ကြယ်တံခွန်ကျွန်း
Vol. 1 Ch. 379
ရှန်မိနိုင်ငံမှ လူများ ပြန်သွားပြီးနောက် ချမ်ဝမ်ကွမ်နှင့် ကျန့်ဝူရွှမ်းသည်လည်း ရှန်ဝူနိုင်ငံသို့ ပြန်သွားကြသည်။ ရှားယွိမြို့သည် ပြန်လည်တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ စုလောရွှယ်သည် နိုင်ငံ၏ အရေးအခင်းများနှင့် အလုပ်ရှုပ်နေပြီး ကျန်းရီမှာတော့ ကောင်းကင်သတ္ထုကြောအနီးတွင် စခန်းချ၍ ကျင့်ကြံနေခဲ့သည်။ ညအချိန်ရောက်လျှင် သူသည် ကျန်းရှောင်နူအား ခဏတဖြုတ် အဖော်ပြုပေးပြီး စုလောရွှယ်ထံ သွားရောက်၍ ပွေ့ဖက်ကာ အိပ်စက်သည်။ နေ့ရက်များသည် ပျော်ရွှင်စရာများ ရှိနေသော်လည်း ခြောက်ကပ်နေခဲ့သည်။ ဤသို့ အေးချမ်းသည့် နေ့ရက်များသာ ဆက်လက်ရှိနေမည်ဆိုပါက ကျန်းရီသည် အိပ်နေရင်းတောင် ရယ်မောမိနေမည်ဖြစ်သည်။ သို့သော် အမှန်တရားသည် ရက်စက်လှသည်။ ရံဖန်ရံခါ၌ ရှားနိုင်ငံအတွင်း ဆာလောင်ငတ်မွတ်မှုကြောင့် သေဆုံးကြသူများ ရှိနေခဲ့သည်။ တစ်ခါတစ်ရံတွင်လည်း မြို့များအား ဓားပြတိုက်ခံရသော သတင်းများလည်း ရောက်လာတတ်သည်။ ရှားယွိမြို့ထဲမှ လူသူကင်းမဲ့နေသော လမ်းတို့သည် ကျန်းရီနှင့် စုလောရွှယ်အား ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်လိုပါလျှင် သူတို့တွင် သွားစရာလမ်းအရှည်ကြီး ရှိသေးကြောင်း သတိပေးနေခဲ့သည်။ ငြိမ်းချမ်းမှု ရနိုင်ရန်အတွက် ချွေးစက်ပေါင်းများစွာတို့ကို သူတို့ စတေးပစ်ရန် လိုအပ်သည်။
လဝက်ခန့်ကြာသော် ကျန်းရီသည် ရွေးချယ်စရာမရှိဘဲ သူ့မိန်းကလေးကို နှုတ်ဆက်စကား ပြောရတော့သည်။ သူသည် ကျန်းရှောင်နူနှင့် ဟဲလောင်ကို ခေါ်ဆောင်၍ ဝိဉာဉ်သားရဲတောင်သို့ ထွက်လာခဲ့သည်။ ဟဲလောင်သည် ကျန်းရီ၏ လျှို့ဝှက်ချက်များစွာကို သိနေသည့်အတွက် ကျန့်ဝူရွှမ်းက သူ့အား တမင်ထားခဲ့ခြင်းဖြစ်သည်။ ကျန်းရီသည် ထိုအကြောင်းအား စိတ်မပူဘဲ သူ့လျှို့ဝှက်ချက်များကို ဟဲလောင်ထိန်းသိမ်းပေးလိမ့်မည်ဟု ယုံကြည်ချက်အပြည့်ရှိသော်လည်း ကျန့်ဝူရွှမ်းက ခေါင်းမာစွာဖြင့် ဟဲလောင်အား ကျန်းရီနောက်သို့ လိုက်စေခဲ့သည်။ ထို့ပြင် ဟဲလောင်ကိုယ်တိုင်ကလည်း ကျန်းရီနောက်လိုက်ရန် ဆန္ဒရှိခဲ့သည်။ အနည်းဆုံးတော့ ကျန်းရီနောက် လိုက်ရခြင်းသည် ကျန့်ဂိုဏ်းတွင်နေရသည်ထက် ပို၍စိတ်ဝင်စားဖွယ်ကောင်းသည် မဟုတ်ပါလော။
လူသုံးယောက်သည် ကျုံးဝူသားရဲကိုစီး၍ ထွက်ခွာလာခဲ့ကြသည်။ ဝိဉာဉ်သားရဲတောင်နှင့် ရှားယွိမြို့မှာ သိပ်မကွာဝေးပေ။ ကျုံးဝူသားရဲ၏ အမြန်နှုန်းနှင့်ဆိုလျှင် ဝိဉာဉ်သားရဲတောင်သို့ နှစ်ရက်အတွင်း ရောက်နိုင်သော်လည်း ကျန်းရှောင်နူ၏ လုံခြုံရေးကို သူတို့ထည့်သွင်းစဉ်းစားပေးရသေးသည်။
ဝိဉာဉ်သားရဲသင်တန်းကျောင်းသို့ ရောက်၍ ကျန်းယွင်ဟိုင်အား သွားတွေ့ပြီးသော် ကျူးကော့ချမ်ယွမ်၏နေရာသို့ ဦးတည်လိုက်ကြသည်။
ကျူးကော့ချမ်ယွမ်သည် စကားအများကြီး မပြောသလို ကျန်းရီအား ဝိဉာဉ်သားရဲသင်တန်းကျောင်း၏ ကျောင်းအုပ်ရာထူးကို လက်ခံရန်လည်း မတိုက်တွန်းခဲ့ပေ။ သူတို့သည် စကားအနည်းငယ်သာ ပြောကြပြီး ကျန်းရီအား အချိန်ရပါက ကျောင်းထံ မကြာခဏပြန်လာရန်သာ မှာကြားလိုက်သည်။
ကျူးကော့ချမ်ယွမ်သည်လည်း ကောင်းကင်သတ္ထုကြောအား မည်သို့တူးဖော်ရမည်ကို မသိပေ။ ထို့ကြောင့် သူသည် ကျောင်းအုပ်ချီအား ထိုအကြောင်းကို ရှာဖွေခိုင်းလိုက်သည်။ ကံမကောင်းစွာပင် ထိုအကြောင်းအရာနှင့် ပတ်သက်သည့် မှတ်တမ်းများ မရှိပေ။ သို့သော်လည်း စုန်းနတ်ဘုရားနှင့် တူညီစွာ ကျူးကော့ချမ်ယွမ်သည် ကျန်းရီအား ဖြစ်နိုင်ပါက ကောင်းကင်ကျောက်တုံးအား အသုံးမပြုရန် သတိပေးလိုက်သည်။
သို့သော် ထိုဖြစ်နိုင်ပါကဟူသည့် အခြေအနေမှာ မဖြစ်နိုင်ကြောင်း သူရော၊ ကျန်းရီပါ သိနေကြသည်။ သုံးနှစ်ကာလ ပြည့်သွားသည်နှင့် လူအမြောက်အများသည် အခွင့်အရေးရသည်နှင့် ကျန်းရီကို သတ်ရန် ကြိုးစားလာကြလိမ့်မည်။ ထို့ကြောင့် ကျန်းရီသည် ကောင်းကင်ကျောက်တုံး အများကြီးရှိလာလျှင် ရွေးချယ်စရာမရှိဘဲ သူ့အင်အားကို တိုးတက်လာစေရန် အရင်ကြိုးစားလိမ့်မည်။
ကျူးကော့ချမ်ယွမ်နှင့် ကျန်းယွင်ဟိုင်အား နှုတ်ဆက်ပြီးနောက် ကျန်းရီတို့ သုံးယောက်သားသည် ထပ်မံ၍ ခရီးဆက်ခဲ့ကြသည်။ ဤတစ်ကြိမ်တွင် သူတို့၏ ပန်းတိုင်မှာ နတ်သမီးတောင်ထွတ်ဖြစ်သည်။ ကျန်းယွင်ဟိုင်သည် ဝိဉာဉ်သားရဲ သင်တန်းကျောင်းတွင် သက်တောင့်သက်သာ နေထိုင်လျက်ရှိသည်။ ကျန်းရီ သူ့အား ရှားယွိမြို့တွင် လိုက်နေချင်လားဟု မေးခဲ့စဉ်က သူငြင်းဆိုခဲ့သည်။ သူ၏ အဖိုးသည် သူ့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေမည်ကို စိုးရိမ်ကြောင်း ကျန်းရီသိသည်။ သူဝိဉာဉ်သားရဲ သင်တန်းကျောင်းတွင် နေပါလျှင် မည်သူမှ သူ့အားအသုံးချ၍ ကျန်းရီကို ခြိမ်းခြောက်လိမ့်မည်မဟုတ်။
သုံးယောက်သား တောင်စဉ်သုံးထောင်၏ နယ်နိမိတ်အတွင်း ရောက်သွားသည်နှင့် သွေးနီရောင် နတ်ဆိုးသားရဲဘုရင်ရှောင်ဟုန်သည် သူတို့အား လာရောက်ကြိုဆိုသည်။ သူတို့သုံးယောက်သည် နတ်ဆိုးသားရဲကြီး၏ ပုခုံးထက်သို့ တက်လိုက်ကြသည်။ ဟဲလောင်သည် အနည်းငယ် ကြောက်လန့်နေသေးသော်လည်း သူ့ကိုယ်သူ ထိန်းသိမ်းနိုင်ခဲ့သည်။
သုံးရက်အကြာတွင် နတ်သမီးတောင်ထွတ်သို့ သူတို့ရောက်သွားခဲ့ကြသည်။
ကျန်းရီသည် နန်းတော်အပြင်ဘက်တွင် ရပ်၍ သူ့အား စောင့်နေကြသည့် နတ်ဆိုးဧကရီနှင့် မြေခွေးလေးအား မြင်သောအခါ ပြုံးလိုက်မိသည်။ ထိုအပြုံးသည် အလွန်တောက်ပနေလေသည်။ နတ်ဆိုးဧကရီသည် အလွန်မောက်မာကြောင်း လူတိုင်းသိကြသည်။ သူမသည် ဤတစ်ကြိမ်တွင် ချွင်းချက်ထား၍ သူ့အား ကြိုဆိုရန် အပြင်သို့ ထွက်လာခဲ့သည်။ အဓိပ္ပါယ်မှာ သူ့အင်အားသည် နတ်ဆိုးဧကရီ လက်ခံနိုင်သည့် ပမာဏသို့ ရောက်ပြီဟု ဆိုလိုသည်။
"ရှောင်ဖေး...သူတို့ကို ခေါ်သွားပြီး ဧည့်ခံလိုက်။ ကျန်းရီ...ငါ့နောက်လိုက်ခဲ့"
နတ်ဆိုးဧကရီသည် ကျန်းရီအား တစ်ချက်သာ ကြည့်လာပြီး နန်းတော်အတွင်းသို့ လျှောက်သွားခဲ့သည်။ ရှောင်ဖေးသည် ကျန်းရီ၏ လက်မောင်းများအတွင်း ခုန်ဝင်၍ ပျော်ရွှင်စွာ တကျီကျီ အော်မြည်နေလေသည်။
ကျန်းရီသည် မြေခွေးလေး၏ ဦးခေါင်းလေးအား ပွတ်သပ်လိုက်ပြီး စကားအချို့ တီးတိုးပြောကာ ကျန်းရှောင်နူထံ ပေးလိုက်သည်။ သူသည် ဟဲလောင်အား အသိပေးလိုက်ပြီး နန်းတော်ထဲဝင်၍ မျှော်စင်ထက်သို့ တက်သွားလိုက်သည်။
"ကျန်းရီ...မင်း တကယ် ငါ့ကို စိတ်မပျက်စေခဲ့ဘူးပဲ"
နတ်ဆိုးဧကရီသည် မျှော်စင်ထက်ရှိ နားနေဆောင်လေးတွင် ထိုင်ချလိုက်သည်။ သူမ၏ ပန်းရောင်ဝတ်စုံရှည်မှာ သူမ၏ပုံစံအား အလွန်အမင်း တင့်တယ်စေလေသည်။ သူမသည် နတ်ဆိုးသားရဲ တစ်ကောင်အဖြစ်မှ လူပုံစံ ဖြစ်လာခြင်းဖြစ်သော်လည်း ပြိုင်ဘက်ကင်းသည့် မိန်းမလှဖြစ်သည်။ သူမသာ ဆန္ဒရှိပါက ယောက်ျားသားများအားလုံး သူမထံတွင် အမှုထမ်းလာအောင် လုပ်ဆောင်နိုင်လောက်သည်ဟု ကျန်းရီ ဝန်ခံရမည်ဖြစ်သည်။
"အဲ့ဒါက နတ်ဆိုးဧကရီကို ကျေးဇူးတင်ရမှာပါ"
နတ်ဆိုးဧကရီနှင့် ပေါင်းသင်းဆက်ဆံကြည့်ပြီးနောက် သူသည် သူမအား သူ့မိသားစုမှ အကြီးအကဲတစ်ဦးပမာ သတ်မှတ်ထားလိုက်ပြီဖြစ်သည်။
"မင်းရဲ့ စွမ်းဆောင်မှုကပဲ စုန်းနတ်ဘုရားရဲ့ အသိအမှတ်ပြုမှု ရအောင်လုပ်ပေးခဲ့တာ...အဲ့ဒါ ငါနဲ့လုံးဝ မဆိုင်ပါဘူး"
နတ်ဆိုးဧကရီသည် ကျန်းရီအား လှည့်ကြည့်လာခဲ့ပြီး အဓိကအကြောင်းအရာကို စတင်လိုက်သည်။
"ကျန်းရီ...မင်းက အဲ့ဒီလူစုကို တွန်းအားအများကြီး ပေးနေတယ်ဆိုတာ မင်းကိုယ်မင်းရော သိရဲ့လား။ သတင်းတွေကို မင်းပိတ်ခိုင်းခဲ့တယ်ဆိုပေမယ့် လူတွေအများကြီးက ဘာဖြစ်ခဲ့တယ်ဆိုတာ ခန့်မှန်းနိုင်နေတုန်းပဲ။ ငါ့လို လူတွေပေါ့။ ဒါကြောင့် ငါ့အထင်အရ အဲ့လူတွေ တစ်ခုခု လုပ်လာနိုင်တယ်။ သူတို့က ပေါ်ပေါ်ထင်ထင်တော့ လုပ်မှာမဟုတ်ဘူး။ ဒါကြောင့် မင်းသတိထားနေဖို့လိုတယ် "
"အင်း...ကျွန်တော်မှတ်ထားပါ့မယ်"
ကျန်းရီ ခေါင်းငြိမ့်လိုက်သည်။ သူသည် တစ်ခဏ တုံ့ဆိုင်းသွားပြီးနောက် သူကြိုးစားပမ်းစား အဖြေရှာနေသည့် ပြဿနာကို မေးမြန်းလိုက်သည်။
"နတ်ဆိုးဧကရီ...ကောင်းကင်သတ္ထုကြောကို ဘယ်လိုတူးဖော်ရမယ်ဆိုတာ သိလား"
"ကောင်းကင်သတ္ထုကြော"
နတ်ဆိုးဧကရီ မျက်မှောင်ကျုံ့လိုက်သည်။ သူမ၏ လှပသော မျက်ဝန်းများ လှုပ်ရှားသွားခဲ့ပြီး မေးလာခဲ့သည်။
"ရှားနိုင်ငံမှာ ကောင်းကင်သတ္ထုကြော တစ်ခုရှိတယ်။ မင်းက ကောင်းကင်ကျောက်တုံးတွေကို သုံးပြီးတော့ ဗာဂျရာအဆင့်ကို မြန်မြန်တက်လှမ်းချင်နေတာလား"
"ဟုတ်ပါတယ်"
"မဖြစ်ဘူး"
နတ်ဆိုးဧကရီသည် ဒေါသတကြီး ထရပ်လိုက်ပြီး အပြစ်တင်လာခဲ့သည်။
"အရင် ကောင်းကင်ကျောက်တုံးတွေကို မင်းသုံးနေတဲ့ အချိန်တည်းက ငါတားချင်နေခဲ့တာ။ သိုင်းပညာတာအိုရဲ့ လမ်းကြောင်းမှာ လူတစ်ယောက်ရဲ့ အခြေခံက အရေးကြီးဆုံးပဲ။ ကောင်းကင်ကျောက်တုံး နည်းနည်းကို သုံးလိုက်တာက ပြဿနာ သိပ်မရှိဘူး။ ဒါပေမယ့် ကောင်းကင်ကျောက်တုံးတွေကို ဆက်သုံးပြီး အတွင်းအားပမာဏကို တိုးမြှင့်ချင်တယ်ဆိုရင် ပြဿနာ အကြီးကြီး ရှိလာပြီ။ မင်းရဲ့ကိုယ်ကို သဘာဝရဲ့ စွမ်းအင်တွေနဲ့ မပျိုးထောင်တာ ကြာလာရင် အဲ့ဒီပြင်းထန်တဲ့ စွမ်းအားတွေကို ခန္ဓာကိုယ်က လက်ခံနိုင်မှာမဟုတ်ဘူး"
"သေတ္တာငယ်တစ်ခု ဆိုပါစို့။ အဲ့ဒါက ပစ္စည်းအစအနတွေ တော်တော်များများ ဝင်ဆံ့တယ်။ ဒါပေမယ့် မင်းက အဲ့ဒီပုံး ဝင်ဆံ့နိုင်တဲ့ ပမာဏကို အတင်းအကြပ် ဆယ်ဆတိုးလိုက်ရင် အဲ့ဒီသေတ္တာ ပျက်စီးမသွားရင်တောင် အဲ့ဒါက အလွန်အကျွံ ပြည့်နေပြီဖြစ်တာကြောင့် အချိန်မရွေး ပေါက်ကွဲသွားနိုင်တဲ့ အခြေအနေ ဖြစ်နေမှာပဲ။ ကျန်းရီ...မင်း ဆက်ပြီး အဆင့်တက်ချင်တယ်ဆိုရင် အခြေခံခိုင်အောင် လုပ်ရမယ်။ ကောင်းကင်ကျောက်တုံးတွေကို ဆက်သုံးလို့မဖြစ်ဘူး"
"ဟူး..."
ကျန်းရီသည် သက်ပြင်းချ၍ ပြန်ပြောလိုက်သည်။
"ကျွန်တော် အဲ့ဒါတွေကို သိထားပြီးသားပါ။ ကျွန်တော် ကောင်းကင်ကျောက်တုံးတွေကို မသုံးပဲ ကိုယ့်ကိုယ်ကိုပဲ အားကိုးနေမယ်ဆိုရင် ကျွန်တော် ကျင့်ကြံမယ့် အတွင်းအားပမာဏက တတိယကြယ်ကို အသွင်ပြောင်းနိုင်မယ်လို့ ဧကရီထင်လား။ သုံးနှစ်ကြာပြီးရင် ဧကရီတို့အားလုံး ဝင်ပါပေးလို့ မရတော့ဘူး။ အဲ့ဒီအချိန်မှာ ကျွန်တော် ဗာဂျရာအဆင့်ကို မရောက်သေးဘူးဆိုရင် ကျွန်တော့်မှာ အမြင့်ဆုံးအဆင့် နတ်ဆိုးသားရဲဘုရင်တစ်ကောင် ရှိနေတယ်ဆိုရင်တောင်မှ ကျွန်တော်သေမှာပဲ"
"မင်း တစ်ချိန်လုံး တံခါးပိတ်ကျင့်ကြံနေလို့ ဖြစ်တာပဲ"
နတ်ဆိုးဧကရီသည် အေးစက်စွာ ပြောလာခဲ့သည်။
"ရှားနိုင်ငံကို စွန့်လွှတ်လိုက်ပြီး စုလောရွှယ်နဲ့ ရှောင်ဖေးကို မင်းနဲ့အတူ ခေါ်သွား...ပြီးရင် လူသူမနီးတဲ့ ကျွန်းတစ်ကျွန်းရှာပြီး ရှစ်နှစ်ကနေ ဆယ်နှစ်လောက်အထိ တံခါးပိတ်ကျင့်ကြံနေလိုက်။ မင်းရဲ့ အင်အားက အဆင့်တစ်ခုလောက်အထိ ရောက်မှ ပြန်လာခဲ့။ 'ယောက်ျားကောင်းတစ်ယောက်ရဲ့ ကလဲ့စားက ဆယ်နှစ်ကြာမှဆိုရင်လည်း နောက်မကျသေးဘူး'လို့ မင်းတို့ လူသားတွေ အမြဲပြောပြော နေကြတာ မဟုတ်ဘူးလား "
"ထွက်သွားဖို့က မဖြစ်နိုင်ပါဘူး"
ကျန်းရီသည် ခါးသီးစွာ ပြုံးလိုက်မိသည်။ ရှားနိုင်ငံကို စွန့်လွှတ်လိုက်ရန်မှာ စုလောရွှယ်အတွက် လုံးဝမဖြစ်နိုင်ပေ။ သူသည် ယွင်မိသားစုအား ကာကွယ်ပေးမည်ဟု စုန်းနတ်ဘုရားအား ကတိပေးထားခဲ့သည်။ ဝိဉာဉ်သားရဲ သင်တန်းကျောင်းလည်း ရှိနေသေးသည်။ သူ့အတွက် အနှောင်အဖွဲ့နှင့် တာဝန်ယူရန် အရာများစွာ ရှိနေသည်။ သူမည်သို့ မျက်နှာလွှဲ၍ ထွက်သွားနိုင်မည်နည်း။
"မင်း ကောင်းကင်ကျောက်တုံးတွေကို သုံးပြီး ကျင့်ကြံချင်တာ သေချာလား"
ကျန်းရီ မည်မျှ စိတ်ဆုံးဖြတ်ထားကြောင်း မြင်ရလျှင် နတ်ဆိုးဧကရီ၏ မျက်ဝန်းထဲမှ အေးစက်စက်အကြည့်များမှာ ပို၍ စူးရှလာခဲ့သည်။ သူမသည် ကျန်းရီခေါင်းငြိမ့်ပြီးသည်အထိ စောင့်ပြီးသောအခါ အင်္ကျီလက်စကို ခါရမ်း၍ ထွက်သွားခဲ့သည်။ သူမသည် တံခါးအနီးသို့ ရောက်သောအခါ ရပ်တန့်၍ အေးစက်စက် ပြောလာလေ၏။
"မင်းကိုယ်မင်း အဲ့လောက် ဖျက်ဆီးချင်နေတယ်ဆိုရင်လည်း ငါမင်းကို မတားတော့ဘူး။ ငါ့မှာ ကောင်းကင်သတ္ထုကြောကို တူးဖော်ဖို့ နည်းလမ်းတစ်ခုရှိတယ်။ ဒါပေမယ့် မင်းကို ငါပြောပြမှာမဟုတ်ဘူး။ တခြားတစ်ယောက်ယောက်ကို မင်းမေးနိုင်တယ် "
"အာ..."
ကျန်းရီသည် ထွက်ခွာသွားသော် နတ်ဆိုးဧကရီအားကြည့်ရင်း ရှက်ရွံစွာ နှာခေါင်းပွတ်မိလိုက်သည်။ သို့သော်လည်း သူ့ဆုံးဖြတ်ချက်သည် ပြောင်းလဲမသွားခဲ့ပေ။ သူ့အနာဂတ်ကို ဖျက်ဆီးရမည်ဆိုလျှင်တောင် သူလုပ်ရမည်။ သို့မှသာ သုံးနှစ်ပြည့်လျှင် ရောက်လာကြမည့် ဗာဂျရာအဆင့် လူအုပ်စုအား သူရင်ဆိုင်နိုင်မည့် အစွမ်းအစကို ပိုင်ဆိုင်လိမ့်မည်။
ယခု သူနှင့် နတ်ဆိုးဧကရီ၏ စကားဝိုင်းသည် ပျက်စီးသွားခဲ့ပြီဖြစ်သည်။ ကျန်းရီတွင် ကျန်သည့် တစ်ခုတည်းသော မျှော်လင့်ချက်မှာ ရွှေ့ယို့လန်ဖြစ်သည်။ နံပါတ်တစ် လူသားသိုင်းပညာရှင်အနေနှင့် အကြောင်းအရာ တော်တော်များများကို သူမသိထားလောက်သည်။
နတ်သမီးတောင်ထွတ်တွင် တစ်ရက်ကြာနေပြီးနောက် ကျန်းရီသည် ခရီးဆက်ရန် ဆုံးဖြတ်လိုက်သည်။ ကြယ်တံခွန်ကျွန်းသည် နယ်မြေ၏ အရှေ့မြောက်ဘက်တွင် တည်ရှိသည်။ တောင်စဉ်သုံးထောင်မှ ကြယ်တံခွန်ကျွန်းသို့ ခရီးသွားချင်လျှင် ကျန်းရီထံတွင် ရွေးချယ်စရာ လမ်းနှစ်ခုရှိသည်။ တစ်ခုမှာ ကျုံးဝူသားရဲကိုစီး၍ ရှန်ဝူနိုင်ငံမြေအောက်မှတစ်ဆင့် မြောက်ဘက်လျန်နိုင်ငံ၏ အရှေ့ဘက်ကို သွားကာ ပင်လယ်ပြင်သို့ ထွက်ရန် လမ်းတစ်ခု ရှာရမည်။ ကျန်တစ်ခုမှာ ပင်လယ်ကို ဖြတ်ကူးနိုင်သည့် နတ်ဆိုးသားရဲတစ်ကောင်ကို ရှာ၍ ပင်လယ်ပြင်ကို တိုက်ရိုက်ဖြတ်သွားရန်ဖြစ်သည်။
ကျန်းရီသည် နည်းလမ်းနှစ်ခုလုံးကို မရွေးချယ်ခဲ့ပေ။ သူသည် လေကြောင်းခရီးဖြင့်သွားရန် ဆုံးဖြတ်လိုက်သည်။ ယာ့ဇီသားရဲ၏ အင်အားမှာ အလွန်ကြီးမားပြီး မိုးလည်းပျံနိုင်သည်။ ၎င်း၏ အမြန်နှုန်းမှာလည်း လုံးဝမနိမ့်ပေ။
သို့သော် ကျန်းရီသည် ၎င်းကိုသုံး၍ ခရီးသွားချင်ကြောင်း ပြောသည့်အခါ ယာ့ဇီသားရဲသည် ခါးခါးသီးသီး ငြင်းဆန်တော့သည်။ ၎င်းသည် ကျန်းရီ သူ့ကို မလေးမစားလုပ်သည်ဟု ခံစားနေရသည်။ ကျန်းရီ သောင်းကျန်း၍ ခြိမ်းခြောက်လိုက်သော် ယာ့ဇီသားရဲမှာ အလျှော့ပေးရတော့သည်။ သို့သော် ၎င်းသည် ကျန်းရီတစ်ဦးတည်းကိုသာ သယ်ဆောင်ရန် ဆန္ဒရှိသည်။
ကျန်းရီအတွက် ထိုအချက်မှာ ပြဿနာ မရှိပေ။ သူသည် ကျန်းရှောင်နူနှင့် ဟဲလောင်အား မြစိမ်းကြည်လင်ပန်းအိုးထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူသည် ယာ့ဇီသားရဲ၏ ကျောထက်တွင်ရပ်ကာ အော်ပြောလိုက်သည်။
"သွားစို့...ပင်လယ်ကိုဖြတ်ပြီး ကြယ်တံခွန်ကျွန်းဆီ တိုက်ရိုက်သွားကြမယ်"
*****