အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ တုန်ဟည်းမှု
Vol. 134 Ch. 1852
ဝမ်လင်းသည် ထိုအခွံကို ကြည့်၏။ သူသည် ၎င်းကို ဖြတ်မမြင်နိုင်ပေ။ သို့သော် သူ၏ ခန္ဓာနောက်တခြမ်းသည် ထိုအတွင်း၌ ရှိနေသည်ကို ခံစားမိ၏။
သူ မျက်လုံးမှိတ်ထားချိန်၌ သူသည် သည်ကျောက်တုံးအခွံထဲ၌ ရှိနေသည်လား၊ အပြင်၌ ရှိနေသည်လား မပြောနိုင် ဖြစ်ရ၏။ သူက သူ့ကိုယ်သည် အခွံထဲ၌ ထိုင်နေသလို ခံစားမိပြီး သူ၏မူလခန္ဓာကိုယ်ကမူ အပြင်ဘက်တွင်ဟု ခံစားမိသည်။
ထိုထူးဆန်းသောခံစားမှုက ဝမ်လင်း အရင်က လုံးဝ မခံစားမိဖူးသော အရာပင်။
“ဒါက…” ဝမ်လင်း၏မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုတို့ ပြည့်နေ၏။ ခြင်သားရဲဘုရင်က ဝမ်လင်းပေါ်သို့ ၎င်း၏နှုတ်သီးဖြင့် အဆက်မပြတ် ပွပ်သပ်နေလျက် မြူးထူးစွာ အော်သံပေးနေ၏။
ခြင်သားရဲဘုရင်၏ ခန္ဓာကိုယ်မှာ အရင်ထက်စာပါက များစွာ သေးငယ်သွားခဲ့ပြီ ဖြစ်၏။ သည်အခိုက်၌ ၎င်းသည် မြူစုမြူဝေးတစ်ခုနှင့် တူနေသည်။ သို့သော် ၎င်းထံမှ အားကောင်းလှသော အသက်ဓာတ်ကို ပေးစွမ်း၏။
ခြင်သားရဲဘုရင်၏ ပြောင်းလဲမှုကို ကြည့်ကာ ဝမ်လင်း၏မျက်လုံးသည် ကျဉ်းမြောင်းသွားသည်။ သူက ညာလက်ကို ပင့်မြှောက်ကာ ခြင်သားရဲဘုရင်ကို ထိဖို့ ကြိုးစား၏။ သူ့လက်ဖြင့် မည်သည့်အရာကိုမျှ မထိမိပေ။ သူက အထည်ဒြပ်ရှိသောမည်သည့်အရာကိုမျှ မခံစားမိလိုက်ပေ။
သို့သော် ခြင်သားရဲဘုရင်သည် သက်တောင့်သက်သာဖြစ်သော ခံစားချက်ကို ထုတ်ဖော်၏။ ၎င်းသားရဲက သခင်ဘေးနားတွင် ရှိနေသည့်အခါ ပျော်ရွှင်ကျေနပ်နေသည့်အလား။
ခြင်သားရဲဘုရင်က ဝမ်လင်းနောက်သို့ အချိန်ကြာမြင့်စွာ လိုက်ပါခဲ့တာ ဖြစ်၏။ ထို့ကြောင့် သူတို့၏အတွေးများသည် ချိတ်ဆက်နေသည်။ ဝမ်လင်း လက်လှမ်းလိုက်သည့်အခါ သူ့နတ်ဘုရားအာရုံက ခြင်သားရဲဘုရင်နှင့် ပေါင်းစပ်သွားသည်။
မကြာမီတွင် ဝမ်လင်း၏စိတ်ထဲ၌ ခြင်သားရဲဘုရင်ကို သူ အဝေးသို့ အတင်းအကြပ် မောင်းထုတ်ခဲ့ပြီးနောက် အဖြစ်အပျက်များ ပေါ်လာ၏။ ဤသည်က စိတ်ဝိညာဉ် ရှာဖွေခြင်း မဟုတ်ပေ။ ကူးပြောင်းခြင်းတမျိုးသာ ဖြစ်၏။ ဝမ်လင်းသည် ထိုသို့ အရင်က လုပ်ခဲ့ဖူး၏။ သည်လိုလုပ်ခြင်းက ခြင်သားရဲဘုရင်အတွက် ဘေးမဖြစ်စေပေ။ သူတို့က ထိုသို့ လုပ်နိုင်ခြင်းမှာ နှစ်ပေါင်းနှစ်ထောင်ကျော် အတူတူ ရှိခဲ့သောကြောင့် ဖြစ်၏။
ဝမ်လင်းသည် ခြင်သားရဲဘုရင်၏ ရူးသွပ်ဖွယ်ဆင့်ကဲပြောင်းလဲမှုများကို မြင်လာ၏။ ၎င်းက သူ့ကို ရှာဖို့အတွက် ဆင့်ကဲပြောင်းလဲနိုင်ဖို့ ၎င်း၏အဖော်ခြင်သားရဲကိုးကောင်ကိုပါ ဝါးမြိုခဲ့သေး၏။
ဝမ်လင်းသည် ခြင်သားရဲဘုရင် သေးငယ်သောခြင်သားရဲ တစ်သိန်းအဖြစ် ကွဲထွက်ကာ လေဟာနယ်အတွင်း၌ သူ့ကို ရှာခဲ့သည်ကိုလည်း မြင်၏။ သူက ခြင်သားရဲဘုရင် သူနှင့်လီမူဝမ်တို့ကို ဒီနေရာသို့ ခေါ်ဆောင်လာခဲ့ချိန်က သူ့သားရဲ၏ ဝမ်းနည်းမှုနှင့် မျှော်လင့်ချက်မဲ့မှုတို့ကိုပါ ခံစားမိသည်။
ဝမ်လင်းသည် အရာအားလုံးကို တွေ့မြင်လိုက်ရ၏။
အချိန်အတန်ကြာပြီးနောက် ဝမ်လင်း၏စိတ်ထဲ၌ နွေးထွေးမှု မြင့်တက်လာ၏။ သူက သူ့ကို နှုတ်သီးဖြင့် အဆက်မပြတ် ပွတ်သပ်နေသော ပျော်မြူးနေသည့် ခြင်သားရဲဘုရင်ကို ကြည့်၏။ သူက သူ့လက်ကို ပင့်မြှောက်ကာ ခြင်သားရဲဘုရင်ကို အကြိမ်အနည်းငယ် ညင်ညင်သာသာ ပုတ်လိုက်၏။
“မင်းအတွက် ခက်ခဲစေခဲ့ပြီ…”
သခင်ဖြစ်သူ၏ ညင်ညင်သာသာ လက်ဖြင့် ပုတ်မှု၊ နူးညံ့သောအကြည့်၊ နားလည်ပေးသော စကားတို့က ခြင်သားရဲဘုရင်ကို ပို၍ ရွှင်မြူးသွားစေသည်။ ၎င်း၏ခန္ဓာကိုယ်မှ အလင်းတောက်ပကာ လှိုင်းဂယက်များ ပဲ့တင်ထပ်၏။ သည်အခိုက်မှာ ၎င်း၏အပျော်ရွှင်ရဆုံး အချိန်တည်း။
ဝမ်လင်းသည် ခြင်သားရဲဘုရင်ကဲ့သို့ သစ္စာရှိမှုကို တခြားသားရဲတစ်ကောင်ကောင်ထံမှ လုံးဝ မမြင်ဖူးခဲ့ပေ။ ဝမ်လင်း သေမျိုးဖြစ်ခဲ့သည့်အချိန်ကဖြစ်စေ၊ သူတို့ ခွဲခွာခဲ့ရသည့်အခါ၌ ဖြစ်စေ၊ အခု ဒီလေဟာနယ်ထဲ၌ ဖြစ်စေ ခြင်သားရဲဘုရင်က ဝမ်လင်းအတွက် ၎င်း၏အသက်ကို ပေးနိုင်သည်ဟူသောအချက်ကို ညွှန်ပြနေပေ၏။
ဝမ်လင်းသည် ကျေးဇူးသိတတ်သောလူတစ်ယောက် ဖြစ်၏။ သူက ခြင်သားရဲဘုရင်အတွက် မည်သည့်အရာကိုမဆို လုပ်ပေးဖို့ ဆန္ဒရှိပေသည်။ ထိုခြင်သားရဲက သူ့အတွက် သားရဲတစ်ကောင်မဟုတ်လေတော့၊ သူ့ဆွေမျိုးပင် ဖြစ်၏။
သူက ခြင်သားရဲဘုရင်၏ခန္ဓာကိုယ်ကို ညင်သာစွာ ပုတ်လိုက်ပြီးနောက် သူ့အကြည့်က ကျောက်တုံးအခွံပေါ်သို့ ကျရောက်သွားသည်။
“ခြင်သားရဲရဲ့ မှတ်ဉာဏ်ထဲကအတိုင်းဆို ဒီနေရာဟာ ၎င်းရဲ့ဘိုးဘေးတွေ မွေးဖွားခဲ့တဲ့နေရာ ဖြစ်ပုံရတယ်။ ဒီကျောက်တုံးအခွံက ဘာဖြစ်မလဲ…”
ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်လာကာ သူက ကျောက်တုံးအခွံထံ လျှောက်လှမ်းလာသည်။ သို့ပေမည့် သူ ထိုကျောက်တုံးအခွံကို ထိမိသည်နှင့် ၎င်းထံမှ တွန်းကန်အားတစ်ခု ထွက်ပေါ်လာကာ သူ့လက်ကို နောက်ပြန်ကန်စေသည်။ သူ့ကို ထိခွင့် သို့မဟုတ် ၎င်းထံ လက်လှမ်းခွင့် မပြုပေ။
ဝမ်လင်းက မတူညီသောနေရာစုံကနေ ကြိုးစားကြည့်သေး၏။ သို့သော် တွန်းကန်အားက နေရာတွင် ရှိနေဆဲပင်။ အဆုံးသပ်၌ ဝမ်လင်းက သူ့ကိုယ်ပွားကို ထိန်းချုပ်မည့်အကြံကို လက်လျှော့လိုက်၏။ သူက ဤအဖြစ်မှာ သူ့အတွက် မဟာကံကောင်းမှုတစ်ခု ဖြစ်သည်ဟု ရေးတေးတေး ခံစားမိသည်။
ထိုကံကောင်းမှုသည် ကျောက်ခွံအတွင်းရှိ မည်သို့မည်ပုံမှန်းမသိ ကြီးထွားနေသော ကိုယ်ပွားပင် ဖြစ်၏။ ဖြစ်နိုင်သည်မှာ အနာဂတ်၌ ဒီကိုယ်ပွားသည် ကျောက်ခွံထဲမှ ချိုးဖျက်ထွက်လာပြီး ကြောက်မက်ဖွယ်စွမ်းအား ရလာနိုင်လောက်၏။
ထိုစွမ်းအားသည် အင်မောတယ်ကောင်းကင်ဘုံ ကုန်းမြေ၏ ဥပဒေ ဖြစ်မည်။ အကြောင်းမှာ သူ့ကိုယ်ပွားက ခြင်သားရဲဘုရင်၏ ဘိုးဘေးကဲ့သို့ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ ဥပဒေသထဲ၌ မွေးဖွားနေခဲ့ခြင်းကြောင့်ပင်။
သည်ကျောက်ခွံကို အတင်းအကြပ်အားဖြင့် ချိုးဖျက်ဖို့ မသင့်ပေ။ ဝမ်လင်းက သူ နိုးထလာနိုင်ပြီး သူ၏ကျင့်ကြံမှုကို ပြန်ရရှိလာသည့်အကြောင်းရင်းမှာ ဒီကျောက်ခွံထဲရှိ ကိုယ်ပွားကြောင့်မှန်း နားလည်ပေ၏။
သူနှင့်ကိုယ်ပွားကြား ဆက်နွှယ်မှုကြောင့် ကိုယ်ပွား၏ ကြီးထွားဖွံ့ဖြိုးမှုက သူ့မူလခန္ဓာကိုယ်ကို ပိုသန်မာလာစေတာ ဖြစ်နိုင်လောက်၏။ သည်လိုအရာမျိုးက ထူးခြားလွန်းကာ ရှင်းရှင်းလင်းလင်း ရှင်းပြ၍ မရပေ။
ဝမ်လင်းသည် အချိန်အတန်ကြာ စဉ်းစားနေ၏။ သူ လှိုဏ်ဂူလောက၌ ရှိနေခဲ့ချိန်က သူသည် ဖုန်းရွှေပညာရပ်အကြောင်း မှတ်တမ်းတင်ထားသော ရှေးကျောက်စိမ်းပြားအချို့ကို မြင်ဖူးခဲ့၏။ အခု သူ့ကိုယ်ပွားနှင့် သူ့မူလခန္ဓာကိုယ်ကြားရှိ ကိစ္စရပ်မှာလည်း ဖုန်းရွှေနှင့် အလွန်တူသည်။
“ဖုန်းရွှေအရဆို အာရုံစူးစူးနစ်နစ် စိုက်ထုတ်နိုင်ဖို့ သင်္ချိုင်းကို ပမာယူ အာရုံနစ်ရတယ်တဲ့။ ဒီတော့ ဒီမှာရှိတဲ့ ငါ့ကိုယ်ပွားဟာ မြှုပ်နှံ့ထားတဲ့ သင်္ချိုင်းတစ်ခုလိုပဲ။ ဒီနည်းနဲ့ ငါ့ကိုယ်ပွား ကြီးထွားလာခဲ့ရင် ငါ့မူလခန္ဓာကိုယ်ဟာ ပိုအားကောင်းလာလိမ့်မယ်…”
“အတိတ်တုန်းကတော့ ဒီလိုအရာမျိုးဟာ အဓိပ္ပာယ်မရှိဘူးလို့ ငါ ထင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ ငါ ကြုံရတဲ့ ပုံစံဟာ ဒီဖုန်းရွှေပညာရပ်ထဲမှာပါတဲ့ မှတ်တမ်းထဲကနဲ့ ဆင်တူနေတယ်…”
ဝမ်လင်းသည် စဉ်းစားနေရင်း နောက်သို့ ဖြည်းဖြည်းချင်း ဆုတ်၏။ သူက ကျောက်ခွံကို ကြည့်ကာ ချိုးဖျက်မည့် စိတ်ကူး သိုမဟုတ် ကိုယ်ပွားကို လှမ်းထွက်လာစေမည့်စိတ်ကူးကို လက်လျှော့လိုက်တော့၏။
“သေမျိုးအင်ပါယာတွေဟာ နဂါးသွေးကြောနဲ့ ပတ်သတ်လို့ တကယ် လေးလေးနက်နက် ထားကြတယ်။ သူတို့ဟာ နဂါးသွေးကြောထဲမှာ မြှုပ်နှံ့ခံရရင် သူတို့ရဲ့ အနာဂတ်မျိုးဆက်ဟာ ချမ်းသာဝပြောလိမ့်မယ်လို့ ယုံကြည်ကြတယ်။ အခု ငါ့ကိုယ်ပွားကို ဒီမှာ မြှုပ်နှံ့ထားလိုက်ပြီ။ အနာဂတ်မှာ ငါ ဘယ်လိုကံကောင်းမှုမျိုး ရလာမလဲ မြင်ချင်မိတယ်…” ဝမ်လင်း၏မျက်လုံးသည် အရောင်တောက်လာ၏။ သူက လေဟာနယ်ထံသို့ ချက်ခြင်း လှည့်၍ ဦးတည်လေတော့သည်။ ခြင်သားရဲဘုရင်သည် မြူးထူးစွာ အော်မြည်သံပေး၍ ဝမ်လင်းကို သယ်ကာ လေဟာနယ်အတွင်း ပျံသန်းလေတော့၏။
သူတို့သည် ရှေ့သို့ ပျံသန်းနေကြစဉ် ဝမ်လင်းက သူ့ကိုယ်ပွားရှိနေသော နေရာသို့ နောက်လှည့်ကြည့်၏။ သူ၏မျက်လုံးသည် တောက်ပနေသည်။ အဓိပ္ပာယ်သိပ်မရှိသော ဖုန်းရွှေနှင့် ယှဉ်ပါက ဝမ်လင်းက သူ့ကိုယ်ပွားအပေါ် မျှော်လင့်ချက် ပိုထားပေ၏။ သူက သူ့ကိုယ်ပွားနှင့်ကြားရှိ ဆက်နွှယ်မှုမှာ မပြတ်တောက်သည်ကို ရှင်းလင်းစွာ ခံစားမိသည်။ တနေ့၌ ကိုယ်ပွားသည် ကြီးထွားခြင်း ပြီးမြောက်ကာ ကျောက်ခွံထဲမှ ထွက်လာသည်နှင့် ၎င်းမှာ လောကကို ပြောင်းလဲစေလိမ့်မည်ဟု ဝမ်လင်းက ယုံကြည်ပေသည်။
ခြင်သားရဲ ပျံသန်းနေရင်း ဝမ်လင်းက လီမူဝမ်ရှိနေသော ကောင်းကင်ဘုံဖယ်ကြဉ်ခြင်းခေါင်းတလားကို သယ်သူလျက် ခြင်သားရဲနှင့်အတူ ထွက်ပေါက်ထံသို့ ဦးတည်လေသည်။
သည်အခိုက်တွင် လေဟာနဘ်အတွင်း၌ ဝမ်လင်းသည် ခြင်သားရဲက သူ့သွေးစက်ကို ကျောက်ဖျာပေါ်သို့ ကျရောက်စေပြီး ကျောက်ဖျာက စုပ်ယူခဲ့သည့်အခါ၌ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေတခွင်တွင် ပြောင်းလဲမှုကြီးတစ်ခု ဖြစ်လာသည်ကို မသိလေပေ။
ထိုပြောင်းလဲမှုက အင်မောတယ်ကောင်းကင်ဘုံကုန်းမြေတစ်ခုလုံးကို လှုပ်ခါစေသည်။ မရေမတွက်နိုင်သော အစွမ်းထက်ကျင့်ကြံသူများသည် တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာခဲ့ကြ၏။ မရေမတွက်နိုင်သော ကလန်များ၏ ကလန်ခေါင်းဆောင်များနှင့် အကြီးအကဲများသည် ထွက်လာကြသည်။ သူတို့၏ နတ်ဘုရားအာရုံများသည် ကောင်းကင်ထက်သို့ ထိုးတက်ကြ၏။
ထိုအံ့ချီးဖွယ်အဖြစ်အပျက်က နေကိုးစင်း(ဝါ) မဟာအင်ပါယာကိုးပါး၏ အာရုံကိုပင် စွဲဆောင်စေ၏။ နေကိုးစင်း ပေါ်လာစေသည့် အဖြစ်အပျက်မျိုးကား ဖြစ်ခဲလွန်းလှသည်။
မည်သူကမျှ ထိုမြင်ကွင်းကို မေ့နိုင်ကြမည် မဟုတ်ပါ။ နောင် နှစ်ပေါင်းမရေမတွက်နိုင်အောင်ထိ ထိုမြင်ကွင်းကို အမှတ်ရနေလိမ့်မည်။ ထိုမြင်ကွင်းကြောင့် လူတိုင်းသည် ဆန်းကြယ်သောတစ်စုံတစ်ယောက်ကို ခန့်မှန်းထင်ကြေး ပေးကြလိမ့်မည်။
ကောင်းကင်ဘုံဘိုးဘေး မွေးဖွားလာခဲ့သည့်အချိန်က သင်္ကေတသုံးခု ဖြစ်ပေါ်၏။ ရွှေရောင်ကောင်းကင်နှင့် နက်မှောင်သောမြေပြင်သည် သင်္ကေတတစ်ခုပင်။ ရှေးဘိုးဘေး မွေးဖွားလာသည့်အခါ သံစဉ်ကိုးခု ဖြစ်ပေါ်သည်။ ငွေရောင်မျက်လုံးမှာ ၎င်းတို့ထဲမှ တစ်ခု ဖြစ်သည်။
သာမန်ကျင့်ကြံသူများသည် ဤသည်ကို မသိကြသော်လည်း ကျင့်ကြံမှုအဆင့်တစ်ခုသို့ ရောက်နေသော လူတိုင်း သို့မဟုတ် အစွမ်းထက်ကလန်ဝင်တိုင်းက ၎င်းအချက်ကို တချို့တဝက် သိကြပေသည်။
ယနေ့တွင် ကောင်းကင်ဘုံသားအားလုံးကို အုပ်စိုးသော မင်ကုန်းမြေ၏ မြို့တောက်အထက်ရှိ ကောင်းကင်တွင် တွန့်ခေါက်ပုံပျက်မှုတစ်ခု ဖြစ်ပေါ်လာ၏။ ကြီးမားသော ဝဲကတော့တစ်ခုပေါ်လာကာ အဘက်ဘက်သို့ စတင် ပျံ့နှံ့သည်။
ထိုပျံ့နှံ့မှုက မည်သည့်ကျင့်ကြံသူထက်မဆို ပိုမြန်သည်။ ၎င်းသည် ချက်ခြင်းပင် ကုန်းမြေသုံးဆယ့်ခုနစ်ခုကို ခြုံလွှမ်းသွားပြီး ကောင်းကင်မှာ ရွှေရောင်ပြောင်းသွား၏။
ထိုရွှေရောင်အလင်း ပေါ်လာနေစဉ် မြေပြင်မှာလည်း ထူးဆန်းစွာပင် ပြင်းထန်သောအလင်း ရောင်ပြန်ဟပ်မှုကြောင့် အနက်ရောင်သို့ ပြောင်းသည်။ ဤသည်က ကောင်းကင်ဘုံဘိုးဘေး ရောက်ရှိလာသော သင်္ကေတ ဖြစ်သည့် ရွှေရောင်ကောင်းကင်နှင့် အနက်ရောင်မြေပြင်တို့၏ ပုံပန်းအသွင်ကို ဖြစ်စေခြင်းတည်း။
တစ်ချိန်တည်းမှာ ဝဲကတော့အတွင်း၌ ဝိုးတဝါးပုံရိပ်တစ်ခု ပေါ်လာ၏။ ထိုပုံရိပ်သည် ဝေဝါးသည်။ သို့သော် လူတစ်ယောက် ထိုပုံရိပ်သည် ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ သရဖူတစ်ခု ဆောင်းထားသည်ကို ဝိုးတဝါး မြင်နိုင်သည်။ ထိုပုံရိပ်က ဝဲကတော့အတွင်း၌ ရပ်နေကာ တုန်လှုပ်ဖွယ်ကောင်းသည့် ကောင်းကင်ဘုံစွမ်းအင်ပမာဏကို ပေးစွမ်းသည်။
ထိုပုံရိပ်ကို တွေ့မြင်သူတိုင်းသည် စိတ်လှုပ်ရှားမှုဖြင့် သူတို့ကို တုန်ယင်စေမည့် အမည်နာမတစ်ခုကို ချက်ခြင်း တွေးမိပေလိမ့်မည်။
ကောင်းကင်ဘုံဘိုးဘေး။
ကောင်းကင်ဘုံဘိုးဘေးသည် လွန်ခဲ့သောနှစ်ပေါင်းမရေမတွက်နိုင်သော အချိန်က လေဟာနယ်အတွင်းသို့ ပျောက်ကွယ်သွားခဲ့တာ ဖြစ်၏။ အခု ကောင်းကင်ဘုံဘိုးဘေး၏ အရိပ် ထပ်မံပေါ်လာသည်မှာ ပထမဆုံးအကြိမ်ပင်။ ဤသည်က ကောင်းကင်ဘုံမျိုးနွယ်အကြား ကြီးမားသောလှိုင်းတစ်ခုကို ဖြစ်စေလေသည်။
ကောင်းကင်ဘုံမျိုးနွယ် မဟာအင်ပါယာအားလုံး ပေါ်လာကာ ကောင်းကင်ထက်သို့ အရိုအသေ ပေးလိုက်ကြ၏။
တချိန်တည်းမှာ ရှေးနိုင်ငံ၏ နယ်မြေသုံးဆယ့်ခြောက်ခုတွင်လည်း ဝဲကတော့ကြီးတစ်ခု ပေါ်လာ၏။ ထိုဝဲကတော့မှာ နက်မှောင်ကာ နယ်မြေအားလုံးသို့ ပျံ့နှံ့လေသည်။
အနှီဝဲကတော့ထံမှ ကြောက်မက်ဖွယ်၊လွှမ်းမိုးနိုင်စွမ်း ကြီးသော အော်ရာ ထွက်ပေါ်သည်။ ဤသည်က ရှေးနိုင်ငံများရှိ လူတိုင်းကို မြေပြင်ထက်သို့ စိတ်လှုပ်ရှားစွာ ဒူးထောက်သွားစေသည်။
တချိန်တည်းမှာ ရွှမ်လောနှင့် ရှေးမဟာအင်ပါယာလေးပါးထဲမှ ကျန်သည့်နှစ်ယောက်သည် အလျင်စလို တံခါးပိတ်ကျင့်ကြံနေရာကနေ ထွက်လာကြ၏။ သူတို့သည် လေထဲ၌ ရပ်ကာ ကောင်းကင်ထက်ရှိ ဝဲကတော့ထံသို့ မယုံကြည်နိုင်ဟန်ဖြင့် ကြည့်သည်။
ကောင်းကင်ဘုံဘိုးဘေးကဲ့သို့ ဝဲကတော့အတွင်း၌ အရိပ်မရှိပေ။ မျက်လုံးတစုံသာ ရှိ၏။ ၎င်းမှာ ငွေရောင်မျက်လုံး တစုံပင်။ ၎င်းသည် ကောင်းကင်ဘုံရှေးဘိုးဘေးထံသို့ ကြည့်၏။ ထိုမျက်လုံးထံမှ ကြောက်မက်ဖွယ်ငွေရောင်အလင်းကို ထုတ်လွှတ်သည်။
အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ တခုလုံးသည် ဆူပွက်လာသလား မှတ်ထင်ရတော့၏။ နေကိုးစင်း တချိန်တည်း ပေါ်လာကာ သူတို့ထံမှ ထုတ်လွှတ်သော ဖိအားက လူတိုင်းကို တုန်ယင်စေသည်။
ထိုမျှသာ ဆိုပါက လူတိုင်းသည် တုန်လှုပ်မိမည် ဖြစ်သော်ငြားလည်း သံသယထင်မြင်ချက်များ ဖြစ်လေမည် မဟုတ်ပေ။ ကောင်းကင်ထက်၌ ထိုအရိပ်နှင့် မျက်လုံးတစုံ ပေါ်လာပြီးနောက် ကောင်းကင်ဘုံသားနှင့် ရှေးလူတို့၏ နယ်မြေများကြား၌ ဧရာမဝဲကတော့တစ်ခု ပေါ်လာပေသည်။
ထိုဝဲကတော့ ပေါ်လာမှုက အတိုင်းမသိ တုန်ခါမှုနှင့် ထိတ်လန့်မှုလှိုင်းကို ဖြစ်စေလေ၏။
“ဒါ…ဒါ မဖြစ်နိုင်ဘူး။ ကောင်းကင်ဘုံဘိုးဘေးနဲ့ ရှေးဘိုးဘေးတို့ ပုံရိပ်ယောင်တွေ ဆင်းသက်လာတဲ့အခါမှာ တတိယဝဲကတော့က ဘယ်လိုလုပ် ပေါ်လာနိုင်မှာလဲ…”
“ကောင်းကင်ဘုံဘိုးဘေးနဲ့ ရှေးဘိုးဘေးအောက်မှာ တတိယဝဲကတော့ ပေါ်လာတာလား။ ဒါက ဘာ အဓိပ္ပာယ်လဲ…”
“တတိယဝဲကတော့အတွင်းကဟာက ဘာကို ရည်ညွှန်းတာလဲ။ ဒါဟာ ကောင်းကင်ဘုံဘိုးဘေး၊ ရှေးဘိုးဘေးတို့နဲ့ အလားတူ တည်ရှိမှုကို ဆိုလိုတယ် မဟုတ်လား…”