← Chapters

အစိုးရ၏အရေးယူဆောင်ရွက်ချက်

Vol. 3 Ch. 24

အစိုးရ၏အရေးယူဆောင်ရွက်ချက်

Vol. 3 Ch. 24

"ဪ... ဒီလိုကိုး"

ရှန်းယီသည် စိတ်အာရုံထဲ၌ အသစ်ရရှိထားသော '

သွေးနတ်ဆိုး ဓားသိုင်းကို အရသာခံ ကြည့်လိုက်၏။

ဓားကွက်အလီလီတို့သည် ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေပေသည်။

ထိုဓားသိုင်းသည် နတ်ဆိုးတို့၏ရက်စက်ခြင်း အငွေ့အသက်များ လွှမ်းခြုံထားသည်မှာ ထင်ရှားလှပြီး၊ ယခင်က မိမိလေ့ကျင့်ခဲ့သော စည်းစနစ်ကျနလှသည့် နတ်ဆိုးဖိနှိပ်ခြင်း ဓားသိုင်း နှင့်ကား လုံးဝ တခြားစီပင် ဖြစ်နေတော့သည်။

အကြမ်းကို အကြမ်းဖြင့် တုံ့ပြန်ခြင်း ပေတည်း။

ဤသည်မှာ ကနဦးနယ်ပယ် နှင့် အမှန်တကယ် ကိုက်ညီသော ပြီးပြည့်စုံသည့် သိုင်းပညာရပ်တစ်ခု ဖြစ်ချေသည်။

ဖြတ်လမ်းနည်းဖြင့် အတင်းအဓမ္မ မြှင့်တင်ထားခဲ့ရသော နတ်ဆိုးဖိနှပ်ခြင်းအစစ်မှန်ယန် ဓားသိုင်း နှင့်ကား နှိုင်းယှဉ်၍ပင် ရမည် မဟုတ်ချေ။

ကနဦးနယ်ပယ်၏ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ၊ အကယ်၍သာ ထိုမွေးဝါကြီးနှင့် ထပ်မံ ရင်ဆိုင်ရပါက သုံးကွက်အတွင်း အပြတ်အသတ် အနိုင်ယူနိုင်မည်ဟု ရှန်းယီ ယုံကြည်လိုက်မိသည်။

သူသည် မျက်စိရှေ့မှ စာတမ်းကွက်ကို ကြည့်လိုက်၏။

နတ်ဆိုးသက်တမ်းမှာ ၁၃၀ သာ ကျန်တော့သည်။

ပိုလျှံနေသော သက်တမ်းများကို အခြားသော သိုင်းပညာ နှစ်ခု၌ သုံးစွဲခဲ့သော်လည်း ကံမကောင်း အကြောင်းမလှစွာဖြင့် အရာမထင်ခဲ့လှပေ။

လက်သီးနှင့် လက်ဝါးသိုင်း ကျွမ်းကျင်မှုကဲ့သို့သော ပါရမီတစ်ခုကိုသာ ရရှိခဲ့သည်။

[ပျံလွှားငှက်ကဲ့သို့ ပေါ့ပါးခြင်း - နှစ်ပေါင်းများစွာ ကိုယ်ဖော့ပညာ လေ့ကျင့်ခဲ့မှုကြောင့် သင်သည် မိမိခန္ဓာကိုယ်ကို ထိန်းချုပ်ရာ၌ ပိုမို ကျွမ်းကျင်လာပြီး လှုပ်ရှားမှုတိုင်းသည် သိမ်မွေ့ ညက်ညောလာပေသည်။]

ဘာမှ မရသည်ထက်စာလျှင်တော့ တော်သေးသည် ဟု ဆိုရမည်။

ရှန်းယီသည် စိတ်ပျက်အားငယ်ခြင်း မရှိပေ။ ယခုအခါ၌ ဤစာတမ်းကွက်၏အသုံးပြုပုံကို သူ ကောင်းစွာ သဘောပေါက် နားလည်သွားပြီ ဖြစ်သည်။

သိုင်းပညာ အသစ်တစ်ခုကို ဆင်ခြင်သုံးသပ် ဖော်ထုတ်ရာတွင် အချိန်ထက် ပို၍ အရေးကြီးသည်မှာ ကုန်ကြမ်းစုဆောင်းမိမှုပင် ဖြစ်ချေသည်။

သက်တမ်းကိုသာ အားကိုးနေပါက ရေပေါ်အရုပ်ဆွဲသကဲ့သို့ မရေရာသော ဉာဏ်အလင်းပွင့်မှုကိုသာ မျှော်လင့်နေရပေလိမ့်မည်။

သိုင်းပညာရပ် အများအပြားကို လေ့လာဆည်းပူးထားမှသာ တစ်ခုကို သိ၍ တစ်ခုကို ချိတ်ဆက်ကာ အသစ်အဆန်းများကို ဖန်တီးနိုင်မည် ဖြစ်သည်။

ထိုအရာသည် ဘာမျှမရှိသော အတွေးအာရုံဖြင့် ထိုင်၍ စိတ်ကူးယဉ်နေရုံမျှဖြင့် ပြီးမြောက်နိုင်သော ကိစ္စ မဟုတ်ပေ။

ဥပမာအားဖြင့် ဆိုရလျှင် သွေးနတ်ဆိုး ဓားသိုင်း သည် သားရဲအမြုတေမှ ရရှိသော သွေးနတ်ဆိုး စွမ်းအားနှင့် ပေါင်းစပ်ထားခြင်း ဖြစ်ပြီး၊ လေပြင်းလျှပ်စီးရတနာကျမ်း သည် နတ်ဆိုးဖိနှိပ်ခြင်းအစစ်မှန်ယန်ဓားသိုင်း ရှိနေခြင်းကြောင့်သာ ကနဦးနယ်ပယ်၏လမ်းကြောင်းကို ဖောက်လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

"ရသလောက်နဲ့ပဲ ရောင့်ရဲရမှာပေါ့လေ"

တစ်ညတာအတွင်း သူ ပြုလုပ်ခဲ့သော တိုးတက်မှုများသည် သာမန်လူတစ်ယောက် အဖို့ အဖိုးတန်ဆေးဝါးများ သို့မဟုတ် ထူးခြားဆန်းကြယ်သော ကံကောင်းမှုများ မရှိဘဲ တစ်သက်လုံး ကြိုးစားလျှင်ပင် ရနိုင်မည် မဟုတ်ချေ။

ဤသည်မှာပင်လျှင် ကြီးမားသော အခွင့်အရေး ဖြစ်နေပေပြီ။

ရှန်းယီသည် ထလိုက်ပြီးနောက် ဗီရိုကို ကြည့်လိုက်ရာ လင်းပိုင်ဝေ့ လျှော်ဖွပ်မီးပူတိုက်ထားသော အဝတ်အစားများကို တွေ့လိုက်ရသည်။

သူသည် အဝတ်များကို လှမ်းယူလိုက်ပြီး အင်္ကျီကို ချွတ်လိုက်ရာ အပြစ်ပြောစရာမရှိအောင် ကျစ်လျစ်သော ကြွက်သားအမြှောင်းမြှောင်း ပေါ်လာလေသည်။

တစ်ခုတည်းသော အားနည်းချက်မှာ သူ၏ပျင်းရိမှုကြောင့် ဖြစ်၏။ လမ်းကင်းလှည့်ခြင်းကိုပင် ဝန်လေးခဲ့သဖြင့် သူ၏အသားအရေမှာ ကျန်းမာသန်စွမ်းခြင်း မရှိဘဲ ဖြူဖျော့ဖျော့ ဖြစ်နေခြင်းပင်။

ဤအရာက ကြီးကြီးမားမား ပြဿနာတော့ မဟုတ်ပေ၊ နေရောင်ခြည် ပိုမို ထိတွေ့ခံလိုက်လျှင် ပြီးသွားမည့်ကိစ္စပင်။

ရှန်းယီသည် အဝတ်အစားများကို လျင်မြန်စွာ လဲလှယ်လိုက်ပြီး နောက်သို့ လှည့်ကြည့်လိုက်ရာ တံခါးဝ၌အသက်အောင့်၍ ရပ်ကြည့်နေသော အမျိုးသမီးကို တွေ့လိုက်ရသည်။

"ကိစ္စ ရှိလို့လား"

"ဒီ... ဒီတိုင်း ကြည့်နေတာပါ"

လင်းပိုင်ဝေ့သည် တွယ်တာမက်မောနေသော အကြည့်များကို ရုတ်သိမ်းလိုက်ပြီး သူမ၏ဗိုက်ကလေးကို ပွတ်သပ်လျက် "ဒီနေ့ မနက်စာ ရှိလားဟင်" ဟု မေးလိုက်သည်။

"ခဏ စောင့်"

ရှန်းယီသည် အပြင်သို့ ထွက်လာခဲ့ပြီး လမ်းဘေးဆိုင်လေးမှ ပေါင်မုန့်ပြား နှစ်ချပ် ဝယ်ယူလိုက်သည်။

မရရှိသေးသော သိုင်းကျမ်း နှစ်အုပ်အကြောင်းကို တွေးမိရင်း သူသည် တုံ့ဆိုင်းသွားကာ "ကြက်ဥတစ်လုံးလောက် ထည့်ရင်... ဘယ်လောက်ကျမလဲ"

စဉ်းစားကြည့်လျှင် သူသည် မှုခင်းထိန်း အရာရှိတစ်ဦး ဖြစ်သည့်အပြင် မကောင်းသော အကျင့်စာရိတ္တလည်း မရှိသဖြင့် ငွေကြေး မပြတ်လပ်သင့်ပေ။

သူ့ရာထူးကို ဆက်ခံခဲ့သည့် ယခင်လူတွင် ငွေရှာသည့် နည်းလမ်းပေါင်းများစွာ ရှိခဲ့သည်။ သူသာ ရက်စက်တတ်မည် ဆိုလျှင်...

"အရာရှိ ရှန်း... ပေါင်မုန့်ပြား နှစ်ချပ်အတွက်နဲ့ ဘာပိုက်ဆံ ပေးနေမှာလဲဗျာ။ ကြိုက်တယ်ဆိုရင် နောက်ခါ လာပြီး များများသာ စားပါဗျ"

ဈေးသည်က ခေါင်းကို ညွှတ်အရိုအသေပြုရင်း ထုပ်ပိုးထားသော ပေါင်မုန့်များကို ကမ်းပေးလိုက်သည်။

"စေတနာကို ကျေးဇူးတင်ပါတယ်ဗျာ၊ ဒါပေမဲ့ မလိုပါဘူး" ရှန်းယီက ခေါင်းခါလျက် ကြေးပြား ဆယ်ပြားကို ထုတ်ကာ စားပွဲပေါ် တင်ပေးလိုက်သည်။

သူသည် မနက်စာကို အိမ်သို့ ပြန်ပို့ပေးလိုက်၏။

ရှန်းယီသည် မြို့ဝန်ရုံးတော်သို့ လမ်းလျှောက်လာရင်း ပေါင်မုန့်ကို ကိုက်ဝါးလာခဲ့သည်။ သို့သော် လမ်းတစ်ဝက်၌ ထူးခြားသော အခြေအနေ တစ်ရပ်ကို သတိပြုမိလိုက်သည်။

ပေါက်စီသည်ဖြစ်စေ၊ ဟင်းရွက်သည်ဖြစ်စေ၊ လမ်းသွားလမ်းလာတိုင်းသည် သူ့အား စူးစမ်းသော မျက်လုံးများဖြင့် ခိုးကြည့်နေကြသည်ကို တွေ့ရ၏။

သို့သော် သူက ပြန်လှည့်ကြည့်လိုက်လျှင်မူ ခေါင်းငုံ့ကာ မိမိတို့ အလုပ်ကိုသာ အလုပ်ရှုပ်နေဟန် ဆောင်နေကြပြန်သည်။

"ခုချိန်ကစပြီး ဘိုင်ယွင်ခရိုင်မှာ နတ်ဆိုးတွေ၊ မကောင်းဆိုးဝါးတွေနဲ့ ပတ်သက်သမျှ ကိစ္စဟူသမျှ သူ့ဆီကိုပဲ တင်ပြရတော့မယ်တဲ့"

"သူ အရာရှိ ရှန်း လား"

"ဒီလောက် စောစောစီးစီး ဘာတွေ လာပြီး ပေါက်ကရ ပြောနေတာလဲ။ မင်းသမီးလေးတွေ၊ အိမ်ဖော်မလေးတွေ အရမ်း ဖြူစင်လွန်းနေလို့ စိတ်ပူနေတာလား၊ ဒါမှမဟုတ် မင်းအိတ်ကပ်ထဲမှာ ငွေတွေ သုံးမကုန်အောင် များလွန်းနေလို့လား... နတ်ဆိုးကိစ္စဆိုရင် သူက သေချာပေါက် ကူညီပေးနိုင်မှာပါကွ"

"အသံ တိုးတိုးလုပ်စမ်းပါ၊ မနေ့က ဘာဖြစ်ခဲ့လဲ မင်း သိရဲ့လား။ အနောက်ဘက် ဆင်ခြေဖုံးမှာ နတ်ဆိုးတွေ မရှိတော့ဘူးတဲ့။ ရွာဘက်က တောသားနှစ်ယောက် ကိုယ်တိုင် ပြောပြတာကွ... နေရာတကာမှာ ပြည့်နေတဲ့ နတ်ဆိုးတွေကို ခေါင်းဖြတ်ပြီး မြို့ဝန်ရုံးဆီ ပို့လိုက်ပြီတဲ့... အဲဒါကို ဦးဆောင်တဲ့သူက အရာရှိ ရှန်း တဲ့ကွ"

ကနဦးနယ်ပယ် သိုင်းပညာရှင် တစ်ဦး ဖြစ်လာပြီဖြစ်သော ရှန်းယီသည် သူ့ပတ်ဝန်းကျင်ရှိ တီးတိုးပြောဆိုသံများကို ခြင်တစ်ကောင် ညည်းသံကဲ့သို့ အကုန်အစင် ကြားနေရလေသည်။

သူသည် ခြေလှမ်းကို သွက်ကာ မြို့ဝန်ရုံးခန်း အတွင်းသို့ ဝင်ရောက်လိုက်သည်။

ရုံးခန်းတွင်း အခြေအနေမှာ ပုံမှန်နှင့် မခြားနားသော်လည်း လူသူကင်းမဲ့ကာ ခြောက်ကပ်နေ၏။

ကျယ်ဝန်းလှသော ရုံးဝင်းကြီးထဲတွင် လူလေးယောက်သာ ရှိနေသည်မှာ အံ့သြဖွယ်ရာပင်။

ချန်ကျိသည် ခံစားချက် ကင်းမဲ့သော မျက်နှာထားဖြင့် တံမြက်စည်း လှည်းနေသည်။ နျိုညီအစ်ကို နှစ်ယောက်နှင့် ကျန်းတာ့ဟွာ တို့မှာမူ တံခါးဝတွင် ထိုင်လျက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ တွေဝေငေးမောနေကြလေသည်။

ရှန်းယီ ဝင်လာသည်ကို မြင်သောအခါ။

ကျန်းတာ့ဟွာသည် မြေကြီးပေါ်မှ ခုန်ထလျက် "အရာရှိ ရှန်း နောက်ဆုံးတော့ ရောက်လာပြီပဲ။ ကျုပ်တို့ဘက်ကနေ ရပ်တည်ပေးပါဦးဗျာ" ဟု အော်ဟစ် ငိုယိုလေတော့သည်။

သူသည် အလွန်အမင်း နစ်နာနေသည့်ဟန်ဖြင့် ပြေးဝင်လာ၏။

"ကျုပ်တို့ကို လမ်းကင်းလှည့်ခွင့် မပေးဘဲနဲ့ အဲဒီ နတ်ဆိုးသားရဲကောင်တွေကို သွားရှင်းခိုင်းတာ ဘာသဘောလဲဗျာ။ အနောက်ဘက် လမ်းသုံးသွယ်ကနေ ရတဲ့ အကျိုးအမြတ်က ဘယ်လောက်တောင် များလိုက်သလဲ။ အဲဒါတွေအကုန်လုံးက ကျုပ်တို့ ညီအစ်ကိုတွေ ကြိုးကြိုးစားစား ရှာဖွေထားတဲ့ မိသားစု စီးပွားရေးတွေပါဗျာ... အဲဒါကို ဟိုကောင်ဆုန့်က စကားတစ်ခွန်းတည်းနဲ့ ဖျက်စီးပလိုက်တယ်"

"အရာရှိ ရှန်း... ခင်ဗျားက စာရေးကြီးလျိုရဲ့ မျက်နှာသာပေးခံရတဲ့ လူယုံပဲဟာ... ဆုန့်ချန်ဖုန်း ဆိုတဲ့ကောင်က ဒီလောက် မောက်မာဝံ့ကြွားရဲတယ် ဆိုတော့ ကျုပ်တို့ မျက်နှာကို ဖြတ်ရိုက်တာတင် မကဘူး... သူက ပြောင်ပြောင်တင်းတင်းကြီး..."

ချန်ကျိသည် သူ့ကို တိတ်ဆိတ်စွာ တွန်းဖယ်လိုက်ပြီး ရှန်းယီ၏ဘေးနားသို့ ကပ်လျက် "ဒါ စာရေးကြီးရဲ့ သဘောထားပါ" ဟု တီးတိုး ပြောလိုက်သည်။

ရုံးခန်းထဲတွင် ကျန်ရစ်သော လေးယောက်မှာ မနေ့က လျိုမိသားစု ထံသို့ သွားရောက်ခဲ့သူများ ဖြစ်နေကြသည်မှာ တိုက်ဆိုင်မှု မဟုတ်ပေ။

စာရေးကြီးလျို၏ ရည်ရွယ်ချက်မှာ ယခုအခါ ထင်ရှားနေလေပြီ။

ဤလူနည်းစုကို ဘေးဖယ်ထုတ်လိုရုံ သက်သက်မဟုတ်ဘဲ သေစေလိုသော သဘောလည်း ပါဝင်နေသည်။

ရှန်းယီနှင့် ပေါင်းသင်းဆက်ဆံလျှင် မည်သို့သော ကံကြမ္မာမျိုး ကြုံရမည်ကို အခြားသူများအား ပြသလိုခြင်း ဖြစ်၏။

ဪ... မောင်မင်းက နတ်ဆိုးသတ်တာ တော်တယ်ပေါ့လေ

ဒါဆိုရင်လည်း အကုန်လုံးကိုသာ သတ်ပေရော့။

လူတိုင်းမြင်သာအောင် အများပြည်သူသိ ကြေညာချက် ထုတ်ပြန်မည်။ ထို့နောက် သူ့ကို အမြင့်ဆုံးသို့ မြှောက်တင်ပေးပြီးမှ ပြုတ်ကျလာသည်ကို အေးစက်စက် မျက်လုံးများဖြင့် ကြည့်ရှုနေမည်။

အကယ်၍ မောင်မင်း မလုပ်ရဲပါက၊ လိမ္မာသမ္မာစွာ နေထိုင်ပြီး ပြဿနာ မရှာဘဲ ငြိမ်ငြိမ်နေရပေမည်။

"ခင်ဗျား မွေးဝါကြီးကို သတ်လိုက်တဲ့ကိစ္စကို သူသိသွားပြီ။ ညသန်းခေါင်ကြီး ရောက်လာပြီး ဒေါသတွေ ပေါက်ကွဲနေတာလေ... ခင်ဗျားနဲ့ ထိပ်တိုက်တွေ့မှာ ကြောက်လို့ မိုးမလင်းခင် ပြန်သွားတယ်"

ချန်ကျိက ခါးသီးစွာ ပြုံးပြလိုက်သည်။

ရှန်းယီ ရုတ်တရက် ထုတ်ဖော်ပြသလိုက်သော အစွမ်းအစများသည် စာရေးကြီးလျိုအား အကြီးအကျယ် တုန်လှုပ်စေခဲ့ရုံသာမက ကြောက်လန့်တကြားပင် ဖြစ်သွားစေခဲ့သည်မှာ ထင်ရှားလှပေသည်။

သို့သော် ဤမျှနှင့် မလုံလောက်သေးပေ...

မြို့ဝန်မင်း ကိုယ်တိုင် ချင်းကျိုးပြည်နယ်မှ ပင့်ဖိတ်လာသော၊ မွေးဝါကြီးကို ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် အစွမ်းထက် သိုင်းပညာရှင်ကြီးပင်လျှင် တစ်လ လစာ ငွေခြောက်ရာသာ ရရှိသည်။

ဆွတ်ဆွတ်ဖြူသော ငွေတုံး ခြောက်ရာသည် သာမန်လူတစ်ယောက်ကို ဖိမိလျှင် ပြားသွားစေနိုင်သော်လည်း၊ ဘိုင်ယွင်ခရိုင်၏နောက်ကျိသော ရေပြင်တွင်မူ လှိုင်းဂယက်ပင် ထစေမည် မဟုတ်ချေ။

ခွေးနတ်ဆိုးအပြင် ခရိုင်ပြင်ပတွင် လူသားစား နတ်ဆိုးများစွာ ရှိနေသေး၏။

ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက နတ်ဆိုးနှိမ်နင်းရေးဌာန ဝင်ရောက် စစ်ဆေးမည် ဆိုလျှင်ပင် ဦးစွာပထမ ခရိုင်တစ်ခုလုံးကို သိမ်းပိုက်ခြင်း၊ ပြည်သူများကို ပြောင်းရွှေ့ခြင်းနှင့် တည်ငြိမ်သော လုပ်ဆောင်ချက်များကို အဆင့်ဆင့် လုပ်ဆောင်ရမည် ဖြစ်သည်။

နတ်ဆိုးပြဿနာကို သုံးနှစ်၊ ငါးနှစ်အတွင်း ဖြေရှင်းနိုင်လျှင်ပင် အတော်လေး ဟုတ်လှပြီဟု ပြောရမည်။

နှစ်အနည်းငယ်မျှသာ ကြာမည်ဟု မထင်မှတ်လိုက်ပါနှင့်။

မြို့ဝန်နှင့်အခြား အရာရှိများ အဖို့မူ ဆယ်စုနှစ်တစ်ခုကြာ ကြိုးပမ်းအားထုတ်ခဲ့သမျှ သဲထဲရေသွန် ဖြစ်သွားရမည့် အပြင်၊ သူတို့၏အနာဂတ်မှာလည်း မှေးမှိန်သွားပြီး ရာထူးတိုးတက်မည့် အခွင့်အလမ်းများ ပျောက်ဆုံးသွားပေလိမ့်မည်။

နန်းတော်မှ နတ်ဆိုးများကို ရှင်းလင်းပြီးနောက် သူ့အား မူလရာထူး ပြန်ပေးခဲ့လျှင်ပင်၊ သူ၏လက်ထဲ၌ ကျန်ရစ်မည့်အရာမှာ လူသူကင်းမဲ့ပြီး ဆင်းရဲမွဲတေနေသော ခရိုင်တစ်ခုသာ ဖြစ်နေပေလိမ့်မည်။

ဤအဖြစ်မျိုးကို သူတို့ လုံးဝ လက်မခံနိုင်ကြပေ။

နတ်ဆိုးနှိမ်နင်းခြင်းကို ဟန့်တားခြင်းသည် မျိုးဆက်ကိုးဆက်တိုင် သုတ်သင်ခံရနိုင်သည့် ကြီးလေးသော ပြစ်မှုကြီး ဖြစ်နေခြင်းနှင့် ရှန်းယီတွင် ထူးကဲသော သိုင်းပညာများ ရှိနေခြင်းတို့ကြောင့်သာ မဟုတ်လျှင်၊

အာဏာပိုင်များသည် ဤမျှ ယုတ်မာသော အစီအစဉ်ကိုပင် အသုံးပြုနေမည် မဟုတ်ဘဲ၊ သူ့ရာထူးကို ချက်ချင်း ရုပ်သိမ်းခြင်း သို့မဟုတ် သူ့ခေါင်းကို ဖြတ်ယူမည့်သူကို ရှာဖွေခြင်းတို့ကို ချက်ချင်း လက်ငင်း ပြုလုပ်ကြပေလိမ့်မည်။

"အရာရှိ ရှန်း" ချန်ကျိ၏ မျက်နှာထားမှာ ရှုပ်ထွေးနေ၏။

သူ့အိမ်တွင် ပြုစုစောင့်ရှောက်ရန် လိုအပ်နေသော ညီမလေး တစ်ယောက် ရှိသော်လည်း၊ ယခုအခါ အထက်လူကြီးများက သူ့အား ရှန်းယီ၏ ကြံရာပါဟု တံဆိပ်ကပ်လိုက်သဖြင့် သူ့စိတ်အာရုံများ လေးလံလာရသည်။

သူ့အဖြစ်က ဤသို့ ရှိနေသော်လည်း၊ တစ်ဖက်လူမှာမူ ပစ်မှတ်ထား တိုက်ခိုက်ခြင်းကို အဓိက ခံနေရသူ ဖြစ်သည်။

ထိုအချက်ကို တွေးမိသောအခါ သူ့မျက်လုံးများတွင် စာနာမှု အရိပ်အယောင်များ ယှက်သန်းလာပြီး

"စာရေးကြီးလျိုက မပြန်ခင် ကျွန်တော့်ကို စကားတစ်ခွန်း မှာသွားပါသေးတယ်။ သူက ပြောတယ်... အကယ်၍ ခင်ဗျားသာ အမှားကို သိမြင်ပြီး အသိတရား ဝင်လာမယ်ဆိုရင် ဝိုင်အရက်တစ်အိုး ယူလာပြီး သူနဲ့အတူ ထိုင်သောက်ပါတဲ့... မြို့ဝန်မင်းက တခြားသူတွေကို ငွေခြောက်ရာ ပေးနိုင်သေးရင် ခင်ဗျားကိုရော လျှော့ပေးစရာ အကြောင်း ရှိပါ့မလား တဲ့..."

All Chapters