← Chapters

ရှေးဟောင်းကြယ်အဖွဲ့အစည်းတစ်ခုလုံးကို လှုပ်ခါစေခြင်း

Vol. 134 Ch. 1846

ရှေးဟောင်းကြယ်အဖွဲ့အစည်းတစ်ခုလုံးကို လှုပ်ခါစေခြင်း

Vol. 134 Ch. 1846

ပင်လယ်အတွင်းနက်ပိုင်း၌ မြောင်ယင်သည် ကြမ်းကြုတ်သောအမူအရာ ရှိနေ၏။ သို့သော် သူ့မျက်လုံးသူငယ်အိမ်မှာ ကြုံ့နေပြီး သူ၏မျက်လုံးထဲတွင် ကြောက်ရွှံ့မှုတို့ ပြည့်နေသည်။

“မင်း ငါ့ကိုယ်ပွားကို သတ်ပစ်ခဲ့ပြီး ငါ့ကိုယ်ပွားစိတ်ဝိညာဉ်ကိုလည်း ယူဆောင်သွားခဲ့ပြီး ဖြစ်တယ်။ ငါတို့ကြားက ရန်ငြှိုးက ပြီးဆုံးသင့်ပြီ။ ဘာကြောင့် မင်း ငါ့ကို သတ်ဖို့အတွက် ဒီကို ရောက်လာခဲ့ရတာလဲ။ ငါတို့လို ကျင့်ကြံသူတွေအတွက် ဒီအဆင့်ထိ ရောက်ဖို့ဆိုတာ ခက်ခဲလွန်းတယ်။ မင်း ဒီကနေ့ ငါ့ကို အခုလိုမျိုး ပြုမူရင် အနာဂတ်မှာလည်း မင်းလည်း ဒီလိုမျိုး ပြန်ကြုံရလိမ့်မယ်…”

တာအိုသခင်မြောင်ယင်၏အသံက ထက်ရှ၏။ ပင်လယ်ကြမ်းပြင်ထံမှ ပဲ့တင်ထပ်ထွက်လာသည်။ ထိုအသံသည် ပင်လယ်ပြင်ကို ဖြတ်၍ ပျံ့နှံ့ကာ လှိုင်းထစေသည်။ ဝဲကတော့ကြီးတစ်ခု ပေါ်လာပြီး မြောင်ယင်ထံသို့ တရကြမ်း တိုးဝင်လာသည်။

သည်အခိုက်တွင် ဝမ်လင်းသည် ကောင်းကင်ထက်၌ ရှိနေ၏။ မြောင်ယင်က ပင်လယ်အောက်တွင် ရှိသည်။ သူတို့ကို ဝဲကတော့က ပိုင်းခြားထားသည်။ သို့သော် သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ရှင်းလင်းစွာ မြင်နေရသည်။

မြောင်ယင်သည် ကောင်းကင်ကိုးခုကဲ့သို့ ထွက်မပြေးပေ။ သူက သူ့ကျင့်ကြံမှုအဆင့်သည် များစွာ လျော့ကျနေပြီး ဝမ်လင်းထံမှ လွတ်မြောက်ဖို့ အခွင့်အရေး မရှိသည်ကို သိသည်။

“ငါ ဒီနေ့ သင့်ကို သတ်ဖို့ လာခဲ့တာ မဟုတ်ဘူး။ သင့်ကို ပြန်လည်မွေးဖွားခြင်းထံ စေလွှတ်ဖို့ ရောက်လာခဲ့တာ…”  ဝမ်လင်းက ဝဲကတော့အတွင်းရှိ မြောင်ယင်ကို ကြည့်၏။ သူ့ လက်ကို ပင့်မြှောက်ကာ မြောင်ယင်ထံသို့ ဆန့်ထုတ်သည်။

ဧရာမလက်ဝါးတစ်ခု ပေါ်လာကာ အောက်ဘက်ရှိ ပင်လယ်ထံသို့ ဦးတည်ဝင်လာ၏။

မြောင်ယင်၏အမူအရာမှာ ကြီးစွာ ပြောင်းလဲသွား၏။ သူ့စိတ်နှလုံးထဲ၌ ရုန်းကန်နေရသည်။ သူက ဝမ်လင်းကို ကောင်းကင်ကိုးခုထက် ပို၍ နားလည်၏။ ကောင်းကင်ကိုးခုက ဝမ်လင်း၏ ပြန်လည်မွေးဖွားခြင်း ဟူသော စကားကို ကြားသည့်အခါ သူက ဝမ်လင်းသည် သူ့ကို သတ်ဖို့ ကြိုးစားလာတာဟု တွေးထင်ပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့ခြင်းပင်။

သို့သော် မြောင်ယင်ကမူ ထိုသို့ မတွေးပေ။

“ဘယ်နေရာမှာ ပြန်လည်မွေးဖွားရမှာလဲ…”  ဧရာမလက်ဝါးတစ်ခုက သူ့ထံ ဆန့်ထွက်လာရင်း မြောင်ယင်က စူးစူးရှရှအော်ဟစ်လိုက်သည်။

“အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ…”  ဝမ်လင်း၏စကားသံ ပဲ့တင်ထပ်သည့်အခါ ကျယ်လောင်စွာ တုန်ဟည်းသံ မြည်ဟိန်းသည်။ ထိုဧရာမလက်ဝါးက ပင်လယ်ဝဲကတော့ကို ထွင်းဖောက်ကာ မြောင်ယင်ကို ဖမ်းဆုပ်သည်။

မြောင်ယင်၏ စိတ်နှလုံးမှာ တုန်ယင်ပြီး သူက မည်သို့မျှ မခုခံဘဲ လက်လျှော့လိုက်ရ၏။ သူသည် မျက်လုံးမှိတ်ကာ ဝမ်လင်းက သူ့အား ဖမ်းယူခြင်းကို ခွင့်ပြုလိုက်သည်။ သူသည် ချိပ်ပိတ်ခံရပြီးနောက် ဝမ်လင်း၏သိုလှောင်နေရာလွတ်အတွင်း ထည့်သိမ်းခံရကာ သူ့ကိုယ်ပွားနှင့် ပေါင်းစပ်လေသည်။

ပင်လယ်ပြင်သည် တည်ငြိမ်လာ၏။ မည်သို့မျှ မဖြစ်ခဲ့သည့်အလား။ ဝမ်လင်းက လှည့်၍ ကောင်းကင်ထက်သို့ ခြေလှမ်းသည်။

“ကောင်းကင်ဘုံအရှင်လေဟာနယ်နတ်ဘုရား ကျန်သေးတယ်…”  ဝမ်လင်း၏မျက်လုံးသည် လင်းလက်ကာ သူက အကွာအဝေးတစ်ခုထံသို့ လှမ်းကြည့်သည်။ သူသည် အရှင်လေဟာနယ်၏ မူလခန္ဓာကိုယ် ရှိနေသော နေရာကို တွေ့ရှိ၏။

ဝမ်လင်းသည် အရှင်လေဟာနယ်နတ်ဘုရား၏ ကိုယ်ပွားကို သတ်ပစ်ခဲ့ပြီး ဖြစ်ကာ သူ၏မူလခန္ဓာကိုယ်ကိုလည်း ဒဏ်ရာအပြင်းအထန် ရထားစေသည်။ ထို့နောက်တွင် သူသည် အတွင်းနယ်မြေသို့ လုံးဝ ဝင်မလာခဲ့ပေ။ ထို့အတွက် သူတို့၏ပြဿနာမှာ သည်နေရာတွင်ပင် အဆုံးသပ်ခဲ့ပေ၏။

သို့သော် သည်လူကို ချန်ထားခဲ့ပါက အနာဂတ်၌ ပြဿနာကြီးတစ်ခု ဖြစ်လာနိုင်၏။ သူသည် အိပ်မက်ပြာနှင့် အရှင်တောင်ပိုင်းတိမ်တို့အတွက် ပြဿနာများ မထားခဲ့ချင်ပေ။ သူက ဒီဖြစ်လာနိုင်မည့် ပြဿနာများကို သူ့ဟာသူသာ ဖြေရှင်းခဲ့မည်ပင်။

သူ၏အကြည့်က ကြယ်များကို ကျော်လွန်ကာ သူ့ခန္ဓာကိုယ်သည် ပျောက်ကွယ်သွားသည်။

ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ တောင်ဘက်ပိုင်း၌ အပျက်အစီးများ ပြည့်နေသော နေရာတစ်ခု ရှိ၏။ ယင်းနေရာသည် မူလတုန်းက ဂြိုဟ်တစ်ခု ဖြစ်ခဲ့၏။ သို့သော် ဒီဂြိုဟ်က ပျက်စီးခဲ့ကာ ကျောက်စကျောက်နများ ပြည့်နှက်နေသော သေဆုံးခြင်းဧရိယာတစ်ခု ဖြစ်လာခဲ့သည်။

အရှင်လေဟာနယ်နတ်ဘုရားက ထိုနေရာတွင် ရှိနေ၏။ သူသည် အတွင်းနယ်မြေသို့ မသွားရောက်ခဲ့သလို တိုက်ခိုက်မည့်အကြံကိုလည်း လက်လွှတ်ခဲ့၏။

ခုချိန်ထိ သူသည် အတွင်းနယ်မြေသို့ မဝင်ရဲသေးပေ။ သူသည် ဝမ်လင်းအပေါ် စိတ်ထဲကနေ အမှန်အကန် ကြောက်လန့်မိနေ၏။

သည်အခိုက်တွင် သူသည် ကျောက်တုံးတစ်ခုပေါ်၌ ထိုင်ကာ ကျင့်ကြံနေ၏။ သူသည် ကြယ်များထံမှ စွမ်းအားကို စုပ်ယူကာ သူ့ခန္ဓာကိုယ်ကို အားအင်ဖြည့်တင်းနေသည်။

သူ၏ကျင့်ကြံမှုအဆင့်သည် အပြည့်အဝ ပြန်မကောင်းသေးခင်ထိ မည်သူကမျှ သူ့အား လာနှောက်ယှက်မည် မဟုတ်ဟု သူက ယုံကြည်ထားသည်။

အမှန်တော့ သူ့ကို လာနှောက်ယှက်သည့် တစ်စုံတစ်ယောက် ရှိခဲ့လျှင်ပင် အရှင်လေဟာနယ်သည် ထိုသူမှာ ဝမ်လင်း မဟုတ်သ၍ အဆင်ပြေလေမည်။

သို့သော် သည်အတွေးက လှသော်လည်း လက်တွေ့ကမူ ခါးသီးပါ၏။ သည်နေ့တွင် ဒီကြယ်အဖွဲ့အစည်းက ပုံမှန်ဟုသာ ထင်ရသည်။ သို့သော် မမြင်ရသောဖိအားတစ်ခုက ဒီဧရိယာပေါ်သို့ ဆင်းသက်လာသည်။

ထိုဖိအား ရောက်ရှိလာမှုက ဒီနေရာကို မတည်မငြိမ် ဖြစ်စေသည်။  တစစီပြန့်ကြဲနေသော ကျောက်စကျောက်နများသည် ကြေမွ လွင့်စင်ကုန်သည်။

အရှင်လေဟာနယ်နတ်ဘုရားက ရုတ်တရက် မျက်လုံးဖွင့်လာ၏။ သူ၏အမူအရာမှာ ခါးသီးဟန် ပေါ်သည်။ သူသည် သူ လုံးဝ မမေ့ပစ်နိုင်သော ပုံရိပ်တစ်ခုက သူ့ထံ လျှောက်လှမ်းလာသည်ကို မြင်သည်။

ယင်းပုံရိပ်က သူ့အတွက် အိပ်မက်ဆိုးပင်။

“သူ…ရောက်လာတာပဲလား…”  အရှင်လေဟာနယ်နတ်ဘုရားသည် တဖြည်းဖြည်း နီးကပ်လာသော ဝမ်လင်းကို ကြည့်ကာ စဉ်းစားနေ၏။ သူ၏မျက်လုံးထဲတွင် မျှော်လင့်ချက်မဲ့မှုတို့ ရှိနေသည်။

“ဝမ်လင်း…အတိတ်တုန်းက ငါ မင်းခန္ဓကိုယ်ကို ပိုင်စိုးဖို့ ကြိုးစားခဲ့ဖူးပြီး မင်းကို သတ်ချင်ခဲ့ဖူးတယ်။ ဒါပေမဲ့ ငါ ကျရှုံးခဲ့တယ်။ ငါ့ကိုယ်ပွား သေဆုံးခဲ့တယ်။ ငါ့ဘဝမှာ အတွင်းနယ်မြေဆီ ခြေမချတော့ဘူးလို့ ကျိန်ဆိုခဲ့တယ်။ မင်း…မင်း ငါ့ကို ဒီအခွင့်အရေးလေးတောင် မပေးနိုင်ဘူးလား…”

အရှင်လေဟာနယ်နတ်ဘုရားသည် ထိုသို့ ပြောခဲ၏။ သို့သော် အခုအခါ၌ သူသည် ပြောနေရလေပြီ။ သူ ထိုသို့ ပြောနေစဉ် သူက ထရပ်ကာ ဝမ်လင်းထံ လက်နှစ်ဖက်ဆုပ်သည်။

ဝမ်လင်းက သူနှင့် ပေတစ်ထောင်အကွာရှိ ကျောက်တုံးတစ်ခုပေါ်၌ ရပ်နေသည်။ အနည်းငယ် စဉ်းစားပြီးနောက် သူက ဖြည်းဖြည်းချင်း ပြောလာသည်။

“သင်က ဒီမှာ ရှိဖို့ မသင့်တော်ဘူး။ ငါ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေကို သွားတော့မှာ။ လူအများက အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာ ပြန်မွေးဖွားဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ သင်နဲ့ငါလည်း သွားရမယ်…”

“မင်း…” အရှင်လေဟာနယ်နတ်ဘုရား၏ မျက်နှာသည် ပြောင်းလဲသွား၏။ သူ့စိတ်ထဲ၌ အတွေးများ အဆက်မပြတ် ဖြစ်ပေါ်သည်။ သို့သော် အဆုံးသပ်၌ သူက သက်ပြင်းရှည်ကြီး မှုတ်ထုတ်မိ၏။

“မင်း သွားတော့မှာမလို့ ဒီအဘိုးအို ဒီမှာ ရှိနေရင် လုံခြုံမှုမရှိဘူးလို့ မင်း ခံစားရတယ်မလား မင်း သွားတာနဲ့ ရှေးဟောင်းကြယ်အဖွဲ့အစည်းမှာ မျိုးဆက်သစ်တွေ မွေးဖွားလာအုံးပဲ မဟုတ်လား။ တချို့ဆို ဒီအဘိုးအိုထက်တောင် သန်မာလိမ့်အုံးမယ်။ မင်းက သူတို့အားလုံးကို အမြစ်ဖျက်ချင်တာလား…”

“ငါ သူတို့အားလုံးကို မသတ်နိုင်ဘူး။ ဒါပေမဲ့ ရှေးဟောင်းအဖွဲ့အစည်းရဲ့ ကလန်မျိုးစုံကို ငါ ချိပ်ပိတ်မယ်။ တတိယအဆင့် ကျင့်ကြံသူတွေကို ပြန်လည်မွေးဖွားဖို့ ငါ ခေါ်ဆောင်မယ်။ သူတို့ မနာခံရင် သေရမယ်…”   ဝမ်လင်း၏စကားလုံးများသည် တည်ငြိမ်၏။ သို့သော် သူ့စကားလုံးများထဲရှိ အဓိပ္ပာယ်ကား လူတိုင်းကို တုန်လှုပ်စေလိမ့်မည်သာ။

အရှင်လေဟာနယ်နတ်ဘုရားသည် တအောင့်ကြာ စကားမဆိုနိုင် ဖြစ်ရ၏။ သူက ဝမ်လင်းကို ပိုမိုထိတ်လန့်စွာ ကြည့်မိ၏။

“ရူးသွားပြီ။ သူ တကယ်ပဲ ရူးသွားပြီပဲ။ သူက ငါ့ကို ပြန်လည်မွေးဖွားဖို့ အတင်းအကြပ် လုပ်နေတယ်။ ငါ ဘယ်လိုရွေးချယ်သင့်လဲ…”  အရှင်လေဟာနယ်နတ်ဘုရားသည် နာကျည်းစွာ ပြုံး၍ ခုခံမှုကို လက်လျှော့ကာ မျက်လုံးမှိတ်လိုက်တော့၏။

ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ အရှင်လေဟာနယ်ကို သူ၏သိုလှောင်နေရာလွတ်အတွင်းသို့ ထည့်သိမ်းလိုက်သည်။

စန်းမင်ကလန်သည် စစ်ပွဲတွင် ပါဝင်ခဲ့သော ပြင်ပနယ်မြေ(ဝါ)ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ ကလန်တစ်ခု ဖြစ်၏။ ထိုကလန်သည် မကြီးမားသော်လည်း တတိယအဆင့်ကျင့်ကြံသူဘိုးဘေး တစ်ယောက် ပိုင်ဆိုင်ထားသည်။

ထိုဘိုးဘေးက အခြေအနေ မကောင်းသည်ကို သတိပြုမိသည့်အခါ၌ ထွက်ပြေးရန် ရွေးချယ်ခဲ့ကာ နောက်ထပ် ထွက်မလာတော့ပေ။

ထိုကလန်သည် ဂြိုဟ်ပေါင်းတစ်ရာနီးပါး တည်ရှိသည့် နယ်မြေတွင် တည်ရှိပေသည်။ သို့သော် ယနေ့၌ ဝမ်လင်းက စန်းမင်ကလန်နားသို့ ရောက်လာခဲ့သည်။

သူ ရောက်လာခြင်းက ပြင်းထန်သောတုန်ခါလှိုင်းတစ်ခု စန်းမင်ကလန်ထံ ဦးတည်တော့သည်။ သူသည် ဂြိုဟ်တစ်ခု၏ လေထုထဲ ခြေလှမ်းကာ ထိုဂြိုဟ်၏ အမြင့်ဆုံးတောင်ထိပ်ထံ လျှောက်လှမ်းသည်။

ထိုတောင်ထိပ်ပေါ်၌ ဘုံကျောင်းကြီးတစ်ခု ရှိကာ သက်လတ်ပိုင်းလူတစ်ယောက်က အတွင်း၌ ထိုင်နေသည်။ ဝမ်လင်း ရောက်လာသည့်အခါ သူက မျက်လုံးဖွင့်လာပြီး ကြောက်ရွှံ့ဟန် လှစ်ဟပေါ်သည်။

သူ့ခန္ဓာကိုယ် တုန်ယင်သွားကာ ထရပ်ရန် ဟန်ပြင်လိုက်စဉ် ညာလက်တစ်ဖက်က သူ့ရှေ့တွင် ပေါ်လာသည်။ ၎င်းလက်က သူ့ပုခုံးပေါ်သို့ ညင်သာစွာ ဖိချလာပြီး သူ့အား  ကြမ်းပြင်ထက်၌ ဒူးထောက်ကျသွားစေပြီး ရုန်းကန်နိုင်စွမ်း မဲ့စေသည်။

“ငါ သင့်ကို ပြန်လည်မွေးဖွားခြင်းဆီ စေလွှတ်မယ်…”

ထိုစကားသည် သူ့အမြင် အမှောင်တိ မကျသွားခင် နောက်ဆုံး ကြားလိုက်ရသည့် စကားပင်။  ကြောက်မက်ဖွယ်အားတစ်ခုက သူ့ပုခုံးထံမှ တိုးဝင်လာကာ သူ့အား ချိပ်ပိတ်လေသည်။

တအောင့်အကြာတွင် ဝမ်လင်းက စန်းမင်ကလန်ကနေ ထွက်လာ၏။ မည်သူကမျှ သူ ရောက်လာကာ ပြန်ထွက်သွားသည်ကို မသိလိုက်ပေ။ ဝမ်လင်းသည် ပြန်ထွက်သွားစဉ် သူ့ညာလက်ကို ပင့်မြှောက်ကာ စန်းမင်ကလန် တည်ရှိသော ဧရိယာသို့ ညင်သာစွာ ဝေ့ယမ်းလိုက်သည်။

ရှေးဟောင်းသစ်ရွက် တဒါဇင် ပေါ်လာကာ ဝဲကတော့တစ်ခု ဖြစ်ပေါ်သည်။ ၎င်းသည် စန်းမင်ကလန်ထံသို့ ပျံသန်းလာကာ သည်ကြယ်အဖွဲ့အစည်းနှင့် ကလန်တစ်ခုလုံးကို ချိပ်ပိတ်ပစ်သည်။

“ခုချိန်ကစပြီး ကြယ်များကြား ဝင်ရောက်နိုင်မယ့် ကလန်တစ်ခုလုံးရဲ့ စွမ်းအားကို ချိပ်ပိတ်တယ်။ သူတို့ရဲ့ ကျင့်ကြံမှုအဆင့်ဟာ ဘယ်တော့မှ နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကနေ မကျော်လွန်စေရဘူး။ သူတို့ဟာ ကြယ်များကြား လုံးဝ ခြေချခွင့် မရှိစေရ…

ဝမ်လင်းသည် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ အဝေးသို့ လှမ်းလျှောက်သွားတော့သည်။

သူ ရှေ့သို့ ဆက်လျှောက်လာစဉ် ရှေးဟောင်းကြယ်အဖွဲ့အစည်းရှိ တတိယအဆင့် ကျင့်ကြံသူတစ်ယောက် ရှိသော ကလန်တိုင်းသည် အလားတူ ကံကြမ္မာမျိုးကို ခံစားရလေသည်။ တတိယအဆင့် ကျင့်ကြံသူအားလုံးသည် အတင်းအကြပ် ပြန်လည်မွေးဖွားဖို့ ခေါ်ဆောင်ခြင်း ခံရကာ သူတို့၏ကလန်များမှာလည်း ချိပ်ပိတ်ခြင်း ခံရ၏။

အတွင်းနယ်မြေကို မရေမတွက်နိုင်သော နှစ်များစွာ လုံခြုံစေရန် ဝမ်လင်းသည် ဒီတုန်လှုပ်ဖွယ်၊ လွှမ်းမိုးနိုင်ဖွယ်အရာကို ပြုလုပ်ခဲ့ပေသည်။ သူက ကျန်သည့် တတိယအဆင့် ကျင့်ကြံသူများကို သူနှင့်အတူ ခေါ်ဆောင်လာခဲ့ပေသည်။

သူသည် သူ ဖြတ်သန်းသွားသော လမ်းတစ်လျှောက်ရှိ ကလန်အားလုံး၊ တတိယအဆင့် ကျင့်ကြံသူ မရှိသော ကလန်များကိုပါ ချိပ်ပိတ်ခဲ့လေ၏။ ထို့အတွက် ရှေးဟောင်းကြယ်အဖွဲ့အစည်းတွင် တတိယအဆင့် ကျင့်ကြံသူတစ်ယောက် ပေါ်လာရန်မှာ အလွန်ခက်ခဲသွားလေမည်။ မရေမတွက်နိုင်သော နှစ်များစွာအကြာ ကြယ်များကြား၌ ကျင့်ကြံသူတစ်ယောက်မျှ ရှိလာလေတော့မည် မဟုတ်ပါ။ သူတို့သည် သူတို့၏ဂြိုဟ်များထံမှ ထွက်ခွာနိုင်စွမ်းမရှိအောင် ဝမ်လင်းက ချိပ်ပိတ်ထားခဲ့သောကြောင့််တည်း။

“ရှေးဟောင်းကြယ်အဖွဲ့အစည်းနဲ့ ပတ်သတ်လို့တော့ စိတ်ပူစရာ မရှိတော့ဘူး။ တခြားနေရာတွေကိုတော့ အခု ရှာဖွေစူးစမ်းဖို့ အချိန်မရတော့ဘူး…”  ဝမ်လင်းသည် အတွင်းနှင့်အပြင်နယ်မြေကို ပိုင်းခြားထားသော အစီအရင်၏အပြင်ဘက်၌ ရပ်နေ၏။ သူက ရှေးဟောင်းကြယ်အဖွဲ့အစည်းသို့ အချိန်အတန်ကြာ ကြည့်နေပြီးနောက် အစီအရင်တွင်းသို့ ဝင်ရောက်ကာ အလုံးစုံကောင်းကင်ထံ ဦးတည်လေသည်။

သည်အခိုက်၌ ဝမ်လင်းက ဒီလှိုဏ်ဂူလောက၌ သူ နောက်ဆုံးလုပ်ဆောင်ရမည့်အရာများကို လုပ်ဆောင်ခဲ့ပြီး ဖြစ်လေ၏။ ထို့အတွက် သူသည် ထွက်သွားရတော့မည်။

အလုံးစုံကောင်းကင်၌ ရွှေရောင်တံခါးထံမှ တလျှံလျှံတောက်ပမှုကို ပေးစွမ်းနေသည်။ ရွှမ်လောက နေရာတွင် ထိုင်နေကာ အကွာအဝေးတစ်ခုထံသို့ ကြည့်နေသည်။ သူက ဝမ်လင်းကို မြင်သည်။

ဝမ်လင်း၏ပုံရိပ် ပေါ်လာကာ သူက ရွှမ်လောထံ အရိုအသေ ပေးလိုက်သည်။

“ဂျူနီယာ ပြင်ဆင်စရာရှိတာအားလုံး လက်စသပ်ပြီးပါပြီ။ လူအနည်းငယ်ကိုလည်း ခေါ်လာခဲ့ပါတယ်။ စီနီယာက သူတို့အပေါ်မှာ ပြန်လည်မွေးဖွားခြင်းမန္တာန် အသုံးပြုပေးဖို့ ကျနော် မျှော်လင့်မိပါတယ်…” ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ လူရှစ်ယောက် ထွက်ပေါ်လာ၏။ သူတို့၏အမူအရာများသည် သုန်မှုန်နေကာ သူတို့၏စိတ်နှလုံးထဲ၌ အင်တင်တင်ခံစားချက်တို့ ပြည့်နေ၏။ သို့သော် သူတို့သည် မခုခံဝံ့ပေ။

“မင်းတို့အားလုံး ပြန်လည်မွေးဖွားပြီးတဲ့အခါကျရင် ငါတို့ကြားမှာ ဘာရန်ငြှိုးမှ မရှိတော့ဘူး။ မင်းတို့အားလုံး မင်းတို့အတွက် ဘယ်အရာက ကောင်းလဲဆိုတာ သိဖို့ ငါ မျှော်လင့်တယ်…”

ဝမ်လင်း၏စကားသံက တည်ငြိမ်၏။ သူက ညာလက်ကို ဝေ့ယမ်းလိုက်သည်။ လေပြင်းတစ်ခုက ထိုရှစ်ယောက်ကို တွန်းထုတ်ကာ တံခါးထံသို့ ဦးတည်စေတော့သည်။

“စီနီယာ…ဂျူနီယာ ထွက်ခွာတော့မယ်။ ကျနော်တို့ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာ ပြန်တွေ့ကြမယ်…”   ဝမ်လင်းက ကြယ်များထံသို့ ပြန်လှည့်ကြည့်သည်။ ထို့နောက် ရုတ်တရက် သူက ပြန်လှည့်သည်။ သူသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းကာ တံခါးထံသို့ ဝင်ရောက်ကာ အတွင်းသို့ ပျောက်ကွယ်သွားတော့သည်။

ရွှမ်လောက ထရပ်၏။ သူက တံခါးထံ အလေးအနက်အမူအရာဖြင့် ကြည့်သည်။

ဝမ်လင်း ဝင်ရောက်ပြီးနောက် ထိုတံခါးသည် တုန်ဟည်းလာကာ တဖြည်းဖြည်းချင်း ပိတ်လာ၏။ နာရီဝက်ခန့်ကြာတွင် ၎င်းတံခါးသည် လုံးဝ ပိတ်တော့မည့်အခါ၌ တစ္ဆေအလင်းတစ်ခု ရုတ်တရက် လင်းလက်ကာ တံခါးအတွင်းသို့ ပျောက်ကွယ်သွားချေသည်။

All Chapters