အိပ်မက်တာအိုအတွက် လမ်းခင်းပေးခြင်း
Vol. 134 Ch. 1844
နဂါးအင်ပါယာကျာပွတ်ကို ဆုပ်ကိုင်ကာ ရွှမ်လောသည် ဝေ့ယမ်း ရိုက်ချသည်။ ထိုကျာပွတ်က တံခါးထံ တန်းတန်းမတ်မတ် ပျံသန်းဝင်ရောက်သည်။
ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်ကာ တံခါးသည် တုန်ယင်၏။ ပြင်းထန်သောအားတစ်ခုက တံခါးထံ တရကြမ်း တိုးဝင်ကာ တံခါးအတွင်းရှိ ဗရမ်းဗတာဖြစ်မှု၌ အပေါက်ဖြစ်သွားစေရန် ဆုတ်ဖြဲလေ၏။
ထိုအပေါက်သည် အလွန်နက်လှ၏။ ၎င်းက မည်သည့်နေရာထံ ဦးတည်လေမှန်း မသိရပေ။ ၎င်းမှာ နက်မှောင်နေ၏။ သို့သော် ထိုဗရမ်းဗတာဖြစ်မှုထံမှ ထူးခြားသောဖိအားတစ်ခု ထွက်ပေါ်လို့နေသည်။ ထိုဖိအား ညှစ်ချေသည့်အခါ အပေါက်သည် မြန်မြန်ဆန်ဆန် ပြန်ပိတ်ဆို့သည်။
ရွှမ်လော၏မျက်လုံးသည် တလက်လက် ဖြစ်လာကာ သူက ကျာပွတ်ကို ထပ်မံ ဝေ့ယမ်း၏။ ကိုးကြိမ်ဆက်တိုက် ကျာပွတ်ရိုက်ချက် ထုတ်ဖော်လိုက်လေ၏။ နဂါးကျာပွတ်မှာ ပေသိန်းချီ ရှည်လျားထွက်သည်။ အဆုံးသပ်၌ ထိုကျာပွတ်က တံခါးအတွင်းသို့ ဝင်ရောက်ကာ ဗရမ်းဗတာဖြစ်မှုကို ဆုတ်ဖြဲ၍ လမ်းကြောင်းတစ်ခုကို ဖြစ်ပေါ်စေလေသည်။
ထိုလမ်းကြောင်းမှာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေဆီသို့ ဦးတည်၏။ ၎င်းသည် ပြန်လည်မွေးဖွားခြင်းလမ်းကြောင်းတစ်ခုနှင့် ဆင်တူသည်။
“မင်းတို့ ပြန်မွေးဖွားတဲ့အခါကျရင် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ ဥပဒေသကို ဆန့်ကျင်ရမယ့်အပြင် လမ်းပျောက်သွားနိုင်တဲ့ အန္တရာယ်ပါ ရှိနိုင်တယ်။ ဒီနဂါးနောက် လိုက်သွားဖို့ မှတ်ထားပါ။ ဒါဆိုရင် မင်းတို့ ပြန်လည်မွေးဖွားခြင်းလမ်းကြောင်းပေါ် ရောက်သွားနိုင်လိမ့်မယ်…”
ရွှမ်လောက သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်ပေါ်စေလိုက်၏။ သူ၏စကားသံမှာ ပဲ့တင်ထပ်သည်။
“ဒုတိယစိတ်ဝိညာဉ်၊ တောင်နတ်ဆိုး၊ ဒီအဘိုးအိုရဲ့ အမည်နာမကြောင့် ပေါ်လာစေ…”
ရွှမ်လော၏ လက်နှစ်ဖက်က လှုပ်ရှားသွား၏။ ပုံရိပ်ယောင်တစ်ခု သူ၏ရှေ့တွင် ပေါ်လာသည်။
နှင်းများဖုံးနေသော လောကတစ်ခု၊ မိုးထိမြင့်မားသော နှင်းဖုံးတောင်တန်းတစ်ခု၊ ထိုတောင်၏အမြင့်မှာ အဆုံးမရှိလေပေ။
“ပြန်လည်မွေးဖွားဖို့ လမ်းကြောင်းကို ဖုံးကွယ်ဖို့ ပုံရိပ်ယောင်တားဆီးပိတ်ပင်ခြင်း…။ ဒီတောင်ဟာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေပေါ်က ရှေးတောင်တစ်လုံး ဖြစ်တဲ့ နတ်ဆိုးပဲ။ ဒါပေမဲ့ ဒါကို ငါက သန့်စင်ထားခဲ့တာ။ ငါဟာ ဒီတောင်ကို ကောင်းကင်ဘုံနတ်ဆိုး ဖြစ်လာဖို့ မရေမတွက်နိုင်တဲ့ စိတ်ဝိညာဉ်တွေ စတေးခဲ့ရတယ်…”
“ဒါက မင်းတို့ရဲ့ စိတ်ဝိညာဉ်တွေ ပြန့်ကြဲသွားမှာကို ကာကွယ်ပေးလိမ့်မယ်…” ရွှမ်လောက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ ထိုနှင်းဖုံးတောင်သည် တံခါးထံ ပျံသန်းသည်။ အက်သံများ ပဲ့တင်ထပ်ကာ နဂါးကဖန်တီးထားသော လမ်းသည် အဖြူရောင်နှင်းဖြင့် အေးခဲလေ၏။ ၎င်းမှာ အဆုံးအဆမဲ့စွာ ချဲ့ကားကုန်သည်။
သည်ပြန်လည်မွေးဖွားခြင်းလမ်းကြောင်းသည် အခုအခါ၌ နှင်းဖုံးတောင်ဖြင့် ကာကွယ်ပေးထားခြင်း ခံထားရ၏။ သို့သော် ၎င်းမှာ မပြည့်စုံသေးပေ။
“တတိယစိတ်ဝိညာဉ်၊ ဓားကောင်းကင်ဘုံ၊ ငါ သင့်ကို ဆင့်ခေါ်တယ်…”
ရွှမ်လောက သူ့ဘယ်လက်ကို ဝေ့ယမ်း၏။ သူ၏မျက်ခုံးနှစ်ခုသည် ဟလာသည်။ လက်ဝါးအရွယ်ခန့်ဓားတစ်လက် ပျံသန်းထွက်လာသည်။
“ဒီဓားကို ပြုလုပ်ဖို့ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ အစွန်းအဖျားပတ်လည်က အပျက်အစီးဂြိုဟ်ပေါင်း (၉၉၉၉၉)ခုကို ငါ သန့်စင်ခဲ့တယ်။ အဲ့ဒီနောက် ငါဟာ ကောင်းကင်ဘုံနယ်မြေရှိ သွားပြီး ဒီဂြိုဟ်အရေအတွက်နဲ့ တူညီတဲ့ ကောင်းကင်ဘုံသားတွေကို သတ်ခဲ့တယ်။ သူတို့ရဲ့ စိတ်ဝိညာဉ်တွေကို ဒီဓားအတွက် သန့်စင်ခဲ့တယ်…”
“ဒီဓားဟာ ကြမ်းကြုတ်လှတယ်။ ဒီဓား ပေါ်လာတာနဲ့ ကောင်းကင်ဘုံသားတွေဟာ ကြောက်ရွှံ့မှု ခံစားရမယ်။ ဒီကနေ့ ငါဟာ မင်းတို့ရဲ့ ပြန်လည်မွေးဖွားခြင်းလမ်းကြောင်းကို ကာကွယ်ပေးဖို့အတွက် ဒီဓားကို အသုံးပြုမယ်။ ဒါက မင်းတို့အားလုံးကို လမ်းတလျှောက် လုံခြုံမှုပေးလိမ့်မယ်…” ရွှမ်လောက သူ့ဘယ်လက်ကို ဝေ့ယမ်း၏။ ဓားသည် ကြမ်းကြုတ်သောအော်ရာကို ထုတ်ဖော်ကာ တံခါးထံ ပျံသန်းဝင်လာသည်။ ၎င်းကို တုန်လှုပ်ဖွယ်ဓားစွမ်းအင်က ဝန်းရံ၏။
သည်လမ်းကြောင်းမှာ နဂါးသည်လမ်းအဖြစ်၊ နှင်းဖုံးတောင်က လမ်းညွှန်အဖြစ်၊ အဆုံးအဆမဲ့ကြမ်းကြုတ်သောဓားက ဦးဆောင်လေမည်ပင်။ သည်လမ်းက ရှည်လျားသော်လည်း အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ ဥပဒေသမှလွဲ၍ တခြားပြဿနာများကို ဖြေရှင်းပေးနိုင်ပေမည်။ ပြန်လည်မွေးဖွားခြင်း၏ အန္တရာယ်ဖြစ်နိုင်ချေကိုလည်း များစွာ လျှော့ကျစေလေမည်။
“လေးခုမြောက်စိတ်ဝိညာဉ်၊ လေမိစ္ဆာ၊ ငါ့ရှေ့မှာ ပေါ်လာစေ…” ရွှမ်လော၏ ကြိုတင်ပြင်ဆင်မှုက အဆုံးမသပ်သေးပေ။ သည်တစ်ကြိမ် ပြန်လည်မွေးဖွားခြင်းက အင်မောတယ်ကောင်းကင်ဘုံကုန်းမြေပေါ်၌ မဟုတ်ပေ။ ထို့အတွက်ကြောင့် သည်လိုပြန်မွေးဖွားဖို့အတွက် သော့ချက်မှာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ ဥပဒေသကို ခုခံဖို့ပင်။
ထိုသို့ပြောလိုက်ရင်း ရွှမ်လောက သူ့လျှာထိပ်ကို ကိုက်ကာ သူ၏တန်ဖိုးရှိလှသော အနှစ်သာရသွေးကို ထွေးထုတ်၏။ သွေးမှာ နီရဲပေ၏။ သို့သော် ၎င်းပေါ်လာသည်နှင့် အနက်ရောင်သို့ ပြောင်းသည်။ သွေးနက်က ရွှေ့လျားကာ အနက်ရောင်အခိုးအငွေ့ကို ပေးစွမ်းသည်။ ၎င်းက ချက်ခြင်းပင် အနက်ရောင်အခိုးငွေ့များ ဝန်းရံထားသော ပုံရိပ်အဖြစ် ရွှမ်လော၏ရှေ့တွင် ပေါ်လာချေသည်။
ထိုပုံရိပ်က ဝေဝေဝါးဝါး ရှိ၏။ သို့သော် မိစ္ဆာစွမ်းအင် ပြည့်နှက်နေသည်။ သည်မိစ္ဆာစွမ်းအင်က ရှေးဟောင်းမိစ္ဆာထံမှ မဟုတ်၊ မကောင်းဆိုးဝါးဆန္ဒရှိသော သက်ရှိများထံမှ ဖြစ်ချေ၏။ လုံလောက်သော မကောင်ဆိုးဝါးဆန္ဒများ စုစည်းမိသည်နှင့် မိစ္ဆာတစ်ပါး ဖြစ်ပေါ်လာမည်သာ။
“သုံးကြမ်သုံးခါ ပြန်လည်မွေးဖွားခြင်းအတွက် ငါ ဒီမိစ္ဆာကို သန့်စင်ထားခဲ့တာ။ မရေမတွက်နိုင်တဲ့ နှစ်တွေကုန်လွန်လာတဲ့နောက် ငါဟာ မိစ္ဆာစိတ်ဆန္ဒရှိတဲ့ လူပေါင်း(၃.၆)ဘီလီယံရှိကနေ မိစ္ဆာဆန္ဒကို စုစည်းခဲ့တယ်။ ဒါ့ကြောင့် ဒီဟာက အသိဉာဏ်ရှိနေပြီး မိစ္ဆာစိတ်ဝိညာဉ်အဖြစ် သတ်မှတ်နိုင်တယ်...”
“ငါ့ရှေးတောက်ကလန်မှာ ပူဇော်ခြင်းစွမ်းအားကို စုပ်ယူနိုင်တဲ့ မိစ္ဆာကျောက်ပြား ရှိတယ်။ ဒါဟာ ငါ့အစွမ်းထက်ဆုံး လက်နက်သုံးခုထဲကတစ်ခုပဲ…”
“ဒါနဲ့ဆိုရင် ပြန်လည်မွေးဖွားတဲ့အခါမှာ မင်းတို့ရဲ့ မှတ်ဉာဏ်တွေကို မထိခိုက်၊ မပျောက်ရှအောင် ချိပ်ပိတ်နိုင်လိမ့်မယ်။ အဲ့ကျရင် မင်းတို့အားလုံး နိုးထလာတာနဲ့ မင်းတို့ရဲ့ မှတ်ဉာဏ်တွေကို ပြန်ရလိမ့်မယ်…”
“တခြား မဟာအင်ပါယာတစ်ယောက်ယောက်က မင်းတို့ရဲ့ စိတ်ဝိညာဉ်ကို မရှာဖွေရင် ဘယ်သူကမှ မင်းတို့ အရင်ဘဝက ပုံရိပ်အဆင့်အတန်းကို သိလိမ့်မှာ မဟုတ်ဘူး…”
“ဒါဆိုရင် ပြန်လည်မွေးဖွားခြင်းဟာ ပြည့်စုံသွားလိမ့်မယ်…” ရွှမ်လောက သူ၏ညာလက်ကို ဝေ့ယမ်းလိုက်၏။ အနက်ရောင်မြူသည် တံခါးထံသို့ ဦးတည်ပျံသန်းလာသည်။ တံခါးအတွင်းရှိ အေးခဲလမ်းကြောင်းမှာ အနက်ရောင်မြူများဖြင့် ခြုံလွှမ်းခြင်းခံရသည်။
ထိုမြူက ရွှေ့လျားနေကာ ကြောက်မက်ဖွယ်ကောင်းပုံ ပေါ်သည်။ သို့သော် ၎င်းက တည်ငြိမ်ကာ ကြေးမုံကဲ့သို့ အရာမျိုး ဖြစ်လာ၏။
သူ၏အစွမ်းထက်ဆုံး ရတနာလေးခုကို ထုတ်ယူပြီးနောက် ရွှမ်လော၏အမူအရာသည် တစက်လေးမျှ ပြောင်းလဲမသွားပေ။ သူ၏ကျင့်ကြံမှုက ကောင်းကင်ဘုံကိုဖိဆန်နေလေပြီ။ သူသည် ကြိုပြင်ဆင်ထားပြီး ဖြစ်၏။ ထို့အတွက်ကြောင့် သူက သည်ရတနာလက်နက်များ သုံးစွဲရာ၌ ကုန်ဆုံးသည့်ခွန်အားကို ချက်ခြင်း ပြန်ကောင်းမွန်နိုင်စွမ်း ရှိသည်။ သူက ညာလက်ကို ပင့်မြှောက်၍ ချိပ်ဟန်တစ်ခု ဖြစ်ပေါ်စေလိုက်သည်။ သွေးရောင်နေမင်းက ရုတ်တရက် သူ့လက်ပေါ်၌ ပေါ်လာ၏။
ထိုနေမင်းသည် မူလတုန်းက မမြင်ရပေ။ သို့သော် ရွှမ်လောက ၎င်းကို စိုက်ကြည့်သည့်အခါ အက်သံများ ပဲ့တင်ထပ်သည်။ မူလတုန်းက ပုံရိပ်ယောင်နေမင်းသည် ချက်ခြင်းပင် အထည်ဒြပ်အဖြစ်သို့ ပြောင်းလာ၏။
၎င်းကို ထိ၍ ကိုင်၍ ခံစား၍ ရလာ၏။
“ဝမ်လင်း…ဒီနေမင်းဟာ ဒီအဘိုးအိုရဲ့ မဟာအင်ပါယာစွမ်းအားနဲ့ ပြုလုပ်ထားတာ။ ပြီးတော့ ဒါက မင်းရဲ့ တာအိုမန္တာန်စွမ်းအားကို အများကြီး တိုးတက်စေနိုင်တယ်။ မင်းရဲ့အိပ်မက်တာအိုနဲ့ ဒါကို အသုံးပြုပါ…”
“ဒီနည်းလမ်းကို အသုံးပြုပြီး သူတို့ရဲ့ မှတ်ဉာဏ်တွေကို အိပ်မက်တစ်ခုထဲမှာ ချိပ်ပိတ်လိုက်။ မင်း သူတို့ရဲ့ မှတ်ဉာဏ်တွေကို ပြန်နိုးထစေမယ့်အချိန်ထိ ဒီနည်းလမ်းနဲ့ ချိပ်ပိတ်ထားနိုင်တယ်…”
“သူတို့အတွက်ကတော့ ဒီပြန်လည်မွေးဖွားမှုဟာ အိပ်မက်တစ်ခုလိုပဲ ဖြစ်လိမ့်မယ်…”
လက်သီးစုပ်ခန့် သွေးနီရောင်နေမင်းက ဝမ်လင်း၏ရှေ့သို့ လွင့်မြောလာ၏။ သူက ၎င်းကို ဖမ်းယူလိုက်သည်။
ဝမ်လင်းသည် ထိုနေမင်းနှင့် ထိမိသည့်အခါ၌ သူ၏စိတ်နှလုံးမှာ တုန်ယင်ရသည်။ သူက သူ့စိတ်ဝိညာဉ်ကို တုန်ယင်စေသော ထိုနေမင်းအတွင်းရှိ အော်ရာကို ခံစားမိပေသည်။ ၎င်းအော်ရာကို သူနားမလည်နိုင်ဘဲ ရှိ၏။
“ဒါက နေကိုးစင်းရဲ့ စွမ်းအားလား…” ဝမ်လင်းက သူ့လက်ထဲရှိ သွေးရောင်နေမင်းကို ကြည့်ကာ ခဏတာ စဉ်းစားလိုက်ပြီးနောက် မျက်လုံးမှိတ်သည်။ သူ၏အိပ်မက်တာအိုကို အသက်သွင်းလိုက်တော့သည်။
အိပ်မက်တာအိုသည် ဝမ်လင်း၏မူလမန္တာန်ဖြစ်ကာ အစွမ်းထက်ထားပြီး ဖြစ်၏။ ရွှမ်လောထံမှ ရတနာဖြင့်ဆို ၎င်း၏စွမ်းအားသည် အဆများစွာ ခုန်ထွက်ကာ အိပ်မက်များကို အစစ်အမှန် ဖြစ်လာစေသည့်အထိ ရောက်လုနီးပါးတည်း။
ဝမ်လင်း၏ခန္ဓာကိုယ်မှ မမြင်ရသော လှိုင်းဂယက်များ ပျံ့နှံ့လာကာ လူတိုင်းကို ခြုံလွှမ်းသည်။ တဖြည်းဖြည်း လီချန်မေ အပါအဝင် လူတိုင်းက မျက်လုံးမှိတ်သွားကြပြီး အိပ်မက်တစ်ခု၌ နစ်မြောသွားတော့သည်။
အချိန်တဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ ဖျပ်ခနဲအတွင်း အမွှေးတိုင်တစ်တိုင်စာ ကုန်လွန်သွား၏။ ဝမ်လင်း၏မျက်ခုံးနှစ်ခုကြား၌ ဝေဝါးဝါးအမှတ်အသားတစ်ခု ပေါ်လာသည်။ သည်နေရာရှိ လူတိုင်း၏မျက်ခုံးနှစ်ခုကြား၌လည်း ထိုတူညီသောအမှတ်အသား ပေါ်လာချေ၏။
ထိုအမှတ်အသားများသည် တစ်ခုနှင့်တစ်ခု သမူဟ ဖြစ်လာပုံရကာ ယင်းတို့ကြား၌ ထူးဆန်းသောချိတ်ဆက်မှုတစ်ခု ဖြစ်လာသည့်နှယ်။ ထိုချိတ်ဆက်မှုက ဝမ်လင်းကို အနာဂတ်၌ သူတို့အား ရှာဖွေနိုင်စေမည် ဖြစ်၏။
အက်သံ ထွက်ပေါ်လာခြင်းနှင့်အတူ ဝမ်လင်း၏လက်ထဲရှိ နေမင်းက တစစီဖြစ်သွား၏။
ထိုနေမင်း လွင့်ပြယ်ပျောက်ကွယ်သွားချိန်၌ ဝမ်လင်းက မျက်လုံးဖွင့်လာ၏။ သည်နေရာရှိ လူတိုင်းမှာလည်း မျက်လုံးဖွင့်လာသည်။ သူ၏မျက်ခုံးကြားရှိ အမှတ်အသားများသည် ဆက်လက်၍ တဖျတ်ဖျတ်တောက်ပခြင်း မရှိတော့သော်ငြားလည်း အလွန်အမင်း ထင်ရှားနေပေပြီ။
မမြင်ရသော ခံစားမှုတစ်ခု လူတိုင်း၏စိတ်နှလုံး၌ ပေါ်လာ၏။ သူတို့ မျက်လုံးဖွင့်ထားသည်ဖြစ်စေ၊ ပိတ်ထားသည်ဖြစ်စေ သူတို့က တစ်ယောက်နှင့်တစ်ယောက် ခံစားမိနိုင်ကြ၏။ အထူးသဖြင့် ဝမ်လင်းပင်။ သူက လူတိုင်းထက် ပို၍ ခံစားမိနိုင်နေသည်။
“မင်းတို့အားလုံး ပြန်လည်မွေးဖွားပြီးတဲ့နောက် ဒီခံစားချက်ဟာ အတော်လေး အားပျော့သွားလိမ့်မယ်။ ဒါပေမဲ့ မင်းတို့တစ်ယောက်နဲ့ တစ်ယောက် သိပ်မဝေးရင်တော့ ဒါကို ခံစားမိနိုင်လိမ့်မယ်။ အခု နဂါးရဲ့ ခန္ဓာကိုယ်အပေါ် ခြေလှမ်းလိုက်ပါ။ ဒီအဘိုးအိုက မင်းတို့ကို ပြန်လည်မွေးဖွားခြင်းဆီ စေလွှတ်ပေးမယ်…”
ရွှမ်လော၏အသံသည် ခွန်အားပြည့်၏။ ဝမ်လင်းနှင့် တခြားသူများသည် ငြိမ်သက်စွာ စဉ်းစားသွားကြသည်။
ချင်းလင်က သက်ပြင်းရှည်ကြီးချကာ ရှေ့သို့ လှမ်းလာ၏။ သူက လှိုဏ်ဂူလောကထဲမှ ထွက်နိုင်မည့် တံခါးထံသို့ ပထမဆုံး လှမ်းလာသူပင်။ သူ၏သမီးဖြစ်သူ ချင်းရှောင်က နောက်မှ လိုက်လာ၏။ ကျောက်ရီကလည်း ရှေ့သို့ ခြေလှမ်းရန် ဟန်ပြင်သည်။ သို့သော် တစ်စုံတစ်ခုက သူ့အား ထွေးခြုံသွားကာ သူ့ကို ရပ်တန့်သွားစေသည်။
“အစ်ကိုကျောက်…ကျေးဇူးပြုပြီး ခဏစောင့်ပါ။ သင် ပြန်မွေးဖွားတဲ့အခါကျရင် သင့်ရဲ့ ကိစ္စနဲ့ ပတ်သတ်လို့ ငါ ကူညီပေးလိုက်မယ်…” ဝမ်လင်း၏စကားသံသည် ကျောက်ရီ၏စိတ်ထဲ၌ ပဲ့တင်ထပ်လာသည်။
“ဝမ်လင်း…ငါတို့ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာ ပြန်စုံကြမယ်…” ချင်းလင်က နောက်လှည့်ကာ ဝမ်လင်းထံသို့ လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်၏။
ချင်းလင်က တဖက်သို့ ပြန်လှည့်သွားပြီး ကြေးမုံကဲ့သို့ ဖြစ်နေသောမြူထံသို့ လှမ်းလျှောက်လာသည်။ ချင်းရှောင်၏အမူအရာမှာ အေးစက်၏။ သည်လောကရှိ မည်သည့်အရာကမျှ သူမအပေါ် မသက်ရောက်လေသည့်အလား။ သို့သော် မြူထဲသို့ ခြေမလှမ်းခင် သူမက ခဏရပ်ကာ ကျောက်ရီထံ လှည့်ကြည့်လိုက်၏။
“နင် ငါ့ကို ဆက်ပြီး မနှောင့်ယှက်ဖို့ မျှော်လင့်တယ်…” သူမ၏စကားလုံးများသည် သူမ၏အမူအရာကဲ့သို့ပင် အေးစက်လှသည်။ သို့သော် ထိုစကား၌ ပိုနက်ရှိုင်းသော အဓိပ္ပာယ်ရှိနေသည့်ပုံ ပေါ်သည်။ ချင်းရှောင်သည် မြူများအတွင်း၌ ပျောက်ကွယ်သွားတော့သည်။
ကျောက်ရီက ငြိမ်သက်စွာ စဉ်းစားနေ၏။ သူ၏အမူအရာမှာ ခါးသီးဟန် ဖြစ်ပေါ်နေသည်။
ဝမ်လင်းက ကျောက်ရီကို ကြည့်၏။ သူတို့က တစ်ယောက်နှင့်တစ်ယောက် သိခဲ့သည်မှာ နှစ်ပေါင်းတစ်ထောင်ကျော်ခဲ့လေပြီ။ သူသည် ချင်းရှောင်အပေါ် ကျောက်ရီ၏ စွဲလမ်းမှုကို သိ၏။ သူတို့နှစ်ယောက်၏ ဇာတ်လမ်းကို ကောင်းကောင်းသိထားပေသည်။ ကျောက်ရီ၏ ခါးသီးဟန်အမူအရာကို တွေ့မြင်သည့်အခါ ဝမ်လင်းက သက်ပြင်းချမိ၏။ သူ၏ညာလက်ကို သူ့နှဖူးပေါ်သို့ သပ်လိုက်ရာ သူ၏မျက်ခုံးနှစ်ခုကြားရှိ အမှတ်အသားသည် အနည်းငယ် မှိန်ဖျော့သွားဟန် ပေါ်၏။ ၎င်းအမှတ်အသားထဲမှ တစ်ခုခုကို ထုတ်ယူလိုက်သလိုမျိုးပင်။ ထို့နောက် သူက ၎င်းကို ကျောက်ရီ၏နှဖူးပေါ်သို့ ဖိချလိုက်သည်။
“သွားပါ…အစ်ကိုကျောက်။ ချင်းရှောင်ရဲ့ မှတ်ဉာဏ်ချိပ်ပိတ်မှုကို ငါ သင့်ရှိ လက်ဆောင်အဖြစ် ပေးလိုက်တယ်။ သင်တို့နှစ်ယောက် ပြန်လည်မွေးဖွားပြီးတဲ့အခါကျရင် သင်တို့နှစ်ယောက်ကြားမှာ ပတ်သတ်မှုအချို့ ရှိလာနိုင်လောက်မှာပါ။ သင်တို့နှစ်ယောက် ဆုံနိုင်လောက်မှာပါ…”
ကျောက်ရီက ခါးသီးစွာ ခေါင်းညိတ်လိုက်ပြီး ဝမ်လင်းထံသို့ လက်နှစ်ဖက်ဆုပ်သည်။ ထို့နောက် သူက တံခါးထံသို့ စိတ်ရှုပ်ထွေးဟန်ဖြင့် လှမ်းသွားပြီး တံခါးအတွင်း ပျောက်ကွယ်သွားတော့သည်။
လေးယောက်မြောက် ထွက်ခွာမည့်သူက ချင်းရွှေ ဖြစ်၏။ သူက ဝမ်လင်းဘေးနားသို့ ရောက်လာပြီးနောက် ပြုံး၍ ကြည့်သည်။
“ဂျူနီယာညီလေး။ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာ ငါ မင်းကို စောင့်နေမယ်။ မင်း ငါ့သမီးကို အရင်ဆုံး ရှာတွေ့ခဲ့ရင်လည်း သူမကို ငါ့အစား စောင့်ရှောက်ပေးပါ…”
ချင်းရွှေက ပြုံး၍ အနီရောင်လိပ်ပြာထံသို့ လှမ်းကြည့်သည်။ သူ၏အဖေတစ်ယောက်အနေဖြင့် ချစ်ခြင်းမေတ္တာမှာ အားကောင်းလှပါသည်။
အနီရောင်လိပ်ပြာ၏ မျက်လုံးတို့သည် နီရဲကာ မျက်ရည်များ ကျဆင်းလာ၏။ သူမက ခြေလှမ်းအနည်းငယ် လှမ်း၍ တစ်ခုခုပြောရန် ဟန်ပြင်သည်။ သို့သော် သူမက အောက်နှုတ်ခမ်းကို ကိုက်၍ အဆုံးသပ်၌ မည်သို့မျှ မပြောလေတော့ပေ။
သူမက ချင်းရွှေတံခါးထံသို့ လျှောက်လှမ်းသွားသည်ကို စောင့်ကြည့်နေ၏။ သူမက သူမ၏အဖေဖြစ်သူ တံခါးအတွင်း ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်နေသည်။ မျက်ရည်များ မဟန့်တားနိုင်စွာ ကျဆင်းနေလျက် သူမသည် အနီရောင်အလင်းတန်းအဖြစ်ပြောင်းကာ တံခါးထံသို့ ပျံသန်းလာတော့သည်။