ဘက်စုံပြုပြင်ခြင်း
Vol. 3 Ch. 23
အခန်းကျဉ်းကလေးထဲ၌ သူတစ်ယောက်တည်းသာ ရှိတော့၏။
ရှန်းယီသည် ခုတင်ထက် လဲလျောင်းရင်း မျက်စိအာရုံထဲ ပေါ်လာသော ဘောင်ကွက်ကို စိတ်အာရုံဖြင့် ခေါ်ယူလိုက်လေသည်။
သိုင်းပညာကျင့်ကြံခြင်းနှင့် ပတ်သက်၍ သူဟာ ဗဟုသုတ ခေါင်းပါးလှသူ ဖြစ်၏။
သို့သော် ထိုအမျိုးသမီးထံမှတဆင့် စွမ်းအင်စုစည်းခြင်းဆေးလုံးများ၊ အမြုတေဖွဲ့စည်းခြင်းနှင့် ကျောက်စိမ်း အဆင့်များအကြောင်းကို ဗဟုသုတအဖြစ် ကြားနာမှတ်သားခဲ့ရသည်။
သူ့အတွေးတို့သည် တောင်စဉ်ရေမရ လွင့်မျောနေမိ၏။
ခေတ္တမျှ ကြာသောအခါ ရှန်းယီသည် မိမိ၏အယူအဆကို စမ်းသပ်ကြည့်ရန်အတွက် အသားလုံးကို ထုတ်ယူလိုက်သည်။
ထိုအသားလုံးသည် ကြက်ဥတစ်လုံးထက် အနည်းငယ်မျှသာ သေးငယ်လေသည်။
သူသည် မျက်စိကို မှိတ်လျက် အသားလုံးကို ပါးစပ်ထဲသို့ ထည့်လိုက်၏။ လျှာဖျားထက်၌ ငါးညှီနံ့ကဲ့သို့ ခါးသက်သက် အရသာ ပျံ့နှံ့သွားသော်လည်း ယင်းအသားလုံးထဲတွင် ကိန်းအောင်းနေသော မိုးမြေစွမ်းအားမှာမူ ပျားရည်ကဲ့သို့ ဆွဲဆောင်မှု ရှိလှပေသည်။
ထိုခဏ၌ပင် ရှန်းယီသည် မိမိပိုင်ဆိုင်ထားသော သက်တမ်းစွမ်းအားများကို လေပြင်းလျှပ်စီး နတ်ဆိုးဖိနှပ်ခြင်းကျင့်စဉ် ထဲသို့ လောင်းထည့်လိုက်လေတော့သည်။
[လက်ကျန် နတ်ဆိုးသက်တမ်း - ၆၇၂ နှစ်]
[ပထမနှစ်၊ သင်သည် သားရဲအမြုတေမှ အညစ်အကြေးများကို ဖယ်ရှားပြီး အနှစ်သာရကိုသာ ယူငင်နိုင်ရန် ခုနစ်လကြာမျှ အချိန်ယူခဲ့ရ၏။ ထိုနည်းတူစွာပင် မိုးမြေစွမ်းအားများကို စုပ်ယူရန်လည်း မမေ့လျော့ခဲ့သဖြင့် သင်၏ကျင့်ကြံခြင်းခရီးသည် လျင်မြန်စွာ တိုးတက်လာခဲ့ပေသည်။]
[သင်သည် ဆဌမမြောက် မရီဒျန်ကို ဖြည့်ဆည်းနိုင်ခဲ့ပြီး လေပြင်းလျှပ်စီး နတ်ဆိုးဖိနှပ်ခြင်းကျင့်စဉ်မှာ တစ်စိတ်တစ်ပိုင်း အောင်မြင်ခဲ့ပြီ ဖြစ်၏။ သို့သော် သားရဲအမြုတေ၏စွမ်းအားများသည် ရပ်တန့်ခြင်းမရှိဘဲ ဆက်လက် စီးဆင်းနေသဖြင့် သတ္တမမြောက် မရီဒျန်ကိုပါ ထပ်မံ ဖြည့်ဆည်းနိုင်ခဲ့ပြန်သည်။]
[သင်သည် သွေးနတ်ဆိုး (မပြည့်စုံ) ပညာရပ်ကို သဘောပေါက် နားလည်လာခဲ့ပြီ ဖြစ်၏။]
[လက်ကျန် နတ်ဆိုးသက်တမ်း - ၆၇၁ နှစ်]
...
သက်တမ်းစွမ်းအားများကို လောင်းထည့်နေစဉ် ရှန်းယီ၏မျက်ဝန်းများတွင် အံ့သြခြင်းနှင့် တုန်လှုပ်ခြင်းများ ရောပြွမ်းနေလေသည်။
သူ၏တွေးဆချက်မှာ မှန်ကန်နေခဲ့ပြီကော။
အဖိုးတန် ဆေးဝါးများ ခန္ဓာကိုယ်အတွင်း၌ ရှိနေသရွေ့ ယင်းတို့သည် သိုင်းပညာ တိုးတက်မှုအပေါ် များစွာ အထောက်အကူ ပြုနိုင်ပေသည်တကား။
သို့သော် သူမမျှော်လင့်ခဲ့မိသည်မှာ ဤမျှလောက်ထိ ထိရောက်မှု ရှိလိမ့်မည် ဟူ၍ပင်။
ယခင်က မရီဒျန် နှစ်ခုကို ဖြည့်ဆည်းရန် အချိန်မည်မျှ ကြာခဲ့သနည်း။ အနှစ် ၂၀ တိတိ ကြာခဲ့၏။
ယခုမူကား သားရဲအမြုတေ တစ်လုံးကို စားသုံးလိုက်ရုံဖြင့် နှစ်ပေါင်း ၂၀ စာ ကြိုးပမ်းအားထုတ်မှုနှင့် ညီမျှသွားခဲ့လေပြီ။
ထိုအချက်က ရှန်းယီ၏စိတ်ထဲ၌ ဖြစ်ပေါ်နေသော ပုစ္ဆာတစ်ပုဒ်ကိုလည်း အဖြေပေးလိုက်သကဲ့သို့ ရှိချေ၏။
သာမန်လူတို့၏သက်တမ်းမှာ အလွန်ဆုံး နှစ်တစ်ရာသာ ရှိတတ်ပြီး ခန္ဓာကိုယ်ပြည့်စုံခြင်းအဆင့်သို့ ရောက်၍ ကနဦးနယ်ပယ်သို့ ခြေလှမ်းနိုင်ခဲ့လျှင်ပင် သက်တမ်း နှစ် ၄၀ ခန့်သာ တိုးနိုင်ပေသည်။
သို့သော် နတ်ဆိုးတို့မှာမူ နှစ်ပေါင်း ရာနှင့်ချီ၍ အသက်ရှင်နိုင်ကြသည်။
သူ၏သိုင်းအဆင့်ထက် နိမ့်ကျသော မွေးဝါကြီး ပင်လျှင် နှစ်ပေါင်း ၅၇၀ ကျော် ရှင်သန်ခဲ့သည် မဟုတ်ပါလော။
ဤသို့ အပေးအယူ ပြုလုပ်ရသော လောကကစားပွဲတွင် နတ်ဆိုးတို့သည် လူသား သိုင်းပညာရှင်တို့ထက် သက်တမ်းအားဖြင့် များစွာ သာလွန်နေလေသည်။
ကြည့်ရသည်မှာ ကျင့်ကြံခြင်း၏အနှစ်သာရမှာ လုယူခြင်းသက်သက်သာ ဖြစ်ချေသည်တကား။
အကယ်၍ မိုးမြေစွမ်းအင်ကို နေ့စဉ်ရက်ဆက် မိုက်မဲစွာစုဆောင်းမည် ဆိုပါက ဆံပင်ဖြူ၍ သွားကျိုးသည့်တိုင်အောင် ကနဦးနယ်ပယ်၏ အစောပိုင်း အဆင့်၌သာ တဝဲလည်လည် ဖြစ်နေရှာပေလိမ့်မည်။
"ဒီ သွေးနတ်ဆိုး ဆိုတာ ဘာပါလိမ့်"
ရှန်းယီသည် မျက်စိရှေ့မှ စာတမ်းကွက်ကို ကြည့်လိုက်ရာ သူ၏လက်ရှိ သိုင်းပညာအဆင့်အောက်၌ စာကြောင်းသစ် တစ်ကြောင်း ပေါ်လာသည်ကို တွေ့လိုက်ရ၏။
[သွေးနတ်ဆိုး (မပြည့်စုံ) - နတ်ဆိုးတစ်ကောင်၏ သားရဲအမြုတေကို စားသုံးပြီး အဆိပ်အတောက် ငွေ့သက်များ ယှက်နွယ်နေမှုကို သင်သည် ခံစားသိရှိပြီး စုပ်ယူလိုက်သည့်အတွက် သင်၏ ခန္ဓာကိုယ်အတွင်းရှိ မိုးမြေစွမ်းအားများတွင် တိုက်စားတတ်သော အာနိသင်များ ပါဝင်လာခဲ့ပြီ ဖြစ်၏။]
ထိုအကြောင်းအရာကို ဖတ်ရှုပြီးနောက် ရှန်းယီသည် မွေးဝါကြီးအသုံးပြုခဲ့သော နတ်ဆိုးပညာရပ်ကို ရုတ်တရက် သတိရလိုက်မိသည်။
အမှန်ပင် သူ၏သိုင်းအဆင့်သာ ထိုအကောင်ထက် မမြင့်မားခဲ့ပါက ခန္ဓာကိုယ်တွင်းရှိ စွမ်းအားများ ကုန်ခန်းသွားသည်နှင့် တပြိုင်နက် ထိုအရိုးစုများကဲ့သို့ပင် ပြည်တည်၍ အရည်ပျော်ကျသွားခဲ့ရပေလိမ့်မည်။
"အနည်းဆုံးတော့ တိုက်ခိုက်ရေးမှာ အသုံးဝင်မယ့် စွမ်းရည်တစ်ခု တိုးလာတာပေါ့လေ"
ရှန်းယီသည် စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး နတ်ဆိုးသက်တမ်းများကို ဆက်လက် လောင်းထည့်လိုက်ပြန်သည်။
[၂၇ နှစ် ကြာသောအခါ သင်သည် အဌမမြောက် မရီဒျန်ကို ဖြည့်ဆည်းနိုင်ခဲ့သည်။ သို့သော် ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများမှာ လွန်စွာ များပြားနေပြီး သင်၏ကိုယ်ပိုင် အငွေ့အသက်များ ပါဝင်နေသဖြင့် သန့်စင်သော မိုးမြေစွမ်းအားများနှင့် ပဋိပက္ခ ဖြစ်ပွားကာ သင်၏ကျင့်ကြံမှုနှုန်းမှာ နှေးကွေးသွားခဲ့ရသည်။]
[၄၉ နှစ် ကြာသောအခါ သင်သည် ကိုးခုမြောက် မရီဒျန်ကို ဖြည့်ဆည်းနိုင်ခဲ့ပြီး လေပြင်းလျှပ်စီး နတ်ဆိုးဖိနှပ်ခြင်းကျင့်စဉ်မှာ အတော်အတန် ခရီးပေါက်ခဲ့ပြီ ဖြစ်၏။]
ကြွယ်ဝချမ်းသာသူ ပီပီ ရှန်းယီသည် နှမြောတွန့်တိုခြင်း မရှိဘဲ တစ်ရှိန်ထိုး အားကုန်ဖြည့်ရန် ပြင်ဆင်လိုက်သည်။
[၇၂ နှစ် ကြာသောအခါ သင်သည် ဒသမမြောက် မရီဒျန်ကို ဖြည့်ဆည်းနိုင်ခဲ့သည်။ ဤကမ္ဘာလောကကြီးသည် သင့်မျက်စိအောက်၌ တဖြည်းဖြည်း ပိုမို ရှင်းလင်း ပြတ်သားလာခဲ့လေသည်။]
[၁၀၄ နှစ် ကြာသောအခါ ရေအိုးပြည့်လျှင် ရေလျှံကျသကဲ့သို့ သင်၏ခန္ဓာကိုယ်သည် ပြည့်ဝနေပြီး စွမ်းအင် အနည်းငယ်မျှကိုပင် ထပ်မံ လက်မခံနိုင်တော့ပေ။ မရီဒျန် (၁၂) ခုစလုံး ပြည့်ဝသွားပြီ ဖြစ်သဖြင့် လေပြင်းလျှပ်စီး နတ်ဆိုးဖိနှပ်ခြင်းကျင့်စဉ်မှာ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။]
[လက်ကျန် နတ်ဆိုးသက်တမ်း - ၅၆၈ နှစ်]
သိုင်းကျမ်းတစ်ခုကို ကျင့်ကြံခြင်းသည် ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရန် သေချာပေါက် အာမခံနိုင်သော်လည်း၊ပညာရပ်အသစ်များကို ဆင်ခြင်သုံးသပ် ဖော်ထုတ်ခြင်းမှာမူ ကံစမ်းမဲ နှိုက်ရသကဲ့သို့ပင် ဖြစ်ချေသည်။
ရှန်းယီသည် တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် အခြားနေရာတွင် အသုံးပြုရန် သက်တမ်း သုံးရာကို ချန်လှပ်ထားလိုက်ပြီး ကျန်ရှိသော သက်တမ်းများကို အကုန်လောင်းထည့်လိုက်လေသည်။
ထို့နောက်တွင်မူ ထပ်တလဲလဲ ပေါ်လာသော စာတမ်းများသည် သူ့ဦးနှောက်ကို ရှုပ်ထွေးသွားစေတော့သည်။
[ပထမနှစ်၌ သင်၏သိုင်းနယ်ပယ်မှာ ပြည့်စုံနေပြီ ဖြစ်သော်လည်း ရေဆန်လမ်းကို လှေလှော်သကဲ့သို့ မတိုးတက်လျှင် ဆုတ်ယုတ်မည်ကို စိုးရိမ်သဖြင့် နေ့စဉ်မပျက် ကြိုးပမ်းအားထုတ်ကာ မိုးမြေစွမ်းအားများကို မမောနိုင်မပန်းနိုင် စုဆောင်းနေမိ၏...]
[ဒသမနှစ်၌ သင်သည် ဆက်လက် စုဆောင်းနေဆဲ...]
[အနှစ် ၂၀ ကြာသောအခါ၌လည်း သင်သည် စုဆောင်းနေဆဲ...]
စာတမ်းအတန်းလိုက်ကြီးများသည် လျင်မြန်စွာ ခုန်တက်လာပြီး နောက်ထပ် စာတမ်းများက တွန်းဖယ်နေရာယူလိုက်ကြပြန်သည်။
ဤဖြစ်စဉ်သည် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ထပ်ခါတလဲလဲ ဖြစ်ပျက်နေ၏။
ရှန်းယီ၏လက်ဝါးပြင်၌ ချွေးများ စို့လာသည်။ သူသည် သည်းမခံနိုင်လောက်အောင် ဖြစ်လာချိန်၌ ယခင်စာတမ်းများနှင့် လုံးဝ ကွဲပြားခြားနားသော စာတစ်ကြောင်းသည် သူ၏မျက်စိရှေ့တွင် လက်ခနဲ ပေါ်လာလေတော့သည်။
[အနှစ် ၁၃၀ ကြာသောအခါ သင်၏ဇွဲလုံ့လကို ဆုချသည့် အနေဖြင့်၊ သင်၏ပထမ မရီဒျန်အတွင်းရှိ အနှစ်သာရစွမ်းအား တစ်မျှင်သည် ရုတ်တရက် အေးခဲသွားပြီး ကျောက်စိမ်းရည်ကြည် စက်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။]
[အနှစ် ၁၅၀ ကြာသောအခါ ဒုတိယမြောက် ကျောက်စိမ်းရည်ကြည်စက် ပေါ်လာပြန်၏။]
[၂၆၈ နှစ် ကြာသောအခါ သင်၏ပထမ မရီဒျန်အတွင်းရှိ အနှစ်သာရစွမ်းအား ထက်ဝက်နီးပါးသည် ကျောက်စိမ်းရည်ကြည် အဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။]
[လက်ကျန် နတ်ဆိုးသက်တမ်း - သုံးရာနှစ်]
ရှန်းယီ၏မျက်နှာထားမှာ ရှုပ်ထွေးနေ၏။ သူသည် အဖြစ်အပျက်ကို သဘောပေါက်ရန် မနည်း ကြိုးစားလိုက်ရသည်။
အနှစ်သာရစွမ်းအားကို အရည်အဖြစ် ဖွဲ့စည်းခြင်း ဆိုသည်မှာ လင်းပိုင်ဝေ့ ပြောပြခဲ့သော ကျောက်စိမ်း နယ်ပယ် နှင့် ဆက်စပ်နေကြောင်း တွေးဆရန် မခက်ခဲလှပေ။
ဤသည်မှာ နောက်တစ်ဆင့် နယ်ပယ်သို့ ကူးပြောင်းခြင်း ဖြစ်တန်ရာ၏။
မရီဒျန် ၁၂ ခုလုံးရှိ အနှစ်သာရစွမ်းအင်များ ကျောက်စိမ်းရည်ကြည်အဖြစ် ပြောင်းလဲသွားသောအခါမှသာ နောက်တစ်ဆင့်သို့ အမှန်တကယ် ရောက်ရှိပြီဟု ဆိုနိုင်ပေလိမ့်မည်။
ပြဿနာမှာ သူသည် နည်းလမ်းမှန်ကို ရှာမတွေ့သေးခြင်းပင်။
သူ၏ဆင်ခြင်သုံးသပ်မှုများတွင် သူသည် အချိန်ကို အတင်းအဓမ္မ ပုံအောအသုံးပြုပြီး ခန္ဓာကိုယ်တွင်းရှိ စွမ်းအားများကို ပြောင်းလဲယူသော အညံ့ဖျင်းဆုံး နည်းလမ်းကိုသာ အသုံးပြုနေမိခြင်း ဖြစ်သည်။
မရီဒျန်တစ်ခုပြည့်ရန် နတ်ဆိုးသက်တမ်း မည်မျှ လိုအပ်ပါသနည်း။ ၎င်းသည် အကျိုးအမြတ် နည်းပါးခြင်း မျှသာမကဘဲ ဖြုန်းတီးခြင်း သက်သက်သာ ဖြစ်နေတော့သည်။
ရှန်းယီသည် မျက်လုံးကို မှိတ်၍ ခန္ဓာကိုယ်အတွင်း ပြောင်းလဲမှုကို အာရုံခံကြည့်ရာ ကျောက်စိမ်းရည်ကြည်သည် သာမန် အနှစ်သာရစွမ်းအားထက် ပိုမို ထည်ဝါလေးလံသည်မှတစ်ပါး အခြားထူးခြားသော အာနိသင် မရှိသည်ကို တွေ့ရှိလိုက်ရသည်။
သူသည် သက်ပြင်းတစ်ချက် ချလိုက်ပြီး ကျန်ရှိသော သိုင်းပညာရပ်များဆီသို့ အာရုံပြောင်းလိုက်သည်။
ကျန်ရှိနေသော သက်တမ်း သုံးရာမှာ ထိုပညာရပ်များအတွက်ပင်။
ဓားသိုင်း၊ လက်သီးသိုင်း၊ ကိုယ်ဖော့ပညာ။
ရှန်းယီသည် မွေးဝါကြီးနှင့် တိုက်ခိုက်ခဲ့ပုံကို ပြန်လည် မြင်ယောင်ကြည့်ရာ ယခုအချိန်တွင် သူ အလိုအပ်ဆုံးမှာ တိုက်ခိုက်ရေး နည်းစနစ်များသာ ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
ထို့ကြောင့် သူသည် နတ်ဆိုးဖိနှိပ်ခြင်း ဓားသိုင်း ကို ရွေးချယ်လိုက်လေသည်။
[ပထမနှစ်တွင် ဤဓားသိုင်းသည် သင်၏လက်ရှိ အဆင့်အတန်းနှင့် ယှဉ်လျှင် ရိုးရှင်းလွန်းသည်ဟု ထင်ရသော်လည်း သင်သည် သိုင်းပညာကို စတင် လေ့လာခါစကကဲ့သို့ပင် ပြင်းထန်သော စိတ်ဓာတ်ဖြင့် ပြန်လည် လေ့ကျင့်ခဲ့ပြန်သည်။]
ယခင်က ခါးသီးမှုများကို ခံစားခဲ့ရဖူးသောကြောင့်လော၊သို့တည်းမဟုတ် ကံကောင်းခြင်းများ ရောက်လာသောကြောင့်လော မသိနိုင်၊ မကြာမီမှာပင် ရှန်းယီ၏မျက်မှောင်များ ပြေလျော့သွားခဲ့သည်။
[၄၆ နှစ် ကြာသောအခါ သင်သည် နောက်ဆုံး ဓားချက်ကို ခုတ်ပိုင်းလိုက်ရာ ခန္ဓာကိုယ် တစ်ခုလုံး လန်းဆန်းသွားသကဲ့သို့ ခံစားလိုက်ရ၏။ အခြေခံ ဓားကွက်များသည် သင့်စိတ်ထဲ၌ ပေါင်းစပ်သွားပြီး လုံးဝ သစ်လွင်သော အရာတစ်ခုအဖြစ် တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။]
[နှစ် ၅၀ ကြာသောအခါ သင်သည် ဓားသိုင်း တစ်စုံလုံးကို သဘောပေါက် နားလည်လာခဲ့သည်။ သို့သော် ထူးဆန်းသည်မှာ သင်၏လက်ချောင်းထိပ်များတွင် ရစ်ပတ်နေသော အခိုးအငွေ့များကို ကြည့်ရင်း ဤမျှနှင့် မလုံလောက်သေးဟု ခံစားရကာ နက်နဲသော အတွေးပင်လယ်ထဲသို့ ဈာန်ဝင်သကဲ့သို့ နစ်မြုပ်သွားပြန်သည်။]
[၅၅ နှစ် ကြာသောအခါ သင်သည် ကနဦးအဆင့် သွေးနတ်ဆိုးဓားသိုင်းကို တတ်မြောက်ခဲ့လေပြီ။]
[လက်ကျန် နတ်ဆိုးသက်တမ်း - ၂၄၅ နှစ်]
[ကနဦးအဆင့် သွေးနတ်ဆိုး ဓားသိုင်း (အခြေခံ)]
မရေမတွက်နိုင်သော သက်တမ်းများကို လောင်းထည့်လိုက်သည်နှင့်အမျှ ဓားသိုင်းအဆင့်သည် အခြေခံအဆင့်မှ ပြီးပြည့်စုံခြင်း အဆင့်သို့ လျင်မြန်စွာ ထိုးတက်သွားလေတော့သည်။
...
အရုဏ်ဦး ကြက်တွန်သံ ပေါ်လာသော အချိန်တွင်
ဘိုင်ယွင်မြို့ဝန်ရုံး၏အမှုထမ်းများ နားနေဆောင်တွင် အမှုထမ်းများဖြင့် ပြည့်ကျပ်နေသည်မှာ အံ့သြဖွယ်ရာပင်။
ချန်ကျိသည် အလယ်တွင် ရပ်နေပြီး သူ့ဘေးတွင် ခွေးနတ်ဆိုး ခေါင်း ၁၃ လုံးကို ချထားသည်။
ထိပ်ဆုံးရှိ ဂုဏ်သရေရှိ ထိုင်ခုံတွင် အပြာရောင် မန်ဒရင် ဝတ်ရုံကို ဝတ်ဆင်ထားသော ဆံဖြူ မုတ်ဆိတ်ဖြူနှင့် အဘိုးအိုတစ်ဦးသည် မတ်မတ် ထိုင်နေ၏။
သူသည် မျက်စိကို မှိတ်ထားပြီး ကုလားထိုင် လက်ရန်းကို သူ၏အရိုးပေါ်အရေတင် လက်များဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရာ လက်ပြန်ကြောများပင် ထောင်ထနေလေသည်။
"စာရေးကြီးလျိုခင်ဗျား... နတ်ဆိုးနှိမ်နင်းခြင်းဟာ ကျွန်တော်တို့ရဲ့ တာဝန်ဝတ္တရားတွေထဲက တစ်ခုပါပဲ..." ဆုန့်ချန်ဖုန်းက ညင်သာစွာ ရှင်းပြနေသည်။
ထိုစကားကို ကြားသောအခါ အဘိုးအိုသည် မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်ပြီး ကြမ်းပြင်ပေါ်ရှိ နတ်ဆိုးခေါင်းများကို တစ်ချက် ဝေ့ကြည့်လိုက်သည်။
ထို့နောက် ဆက်မကြည့်ရဲတော့သည့်ဟန်ဖြင့် မျက်နှာလွှဲလိုက်လေ၏။
သူသည် လက်ကို ယမ်းကာ "ငါ့မှာ အစွမ်းအစ မရှိပါဘူးကွာ... ဒါ မင်းတို့ရဲ့ စွမ်းဆောင်နိုင်မှုတွေပါ၊ ဒါ မှုခင်းထိန်း ရှန်းယီရဲ့ စွမ်းဆောင်နိုင်မှုတွေပါ... ဒီလိုဆိုမှတော့ နတ်ဆိုးကိစ္စတွေကို သူပဲ ဆက်ပြီး ကိုင်တွယ်ပါစေတော့..."
စကားမဆုံးမီ စာရေးကြီးလျို သည် ရုတ်တရက် ထရပ်လိုက်ပြီး သူ့ရှေ့ရှိ စားပွဲခုံကို ဒေါသတကြီး ကန်မှောက်လိုက်လေသည်။
"အဲဒီ ကိစ္စအဝဝကို ရှန်းယီတစ်ယောက်တည်း လက်ထဲ အကုန်အပ်လိုက်စမ်း"