အားကောင်းသောစိတ်ဆန္ဒ
Vol. 134 Ch. 1849
အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ ဥပဒေသနှင့် ပြည့်နှက်နေသော လေဟာနယ်၌ ဝမ်လင်း ရှိနေသည်မှာ ခုဆို ခြောက်နှစ်တိုင် ခဲ့လေပြီ။ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၌ အရာအားလုံးသည် ငြိမ်းအေးနေကာ မည်သည့်စစ်ပွဲမျှ မရှိပေ။ ရှေးလူနှင့် ကောင်းကင်ဘုံသား မျိုးနွယ်များကြား၌လည်း ပဋိပက္ခများများစားစား မရှိချေ။
သည်နှစ်အတွင်း ကောင်းကင်ဘုံကုန်းမြေ ခုနစ်ဆယ့်နှစ်ခု၌ ပါရမီရှင်များစွာ တောက်ပလာ၏။ သူတို့ထဲမှ တစ်ယောက်က ယွမ်ရီဖန်ပင်။
သည်နှစ်၌ ထိုကုန်းမြေခုနစ်ဆယ့်နှစ်ခုကို အုပ်စိုးသော ကောင်းကင်ဘုံအင်ပါယာက နှစ်ပေါင်းထောင်ချီ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာခဲ့၏။ ကုန်းမြေတစ်ဝက်ကျော်သည် အဆုံးအဆမဲ့ ကောင်းကင်ဘုံစွမ်းအင်ဖြင့် ခြုံလွှမ်းခြင်း ခံရလေသည်။
သည်နှစ်၌ လှိုဏ်ဂူလောကမှ ကျင့်ကြံသူတချို့သည် တိတ်တဆိတ် ပြန်လည်မွေးဖွားခဲ့ကြသည်။ သို့သော် သူတို့ မည်သည့်နေရာသို့ ရောက်သွားခဲ့သည်ကိုမူ မသိရပေ။
ဒီနှစ်တွင် ရှေးနိုင်ငံများ၏ နယ်မြေသုံးဆယ့်ခြောက်ခုနှင့် ကလန်သုံးခု၌လည်း အဖြစ်အပျက် များများစားစား မရှိလေပေ။ သူတို့က ဒီနှစ်ကို တည်တည်ငြိမ်ငြိမ် ဖြတ်ကျော်ကြသည်။
အင်မောတယ်ကောင်းကင်ဘုံကုန်းမြေပေါ်ရှိ ကုန်းမြေတိုင်းသည် လှိုဏ်ဂူလောက၏ ကုန်းမြေဒါဇင်ချီလောက် ကြီးမား၏။ ဒီနေရာရှိ ကုန်းမြေများမှာ အရွယ်အစားကြီးမားလွန်းသဖြင့် သူတို့၏ ကုန်းမြေထံမှ လုံးဝ မထွက်ခွာဖူးပေ။
အထူးသဖြင့် ရှေးလူနယ်မြေနှင့် ကောင်းကင်ဘုံမျိုးနွယ်တို့ကြားရှိ ကောင်းကင်မြစ်ပင်။ ထိုမြစ်သည် ဆန်းကြယ်သောအားတစ်ခု ရှိနေပြီး အစွမ်းထက်သားရဲများ မြစ်အတွင်း၌ နေထိုင်ကြသည်။ မွန်းစတားအိုကြီးများသာ ၎င်းမြစ်အတွင်းသို့ ဝင်ရောက်ဝံ့ကြပြီး မည်သို့ပင်ဖြစ်စေ သူတို့သည်ပင် အတွင်းနက်ပိုင်းသို့ မသွားကြပေ။ ဤမြစ်ကား ရှေးလူနှင့် ကောင်းကင်ဘုံမျိုးနွယ်ဝင်များကြား တစ်ဖက်နှင့်တစ်ဖက် ကျူးကျော်လိုပါက ဦးဆုံးအတားအဆီး ဖြစ်ချေသည်။
သည်နှစ်က ခုလိုမျိုး ငြိမ်သက်တိတ်ဆိတ်စွာ ကုန်လွန်လာခဲ့သည်။
ကောင်းကင်ဘုံကလန်၏ ကုန်းမြေခုနစ်ဆယ့်နှစ်ခုကြား၌ ကောင်းကင်မြစ်နှင့် အဝေးဆုံးရှိ ကုန်းမြေကိုးခုထဲမှ တစ်ခုမှာ ကောင်းကင်နွားထီးကုန်းမြေ ဖြစ်လေ၏။ ထိုကုန်းမြေကို မရေမတွက်နိုင်အောင် ခြုံ့ကြည့်ပါက လူတစ်ယောက်သည် ၎င်းမှာ နွားထီးတစ်ကောင်အသွင် ရှိသည်ကို ရေးတေးတေး မြင်ရလိမ့်မည်။ ထို့အတွက် သည်ကုန်းမြေကို နွားထီးကုန်းမြေဟု ခေါ်တွင်ခြင်းတည်း။
သည်ကုန်းမြေမှာ ကောင်းကင်ဘုံမင်ကုန်းမြေ ပေါ်ရှိ အင်ပါယာမြို့တော်နှင့်လည်း အဝေးတွင် ရှိသည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာက ၎င်းကို အပြင်ကုန်းမြေတစ်ခုဟု သတ်မှတ်နိုင်၏။ ၎င်းမှာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ အရှေ့ပိုင်းတွင် တခြားကုန်းမြေရှစ်ခုနှင့်အတူ တည်ရှိ၏။ ယင်းကုန်းမြေများကို အရှေ့ပိုင်းကုန်းမြေဟု ခေါ်ကြသည်။
အရှေ့ပိုင်းကုန်းမြေ၌ ကလန်ကိုးခု၊ အင်အားစုဆယ့်သုံးခုရှိကာ ခရမ်းနေကလန်က သူတို့ကို ဦးဆောင်သည်။ တန်လင်းကလန်က အဆန်းကြယ်ဆုံးပင်။ သည့်အပြင် အရှေ့ပိုင်းကုန်းမြေ၌ ကောက်ရီကလန်၊ မဟာစိတ်ဝိညာဉ်ကလန်နှင့် တခြား ကျော်ကြားလှသော ကလန်နှစ်ဆယ့်တစ်ခု ရှိလေသည်။
ကလန်ကိုးခု၊အင်အားစု ဆယ့်သုံးခုအပြင် ကလန်ငယ်အချို့လည်း ရှိကြသေး၏။ သို့သော် သူတို့က သည်ကျော်ကြားလှသော ကလန်နှစ်ဆယ့်တစ်ခုနှင့် မယှဉ်သာပေ။ နေကိုးစင်းထဲမှ တစ်စင်းကို ပိုင်ဆိုင်ထားသော ခရမ်းနေကလန်နှင့်ဆို ပြောနေစရာပင် မလိုတော့ချေ။
ကောင်းကင်ဘုံနွားထီးကုန်းမြေက မဟာစိတ်ဝိညာဉ်ကလန်နှင့် ကောက်ရီကလန်တို့၏ လွှမ်းမိုးမှုအောက်၌ ရှိ၏။ တာအိုခုနစ်ခုကလန်မှာ သည်ကောင်းကင်ဘုံနွားထီးကုန်းမြေ၏ လူသူကင်းမဲ့သော နေရာတစ်ခုတွင် တည်ထောင်ခဲ့သော ကလန်တစ်ခုပင်။
အနက်ရောင်တောင်တန်းတစ်ခု ဖုံးလွှမ်းထားသော တောအုပ်တစ်ခု ရှိ၏။ ထိုတောင်ကို မြူလွှာခပ်ပါးပါးက ဝန်းရံထားကာ သားရဲများသည် ဤနေရာ၌ သိပ်မရှိပေ။
သည်တောင်တန်းအတွင်း၌ ထီးထီးဖြစ်နေသော တောင်ထိပ်တစ်ခု ရှိလေ၏။ ၎င်းတောင်ထိပ်ကို မြူခိုးမြူငွေ့တို့ သိပ်သည်းစွာ ဝန်းရံထားသည်။ ဤနေရာမှာ တာအိုခုနစ်ခုကလန် တည်ရှိသောနေရာပင်။ လှိုဏ်ဂူလောကကို ပိတ်ဆို့သည့်အခါ၌ စုတောက်(ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ)သည် တာအိုခုနစ်ခုကလန်ကို ချိပ်ပိတ်ထားခဲ့၏။ နှစ်များစွာ ကုန်လွန်ခဲ့ပြီးနောက် တာအိုခုနစ်ခုကလန်မှာ နိမ့်ကျကာ ပျက်စီးသွားခဲ့ပြီး ဖြစ်သည်။ ခုချိန်၌ သည်နေရာတွင် သက်ရှိ တကောင်တမြှီးမှ မရှိလေဘဲ သေဆုံးခြင်းအော်ရာနှင့် ပြည့်နှက်နေသည်။
ယွမ်ရီဖန်၊ ဖန်ရှန်လုနှင့် လှိုဏ်ဂူလောကမှ ထွက်လာသော အင်မောတယ်ကောင်းကင်ဘုံသွေးမျိုးဆက် ပိုင်ဆိုင်သောလူတိုင်းသည် ဤနေရာတွင် ပေါ်လာကြ၏။ သူတို့က မထွက်ခွာကြခင် ရင်းနှီးသော်လည်း တစိမ်းဆန်နေသော ဒီမွေးရပ်မြေကို ကြည့်မိ၏။
ခြောက်နှစ်မြောက်၏ တရက်တွင် လူတစ်ယောက်၏အကြည့်က မြူလွှာသိပ်သည်းမှုကို ထွင်းဖောက်နိုင်ခဲ့ပါက တာအိုခုနစ်ခုကလန်၏ အဆောက်အဦများကို တွေ့မြင်ပေလိမ့်မည်။ သည်အဆောက်အဦများကြား၌ အလွန်ကြီးမားသော အဆောက်အဦတစ်ခု ရှိလို့နေသည်။ ၎င်းမှာ တာအိုခုနစ်ခုကလန်၏ ပင်မခန်းမလည်း ဟုတ်၏။ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူက တံခါးပိတ်ကျင့်ကြံဖို့ ဒီနေရာကို အသုံးပြုလေ့ ရှိသည်။
ယနေ့တွင် ထိုမြူခိုးမြေငွေ့များထဲရှိ အဆောက်အဦ၏ အပြင်ဘက်တွင် ပုံရိပ်တစ်ခု တဖြည်းဖြည်း ပေါ်လာသည်။ ထိုပုံရိပ်မှာ ဝတ်ရုံနက်လူငယ် တစ်ယောက် ဖြစ်၏။ သူသည် ငယ်ရွယ်ပုံ ပေါ်သော်လည်း သူ့မျက်လုံးထံမှ အချိန်ကာလတရားကို လှစ်ဟပြနေသည်။
သူက ရွှမ်လောပင်။
ရွှမ်လောသည် မြူများကြားရှိ ခုနစ်ရောင်စုံကလန်၏ အဆောင်အဦကို ကြည့်ကာ တဖြည်းဖြည်းချင်း ထိုင်ချလိုက်သည်။
“ဝမ်လင်း…လူတိုင်း ပြန်လည်မွေးဖွားကြပြီ။ ဒါပေမဲ့ ငါ သူတို့ ပြန်မွေးဖွားတဲ့အခါမှာ ထိန်းချုပ်လို့ မရဘူး။ ဒီတော့ ဒီဖြစ်စဉ်ဟာ နှစ်အနည်းငယ် ဒါမှမဟုတ် နှစ်တစ်ထောင်ကြာပြီးတဲ့နောက်မှ သူတို့ ပေါ်လာကြမှာလည်း ဖြစ်နိုင်တယ်…”
“ဒါပေမဲ့ သူတို့ ဘေးကင်းကြတယ်…” ရွှမ်လောက သက်ပြင်းချကာ ထိုခန်းမကို ကြည့်၏။ သူသည် ခန်းမအတွင်းရှိ လေဟာနယ်ကို ထွင်းဖောက်ကာ လှိုဏ်ဂူလောကနှင့် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေကြားရှိ အဆုံးမရှိလေဟာနယ်၌ ရုန်းကန်နေရသော ဝမ်လင်းကိုပါ တွေ့မြင်လေသည့်အလား။
“လေးနှစ်တောင် မကျန်တော့ဘူး။ တပည့်…ဆရာ တတ်နိုင်သမျှ အားလုံး လုပ်ပေးခဲ့ပြီးပြီ။ အခု မင်းအပေါ်မှာပဲ မူတည်တော့တယ်…” ရွှမ်လောသည် ဖြည်းဖြည်းချင်း မျက်လုံးမှိတ်လိုက်၏။ သူ၏မျက်ခုံးနှစ်ခုကြား၌ အနီရောင်အလင်း လင်းလက်သွားသည်။ ထိုအနီရောင်အလင်းသည် ဝမ်လင်း လမ်းမပျောက်စေဖို့အတွက် သေချာအောင်လုပ်ပေးသော အရာပင်။
လှိုဏ်ဂူလောကနှင့် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေကြားရှိ လေဟာနယ်ဟင်းလင်းပြင်၌ ဝမ်လင်း၏မျက်နှာမှာ သေလောက်အောင် ဖြူရောနေ၏။ သူသည် ရှေးတောက်စွမ်းအားကို သူ့ခန္ဓာကိုယ်အနှံ့ လှည့်ပတ်စေကာ အဘက်ဘက်မှ တိုးဝင်လာနေသော ဖိအားကို ခုခံနေရသည်။
ထိုဖိအားသည် နှိုင်း၍မရအောင် ပြင်းထန်နေပြီး ဖြစ်၏။ ဆက်လက် သွားလာနိုင်သေးသော ခြင်သားရဲဘုရင်ကြောင့်သာ မဟုတ်ပါက ဝမ်လင်းသည် ရပ်တန့်နေလောက်ပေပြီ။ ခြင်သားရဲဘုရင်သည်ပင် ခုချိန်၌ ဖိအားအောက်တွင် ရုန်းကန်နေရကာ အရှိန်အတော်လေး လျော့ကျသွားခဲ့၏။
ဝမ်လင်း၏မျက်လုံးက သွေးချင်းချင်းနီရဲနေ၏။ သူ၏ခန္ဓာကိုယ်တွင်းရှိ အနှစ်သာရများမှာ ခြေကုန်လက်ပမ်း ကျနေပြီ ဖြစ်ကာ သူ့ထံ၌ ပြန်ကောင်းမွန်နိုင်စေမည့် နည်းလမ်း မရှိလေပေ။ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ ဥပဒေသကို ခုခံသည့် တစ်ခုတည်းသော နည်းလမ်းမှာ သူ့ရှေးတောက်ခန္ဓာကိုယ်သာ ဖြစ်၏။
လွန်ခဲ့သောတစ်နှစ်ကျော်က ဝမ်လင်းသည် အလောင်းတစ်လောင်းကို တွေ့မြင်ခဲ့၏။ သည်လောက် ဝေးဝေးထိ ရောက်လာနိုင်သည့်သူမှာ ရှားပါးလှပေသည်။
သွေးနဂါး ပျောက်ကွယ်သွားခဲ့သည်မှာ ကြာနှင့်လေပြီ။ သူ၏မျက်ခုံးနှစ်ခုကြားရှိ အနီရောင်အမှတ်အသားသည်ပင် ဝေဝါးကာ မမြင်ရလုနီးနီး ဖြစ်နေလေပြီ။
သည်ခုနစ်တာကာလသည် ဝမ်လင်းအတွက် အခက်ခဲဆုံး ဖြစ်၏။ အထူးသဖြင့် သူက သူ့နောက်တွင် သူ့ဇနီး၊လီမူဝမ်ကို ကာကွယ်ပေးထားရသောကြောင့်ပင်။ နေ့တိုင်း သူက နာကျင်မှု ပိုခံစားနေရသည်။
သို့သော် သူသည် နောင်တမရပေ။
တလ၊နှစ်လ၊ သုံးလ…။ မျက်စိတမှိတ်အတွင်း နောက်တနှစ် ကုန်လွန်လာခဲ့ပြီ။ ရှစ်နှစ်မြောက်၌ ဖိအားက ရုတ်ချည်း တိုးလာ၏။ လေဟာနယ်တစ်ခုလုံးက ခဲလာကာ သူ့ခန္ဓာကိုယ်ပေါ်သို့ ဖိချလေသည်ဟု ထင်ရ၏။ ဝမ်လင်း၏ ပါးစပ်ထောင့်မှ သွေးများ အဆက်မပြတ် စီးကျကာ သူ၏အမြင်သည် ဝေဝါးလာ၏။ သူက လက်လျှော့ရတော့မည်ဟု ဝိုးတဝါး နားလည်လာသည်။
နာကျင်စွာ ပြုံး၍ ဝမ်လင်းသည် သူ့ညာလက်ကို အားတင်းမြှောက်ကာ ရှေ့သို့ ရုန်းကန်နေသော ခြင်သားရဲဘုရင်ဦးခေါင်းထံသို့ ဖိလိုက်၏။ ခြင်သားရဲဘုရင်သည် သူနှင့်အတူ ရှိပေးခဲ့သည်မှာ ရှစ်နှစ် ရှိလေပြီ။ ဝမ်လင်းက ဤနေရာမှာ ခြင်သားရဲဘုရင်၏ ဘိုးဘေးများ၏ မွေးရပ်မြေ အမှန်တကယ် ဖြစ်နိုင်မှန်း မြင်နိုင်သည်။ ခြင်သားရဲဘုရင်က ဝမ်လင်းထက် ဒီလေဟာနယ်နေရာနှင့် ပို၍ လိုက်လျောညီထွေ ရှိသည် မဟုတ်လား။
သို့ပေမည့် ၎င်းက ဒီနေရာတွင် မွေးဖွားခဲ့ခြင်း မဟုတ်ပေ။ ဒီနေရာနှင့် အပြည့်အဝ လိုက်လျောညီထွေ ဖြစ်ဖို့ ၎င်းအတွက် နှစ်ပေါင်းများစွာ ကြာကောင်းကြာနိုင်၏။ သို့သော် ခုချိန်၌မူ ၎င်းသည် လေဟာနယ်၏ အတွင်းနက်ပိုင်းသို့ ဝင်ရောက်နိုင်စွမ်း မရှိသေးပေ။
ခြင်သားရဲဘုရင် အတင်းနင်းခြင်း ဝင်ရောက်နေ၏။ ၎င်းက အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ ဥပဒေသနှင့် ပိုမို ပေါင်းစပ်ဖို့ လိုကာ ၎င်းဘိုးဘေးများ၏ အနေအထားသို့ ရောက်ဖို့ မရေမတွက်နိုင်သော ဆင့်ကဲပြောင်းလဲခြင်းများ လိုအပ်အုံးမည် ဖြစ်၏။
“ငါနဲ့အတူ ရှေ့ဆက်မသွးနဲ့တော့။ ဒါက မင်းရဲ့ မွေးရပ်မြေ ဖြစ်နေမှတော့ မင်း ဒီလောက်မှာပဲ နေခဲ့သင့်တယ်။ မင်း ငါနဲ့အတူ ရှိနေခဲ့တာ နှစ်ပေါင်းနှစ်ထောင် ကျော်ခဲ့ပြီ။ ဒီနေ့တော့…မင်း သွားနိုင်ပြီ…”
ခြင်သားရဲဘုရင်သည် တုန်ယင်သွားကာ ဟိန်းအော်သံ ပြု၏။ ထိုဟိန်းအော်သံက ဒီလေဟာနယ်၌ ပျံ့လွင့်ကာ ငြင်းဆန်မှုတို့ ပြည့်နေ၏။ ဤသည်မှာ ၎င်းသားရဲက ဝမ်လင်း၏စကားကို ပထမဆုံးအကြိမ်အဖြစ် နားမထောင်ခြင်းပင်။ ၎င်းသည် ထွက်မသွားချင်ပေ။ ၎င်းက ဝမ်လင်းကို ပိုဝေးဝေး ထပ်ရောက်အောင် ၎င်း၏စွမ်းအားအားလုံးကို အသုံးပြုပေးချင်၏။ သေရမည်ဆိုလျှင်ပင် ၎င်းသည် ဝမ်လင်းကို ပိုဝေးသောနေရာထိ ပို့ပေးချင်သည်။
ဝမ်လင်းက ပြုံး၏။ သူသည် အပြင်းအထန် နာကျင်နေရသော်လည်း အလွန်ပျော်မိ၏။ သူက ခေါင်းယမ်းကာ ဖြည်းဖြည်းချင်း ထရပ်သည်။ သည်ရိုးရှင်းသော အပြုအမူလေးကပင် သူ့အတွက် အလွန်ခက်ခဲစွာ လုပ်ဆောင်နေရသည်။
သူ ထရပ်လိုက်သည့်အခိုက်၌ ပျောက်ကွယ်နေတာ ကြာပြီ ဖြစ်သော သူ၏မျက်လုံးထံမှ အလင်းသည် လှစ်ဟပေါ်သည်။ သူ၏ခန္ဓာကိုယ်မှ တစီစီအသံများ ထွက်ပေါ်လာကာ သူ့ရှေးတောက်စွမ်းအားသည် အပြည့်အဝ ပေါက်ကွဲထွက်သည်။ ဤသည်က သူ့ကို ယာယီရွှေ့လျားနိုင်ဖို့ စွမ်းအားကို ပေးစွမ်းလေ၏။
သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ ခြင်သားရဲဘုရင် ငြင်းဆန်မည်ကို သူ ခွင့်မပြုတော့ပေ။ သူ့လက်က ခြင်သားရဲဘုရင်၏ဦးခေါင်းပေါ်သို့ ကျရောက်သွား၏။ ထိုအခိုက်တွင် ခြင်သားရဲ၏ လှုပ်ရှားမှုမှာ ဟန့်တားခံလိုက်ရပြီး ဝမ်လင်းက ခုန်ထွက်ကာ အဝေးသို့ ပျံသန်းသွားတော့သည်။
“သွားတော့…ဒါ မင်းရဲ့ အိမ်ပဲ။ ငါ့ နောက် မလိုက်တော့နဲ့…” ဝမ်လင်း၏အသံက ခိုင်မာ၏။ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းသည်။ ကျန်သည့်ခြင်သားရဲ ကိုးကောင်က ခြင်သားရဲ ဘုရင်ထံ ပျံသန်းလာကြ၏။
ဝမ်လင်းနှင့် ခြင်သားရဲဘုရင်တို့ကြား အကွာအဝေးက ပို၍ တိုးလာ၏။ ဝမ်လင်းနောက်တွင် ခြင်သားရဲဘုရင်၏ စူးစူးရှရှအော်သံ ပဲ့တင်ထပ်ကျန်ခဲ့သည်။ ထိုအော်သံမှာ မိဘနှင့်ခွဲရသော ကလေးငယ်တစ်ယောက်၏ မျှော်လင့်ချက်မဲ့စွာ ငိုကြွေးသံတည်း။
ထိုအော်သံကြောင့် ဝမ်လင်း၏ စိတ်နှလုံးမှာ တစစ်စစ် နာကျင်ရသည်။ သူက သူ့အားသူ သုံး၍ ရှေ့သို့ ဆက်ပျံသန်းလာသည်။ သူသည် သည်တကြိမ်၌ ရှင်သန်နိုင်မည့် အခွင့်အရေး ဆယ်ရာခိုင်နှုန်းပင် မပြည့်တော့သည်ကို သိ၏။ သည်လိုဖြစ်မှတော့ သူသည် ခြင်သားရဲဘုရင်ကို သူနှင့်အတူ ဘာကြောင့် ဆွဲခေါ်ရအုံးမည်နည်း။
သူ့နောက်တွင် ခြင်သားရဲဘုရင် ချိပ်ပိတ်ထားမှုကို ချိုးဖျက်ကာ သွေးချင်းချင်းနီသော မျက်လုံးတို့ဖြင့် ရှေ့ဆက်တိုးလာနေ၏။ ၎င်းက ဝမ်လင်းကို မထားခဲ့ချင်ပေ။ သည်နေရာတွင် သေရမည်ဆိုလျှင်ပင် ၎င်းက ၎င်း၏သခင်ဘေးနားတွင်သာ သေလို၏။
ဝမ်လင်း ခြင်သားရဲပေါ်သို့ ဖိနှိပ်ခဲ့သော လက်ဝါးချက်၌ ၎င်း ရှေ့ဆက်တိုးရာကနေ ဟန့်ထားသည့် ချိပ်ပိတ်မှုဆယ်ခု ပါဝင်ပေသည်။
ထိုဟန့်တားမှုများက ခြင်သားရဲဘုရင်နှင့် ဝမ်လင်းကြား အကွာအဝေးကို များစွာ ပိုလှမ်းကွာသွားစေသည်။ ခြင်သားရဲဘုရင် မည်မျှ ခက်ခက်ခဲခဲ လိုက်ပါစေ ၎င်းသည် ၎င်း၏သခင်ကို ဆက်၍ ရှာတွေ့တော့မည့် မဟုတ်ပါ။
လေဟာနယ်အတွင်း၌ ဝမ်းနည်းမှုပြည့်နှက်သော အော်သံသည် အဝေးမှ ပဲ့တင်ထပ် ပျံ့နှံ့သည်။ ဝမ်လင်းသည် လေဟာနယ်ထဲ၌ ရှေ့ဆက်ဖို့ ရုန်းကန်နေ၏။ သို့သော် သူက ထိုခြင်သားရဲဘုရင်၏ အော်ငိုသံကို ကြားမိနိုင်တုန်းပဲ။ သူသည် နောက်သို့ ခဏ လှည့်ကြည့်၏။ ထို့နောက်တွင် သူသည် အံတင်းတင်းကြိ်တ်ကာ ဆက်၍ ပျံသန်းလာတော့သည်။
အချိန်အတန်ကြာ နောက်က လိုက်လာပြီးသည့်နောက် ခြင်သားရဲဘုရင်သည် ဝမ်လင်းကို မရှာနိုင်တော့ပေ။ ဖိအားသည် တိုးပွားလာရင်း ၎င်းက တုန်ယင်ရ၏။ ၎င်းသားရဲသည် ဖြည်းဖြည်းချင်း ရပ်တန့်သွားသည်။ သို့ပေမည့် ၎င်းက လက်မလျှော့ပေ။ ၎င်းသည် ရုတ်တရက် တခြားခြင်သားရဲကိုးကောင်ထံသို့ လှည့်လိုက်၏။ ၎င်းက သည်နေရာရှိ အော်ရာများနှင့် ပိုမို ပေါင်းစပ်တော့မည် ဖြစ်ကာ ထိုမှသာ ၎င်း၏ ဘိုးဘေးပုံစုံအနေထားသို့ မြန်မြန် ရောက်နိုင်လိမ့်မည်။ သို့ဖြစ်မှသာ ၎င်းက ပိုမြန်ဆန်စွာ ရွှေ့လျားနိုင်ပြီး ၎င်း၏သခင်ဖြစ်သူကို ရှာနိုင်မည်ပင်။
အခုဆို ကိုးနှစ်မြောက် တိုင်လာလေပြီ။
ဝမ်လင်း ခြင်သားရဲနှင့် ခွဲထွက်လာသည်မှာ တစ်နှစ်ပြည့်ခဲ့ပြီ။ ဝမ်လင်း၏ခန္ဓာကိုယ်က ၎င်း၏အကန့်အသတ်သို့ ရောက်လာ၏။ သူက ခြေလှမ်းတိုင်းကို အတင်းအားထုတ်၍ လေးလံစွာ လှမ်းလျက် သူ့နောက်မှ သူ့ဇနီးကိုလည်း ကာကွယ်ပေးထားရသေးသည်။ သူ၏မျက်လုံးတို့မှာ မှိန်ဖျော့နေ၏။ သို့သော် သူ့မျက်လုံးအတွင်း၌ အားကောင်းသောစိတ်ဆန္ဒ ရှိ၏။
ထိုစိတ်ဆန္ဒသည် ဟိုးလွန်ခဲ့သောအချိန်များတည်းက သူ ပိုင်ဆိုင်ခဲ့သော စိတ်ဆန္ဒတည်း။
လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ကျော်က သူ သေမျိုးကောင်လေးတစ်ယောက်အဖြစ် ရှိခဲ့ချိန်က သူသည် ဟုန်ယွီတောင်သို့ သွေးအလိမ်းလိမ်းနှင့် ကုတ်ကပ်တက်ရောက်ခဲ့ပေ၏။ သို့သော် သူသည် လုံးဝ လက်မလျှော့ခဲ့ပေ။ နှစ်ပေါင်းနှစ်ထောင်ကျော် ကြာပြီးနောက်တွင်လည်း သူသည် ခေါင်းမာသော ဝမ်လင်း ဖြစ်နေတုန်းသာ။