ထူးဆန်းသောအဖြူရောင်အလင်း
Vol. 134 Ch. 1850
အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၊ အရှေ့ပိုင်းကုန်းမြေ၊ ကောင်းကင်ဘုံနွားထီးကုန်းမြေပေါ်ရှိ တာအိုခုနစ်ခုကလန်၌ ရွှမ်လောသည် မြူများဖုံးနေသော တောင်အတွင်းရှိ အဆောက်အဦထဲ၌ ထိုင်နေကာ စောင့်ဆိုင်းနေသည်။
သူ ဝမ်လင်းနှင့် သဘောတူထားသည့် ဆယ်နှစ်တာကာလကို နှစ်ဝက် ကျော်လွန်သွားခဲ့ပြီ ဖြစ်၏။ သို့သော် ရွှမ်လောက ထွက်မသွားသေးပေ။ သူ ဝမ်လင်းပေါ်၌ ချန်ထားသော အမှတ်အသားမှာလည်း လုံးဝ ပျောက်ကွယ်သည်။
အနီရောင်အလင်း ပျောက်ကွယ်သွားခြင်းက ဝမ်လင်းသည် သူ့ လမ်းပြမှုကို ဆုံးရှုံးသွားခြင်း သို့မဟုတ် သေဆုံးသည်ပါ ဖြစ်နိုင်လေသည်။
“သူ ကျရှုံးသွားခဲ့တာလား…” ရွှမ်လော၏မျက်လုံးထဲ၌ ဝမ်းနည်းမှုတို့ ဖြစ်ပေါ်၏။ သူက သက်ပြင်းချကာ မျက်လုံးမှိတ်လိုက်၏။ သူသည် နောက်ထပ် ပို၍ စောင့်ဆိုင်းကြည့်အုံးမည် ဖြစ်၏။ အံဖွယ်တစ်ခုခု ဖြစ်ပွားလာတာလည်း ဖြစ်နိုင်ကောင်းသည် မဟုတ်လား။
လှိုဏ်ဂူလောကနှင့် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေကြားရှိ လေဟာနယ်၌ ဝမ်လင်းသည် ခေါင်းတလားတစ်လုံးကို သယ်ဆောင်ကာ ရှေ့သို့ ဆက်လာနေ၏။ သူ၏ဆံပင်တို့မှာ ရှုပ်ပွနေပြီ။ သူသည် တလှမ်းချင်း ရှေ့ဆက်လာသည်။ သူက သူ့အတွေးများကို ဆုံးရှုံးနေပြီး ခွန်အားဟူ၍ မကျန်တော့ပေ။ သူ ရှေ့ဆက်နိုင်သည့် တစ်ခုတည်းသောအရာမှာ သူ့စိတ်ဆန္ဒကြောင့်သာ ဖြစ်၏။
ထိုစိတ်ဆန္ဒဖြင့် သူက သူ့ခန္ဓာကိုယ်ကို သူ့ဇနီးအား အကာအကွယ်ပေးထားကာ လုံးဝ လက်လျှော့မည် မဟုတ်ပေ။
သူ့မျက်ခုံးနှစ်ခုကြားရှိ အနီရောင်အလင်းသည် လွန်ခဲ့သောနှစ်ဝက်တည်းက ပျောက်ကွယ်သွားခဲ့လေပြီ။ သူသည် ရှေ့မှ လမ်းကြောင်းကို ဆက်၍ မခံစားမိနိုင်တော့ပေ။ သူ လုပ်နိုင်သည့်အရာမှာ နောက်မဆုတ်ဘဲ ရှေ့ဆက်ဖို့သာ ရှိသည်။
သည်လို နက်မှောင်သော လေဟာနယ်အတွင်း၌ ဆယ်နှစ်တာအချိန်မှာ လူတစ်ယောက်ကို ငြိမ်သက်တိတ်ဆိတ်မှုကြောင့် ရူးသွားစေနိုင်လောက်၏။ ဝမ်လင်းက အံတင်းတင်းကြိတ်ကာ ရှေ့ဆက်လာသည်။ သူသာ စိတ်ဆန္ဒမရှိပါက သူ့စိတ်သည် ပြိုလဲသွားခဲ့တာ ကြာနှင့်နေလောက်ပြီ။
အမှန်တော့ လွန်ခဲ့သောနှစ်ဝက်က အနီရောင်အလင်း ပျောက်ကွယ်သွားချိန်၌ သူ တွေ့ကြုံခဲ့ရသော ကံကောင်းမှုတစ်ခုကြောင့် မဟုတ်ပါက ဝမ်လင်းသည် ခုလောက်ထိ ဆက်၍ တောင့်ခံနိုင်တော့မည် မဟုတ်ပါ။ တကယ်တော့ သူ့ရှေးတောက်ကျင့်ကြံခြင်းသည် များများစားစား မကျန်ရစ်တော့ပေ။
သည်အခိုက်၌ အလင်းတန်းတစ်ခု လေဟာနယ်အတွင်း၌ ပေါ်လာ၏။ ထိုအလင်းကား အလွန်အားနည်းကာ အလောင်းတစ်လောင်းထံမှ ထွက်ပေါ်လာသည့်ပုံ ရသည်။
သူ နီးကပ်လာစဉ် ထိုအလောင်းက ပို၍ ထင်ရှားလာ၏။ ၎င်းမှာ ခရမ်းရောင်ဝတ်ရုံဖြင့် အဘိုးအိုတစ်ယောက် ဖြစ်၏။ သူ့မျက်လုံးက မှိတ်လျက် ရှိနေသည်။ သို့ပေမည့် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အလင်းက မျက်စိဖမ်းစားနိုင်စွမ်း ရှိသည်။
ထိုအဘိုးအိုသည် မည်သည့်နေရာကနေ လာခဲ့မှန်း မသိရပေ။ သို့သော် အဖြူရောင်အလင်း တောက်ပနေသဖြင့် လူတစ်ယောက်က သူ၏ခန္ဓာကိုယ်တွင်း၌ ဆန်းကြယ်သောအားတစ်ခု စုဝေးနေသည်ကို မြင်နိုင်ပေမည်။
ထိုအဖြူရောင်အလင်းနှင့် အလောင်း ပေါ်လာသည့်အခိုက်၌ ဝမ်လင်း၏ မှိန်ဖျော့နေသော မျက်လုံးတို့မှာ တောက်ပလာခဲ့၏။ သူက မော့ကြည့်ကာ ထိုအလောင်းထံသို့ ချဉ်းကပ်သွားသည်။ သူ အနားရောက်လာသည့်အခါ ရုန်းကန်၍ ၎င်းအလောင်းထံ လက်လှမ်းသည်။ သူက အဖြူရောင်အလင်းကို ထုတ်နှုတ်ယူလိုက်၏။
အလောင်းပတ်လည်ရှိ အဖြူရောင်အလင်းက ဝမ်လင်း၏လက်အတွင်း စုဝေးလာကာ မြန်ဆန်စွာ ပျောက်ကွယ်သွားသည်။ သူ၏ခန္ဓာကိုယ်ထဲရှိ ဆန်းကြယ်သောအားတစ်ခုက ဝမ်လင်း၏ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်လာတော့သည်။
ဝမ်လင်းသည် ထိုစွမ်းအားမှာ အေးစက်သည်ဟု ခံစားမိ၏။ သို့သော် ထိုအေးစက်စက်ခံစားမှုက သူ့စိတ်ကို ရှင်းလင်းစေသည်။ ထိုအားကို စုပ်ယူပြီးနောက် သူ၏အနှစ်သာရများသည် ပြန်ကောင်းမွန်အားပြည့်သည့် အရိပ်အယောင် ပြသလာသည်။ သူ့ရှေးတောက်စွမ်းအားသည်ပင် အနည်းငယ် ပြန်ကောင်းမွန်လာခဲ့သည်။
ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက် ထိုအဘိုးအိုထံမှ အလင်းအားလုံးကို ဆက်လက်၍ ထုတ်ယူသည်။ ဝမ်လင်း၏အသွင်ပြင်က အနည်းငယ် ပိုကောင်းမွန်လာ၏။
ဝမ်လင်းသည် ၎င်းမှာ မည်သည့်အားဖြစ်မှန်းကို မသိပေ။ လွန်ခဲ့သောနှစ်ဝက်က သူသည် ထိုကဲ့သို့ အလောင်းမျိုးကို တွေ့ကြုံခဲ့ရသည်။ သည်အလောင်းတွင်းရှိ ဆန်းကြယ်သောအားကို စုပ်ယူပြီးနောက် သူသည် ရှေ့ဆက်နိုင်မည့် စွမ်းအား ရလာခဲ့သည်။
၎င်းအားက သူ၏အနှစ်သာရများနှင့် ရှေးတောက်စွမ်းအားကို ပြန်ကောင်းမွန်အောင် ကူညီပေးနိုင်သည်။ သည်လိုအရာမျိုးက ဒီနေရာတွင် မတည်ရှိသင့်ပေ။ သို့သော် ၎င်းက ဝမ်လင်းရှေ့ရှိ လေဟာနယ်ဟင်းလင်းပြင်၌ ပေါ်လာခဲ့သည်။
သည်ဆယ်နှစ်အတွင်း ဝမ်လင်းသည် ထိုကဲ့သို့ အလောင်းခန္ဓာကိုယ်နှစ်ခုနှင့် တွေ့ကြုံခဲ့ရ၏။
ဝမ်လင်း၏စိတ်သည် တုန်ယင်ကာ သူ့မျက်လုံးသည် တောက်ပလာ၏။ သူက သူ့ကျင့်ကြံမှုကို အသက်သွင်းကာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ ဥပဒေကို ခုခံခဲ့သည်။ ထို့နောက် သူ့နောက်ရှိ ခေါင်းတလားကို ထိကြည့်ရာ လီမူဝမ်၏ တည်ရှိမှုကို ခံစားမိသည်။ ဤသို့ဖြင့် ဝမ်လင်းသည် ရှေ့ဆက်လာခဲ့သည်။
သူက မမြန်ပေ။ သို့သော် တစ်စက်လေးမျှ သူ မရပ်တန့်ပေ။ သူသည် ဦးတည်ချက် မပြောင်းဘဲ ရှေ့တည့်တည့်သို့သာ ဆက်သွားသည်။
“ဆယ်နှစ်တာ ကုန်လွန်ခဲ့ပြီ။ အဆုံးသပ်က ဘယ်နေရာမှာလဲ ငါ သိချင်မိတယ်။ ငါ ဦးတည်ချက်တော့ မမှားလောက်ပါဘူး…” ဝမ်လင်းသည် အံတင်းတင်းကြိတ်ကာ လေဟာနယ်အတွင်း မြန်ဆန်စွာ ပျောက်ကွယ်သွား၏။
“ဒီအားက တကယ့်ကို ထူးခြားလွန်းတယ်။ ငါသာ နောက်ထပ် ထပ်ကြုံရရင် အားအင်ကုန်ခမ်းပြီး မသေနိုင်လောက်တော့ဘူး…”
ဝမ်လင်း၏နတ်ဘုရားအာရုံ ပျံ့နှံ့လာကာ ထိုအဖြူရောင်အလင်းကို ရှာဖွေ၏။
သို့ပေမည့် အဖြူရောင်အလင်းနှင့် ခန္ဓာကိုယ်များကို တွေ့ကြုံရခြင်းသည် လုံးဝ မတော်တဆ ဖြစ်၏။
တစ်နှစ်ကြာပြီးနောက် သူသည် အလားတူ အလောင်းမျိုး တတိယတစ်ခုကို မတွေ့ကြုံရသေးပေ။ သူ၏ကျင့်ကြံမှုက အကန့်အသတ် ပြန်ရောက်လာကာ သူသည် ဆီကုန်သည့် မီးအိမ်တစ်ခုလို ဖြစ်လာသည်။
ဝမ်လင်းသည် အလွန်ပိန်နေလေပြီ။ သူ့ကို သိသော တစ်စုံတစ်ယောက်က အခုချိန် သူနှင့် ကြုံတွေ့ပါက ဝမ်လင်းကို မှတ်မိဖို့ ခက်ပေလိမ့်မည်။ သူက သေလူတစ်ယောက်လို ဖြစ်နေလေပြီ။
သူက သူ မည်မျှဝေးဝေး ခရီးနှင်လာခဲ့ပြီးသည်ကို မသိပေ။ သည်လိုအနေထား၊ သည်လိုအခြေအနေ၊ သည်လို တိတ်ဆိတ်မှုက လူတစ်ယောက်၏ စိတ်ကို ပြိုလဲစေဖို့ အမှန်ပင် ကြောက်မက်ဖွယ်ကောင်းလှ၏။ ဝမ်လင်း၏စိတ်ဆန္ဒဖြင့်ပင် သူ့စိတ်ပါ သက်ရောက်ခြင်း ခံနေရပြီ ဖြစ်၏။
သို့ပေမည့် သူ့နောက်မှ ခေါင်းတလားကို ထိမိသည့််အခါတိုင်း သူ၏စိတ်နှလုံးတွင်းမှ ပြတ်သားမှုသည် ပေါက်ကွဲထွက်လာကာ လက်မလျှော့ပစ်ဖို့ သူ့ကိုယ်သူ တွန်းတင်ပေ၏။
သို့သော် အမှန်တရားက ရက်စက်လှသဖြင့် သုံးလကြာပြီးနောက် ဝမ်လင်း၏အသိစိတ်လက်ကျန်မှာ ပယ်ဖျက်ခြင်း ခံလိုက်ရလေပြီ။ သူသည် သတိလစ်သွားတော့၏။
သူ၏ခန္ဓာကိုယ်မှ မည်သည့်အော်ရာမှ ထွက်မနေလေပေ။ သို့သော် သတိလွတ်နေချိန်၌ပင် သူက သူ့နောက်ရှိ ခေါင်းတလားကို ကာကွယ်ပေးထားဆဲ ဖြစ်၏။ ခေါင်းတလားမှာ အက်ကွဲရာများနှင့် ပြည့်နေပြီး သူ၏အကာအကွယ်မရှိပါက လွင့်ပြယ်ပျောက်ကွယ်သွားလိမ့်မည်။
လူတစ်ယောက်နှင့် ခေါင်းတလားသည် လေဟာနယ်တွင်း၌ ဖြည်းဖြည်းချင်း လွင့်မြောနေ၏။ ဝမ်လင်း အသိစိတ်လွတ်သွားသည့်အခိုက်၌ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှ ဖိအားသည် ပျောက်ကွယ်သွားသည်။
ဝမ်လင်းသည် ထိုထူးဆန်းသောပြောင်းလဲမှုကို မသိပေ။ သူသည် သေလူတစ်ယောက်လို ဖြစ်နေလေပြီ။ သုံးဘဝမန္တာန်သည်ပင် အသုံးပြု၍ မရနိုင်ပေ။ သူက ခေါင်းတလားကို သယ်ဆောင်ရင်း တခြားဦးတည်ရာတစ်ခုသို့ လွင့်မြောနေ၏။
သူသည် ဒီလေဟာနယ်၌ သူ တွေ့မြင်ခဲ့သော အလောင်းများကဲ့သို့ ဖြစ်နေပြီ။
တစ်နှစ်၊နှစ်နှစ်၊ သုံးနှစ်…။ အချိန်မည်မျှမှန်းမသိ ကုန်ဆုံးသွားလေပြီ။ ဝမ်လင်း၏မျက်လုံးသည် မှိတ်နေဆဲသာ။ သူသည် အသက်ကင်းမဲ့နေသည့်အလား။
အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၌ တာအိုခုနစ်ခုကလန်တွင် ရွှမ်လောသည် သက်ပြင်းချကာ ထရပ်လာ၏။ အခု သူ စောင့်နေသည်မှာ ဆယ့်ငါးနှစ်ပြည့်ခဲ့လေပြီ။
သူသည် ဆက်၍ မစောင့်ချင်တော့သောကြောင့် မဟုတ်ပေ။ သို့သော် အကွာအဝေးတစ်ခုမှ မြင့်တက်လာသော ကောင်းကင်ဘုံစွမ်းအင်က သူ့ကို ဒီနေရာတွင် နေခွင့် မပြုတော့ခြင်းသာ။ ထိုကောင်းကင်ဘုံစွမ်းအင်က အနီးသို့ ကပ်မလာခဲ့ပေ။ သို့သော် ကောင်းကင်တခွင်၌ ကျယ်လောင်စွာ မြည်ဟည်းသံများ ပဲ့တင်ထပ်နေ၏။ ရွှေရောင်နေမင်းတစ်စင်းက မိုးကုပ်စက်ဝန်းတွင် ပေါ်နေကာ ပုံရိပ်တစ်ခုသည် ၎င်းအတွင်း၌ ရပ်နေသည်။
တစ်ချိန်တည်းမှာ တခြားအရပ်မှ နောက်ထပ် နေတစ်စင်းသည် ထွက်ပေါ်လာပြီး ထိုနေမင်းထံမှ အေးစက်စက်အကြည့် ထွက်ပေါ်လို့လာသည်။
ရွှမ်လောသည် သူ ထွက်ခွာရတော့မည်ကို နားလည်၏။
“တပည့်…မင်း…ဂရုစိုက်ပါ။ မင်း မသေခဲ့ရင် ငါ့ကို လာရှင်သင့်တယ်…” ရွှမ်လောသည် သက်ပြင်းချကာ သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်း၏။ ကြောက်မက်ဖွယ်သွေးနေမင်း ပေါ်လာကာ သူသည် ကောင်းကင်ထက်သို့ ပျံသန်းတက်သွား၏။
ရွှမ်လော ထွက်သွားလေပြီ။ ခုချိန်မှစ၍ ဝမ်လင်း ရောက်ရှိလာမည်ကို စောင့်နေသည့်သူ မည်သူမျှ မရှိတော့ပေ။ ဝမ်လင်းသည် လေဟာနယ်ထဲ၌ လွင့်မြေနေဆဲ ဖြစ်၏။ သူ၏ ဦးတည်ရာမှာလည်း ပြောင်းသွားခဲ့ပေပြီ။ သူသည် မည်သည့်နေရာသို့ တရွတ်ဆွဲသွားနေမှန်း မသိရပေ။ သူသည် ဒီလေဟာနယ်အတွင်းရှိ အလောင်းများထဲမှ အလောင်းတစ်ခု ဖြစ်လာလေသည့်အလား။
နှစ်များ ကုန်လွန်လာခဲ့ပြီ။ တချို့လူများသည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၌ ပြန်လည်မွေးဖွားလာကြပြီ ဖြစ်၏။ တချို့ကမူ လမ်းကြောင်းပေါ်၌သာ ရှိနေဆဲ ဖြစ်ပြီး ပြန်လည်မွေးဖွားဖို့ နှစ်တစ်ရာ သို့မဟုတ် နှစ်တစ်ထောင်လောက် လိုနိုင်သေးသည်။
ရွှမ်လောသည်ပင် ထိုမျှ ကွာခြားချက် ဘာကြောင့် ကြီးမားသည်ကို နားမလည်ပေ။
သည်နှစ်၏ အရှေ့ပိုင်းကုန်းမြေ၌ သေမျိုးမြို့တစ်မြို့တွင် ကလေးငယ်တစ်ယောက် မွေးဖွားလာခဲ့၏။ ထိုကလေးငယ်သည် သာမန်နှင့်မတူပေ။ အသက် ခြောက်နှစ်၊ ခုနစ်နှစ်မှာပင် သူက သူ့ကိုယ်သူ ဘုရင်ဟုခေါ်ကာ တခြားသူ့အဖော်များနှင့် ဆော့ကစားရသည်ကို သဘောကျတတ်နေပေပြီ။
တခြားကလေးများက သူ့ဆန္ဒနောက် မလိုက်ချင်ပါက သူသည် ထိုကလေးများကို ထိုးကျောက်ကန်ကျောက်၏။ သူသည် အလွန်ကြမ်းတမ်းနေသည်။ အိမ်နီနားချင်း ကစားဖော်ကလေးများက သူ့ဆို လန့်ကြ၏။ သူတို့သည် သူ့ဘုရင်အဖြစ် ကစားပွဲ၌ တဖြည်းဖြည်း ပါဝင်ကစားပေးရတော့သည်။
အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ တောင်ပိုင်း၊ နှစ်တစ်နှစ်တွင် ကလေးငယ်တစ်ယောက် မွေးဖွားလာ၏။ ထိုကလေးငယ်က အမှတ်အသား ရှိလှသူပင်။ သူ့မိသားစုက သူ့အစောပိုင်းနှစ်များ၌ ပြိုကွဲခဲ့သော်လည်း သူ ဆယ်နှစ်အရွယ် ရောက်လာသည့်အခါမှစ၍ သူသည် သူ့မြို့တွင် ကျော်ကြားသော လူလိမ်တစ်ယောက် ဖြစ်နေလေပြီ။
သို့ပေမည့် လူလိမ်တစ်ယောက်အဖြစ် ကျော်ကြားခြင်းက ကောင်းသည်အရာ မဟုတ်ပေ။ ထို့အတွက် သည်ကလေးမှာ သူ့မြို့ကနေ စောစောစီးစီး ထွက်လာခဲ့ရပြီး နေရာတိုင်း၌ လိမ်ညာနိုင်သော သူ့ပါရမီကမူ သူနှင့်အတူ ပါလာခဲ့သည်ပင်။
အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။
ရွှမ်လောသည် ရှေးတောက်ကလန်သို့ မှုန်မှိုင်းသောဟန်ပန်ဖြင့် ပြန်ရောက်လာခဲ့ပေပြီ။ သူသည် ပြန်ရောက်သည်နှင့် တံခါးပိတ်ကျင့်ကြံခဲ့၏။ ရှေးတောက်အင်ပါယာက ရွှမ်လော တကိုယ်တည်း ပြန်ရောက်လာသည်ကို တွေ့မြင်သည့်အခါ သူက စိတ်ထဲကနေ နှာခေါင်းရှုံ့၏။ သူသည် တဖြည်းဖြည်း ရွှမ်လော တစုံတစ်ယောက်ကို သွားခေါ်သည်နှင့် ပတ်သတ်၍ မေ့သွားခဲ့သည်။
ဝမ်လင်းဟူသော အမည်နှင့် လူတစ်ယောက်အကြောင်းကိုလည်း လူတော်တော်များများသည် တွေးမနေကြတော့ပေ။ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၌လည်း ထို့အတူပင်။ လှိုဏ်ဂူလောကမှာလည်း အလားတူသာ။ သို့ပေမည့် ဝမ်လင်း၏အမည်ကို မမေ့သော လူအချို့ကတော့ ရှိနေသေးသည်သာပင်။
မူပင်းမေမှာလည်း ထိုကဲ့သို့ပင်။ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရှိ ထန်ရှန်မှာလည်း အလားတူသာ။ သည်မျိုးဆက်၏ ပါရမီရှင်အသစ် ယွမ်ရီဖန်ကလည်း ဝမ်လင်းအကြောင်းကို တွေးပေ၏။
ခြင်သားရဲဘုရင်မှာလည်း ဝမ်လင်းကို မမေ့ပေ။ အတိတ်တုန်းက ထိုသားရဲသည် ဝမ်လင်း၏ တားဆီးခြင်း ခံခဲ့ရပြီးနောက် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ ဥပဒေသကို ၎င်း၏အဖော်များနှင့်အတူ အရူးအမူး စုပ်ယူခဲ့ပေသည်။
၎င်းသည် ပြီးခဲ့သောဆယ်စုနှစ်အတွင်း လေးကြိမ်တိုင် ဆင့်ကဲပြောင်းလဲ တိုးတက်ခဲ့၏။ ၎င်းသည် ဆင့်ကဲပြောင်းလဲမှုတစ်ခု ဖြတ်ကျော်ပြီးတိုင်း များစွာ ပိုသန်မာလာ၏။ သည်နေရာရှိဖိအားသည် ၎င်းအတွက် ဆက်၍ မတည်ရှိတော့သည့်အထိ အားပျော့သွားခဲ့သည်။
အဆုံးသပ်၌ ငါးခုမြောက်ဆင့်ကဲပြောင်းလဲမှု ကြုံရပြီးနောက် ခြင်သားရဲဘုရင်သည် ဒီလေဟာနယ်တခုလုံးကို တုန်လှုပ်စေသော ဖိအားကို ပေးစွမ်းလာတော့သည်။ ၎င်း၏ခန္ဓာကိုယ်မှာလည်း ဂြိုဟ်တစ်ခုနှင့် မတူတော့ပေ။ အခိုးအငွေ့ဖြစ်လာသည့်အထိ လုံးဝ ပြောင်းလဲသွားသည်။
ထိုအခိုးအငွေ့သည် ဝေဝါးလှ၏။ သို့ပေမည့် ၎င်း၏ကြမ်းကြုတ်မှုက အထွတ်အထိပ်သို့ ရောက်လာခဲ့ပေပြီ။
ထို့နောက်တွင် ခြင်သားရဲဘုရင်သည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ ဥပဒေကို ဆက်၍ စုပ်ယူခြင်း မရှိတော့ပေ။ ၎င်း၏ခန္ဓာကိုယ်က မြူတစ်ခုအသွင် ပျံ့နှံ့ကာ ၎င်း၏အဖော်ခြင်သားရဲကိုးကောင်သည် ဝါးမြိုခဲ့၏။ ထို့နောက်တွင် ၎င်းသည် အဆုံးမဲ့လေဟာနယ်အတွင်း၌ အထိုင်ကျသွားလေပြီ။ ထိုခြင်သားရဲဘုရင်သည် ၎င်း၏သခင်ဖြစ်သူ ခြင်သားရဲဘုရင်ကို စတင် ရှာဖွေတော့သည်။