အင်ပါယာတစ်ယောက်၏ အတွေး၊ ပြဿနာ၏ဇာစ်မြစ်များ ပေါ်လာခြင်;
Vol. 134 Ch. 1848
ဝမ်လင်းသည် စိတ်ထဲ၌ စိတ်လှုပ်ရှားမှုကို ခံစားမိသည်။ သူသည် ကျန်သည့်ခြင်သားရဲကိုးကောင်နှင့် သူ့ခြင်သားရဲဘုရင်ထံသို့ လှမ်းကြည့်သည်။ သူက သွေးနဂါးသူ့အား ဝန်းရံထားစေရင်း တရှိန်ထိုး ဝင်ရောက်လာကာ ခြင်သားရဲဘုရင်၏ ဦးခေါင်းပေါ်သို့ ခြေချလိုက်သည်။
“ဆရာ…ငါတို့ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာ ပြန်ဆုံကြမယ်…” ဝမ်လင်းသည် လှည့်၍ ရွှမ်လောထံသို့ လက်နှစ်ဖက်ဆုပ်၍ နှုတ်ဆက်သည်။ ခြင်သားရဲဘုရင်သည် ကြမ်းကြုတ်သောဟိန်းသံကို ထုတ်ဖော်ကာ ဝမ်လင်းနှင့်အတူ လေဟာနယ်ဟင်းလင်းပြင်အတွင်းနက်ပိုင်းသို့ တိုးဝင်သွားတော့သည်။
သူ့နောက်တွင် ခြင်သားရဲကိုးကောင်သည် အစောင့်အရှောက်များကဲ့သို့ လိုက်ပါလာကြသည်။
ရွှမ်လောသည် ရေခဲပြင်အဟကို ဖြတ်၍ ပျောက်ကွယ်သွားသော ဝမ်လင်းကို ကြည့်၏။ အချိန်အတန်ကြာပြီးနောက် သူက မျက်လုံးမှိတ်ကာ လက်ဝေ့ယမ်းလိုက်သည်။ ရေခဲအဟသည် ကြုံ့လာကာ ချိပ်ပိတ်သွားတော့၏။
“ဒီခြင်သားရဲဟာ ရှေးဘိုးဘေးနဲ့အတူ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေဥပဒေသအတွင်း မွေးဖွားခဲ့တဲ့ သားရဲကိုးကောင်ထဲက တစ်ကောင် ဖြစ်လေမလား။ ဒါသာ အမှန်ဆိုရင် ဝမ်လင်းရဲ့ အနာဂတ်ဟာ ငါ ခန့်မှန်းနိုင်တဲ့ အရာ မဟုတ်တော့ဘူး။ သူ…သူဟာ သူ့ဟာသူ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာ ဆယ်စင်းမြောက်နေမင်း ဖြစ်လာနိုင်တဲ့ပုံပဲ…”
“သူသာ ဆယ်စင်းမြောက်နေမင်း ဖြစ်လာခဲ့ရင် ငါ့ရှေးတောက်ကလန်ဟာ ထာဝရ တည်ရှိလိမ့်မယ်…” ရွှမ်လော၏ မျက်နှာသည် အနည်းငယ် နီမြန်းလာ၏။ သူသည် ခြင်သားရဲများက အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ ဥပဒေသကို စုပ်ယူသည့်အပေါ် တုန်လှုပ်မိရသည်။ သည်အခိုက်၌ သူ့စိတ်ထဲတွင် အတွေးမျိုးစုံ ဖြတ်ပြေးနေသည်။
အချိန်အတန်ကြာပြီးနောက် ရွှမ်လောသည် အကွာအဝေးတစ်ခုထံသို့ နဂါးလမ်းကြောင်းကနေ လျှောက်လှမ်းသွားသည်။ သူ၏ခန္ဓာကိုယ်ပတ်လည်၌ သွေးနီရောင်နေတစင်း ပေါ်လာသည်။ ထိုနေမင်းသည် ပတ်ဝန်းကျင်ကို ခြုံလွှမ်းကာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ ဥပဒေသကို ခုခံသည်။
ထိုသွေးနီရောင်နေမင်းထံမှ အလင်းသည် ပတ်ဝန်းကျင်ရေခဲပြင်မှ ထွင်းဖောက်ကာ လေဟာနယ်ကို ထိန်လင်းစေသည်။ သည်နည်းလမ်းကို အသုံးပြုကာ သူသည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ ဥပဒေသကို ခုခံရင်ဆိုင်သည်။
လှိုဏ်ဂူလောကနှင့် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေကြား အဆုံးမရှိသော လေဟာနယ်၌ ဥပဒေသ ပါဝင်နေ၏။ ၎င်းဥပဒေသမှာ ဝမ်လင်း၏ လှိုဏ်ဂူလောကနှင့်သာမက အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ တခြားလှိုဏ်ဂူလောကများနှင့်ပါ ချိတ်ဆက်ထားသည်။
ရှေးအချိန်များမှစ၍ လှိုဏ်ဂူလောက၏ ပါရမီရှင်များသည် ကံကြမ္မာကို လက်သင့်မခံသည့်နောက် အမှန်တရားကို ရှာတွေ့ခဲ့ကြ၏။ သူတို့သည် လှိုဏ်ဂူလောကများ၏ အပြင်ဘက် လေဟာနယ်ထံ ဝင်ရောက်ရန် နည်းလမ်းမျိုးစုံ အသုံးပြုခဲ့သည်။
သို့ပေမည့် မည်သူကမျှ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေသို့ အောင်အောင်မြင်မြင် မဝင်ရောက်ခိုင်ခဲ့ပေ။ သူတို့အားလုံးက ဒီလေဟာနယ်တွင်သာ သေဆုံးခဲ့ရ၏။
အလားတူပင် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ အစွမ်းထက်ကျင့်ကြံသူများက သည်လေဟာနယ်အတွင်းသို့ ဝင်ရောက်ရန် ကြိုးစားခဲ့ကြသည်။ သူတို့သည် ဒီနေရာရှိ ဥပဒေသကို နားလည်အောင် ကြိုးစားချင်ခဲ့သည်။ သို့မဟုတ် သည်နေရာကို အသုံးပြုကာ တခြားကလန်တစ်ခု၏ လှိုဏ်ဂူလောကထံ ဝင်ရောက်လိုကြခြင်းပင်။
တချို့လူများ အောင်မြင်ခဲ့တာ ဖြစ်နိုင်၏။ သို့သော် ရှားပါးလှ၏။ သည်နေရာတွင် လမ်းပျောက်ဖို့မှာ လွယ်ကူလွန်းသည်။ ထို့အတွက် လူအနည်းငယ်ကသာ ဒီနေရာသို့ ဝင်ရောက်နိုင်ကြ၏။
ဝမ်လင်းသည် သူ့ကို ဖြတ်ကျော်သွားသော အလောင်းများကို ရံဖန်ရံခါ တွေ့မြင်နေရ၏။ ထိုအလောင်းများက ဒီနေရာတွင် ထာဝရ မြောလွင့်နေတော့မည်။
“ဒီလေဟာနယ်က ပင်လယ်တစ်ခုလိုပဲ။ ဒီနေရာဟာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ ဥပဒေသနဲ့ ပြည့်နှက်နေတဲ့ ပင်လယ်တစ်ခုလို့ ရှုမြင်နိုင်တယ်…” ဝမ်လင်းသည် ခြင်သားရဲဘုရင်ပေါ်တွင် ထိုင်ကာ သူ၏ရှေ့ရှိ အဆုံးအဆမဲ့လေဟာနယ်ထံသို့ ကြည့်နေ၏။ မည်သည့်အသံ၊အလင်း၊ သက်ရှိအရိပ်အယောင်မျှ ရှိမနေလေပေ။
သည်နေရာကား သေလောက်အောင် ငြိမ်သက်တိတ်ဆိတ်နေသည်။
လူအများသည် အဆုံးစွန်တိတ်ဆိတ်မှုကြောင့် ရူးသွပ်သွားနိုင်ပေ၏။ သူတို့သည် ဒီနေရာတွင် ကြာကြာပိုနေလေလေ သူတို့၏စိတ်သည် ဂနာမငြိမ် ပိုဖြစ်လာလိမ့်မည်။ ခိုင်မာသောစိတ်ဓာတ် ရှိသူသည်ပင် တည်ငြိမ်နိုင်ရန် ခက်ခဲမည်သာ။
ပို၍ အရေးကြီးသည်မှာ ဒီနေရာ၌ အလွယ်တကူ လမ်းပျောက်သွားနိုင်ခြင်းပင်။ သင်သည် လမ်းပျောက်သွားသည်နှင့် လမ်းမှန် လုံးဝ ပြန်မတွေ့တာ ဖြစ်နိုင်၏။ ဝင်ပေါက်များကို တွေ့မြင်လျှင်ပင် ၎င်းတို့မှာ တခြားကလန်များ၏ လှိုဏ်ဂူလောကသို့ တံခါးချပ်များသာ ဖြစ်သည်။ သင်သည် ထွက်သွားနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
ဝမ်လင်း၏ ရည်ရွယ်ချက်မှာ လီမူဝမ်၏ စိတ်ဝိညာဉ်ကို သူနှင့်အတူ ခေါ်ဆောင်လာနိုင်ရန် ဖြစ်၏။ ထို့ကြောင့် သူသည် သူ့ကိုယ်သူ လမ်းပျောက်ခွင့် မပေးနိုင်ပေ။
သူ ရှေ့သို့ ပိုဆက်တိုးလာလေလေ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ ဥပဒေသက ပို၍ အားကောင်းလာလေ ဖြစ်၏။ ထိုဖိအားက နေရာတိုင်းတွင် ရှိနေကာ လူများကို ရှေ့ဆက်မတိုးနိုင်အောင် ဟန့်တားထားသည်။
တချို့လူများသည် ဦးတည်ရာကို ဆုံးဖြတ်နိုင်ဖို့ သည်ဖိအားကို အသုံးပြုကြ၏။ သို့သော် ဥပဒေမှာ နေရာတိုင်းတွင် ရှိနေလေ၏။ ထိုဖိအားသည် လူတစ်ယောက် ပိုဝေးဝေးသို့ ရောက်လေလေ ပိုအားကောင်းလာလေဟူသောအချက်အပြင် နောက်တစ်ချက်မှာ အချိန်ပင်။
သင်သည် ဒီနေရာတွင် အချိန်ပိုကုန်ဆုံးပါက ဖိအားက ပိုပြင်းထန်လာမည်သာ။
ဝမ်လင်းအဖို့ အထီးကျန်မှုနှင့် အသားကျပြီး ဖြစ်၏။ ခြင်သားရဲကပါ သူနှင့်အတူ ရှိနေသည်ကို ထည့်မတွက်ဘဲ သူ တစ်ယောက်တည်း ဖြစ်နေလျှင်ပင် သူက အထီးကျန်လိမ့်မည် မဟုတ်ပါ။ ထို့အပြင် သူ့ပတ်လည်၌ ဝန်းရံပေးနေသော သွေးနဂါးလည်း ရှိသေး၏။ ၎င်းနဂါးက အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ ဥပဒေစွမ်းအားကို လျှော့ချပေးသည့်အပြင် သူ့ကို လမ်းပြပေးသေးသည်။
အချိန် တဖြည်းဖြည်း ကုန်ဆုံးလာ၏။ ပထမလအတွင်း ဝမ်လင်းသည် တည်ငြိမ်စွာဖြင့်သာ လေဟာနယ်ကို ဖြတ်သန်းနေ၏။ သူသည် ရံဖန်ရံခါ ပေါ်လာသော အလောင်းများကို ကြည့်၏။ ထိုအလောင်းများထံမှ လက်မခံနိုင်မှုကို သူ ခံစားမိနိုင်သည်။
ထိုသူများက သူကဲ့သို့ပင် လှိုဏ်ဂူလောကမှ ပါရမီရှင်များ ဖြစ်နိုင်၏။ သို့သော် ခုချိန်၌ သူတို့ သေဆုံးခဲ့သည်မှာ နှစ်ပရိပဒ မည်မျှ ကြာခဲ့ပြီကိုပင် မသိရနိုင်တော့ပေ။
တစ်နှစ်ကြာပြီးနောက် ဝမ်လင်းသည်ပင် ဒီငြိမ်သက်မှုကြောင့် မလွယ်ကူမှုကို ခံစားမိသည်။ သူသည် ဒီနှစ်အတွင်း စကားတစ်ခွန်းမှ မပြောခဲ့ရပေ။ သူ့မျက်လုံးက အမှောင်ထုနှင့်သာ အသားကျနေခဲ့သည်။ သူ မျက်လုံးဖွင့်ဖွင့်၊ ပိတ်ပိတ် အဆုံးမဲ့အမှောင်ထုသာ ရှိသည်။
သည်နှစ်အတွင်း အသံတစ်သံပင် မရှိခဲ့ပေ။ သည်ဆန်းပြားလှသော နေရာ၌ မြန်ဆန်စွာ ပျံသန်းနေလျှင်ပင် အသံ မထုတ်လွှတ်လေပေ။
သူက သူ မည်မျှ ခရီးနှင်ခဲ့ပြီးသည်ကို မသိချေ။ သူက သူ့ဦးတည်ရာမှာ မှန်လောက်သည်ဟုသာ သိ၏။ သူ့ပတ်လည်ရှိ သွေးနဂါးမှာ မှိန်ဖျော့နေခဲ့လေပြီ။ သို့သော် ၎င်းက တည်ရှိနေဆဲ ဖြစ်ကာ လမ်းပြပေးနေသေးသည်။
ဝမ်လင်းက ရွှမ်လော မည်သည့်နေရာတွင် ရှိနေသည်ကိုလည်း မသိပေ။ သို့သော် သူက ရွှမ်လောမှာ ဒီလေဟာနယ်၏ တနေရာတွင် ပြန်လည်မွေးဖွားမည့် သူ့မိတ်ဆွများကို ကူညီပေးကာ ရှိနေမည်ဟု ခံစားမိသည်။ ထို့အပြင် ရွှမ်လောက ဥပဒေသကို ခုခံဖို့ သူ့ကိုလည်း ကူညီပေးထားသေး၏။ ထို့အတွက် ရွှမ်လော၏ အားစိုက်ထုတ်ပေးမှုသည် သူ့အပေါ်၌ များပြားနေခဲ့ပြီဟု ဝမ်လင်းက ခံစားမိသည်။
ထိုခံစားချက်က ဝမ်လင်း၏စိတ်နှလုံးကို နွေးထွေးစေသည်။ သူသည် တခါတရံ သူ့နောက်မှ လေဟာနယ်ထံ လှမ်းကြည့်တတ်သည်။ သူက သူ့မွေးရပ်မြေထံ ဦးတည်သော တံခါးချပ်က သူ့ကို စောင့်ကြည့်နေပြီး သူက ပိုပိုဝေးသထက်ဝေးလာသည်ကို ခံစားမိရသည်။
ထိုအခိုက်၌ သူသည် မိုးရေစက်များအောက်၌ မူပင်းမေသည် ထီးတစ်လက်ကိုင်ကာ ရပ်နေသည်ကို တွေ့မြင်နိုင်စွမ်း ရှိလေသည့်အလား။
ဝမ်လင်းသည် မူပင်းမေအပေါ် အမုန်းတရား မရှိတော့ပေ။
တစ်လ၊နှစ်လ၊ သုံးလ၊ နောက်နှစ်ဝက်။ ဝမ်လင်းသည် လေဟာနယ်အတွင်းရှိနေသည်မှာ တစ်နှစ် ရှိခဲ့ပြီ ဖြစ်၏။ အမှန်တော့ သူသည် အရာအားလုံးကို မေ့ပစ်ထားသင့်သည်။ သို့သော် သူသည် သူ့ကိုယ်သူ မေ့ပစ်ခွင့် ပြုမည် မဟုတ်ပါ။
သည်နေ့တွင် တစ်နှစ်နှင့်ခြောက်လ ကုန်ဆုံးပြီးသည့်နေ့ ဖြစ်ကာ ဝမ်လင်းသည် ခပ်တိုးတိုး ရေရွတ်သည်။ “ ရှစ်နှစ်နဲ့ ခြောက်လေလောက် အချိန် ကျန်လောက်အုံးမယ်…”
သူ၏အသံသည် ကြမ်းရှ၏။ အဘိုးအိုတစ်ယောက်၏အသံအလား။ သူ့ပတ်လည်ရှိ သွေးနဂါးသည် မှိန်ဖျော့နေခဲ့ပြီးပင်။ သူသည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ ဥပဒေကို များစွာ မခံစားမိသော်လည်း သူ့နောက်ရှိ ခြင်သားရဲကိုးကောင်၏ အမြန်နှုန်းကမူ လျှော့ကျလာခဲ့သည်။
ဒုတိယနှစ်၏ တနေ့၌ သွေးနဂါးသည် မမြင်ရလုနီးပါး ဖြစ်လာ၏။ ၎င်း၏ လမ်းညွှန်မှုကလည်း ရေးတေးတေးသာ ကျန်တော့သည်။ ၎င်း၏ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ စွမ်းအားကို ခြေဖျက်သည့်စွမ်းရည်မှာလည်း ပျောက်ကွယ်သွားခဲ့လေပြီ။
ထိုအခါ ဝမ်လင်းသည် ဥပဒေဖိအားကို ပထမဆုံးအကြိမ် ရှင်းလင်းစွာ ခံစားမိတော့သည်။ ၎င်းသည် တောင်တစ်လုံးက သူ့ခန္ဓာကိုယ်ပေါ်သို့ ဖိကျနေသည့်နှယ်။
သူ၏အနှစ်သာရစွမ်းအားများသည်လည်း ထိုဥပဒေသအောက်၌ အားနည်းလာရသည်။ သူသည် ၎င်းကို ပြန်ကောင်းမွန်စေမည့် နည်းလမ်း ရှိမနေပေ။
ဤသည်မှာ ဒီနေရာ လေဟာနယ်၏ ကြောက်မက်ဖွယ်ကောင်းရခြင်း၏ အကြောင်းရင်းများထဲမှ တစ်ခုပင်။
သင်သည် မည်မျှ သန်မာပါစေ သင် လမ်းပျောက်ခဲ့လျှင်၊ သို့မဟုတ် ဒီနေရာတွင် တစ်ဆို့နေခဲ့လျှင် သင် သေရမည့်နေ့သို့ ရောက်လာမည်သာ။
ဒုတိယနှစ်၊ တတိယနှစ်၊ လေးနှစ်မြောက်…။ လေးနှစ်တာအချိန်သည် ဒီလေဟာနယ်အတွင်း ငြိမ်သက်စွာ ကုန်ဆုံးသွားခဲ့သည်။ အချိန်ကုန်ဆုံးမှုက မမြန်လွန်း၊ မနှေးလွန်းပေ။
လေးနှစ်တာသည် ဝမ်လင်းအတွက်တော့ နှစ်လေးရာအလား ခံစားမိရ၏။ ဖိအားသည် တိုးပွားလာရင်း ဝမ်လင်းသည် ကျင့်ကြံချင်ခဲ့၏။ သို့သော် သူ မလုပ်နိုင်ပေ။
လေဟာနယ်အတွင်း၌ ဆန်းကြယ်သောအားတစ်ခုက သက်ရှိများ ကျင့်ကြံခြင်းကို တားဆီးထားသည့်ပုံ ရသည်။ သူတို့သည် အချိန်ကုန်ဆုံးနေသည်ကိုသာ ရေတွက်နိုင်လေတော့၏။ ဤသည်ကသာ သည်နေရာတွင် ရှိသော တစ်ခုတည်းသော ဉာဏ်အလင်းအရင်းမြစ် ဖြစ်ပုံ ရသည်။
ဝမ်လင်းသည် ဒီလေးနှစ်အတွင်း တခြား သက်ရှိဖြစ်တည်မှုများနှင့် မကြုံခဲ့ပေ။ သူသည် ကျင့်ကြံသူများ သို့မဟုတ် သားရဲများ ပိုင်ဆိုင်သော အလောင်းများနှင့်သာ ကြုံခဲ့ရသည်။
သူ့နောက်ရှိ ခြင်သားရဲကိုးကောင်သည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ ဥပဒေသနှင့် ပေါင်းစပ်ထားသော်လည်း သူတို့အတွက်ပင် ဒီဥပဒေသက တောင့်မခံနိုင်ဖွယ် ဖြစ်လာ၏။ ၎င်းဥပဒေသက သင်၏ခန္ဓာကိုယ်ပေါ်သို့ ကြယ်အဖွဲ့အစည်းတစ်ခုလုံး ပြိုဆင်းကျလာသည့်အလားပင်။ ဝမ်လင်း၏မျက်နှာသည်ပင် ဖြူရောနေ၏။ သူ၏ခန္ဓာကိုယ်မှာ အကန့်အသတ် ရောက်လုနီးနီးပင်။
ခြင်သားရဲကိုးကောင်ကို သည်ဖိအားကို ခံစားရခြင်းကနေ ကယ်တင်နိုင်ဖို့ ဝမ်လင်းက သူ့သိုလှောင်နေရာလွတ်ထဲသို့ ၎င်းတို့ကို ထည့်သိမ်းလိုက်၏။ သို့ပေမည့် ဝမ်လင်းအောက်ရှိ သူ့ခြင်သားရဲဘုရင်ကတော့ မည်သို့ မသက်မသာ ဖြစ်ပုံကိုမျှ မပြသသေးပေ။ ၎င်းသည် ဝမ်လင်းကို သယ်ဆောင်ကာ မြန်ဆန်စွာ သွားနေဆဲ ဖြစ်၏။
ငါးနှစ်မြောက် ရောက်လာသည့်အချိန်၌ ဝမ်လင်းသည် သူ့ခန္ဓာကိုယ်မှာ နုန်းချိနေလေပြီ။ သူ့လက်ကို ပင့်မြှောက်လျှင်ပင် နာကျင်နေရ၏။ သို့သော် သူသည် ရှေ့ဆက်နေသည်။ သူက သူ့သိုလှောင်နေရာလွတ်ထဲမှ ကောင်းကင်ဘုံဖယ်ကြဉ်ခြင်းခေါင်းတလားကို ထုတ်ယူကာ ၎င်းကို သူ့ကျောပေါ်၌ တင်ဆောင်လိုက်၏။
သိုလှောင်နေရာလွတ်သည် ဘေးကင်းသော နေရာ မဟုတ်လေတော့။ သည်ခေါင်းတလားကို သူ့နောက်ကျောတွင် တင်ဆောင်ထားမှသာ သူ၏ခန္ဓာကိုယ်ဖြင့် ကာကွယ်ပေးထားနိုင်မည်ဟု ဝမ်လင်းက ခံစားမိသည်။
သူက သူ မသေသေးသ၍ သည်ဥပဒေသအားက သူ့ဘေးရှိ လီမူဝမ်ပေါ်သို့ သက်ရောက်မှု ရှိလိမ့်မည် မဟုတ်တာ သိထားသည်။ အကြောင်းမှာ ဝမ်လင်းက သူ့စွမ်းအားကို ခန္ဓာကိုယ်အပြင်သို့ ထုတ်၍ လီမူဝမ်ကို ကာကွယ်ပေးထားခြင်းကြောင့်ပင်။
ကံကောင်းစွာဖြင့် သူ့အောက်၌ ခြင်သားရဲ ရှိနေခြင်းပင်။ ၎င်းက အလွန်မြန်သောနှုန်းဖြင့် ရှေ့ဆက်နေစမြဲသာ။ ဝမ်လင်းသာ သူ့ကိုယ်ပိုင်ခွန်အားကို မှီခို၍ ထိုဖိအားကို တောင့်ခံကာ ရှေ့ဆက်ရမည်ဆိုပါက ပို၍ ခက်ခဲလေမည် ဖြစ်၏။
ဝမ်လင်းက အင်မောတယ်ကောင်းကင်ဘုံကုန်းမြေထံသို့ ရုန်းကန်ကာ ရှေ့ဆက်နေသည်။ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၊ ရှေးတောက်ကလန်၏ ဗဟိုချက်၌ မြောလွင့်မြို့တော်တစ်ခု ရှိလေ၏။ ထိုမြို့၏ ဗဟိုတွင် ရှေးတောက်နန်းတော် တည်ရှိကာ တော်ဝင်ဝတ်ရုံဖြင့် သက်လတ်ပိုင်းလူက အမြင့်ဆုံးခန်းမဆောင်တွင် ရပ်၍ မှုန်မှိုင်းနေသော ကောင်းကင်ထက်သို့ ကြည့်နေသည်။
သူက တစ္ဆေအလင်း ပေးစွမ်းနေသော ပုလဲတစ်လုံးကိုလည်း ခံစားမိသည်။ ထိုပုလဲ၏အတွင်း၌ ဝေဝါးနေသော်လည်း သူက အတွင်း၌ အိပ်ပျော်နေသော အမျိုးသမီးတစ်ယောက်၏ အရိပ်ကို မြင်နိုင်ပေသည်။
“မဟာအင်ပါယာ ထွက်သွားတာ ကြာလှပြီ။ ဟက်…သူက လှိုဏ်ဂူလောကရဲ့ ပမွှားကျင့်ကြံသူလေးအပေါ်မှာ ဒီလောက်ထိ အားစိုက်ထုတ်နေတာပဲ။ သူ အသက်ကြီးလို့ သူငယ် ပြန်သွားတာ ဖြစ်မယ်…”
“ရွှမ်လောအပြင် ရှေးတောက်ကလန်ကို စောင့်ရှောက်ဖို့ ဒီအင်ပါယာကို အမှန်တကယ် လိုအပ်တယ်။ အဲ့အရိုးအိုကြီး ပြန်လာရင် ဘယ်လိုလူစားမျိုးကို ပြန်ခေါ်လာမလဲ ငါ မြင်ချင်မိသေးတယ်။ သူ့ အဆင့်အတန်းက ဘာပဲဖြစ်ဖြစ် ဒီအင်ပါယာကို တွေ့မြင်ရရင် ငါ့ရှေ့မှာ ဒူးထောက် နှုတ်ဆက်ရမယ်…”
ရှေးတောက်အင်ပါယာသည် လက်ထဲရှိ ပုလဲကို ခပ်တင်းတင်းဆုပ်သည်။ ထိုပုလဲသည် မာကြောသော်လည်း သူ ခပ်တင်းတင်း ဆုပ်လိုက်သည့်အတွက်ကြောင့် အတွင်းရှိ စိတ်ဝိညာဉ်သည် ကြောက်လန့်သွားသည့်အလား တုန်ယင်လေ၏။
တော်ဝင်ဝတ်ရုံဖြင့်လူက သူ့လက်ကို ပင့်မြှောက်ကာ တုန်ယင်နေသော စိတ်ဝိညာဉ်ကို ကြည့်၍ သူ့ကိုယ်သူ ကြားရသည့်လေသံဖြင့် ခပ်တိုးတိုး ရေရွတ်သည်။ “စိတ်ဝိညာဉ်လေး၊ အင်ပါယာဆရာသခင်က နင်ဟာ ငါ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေကို လွှမ်းမိုးနိုင်ဖို့အတွက် သော့ချက်လို့ ပြောခဲ့တယ်…”
ထားလိုက်ပါတော့လေ။ “နင်က အလွန်အရေးကြီးမှတော့ ဒီအင်ပါယာက နင့်ကို အင်ပါယာသခင်မအဖြစ် ချီးမြှင့်ရမှာပေါ့။ ယဲ့တောက်၊ မင်း ခေါ်လာတဲ့ အမျိုးသမီးတွေအားလုံးနဲ့ ဒီစိတ်ဝိညာဉ်ကို ပေါင်းစည်းဖို့ ကြိုးစားကြည့်ချေ…”
“အရှင် အမိန့်အတိုင်းပါ…” တော်ဝင်ဝတ်ရုံဖြင့်လူ၏ နောက်တွင် တွန့်ခေါက်ပုံပျက်မှု ဖြစ်ပေါ်ကာ မြူခိုးနက်များ ခြုံလွှမ်းနေသောလူတစ်ယောက်သည် ပေါ်လာ၏။ သူက ကြမ်းပြင်ထက်တွင် ဒူးထောက်ကာ အမိန့်ကို လက်ခံ၏။