လင်းသည် သက်ပြင်းချကာ ကောင်းကင်ထက်သို့ ခြေလှမ်းသွားတော့သည်။
သူ၏နောက်၌ ထွက်ခွာချင်သော လူတိုင်းက ပျံသန်းလိုက်ပါလာ၏။ လီချန်မေက မူပင်းမေထံ လှည့်ကြည့်ပြီးနောက် ထွက်ခွာလာတော့၏။
မူပင်းမေက နေရာတွင်သာ ရပ်နေလျက် ပျံသန်းသွားသော အလင်းတန်းများကို ကြည့်နေ၏။ သူမ၏မျက်လုံးထောင့်မှ မျက်ရည်စီးကြောင်းနှစ်ခု လိမ့်ဆင်းကျလာသည်။ သူမ၏ရှေ့ရှိ လောကမှာ ဝေဝါးသွား၏။ ခုချိန်၌ သူမသည် ခင်ပွန်းကို လိုက်ပါ ပို့ဆောင်သော ဇနီးသည်တစ်ယောက်နှင့် တူနေလေသည်။
“ဂရုစိုက်ပါ…” မူပင်းမေက တိုးညင်းစွာ ပြော၏။ သူမ၏အသံကို သူမတစ်ယောက်သာ ကြားနိုင်လောက်မည်။ သူမက ဝမ်လင်း ချန်ထားပေးခဲ့သော အနှစ်သာရဓားကို ကိုင်ကာ မိုးထဲရေထဲမှာ အဝေးသို့ ညင်သာဖြည်းညင်းစွာ လျှောက်လှမ်းသွားတော့သည်။
ကောင်းကင်ထက်၌ ဝမ်လင်းက သူနှင့် ရင်းနှီးသော ပတ်ဝန်းကျင်ကို ကြည့်၏။ သူ၏စိတ်နှလုံးမှာ တည်ငြိမ်လာသည်။
“အစီအရင် ဒီမှာ ရှိနေရင် အုပ်စိုးသူလို တစ်စုံတစ်ယောက် မပေါ်လာခဲ့ရင် အတွင်းနဲ့အပြင်နယ်မြေကြားမှာ နောက်ထပ် စစ်ပွဲ ရှိလာတော့မှာ မဟုတ်ဘူး။ သခင်ငါးပါးထဲက တချို့က အသက်ရှင်လျက် ရှိနေသေးတယ်ဆိုရင်တောင် သူတို့ဟာ ဒဏ်ရာအပြင်းအထန် ရထားကြတယ်။ တာအိုသခင်အိပ်မက်ပြာနဲ့ အရှင်တောင်ပိုင်းတိမ်တို့ ဒီမှာ ရှိနေရင် ဘာပြသနာမှ မရှိနိုင်လောက်ဘူး။ ငါ စဉ်းစားဖို့ လိုတဲ့ ကိစ္စအချို့တော့ ရှိသေးတယ်…”
“ဟင်္သာငှက်ဗိုလ်ချုပ်ဟာ ထွက်ခွာသွားခဲ့ပြီ။ အတွင်းနယ်မြေရဲ့ ပထမဆုံးဟင်္သာငှက်ဟာ ဟင်္သာငှက်ဗိုလ်ချုပ်ကနေ တကယ်ပဲ ခွဲထွက်ခဲ့တာဆိုရင် သူလည်းပဲ ထွက်သွားသင့်တယ်။ ဒုတိယမျိုးဆက်ဟင်္သာငှက်နဲ့ တခြားသူတွေကော အဲ့နေရာမှာ ရှိကြသေးလား ငါ မသိဘူး…” ဝမ်လင်းသည် သည်အုပ်စုကို ဦးဆောင်ကာ ကောင်းကင်ဘုံနယ်မြေကနေ ထွက်လာရင်း စဉ်းစားနေ၏။
သူသည် ပြိုလဲကုန်းမြေသို့ မသွားခဲ့ပေ။
“ပြိုလဲကုန်းမြေဟာ သိပ်တော့ မရိုးရှင်းလှဘူး။ ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့အတွက် သံလိုက်အိမ်မြှောင်ညွှန်တံ…” ဝမ်လင်း၏မျက်လုံးသည် အရောင်တောက်လာ၏။ သူ၏ စိတ်ထဲ၌ သံသယအချို့ ရှိလို့နေ၏။ သို့သော် သူက ထိုသံသယကို ဖြေရှင်းရန် အချိန်မရှိတော့ပေ။
“ငါ လွှတ်ပေးခဲ့တဲ့ သခင်သွေးစိတ်ဝိညာဉ်လည်း ရှိသေးတယ်။ ပြီးတော့ တာအိုပညာရှင်ရေနဲ့ တိုက်ခိုက်တုန်းက ငါ့ကို ကူညီပေးခဲ့တဲ့ လေကောင်းကင်ဘုံနယ်မြေမှာ ချိပ်ပိတ်ခံထားရပုံ ပေါ်တဲ့ ဆန်းပြားတဲ့သူလည်း ရှိသေးတယ်။ နောက်ပိုင်းမှာ အဲ့လူဟာ လေကောင်းကင်ဘုံနယ်မြေကနေ ထွက်သွားခဲ့တယ်။ သူတို့တွေ ဘယ်ရောက်နေကြလဲ ငါ မသိဘူး။ ဒါပေမဲ့ ဖြစ်နိုင်တာကတော့ သူတို့ဟာ တံခါးပွင့်လှစ်ခဲ့တာရဲ့ စွဲဆောင်မှုကို ခံရနိုင်တာပဲ…”
“ရှင်းပြလို့ မရနိုင်တဲ့ နေရာတွေ၊ အကြောင်းအရာတွေ ရှိနေသေးတယ်…” ဝမ်လင်းသည် ရှေ့သို့ လှမ်းလာရင်း မျက်လုံးမှိတ်လိုက်၏။ သူက သူ၏သံသယများနှင့် ထင်မြင်ချက်အားလုံးကို သိမ်းဆည်းလိုက်၏။ သူ၏ ထိုထင်မြင်ချက်၊သံသယများကို သူ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှ ပြန်လာနိုင်သည့်အခါမှ ဖြေရှင်းတော့မည် ဖြစ်သည်။
“အင်မောတယ်ကောင်းကင်ဘုံကုန်းမြေဟာ ငါ့ မွေးရပ်မြေ မဟုတ်ဘူး။ ငါ့ မွေးရပ်မြေက ဒီနေရာပဲ…။ အခု ခွဲခွာမှုဟာ ကလေးတစ်ယောက် သူ့အိမ်ကနေ ထွက်လာသလိုပဲ။ ပြန်လာနိုင်မယ့် တနေ့တော့ ရှိမှာပါ…”
ဝမ်လင်းက မျက်လုံးဖွင့်လိုက်၏။ သူ၏မျက်လုံးသည် တောက်ပနေသည်။
“ငါ မသေဘဲ ပြန်ရောက်လာခဲ့ရင်တော့ ဒီကျန်သေးတဲ့ ထူးခြားဆန်းကြယ်တဲ့ ကိစ္စရပ်တွေကို ဖြေရှင်းမယ်…” ဝမ်လင်း၏ ခုလက်ရှိ ကျင့်ကြံမှုဖြင့် သူသည် ဤကိစ္စများကို ရှာဖွေစူးစမ်းနိုင်၏။ သို့သော် သူက ထိုသို့ မလုပ်ပေ။ သူက သည်ဆန်းကြယ်မှုများက အခုအတိုင်း ချန်ထားခဲ့ခြင်းအားဖြင့် သူ၏ မွေးရပ်မြေကို အမှတ်ရစေနိုင်ရန် ဖြစ်သည်။
ဤသည်ကို စွဲလမ်းမှုတမျိုးဟု ဆိုနိုင်သည်။ မဖြေရှင်းရသေးသော ကိစ္စများ ရှိနေပါက သူသည် အချိန်တိုက်စားမှုကြောင့် အရာအားလုံးကို မေ့သွားခဲ့လျှင်ပင် သူ၏ မွေးရပ်မြေကို မေ့သွားလိမ့်မည် မဟုတ်တော့ပေ။
ဝမ်လင်း ဦးဆောင်သော အလင်းတန်းဒါဇင်ချီက ကြယ်များကြား ပျံသန်းနေ၏။ လူတိုင်း၏ ကျင့်ကြံမှုအဆင့်က မြင့်မားလှကာ သူတို့သည် ဥက္ကာပျံများအလား ရွှေ့လျားနေကြသည်။
လီချန်မေ၏ အမြန်နှုန်းသည် အနည်းငယ် နှေးပေ၏။ သို့သော် ဝမ်လင်း၏ ကူညီဖေးမမှုကြောင့် ဤက ပြဿနာမရှိပါ။
တစ်လ မပြည့်ခင် ရက်အနည်းငယ်လိုသော အခါ၌ ဝမ်လင်းသည် လူတိုင်းကို အလုံးစုံကောင်းကင်ရှိ တံခါးထံ ခေါ်ဆောင်လာခဲ့သည်။
သည်တံခါးမှာ ကြီးမားလွန်း၏။ သည်ကြယ်အဖွဲ့အစည်းတစ်ခုလုံးကို ထောက်ပိုးထားသည့်အလား ထင်မှတ်ရသည်။ ရွှမ်လောက တံခါးဘေးတွင် ရှိနေကာ သူ့ကို ရွှေရောင်အလင်း ခြုံလွှမ်းထားသည်။ သူ၏ခန္ဓာကိုယ်မှ တုန်လှုပ်ဖွယ်ဖိအားတစ်ခု ပျံ့နှံ့နေကာ ပတ်ဝန်းကျင်တစ်ခုလုံးကို ခြုံလွှမ်းထားသည်။
ဝမ်လင်းနှင့် တခြားသူများ ရောက်လာသည့်အခါ ရွှမ်လောက မျက်လုံးဖွင့်လာ၏။ သူ၏မျက်လုံးထံမှ ရွှေရောင်တောက်ပမှုကို ပေးစွမ်းနေလျက် သူက လူတိုင်းထံ ဝေ့ကြည့်လိုက်သည်။
“နောက်ထပ် ရက်အနည်းငယ်လောက် လိုသေးတယ်။ ဒါပေမဲ့ ကိစ္စမရှိဘူး။ ဒီလူတွေဟာ ပြန်လည်မွေးဖွားဖို့ ဆုံးဖြတ်ထားတဲ့ သူတွေမလား…” ရွှမ်လော၏ စကားသံက ကြယ်များကြား ပဲ့တင်ထပ်လာ၏။ သူက လူအရေအတွက်ကို တွေ့မြင်သည့်အခါ အနည်းငယ် စိတ်အေးသွားမိ၏။ လူနှစ်ဆယ်ပင် မပြည့်သော အရေအတွက်က သူ့ကို အားစိုက်ထုတ်ရတာ များစွာ သက်သာစေလိမ့်မည်ပင်။
အစတုန်းက သူသည် လူရာချီ၊ထောင်ချီလောက် ရှိလိမ့်မည်ဟု တွေးထားခဲ့၏။ ထိုသို့သာဆိုပါက ရွှမ်လောအတွက်ပင် အခက်တွေ့ရလိမ့်မည်။ တကယ်တော့ လူ ပိုများလေလေ ပြန်လည်မွေးဖွားခြင်းမန္တာန်ကို အသုံးပြုရတာ ပိုခက်လေပင်။ သည်လူ အရေအတွက်က အကောင်းဆုံး ဖြစ်၏။
အမှန်တော့ ဝမ်လင်းသည် လူတိုင်းကို ထွက်သွားနိုင်သည်ဟု မပြောခဲ့ပေ။ မဟုတ်ပါက ထွက်သွားချင်သောသူ ပိုများလိမ့်မည်သာ။ သူ ထိုသို့ မပြောရသည့်အကြောင်းရင်းမှာ ရွှမ်လောကြောင့်ပင်။
ဝမ်လင်းက ရွှမ်လောအပေါ် ကျေးဇူးကြွေး ထပ်မတင်ချင်တော့ပေ။ သူက လူများစွာကို ခေါ်ဆောင်လာခဲ့ပါက ရွှမ်လောအတွက် ဖိအားများစေကာ ဒဏ်ရာရစေမည်ကို မလိုလားပေ။
ရွှမ်လောက ထရပ်၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေလိုက်သည်။ ကြယ်အဖွဲ့အစည်းသည် တုန်ယင်ကာ အဘက်ဘက်၌ လှိုင်းဂယက်များ ပဲ့တင်ထပ်၏။ ကျယ်လောင်စွာ တုန်ဟည်းသံ ဒီကြယ်အဖွဲ့အစည်းတွင် ပဲ့တင်ထပ်သည်။
ထိုအသံသည် အစပိုင်း၌ မပြင်းထန်သော်လည်း တအောင့်အကြာ၌ မိုးကြိုးပစ်သံအလား ဟိန်းမြည်လာ၏။ ရွှမ်လော၏ ဝတ်ရုံက ကခုန်နေလျက် သူ့ဆံပင်တို့မှာ လွင့်ဝဲလို့နေသည်။
ရွှမ်လော၏နောက်တွင် ဧရာမသွေးနီရောင်နေမင်းတစ်စင်း ပေါ်လာ၏။ ထိုနေမင်း ပေါ်လာသည့်နောက် သည်ကြယ်အဖွဲ့အစည်းအတွင်းရှိ ရွှေရောင်အလင်းက မှိန်ဖျော့သွားလေ၏။
ထိုနေမင်း ပေါ်လာသည်နှင့် ရွှမ်လောက သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ လေဟာနယ်ထံ ဆန့်ထုတ်သည်။
“နဂါးအင်ပါယာကောင်းကင်စိတ်ဝိညာဉ်၊ ငါ ရွှမ်လောက သင့်ကို ဆင့်ခေါ်တယ်…”
ရွှမ်လော၏အသံ၌ ဆန်းကြယ်မှုတို့ ပြည့်နေသည်။ သူ၏အသံ ပဲ့တင်ထပ်လာသည့်အခါ တုန်းဟည်းသံများ သာ၍ ပြင်းထန်လာ၏။ မရေမတွက်နိုင်သော လှိုင်းဂယက်များ ပေါ်လာခြင်းနှင့်အတူ ဝဲကတော့တစ်ခုပါ ပေါ်လာ၏။ ယင်းဝဲကတော့သည် မြန်ဆန်စွာ စုပ်ယူခံရရင်း ဒီကြယ်အဖွဲ့အစည်းတစ်ခုလုံး စုပ်ယူခံရသည့်နှယ် ထင်ရလေ၏။
ထိုဝဲကတော့အတွင်းနက်ပိုင်း၌ လုံးဝနက်မှောင်နေပြီး တခြားလောကတစ်ခုနှင့် ချိတ်ဆက်ထားသည့်အလား။
ထိုဝဲကတော့၏လည်ပတ်နှုန်း အနေထားတစ်ခုထိ ရောက်လာသည်နှင့် ယင်းထံမှ ကျယ်လောင်သော နဂါးဟိန်းသံ ထွက်ပေါ်လာသည်။ ထိုဟိန်းသံသည် မြန်ဆန်စွာ ပျံ့နှံ့လာကာ ဝမ်လင်း၏နားထဲ၌ မြည်ဟိန်း၏။
ဝေါင်း။
ထိုဟိန်းသံက ပို၍ ပြင်းထန်လာပြီး ကြယ်အဖွဲ့အစည်းတစ်ခုလုံးသို့ ပျံ့နှံ့သည်။ ဝမ်လင်းနောက်ရှိ လူများ၏ အမူအရာများသည် ပြောင်းလဲသွားကာ ရွှမ်လောထံ ကြည့်နေသော သူတို့၏မျက်လုံးများထဲ၌ ကြောက်ရွှံ့မှုတို့ ပြည့်နှက်နေသည်။
ထိုဟိန်းသံက ဝမ်လင်း၏စိတ်နှလုံးကို တုန်ခါစေသည်။ သို့သော် သူ၏ခန္ဓာကိုယ်က မလှုပ်ရှားဘဲ ဝဲကတော့ထံသို့သာ သူ စိုက်ကြည့်နေသည်။
ထိုဟိန်းသံက ဝဲကတော့အတွင်းမှ ဆက်တိုက် ထွက်ပေါ်သည်။ ဝမ်လင်းသည် ဝဲကတော့အတွင်းသို့ မမြင်နိုင်ခဲ့သော်လည်း သူသည် ၎င်းအတွင်းမှ နဂါးတစ်ကောင် ချိုးဖျက်ထွက်ဖောက်ဖို့ ရုန်းကန်နေပုံကို စိတ်ကူးကြည့်နိုင်သည်။
တအောင့်အကြာတွင် ထိုဟိန်းသံက ကြယ်အဖွဲ့အစည်းကို ပျက်စီးပြိုလဲစေတော့မည့်အလား။ ဧရာမဦးခေါင်းတစ်ခုက ဝဲကတော့ထံမှ အတင်းအကြပ် ထိုးထွက်လာသည်။ ထိုဦးခေါင်းကား ကြီးမားလွန်း၏။ ဝဲကတော့သည် ပျက်စီးကာ ၎င်း၏အစိတ်အပိုင်းများသည် တစစီဖြစ်၍ တုန်ခါလှိုင်းတစ်ခု ပျံ့နှံ့သည်။
ထိုဧရာမဦးခေါင်းမှာ နဂါးဦးခေါင်းပင်။
ထိုဦးခေါင်း၌ ဦးဂျိုတစ်ခု ရှိကာ နဂါးနှုတ်ခမ်းမွှေးကား ပေထောင်ချီ ရှည်လျား၏။ ၎င်းထံ၌ ခရမ်းရင့်ရောင်ကြေးခွံတစ်ခု ပိုင်ဆိုင်ထားပြီး အေးစက်လှသောအကြည့်လည်း ရှိသည်။
ထိုအခါ လူတိုင်းသည် အံ့ဩဘနန်း ဖြစ်ရလေ၏။
ပို၍ အံ့ချီးဖွယ် ဖြစ်သည်မှာ ၎င်း၏ဦးဂျိုထိပ်မှာ ထက်ရှခြင်း မရှိဘဲ လေးထောင့်အသွင် ရှိသည်။ အဝေးမှ ကြည့်ပါက ထိုဦးဂျို၏ထိပ်သည် အင်ပါယာတစ်ယောက်၏ သရဖူတစ်ခုနှင့် တူညီလုနီးပါးပင်။
ထိုဦးခေါင်းက ပေတစ်သောင်းနီးပါး ကြီးမား၏။ သည်အခိုက်တွင် ဦးခေါင်းတစ်ခုသာ ထွက်ပေါ်လာသေးတာ ဖြစ်၏။ ယင်းနဂါး၏ ခန္ဓာကိုယ်သည် တွန့်ခေါက်ကာ ကျယ်လောင်စွာတုန်ဟည်းသံတို့ ပဲ့တင်ထပ်သည်။ ၎င်းနဂါးသည် အလုံးစုံ ထိုးထွက်လာတော့မည်ဟု ထင်ရသည်။
“ဒီနဂါးဟာ ငါ့လက်နက်ကိုးခုထဲက တစ်ခုဖြစ်တဲ့ နဂါးအင်ပါယာပဲ။ ဒီကောင်ဟာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ အရှေ့အစွန်းပိုင်း၊အရိုင်းကုန်းမြေက ဖြစ်တယ်။ အဲ့နေရာမှာ မရေမတွက်နိုင်တဲ့ ကြမ်းကြုတ်တဲ့ သားရဲတွေရှိတယ်။ ဒီနဂါးဟာ အဲ့နေရာမှာ ရှိတဲ့ အထွတ်အထိပ်တည်ရှိမှုတွေထဲက တစ်ခုပဲ…”
“ဒီနဂါးဟာ လေဟာနယ်အတိဒုက္ခအလယ်အဆင့် ကျင့်ကြံခြင်း ပိုင်ဆိုင်ထားတယ်။ အတိတ်တုန်းက ဒီအဘိုးအိုဟာ ဒီနဂါးကို သတ်ခဲ့ပြီး ၎င်းရဲ့ စိတ်တိညာဉ်ကို ယူဆောင်၊ ခန္ဓာကိုယ်ကို သန့်စင်၊ အရိုးတွေကို ထုတ်နှုတ်ပြီး လက်နက်တစ်ခုအဖြစ် သန့်စင်ပစ်ခဲ့တာပဲ။ ဒီအဘိုးအိုက ဒီကျာပွတ်ကို အသုံးပြုပြီး အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ ဥပဒေသကို တိုက်ခိုက်မယ်။ ဒါဆိုရင် မင်းတို့အားလုံး ပြန်လည်မွေးဖွားနိုင်ဖို့အတွက် ဥပဒေသမှာ အက်ကြောင်းတစ်ခု ပေါ်လာလိမ့်မယ်…” ရွှမ်လော၏ စကားသံ ပဲ့တင်ထပ်လာရင်း သူ၏ညာလက်သည် နဂါးထံသို့ ဦးတည်လေသည်။
ထိုနဂါးက မာန်သွင်းလိုက်၏။ ၎င်း၏ခန္ဓာကိုယ်က လေဟာနယ်ထံမှ ထိုးထွက်လာသည်။ ပေနှစ်သောင်း၊သုံးသောင်း၊ငါးသောင်း နောက်ဆုံးတွင် ပေသိန်းချီ ရှည်လျားသော ခန္ဓာကိုယ်မှာ ရွှမ်လောရှေ့တွင် ထိုးထွက်လာရင်း ၎င်းနဂါးမှာ ပေတစ်ထောင်ခန့် ရှည်လျားသော သွေးနီရောင်ကျာပွတ်အဖြစ် မြန်မြန်ဆန်ဆန် ပြန်ကြုံ့လေ၏။
ထိုကျာပွတ်က တုန်လှုပ်ဖွယ်ဖိအားကို ပေးစွမ်းနေသည်။ ဝမ်လင်းသည်ပင် ၎င်းကျာပွတ်ကို တွေ့မြင်သည့်အခါ မျက်လုံးသူငယ်အိမ် ကြုံ့မိသွား၏။ သူသည် ကြိတ်၍ သတိအနေထား ဖြစ်သွားသည်။ သူက ၎င်းကျာပွတ်ရိုက်ချက်တစ်ချက်ကိုပင် ခံနိုင်မည် မဟုတ်ဟု ခံစားမိသည်။
ထိုကျာပွတ်၏စွမ်းပကားကား မခန့်မှန်းနိုင်ပေ။