← Chapters

အားလုံးက အစီအစဉ်အတိုင်းပဲ

Vol. 10 Ch. 96

အားလုံးက အစီအစဉ်အတိုင်းပဲ

Vol. 10 Ch. 96

ကျန်းဆူရှင်း၏ စကားများကြောင့် လုအန်းကျီမှာ ခဏမျှ ဆွံ့အသွားရသည်။

လုအန်းကျီသည် အမြဲတမ်း စိတ်အလိုလိုက်ပြီး လုပ်ဆောင်တတ်သူဖြစ်ရာ ဤပြဿနာကို လုံးဝ လျစ်လျူရှုထားခဲ့မိသည်။ သူ ယခင်က ဤမျှအထိ လွတ်လပ်စွာ လုပ်ဆောင်နိုင်ခဲ့ခြင်းမှာ မေဘယ်လ်ထရီး က ရှေ့ကနေ ခံပေးထားသောကြောင့် ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် အခြားသူများက သူ၏ အစစ်အမှန် မည်သူမည်ဝါဖြစ်ကြောင်း မသိကြပေ။ ဓားသွားများ ပို့လာမည်ဆိုလျှင်ပင် မေဘယ်လ်ထရီး ထံသို့သာ ရောက်မည်ဖြစ်ပြီး သူ့ထံသို့ ရောက်လာမည်မဟုတ်ပေ။

သို့သော် လူတွေက သူ၏ ပြင်ပလောကရှိ အမှတ်အသားကို သိသွားမည်ဆိုလျှင်တော့ တစ်မျိုးဖြစ်သွားပေလိမ့်မည်...။ မည်သို့ပင်ဆိုစေ သူသည် ခဏမျှသာ စိုးရိမ်ပူပန်လိုက်ပြီး ချက်ချင်းပင် ပြန်လည်တည်ငြိမ်သွားသည်။

ကိစ္စမရှိပါဘူး၊ ဒါက ပြဿနာအကြီးကြီး မဟုတ် ပေ။ အဆိုးဆုံးဖြစ်လာရင် နောက်ထပ် ဆိုင်တစ်ဆိုင်ပြောင်းဖွင့်ပြီး ဟာ့ဒ်ဝဲ ပစ္စည်းအရောင်းဆိုင် လုပ်လိုက်ရုံပင်။ ဆိုင်နာမည်ကိုတော့ “ရာစုသစ် ဥယျာဉ်” လို့ ပေးလိုက်မည်။

ဓားတွေရောင်းတဲ့နေရာကို ဘာလို့ ဥယျာဉ်လို့ နာမည်ပေးရတာလဲဆိုတာကိုတော့ ဘယ်သူက ဂရုစိုက်မှာလဲ? လုအန်းကျီကတော့ ဘယ်တော့မှ ရှင်းပြနေမှာ မဟုတ်ပါဘူး။

“ဓားသွားတွေ ပို့လာလည်း ပို့ပါစေပေါ့။ အဲ့ဒီကျရင် ခဗျားက ဟာ့ဒ်ဝဲဆိုင်ရဲ့ ဆိုင်ရှင်ကတော် လုပ်ချင်လို့လား”

လုအန်းကျီက ကျန်းဆူရှင်းကို ပြုံးလျက် စနောက်လိုက်သည်။

ကျန်းဆူရှင်းက လုအန်းကျီကို မျက်စောင်းထိုးလိုက်ပြီး နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခုဖြင့် “အိမ်မက်ယောင်နေတာလား! ဘယ်သူက ရှင့်ရဲ့ ဆိုင်ရှင်ကတော် လုပ်ချင်မှာလဲ” ဟု ဆိုလိုက်သည်။

“ဟီးဟီး! ဟီးဟီး!”

ချန်းချန်းလေးက ဘာကို သဘောကျသွားသည်မသိဘဲ လိုက်ပြီး ရယ်မောနေတော့သည်။

ခဏမျှ တဟားဟား ရယ်မောပြီးနောက် ကလေးသည် သူမ ခုနကတင် သင်ယူထားသည့် “ယုန်ဖြူလေး” သီချင်းကို သွားဆိုနေတော့သည်။ သူမသည် ပီယာနိုခုံတွင် ထိုင်ကာ လက်ချောင်းလေးများဖြင့် လျှောက်တီးရင်း သီချင်းဆိုနေသည်။

ဤပီယာနိုမှာ ဆိုင်ပိုင်ရှင်ဟောင်း ထားရစ်ခဲ့သောအရာ ဖြစ်သည်။ ယခင်က အောက်ထပ်တွင် ရှိသော်လည်း ဆိုင်ပြင်ဆင်စဉ်က လုအန်းကျီက အပေါ်ထပ်သို့ ရွှေ့ခိုင်းထားခြင်း ဖြစ်သည်။ သို့သော် သူကိုယ်တိုင် တစ်ခါမျှ မတီးဖူးဘဲ ချန်းချန်း လာလည်သည့်အခါမှသာ တစ်ခါတစ်ရံ ပေါက်ကရ လျှောက်တီးခိုင်းခြင်း ဖြစ်သည်။

ကလေးမလေး တစ်ယောက်တည်း တီးခတ်သီဆိုနေသည်ကို ခဏကြည့်ပြီးနောက် ကျန်းဆူရှင်းက “ချန်းချန်း၊ လိမ္မာတယ်နော်၊ အခုလောလောဆယ် မတီးနဲ့ဦး။ မေမေက မမစုန့် (စုန့်ရှောင်ချင်း) ဆီ ဖုန်းဆက်ပေးမယ်” ဟု ပြောလိုက်သည်။

“ဟုတ်ကဲ့!”

ချန်းချန်းက ချက်ချင်း သဘောတူလိုက်ပြီး ကျန်းဆူရှင်းအနားသို့ “တောက်တောက် တောက်တောက်” ပြေးလာကာ “ချန်းချန်းလည်း မမနဲ့ စကားပြောချင်တယ်” ဟု ဆိုသည်။

ကျန်းဆူရှင်းက ပြုံးပြီး “ကောင်းပါပြီ၊ မေမေ ဖုန်းခေါ်လိုက်မယ်၊ သမီး အရင်ပြောနော်” ဟု ဆိုသည်။

“အင်းဟင်း။”

ချန်းချန်းက ပျော်ရွှင်စွာ ခေါင်းညိတ်ပြသည်။

သို့သော်လည်း ကျန်းဆူရှင်းက ဖုန်းခေါ်လိုက်ပြီး စုန့်ရှောင်ချင်က ဖုန်းကိုင်လိုက်သောအခါ ချန်းချန်းသည် နှုတ်ခမ်းလေးကို ကိုက်ကာ ပြုံးနေပြီး ရုတ်တရက် ရှက်သွားသကဲ့သို့ စကားမပြောဘဲ နေတော့သည်။

“ဟယ်လို ဘာဖြစ်လို့လဲ”

စုန့်ရှောင်ချင်း၏ အသံမှာ ဖုန်းထဲမှ အားမရှိသလို ထွက်ပေါ်လာသည်။

ကျန်းဆူရှင်းက “ချန်းချန်းက နင်နဲ့ စကားပြောချင်လို့တဲ့။ ချန်းချန်း၊ ပြောလေ—“

သို့သော် ကျန်းဆူရှင်း မည်သို့ပင် ပြောသော်လည်း ချန်းချန်းမှာ တိတ်ဆိတ်နေဆဲ ဖြစ်သည်။ စုန့်ရှောင်ချင်းကလည်း ဖုန်းထဲမှနေ၍ ချန်းချန်းကို အကြာကြီး ခေါ်နေသော်လည်း ထူးမလာပေ။

စုန့်ရှောင်ချင်းက မတတ်သာဘဲ “ကောင်းပါပြီ၊ ဒီကလေးမလေးကတော့၊ အခု စကားမပြောချင်သေးဘူး ထင်တယ်။ နောက်မှ တွေ့ရင် ငါ သူ့နဲ့ကစားပေးမယ်” ဟု ဆိုသည်။

သူမ၏ အသံနှင့် လေသံမှာ အလွန်ပင် အားနည်းနေဆဲ ဖြစ်သည်။

ကျန်းဆူရှင်း ကြားသွားသဖြင့် “နင် ဘာဖြစ်နေတာလဲ အသံက ဘာလို့ ဒီလောက် အားမရှိဖြစ်နေတာလဲ” ဟု မေးလိုက်သည်။

စုန့်ရှောင်ချင်းက သက်ပြင်းချကာ “မပြောချင်တော့ပါဘူးဟာ။ ငါ တစ်ညလုံး အိပ်မရဘူး၊ ဖုန်းခေါ်သံ ဝဘ်ဆိုက်ကိုပဲ ခဏခဏ ထိုင်ကြည့်နေမိတာ”

ကျန်းဆူရှင်းက “ဒါဆို နင့်ရဲ့ သီချင်း က ဇယားရဲ့ ထိပ်ဆုံးကို ရောက်သွားတာ နင် သိပြီးပြီပေါ့ ငါက အဲ့ဒီသတင်းကောင်း ပြောမလို့ပါပဲ”

စုန့်ရှောင်ချင်းက အံကြိတ်ကာ “အဲ့ဒါကို လာမပြောနဲ့တော့။ ဒါက ဘာသတင်းကောင်းလဲ ဒါက အိပ်မက်ဆိုးကြီးပဲ! ဘယ်လိုဖြစ်ပြီး ထိပ်ဆုံးကို ရောက်သွားတာလဲ ဒီလို အဆင့်မရှိတဲ့ သီချင်းမျိုးက— အိုး၊ လုအန်းကျီ၊ နင်လည်း အနားမှာ ရှိနေတာ မဟုတ်လား”

လုအန်းကျီက “ရှိတယ်လေ။ ရပါတယ်၊ နင် ပြောချင်တာ ပြောပါ” ဟု ပြန်ဖြေသည်။

စုန့်ရှောင်ချင်းက “ငါပြောချင်တာက ဒီသီချင်းက နင့်ရဲ့ တခြားသီချင်းတွေနဲ့ ယှဉ်ရင် အရမ်းကို သာမန်ကာလျှံကာ ဖြစ်လွန်းလို့ပါ။ ဒါပေမဲ့ တကယ်တမ်းတော့လည်း မဆိုးပါဘူး။ တခြားသဘော မရှိပါဘူးနော်” ဟု ဆိုသည်။

လုအန်းကျီက “စိတ်မပူပါနဲ့၊ ရှင်းပြနေစရာ မလိုပါဘူး။ ကျန်းဆူရှင်းနဲ့ပဲ ဆက်ပြောပါဦး” ဟု ဆိုလိုက်သည်။

စုန့်ရှောင်ချင်းက စိတ်သက်သာရာရသွားကာ ယခင်အကြောင်းအရာကို ဆက်ပြောသည် - “ဒီလောက် သာမန်ကာလျှံကာ သီချင်းတစ်ပုဒ်က ဘယ်လိုဖြစ်ပြီး ဇယားထိပ် ရောက်သွားတာလဲဆိုတာ ငါ တကယ် နားမလည်နိုင်ဘူး။ သီချင်းကောင်းတွေ အများကြီးရှိရက်နဲ့ ဘာလို့ ဒီသီချင်းမှ တက်သွားရတာလဲ လုအန်းကျီ၊ နင် အများကြီး မတွေးပါနဲ့ဦး၊ နင်ရေးတာ မကောင်းဘူးလို့ ပြောတာ မဟုတ်ပါဘူးနော်”

လုအန်းကျီက ထပ်မံ၍ “ရပါတယ်၊ ငါ အများကြီး မတွေးပါဘူး” ဟု ဆိုသည်။

ကျန်းဆူရှင်းကတော့ အသာအယာ ရယ်မောနေတော့သည်။ သူမသည် ထိုသီချင်း ဇယားထိပ် ရောက်သွားသည်ကို စုန့်ရှောင်ချင်းက ညည်းညူနေခြင်းကြောင့် ရယ်သည်မဟုတ်ဘဲ စုန့်ရှောင်ချင်က လုအန်းကျီကို “အများကြီး မတွေးပါနဲ့” ဟု နှစ်ခါဆက်တိုက် ပြောနေသည်ကို ကြားရသဖြင့် မရယ်ဘဲ မနေနိုင်ခြင်း ဖြစ်သည်။

စုန့်ရှောင်ချင်းက စိတ်ပျက်လက်ပျက်ဖြင့် “နင်တို့ နှစ်ယောက်ပေါင်းပြီး ငါ့ကို အနိုင်ကျင့်နေကြတာပဲ” ဟု ဆိုလိုက်သည်။

ကျန်းဆူရှင်းက အမြန်ပင် ငြင်းလိုက်သည် - “ငါက ဘယ်လိုလုပ် အနိုင်ကျင့်တာလဲ ငါ ဘာမှတောင် မပြောရသေးဘူး လေ”

စုန့်ရှောင်ချင်: “နင် ဘာမှ မပြောပေမယ့် ရယ်နေတာလေ ဒါမျိုးဖြစ်မယ်မှန်း သိရင် ငါ အဲ့ဒီတုန်းက အကြံမပေးခဲ့ပါဘူး။ ‘အဆိပ်ပြင်းသော ရေမွှေး’ ကို နင်ပဲ ဆိုခဲ့သင့်တာ။ ငါက ဘာလို့ ကျုံ့ပေါ်ကို ဆိုခိုင်းမိပါလိမ့်”

ကျန်းဆူရှင်းက လက်ကာပြရင်း “ကောင်းပါပြီ၊ ကောင်းပါပြီ၊ ဒါတွေ ဆက်မပြောပါနဲ့တော့။ သီချင်းတစ်ပုဒ်ပဲဟာကို ဟုတ်တယ်မလား? ငါကတော့ ‘ကြောင်အော်သံကို အတုယူပါ’ ကို တော်တော်လေး ကောင်းတယ်လို့ ထင်တယ်။ လူတိုင်း ကြိုက်ကြတယ်ဆိုကတည်းက ဒါက အမှန်တကယ် မဆိုးဘူးဆိုတာ သက်‌သေ ပြနေတာပဲ။ နင်က ပညာသား မပါဘူးလို့ ခံစားရတာနဲ့တင် ဒါကို မကောင်းဘူးလို့ သတ်မှတ်လို့ မရဘူးလေ”

စုန့်ရှောင်ချင်းက လေသံတိုးတိုးဖြင့် “ဒါဆို နင်ပဲ ဆိုလိုက်တော့လေ” ဟု ဆိုသည်။

ကျန်းဆူရှင်းက “တကယ်လို့ နင် အရမ်းရှက်နေပြီး သည်းမခံနိုင်တော့ဘူးဆိုရင် သီချင်းကို ပြန်ဖြုတ်လိုက်ကြမယ်လေ။ ငါပဲ ပြန်ဆိုပေးမယ်။ ငါကတော့ ရှက်စရာလို့ မထင်ဘူး၊ တော်တော်လေး ကောင်းတယ်လို့ပဲ မြင်တယ်”

လုအန်းကျီ၏ အသံက ဖုန်းထဲမှ ထွက်ပေါ်လာသည် - “ဟုတ်တယ်၊ နင်ဘာသာ ဆုံးဖြတ်ပါ။ တကယ်လို့ ဒီသီချင်းကို လုံးဝ မကြိုက်ဘူးဆိုရင် ပြန်ဖြုတ်လိုက်ကြတာပေါ့။ ငါလည်း ဒီသီချင်းကို ဆိုနိုင်တာပဲ”

ကျန်းဆူရှင်းက လုအန်းကျီကို မျက်စောင်းထိုးကာ “နင်ဆိုရင် ဘယ်လိုပုံစံကြီး ဖြစ်သွားမှာလဲ ယောကျ်ားအသံနဲ့ ဒီသီချင်းကို ဆိုရင် တစ်မျိုးကြီး ဖြစ်နေမှာပေါ့”

လုအန်းကျီက ရယ်မောရင်း “ဒါဆို အတူတူဆိုကြမယ်လေ၊ ကြောင်ထီးနဲ့ ကြောင်မ အတူတူ ဆိုကြတာပေါ့”

“ဘယ်သူက နင်နဲ့အတူ ကြောင်ထီးကြောင်မ ဆိုမှာလဲ”

ကျန်းဆူရှင်းက လုအန်းကျီကို မျက်စောင်းထိုးလိုက်သော်လည်း သူမ၏ နှုတ်ခမ်းများကတော့ ပြုံးနေဆဲ ဖြစ်သည်။

စုန့်ရှောင်ချင်းသည် ဖုန်းထဲမှတစ်ဆင့် လုအန်းကျီနှင့် ကျန်းဆူရှင်းတို့၏ အကြည့်ချင်းဆုံမှုကို မမြင်ရသော်လည်း တစ်စုံတစ်ခုကိုတော့ အာရုံရနေသကဲ့သို့ပင်။ ဖုန်းထဲမှနေ၍ ချစ်သူနှစ်ဦး၏ ချိုမြိန်သော အငွေ့အသက်များကို ခံစားနေရသဖြင့် သူမ အနည်းငယ် ပျို့အန်ချင်သကဲ့သို့ ဖြစ်လာသည်။

“ထားလိုက်တော့၊ ငါ ဒါတွေ ဆက်မပြောတော့ဘူး။ မေမေ မိတ်ဆက်ပေးတဲ့ လူက အခုပဲ ဖုန်းဆက်လာတယ်။ ငါ သွားတွေ့ရတော့မယ်” ဟု စုန့်ရှောင်ချင်က ဆိုသည်။

ကျန်းဆူရှင်းက “နင်က အိမ်ထောင်ဖက်တွေ့တာတွေ မသွားချင်ဘူးဆို” ဟု မေးလိုက်သည်။

စုန့်ရှောင်ချင်းက “မိဘတွေ ပေးတဲ့ တာဝန်တစ်ခုလိုပါပဲဟာ။ ငါသွားရင် သူ့ကို ပြောလိုက်မယ်၊ သူ့ရှေ့မှာ ရှိနေတဲ့လူက ‘မြောင် မြောင် မြောင်’ ဆိုတဲ့ သီချင်းကို ဆိုထားတဲ့ နာမည်ကြီး တေးဆို စုန့်ရှောင်ချင်း ဖြစ်တယ်လို့။ အဲ့ဒီအခါကျမှ သူက ငါ့ကို လူကြားထဲ ခေါ်သွားရဲဦးမလား ကြည့်ရသေးတာပေါ့”

“ဒါဆို သီချင်းကို ပြန်ဖြုတ်မလား” ဟု လုအန်းကျီက မေးလိုက်သည်။

စုန့်ရှောင်ချင်းက “ထားလိုက်ပါတော့ဟာ။ ငါ ဆိုလည်း ဆိုပြီးပြီ၊ သီချင်းလည်း ထွက်ပြီးပြီပဲ။ အခုမှ ပြန်ဖြုတ်ရင် ဘာပုံစံကြီး ဖြစ်သွားမှာလဲ နင်တို့ နှစ်ယောက်တောင် မရှက်ရင် ငါက ဘာလို့ ရှက်နေရမှာလဲ ပြီးတော့ ဒါက ‘အဆိပ်ပြင်းသော ရေမွှေး’ လည်း မဟုတ်ဘူးလေ။ တကယ်လို့ ‘အဆိပ်ပြင်းသော ရေမွှေး’ ကို ကျုံ့ပေါ် ဆိုထားတာမှန်း လူတွေ သိသွားတဲ့နေ့ကျရင် အဲ့ဒီကျမှ ကျုံ့ပေါ်က တကယ့်ကို ရှက်ဖို့ကောင်းမှာ” ဟု ဆိုသည်။

ထိုသို့ ပြောပြီးနောက် စုန့်ရှောင်ချင်းသည် ဖုန်းချသွားတော့သည်။

လုအန်းကျီနှင့် ကျန်းဆူရှင်းတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ တဟားဟား ရယ်မောလိုက်ကြသည်။

လုအန်းကျီက ကျန်းဆူရှင်းကို “အခုချိန်မှာ ကျုံ့ပေါ် ဘယ်လို ခံစားနေရမယ်လို့ ခဗျား ထင်လဲ” ဟု မေးလိုက်သည်။

ကျန်းဆူရှင်းက ခေါင်းခါယမ်းကာ “မသိဘူးလေ။ စိတ်သက်သာရာလည်း ရနေသလို ကြောက်လည်း ကြောက်နေမှာပေါ့။ ဒီသီချင်းကို သူဆိုထားတာကို လျှို့ဝှက်ထားနိုင်လို့ စိတ်သက်သာရာ ရနေသလို၊ တကယ်လို့ လူတွေ သိသွားမလားဆိုပြီးတော့လည်း ကြောက်နေမှာပေါ့” ဟု ဆိုသည်။

လုအန်းကျီက သက်ပြင်းချကာ “အမှန်တော့ ငါ သူ့အတွက် ကျားမ အသံပြောင်းဆိုရမယ့် သီချင်းတစ်ပုဒ်လောက် ရေးပေးချင်နေတာ။ အခုတော့ သူ လက်ခံရဲပါတော့မလား မသိဘူး”

ကျန်းဆူရှင်းက လုအန်းကျီကို မျက်စောင်းထိုးလိုက်ပြီး စကားမပြောနိုင်လောက်အောင် ဖြစ်သွားတော့သည်။

All Chapters