ဆရာယင်ခုနစ်
Vol. 3 Ch. 28
ထိုစကားကို ကြားလိုက်ရသောအခါ လင်းအိမ်တော်ထိန်းခမျာ နှလုံးသား၌အမွှေးပေါက်မတတ် ကျောချမ်းသွားလေတော့သည်။
ခရိုင်အုပ်ချုပ်ရေးမှူးဖိတ်ကြားထားသော ပညာရှင်က ရှန်းယီကို သိနေသည်မှာ ထားပါတော့၊ ယခု သခင်မလေး ခေါ်လာသော ဧည့်သည်ကပါ ရှန်းယီကို သိနေပြန်သည်။
လူချင်းသိနေကြပါလျက်နှင့် နတ်ဆိုးနှိမ်နင်းမည် ဟုဆိုကာ လင်းမိသားစု တစ်ခုလုံးကို ဝါးမြိုသွားကြလျှင် မခက်ပေလော။
တစ်ဖက်တွင်မူ ချန်ကျိ၏မျက်နှာထားသည် မိုးသားတိမ်လိပ်များပမာ အုံ့မှိုင်းလာချေပြီ။
ယခင်က သံသယ ခုနစ်ဆယ်၊ ရှစ်ဆယ် ရာခိုင်နှုန်းလောက်သာ ရှိခဲ့သော်လည်း၊ ယခု အနက်ရောင်ဝတ် လူငယ်၏စကားကို ကြားလိုက်ရသောအခါ ထိုသူသည် လူရေခွံခြုံထားသော နတ်ဆိုးတစ်ကောင် ဖြစ်ကြောင်း သူ အတပ်ပြောရဲပေသည်။
အခြားအကြောင်းကြောင့် မဟုတ်၊ ထိုသူ၏လေသံကြောင့်ပင် ဖြစ်၏။
ထိုလေသံမျိုးကို ချန်ကျိ ကောင်းစွာ ရင်းနှီးဖူးလေသည်။ မနှစ်မြို့ဖွယ် အတိတ်အောက်မေ့ဖွယ်ရာများကိုပင် ပြန်လည်အမှတ်ရစေ၏။
လွန်ခဲ့သော နှစ်များအတွင်း မြို့ထဲသို့ ဝင်ရောက်လာကြသော နတ်ဆိုးကောင်တို့သည် ရှန်းယီနှင့် စကားပြောရာတွင် ဤလေသံမျိုးကိုသာ သုံးနှုန်းလေ့ရှိကြသည်။
ထို့နောက်တွင်ကား လူသားအစိမ်းလိုက် စားသောက်ခြင်း၊ သို့တည်းမဟုတ် တခြားအိမ်မှ မိန်းမပျိုလေးများကို ဖမ်းဆီးခေါ်ဆောင်ခြင်းများ ပြုလုပ်လေ့ရှိကြစမြဲပင်။
ထိုသို့ တွေးမိသည်နှင့် သူသည် ဘေးမှ ရှန်းယီကို အလောတကြီး လှမ်းကြည့်လိုက်မိသည်။
ရှန်းယီ၏မျက်နှာမှာမူ ရေပြင်ညီပမာ တည်ငြိမ်လျက်ရှိပြီး အနက်ရောင်ဝတ် လူငယ်၏စကားကြောင့် စိတ်အနှောင့်အယှက် ဖြစ်ပုံမရပေ။
သူသည် လက်နှစ်ဖက်ကို ဘေးတွင်ချလျက် လျိုချီ၏အလောင်းကို ငြိမ်သက်စွာ စိုက်ကြည့်နေပြီး ခေတ္တမျှကြာသော် “လူတွေ အကုန် အပြင်ထွက်နေကြပါ” ဟု အမိန့်သံ ပါးပါးလေး ဆိုလေသည်။
ထိုစကားကို ကြားသည်နှင့် လင်းအိမ်တော်ထိန်းမှာ မိမိပါးစပ် မိမိ ပြန်ရိုက်ချင်စိတ် ပေါက်သွားတော့၏။
သူ ဘာများ တွေးနေပါလိမ့်၊ ဤသို့သော လူစားမျိုးကို အိမ်သို့ ခေါ်လာမိလေခြင်း၊ အခြေအနေတွေ မရှုပ်ထွေးသေးဟု ထင်နေသည်လော။
အပြင်လူများ ကောလဟလ ယုံကြသည်မှာ ထားဦး၊ သူကဲ့သို့ နှစ်ပေါင်းများစွာ အိမ်တော်ထိန်း လုပ်လာသူက အဘယ်ကြောင့် ဤမျှ ဉာဏ်နည်းရပါသနည်း။
ဤသည်မှာ နတ်ဆိုးနှိမ်နင်းရေးဌာန မဟုတ်ကြောင်း မမြင်လေသလော။
စိတ်ပျက်လက်ပျက် ဖြစ်နေသော အိမ်တော်ထိန်းသည် နောက်သို့လှည့်၍ ထွက်ခွာသွားသည်။
ချန်ကျိသည် နှုတ်ဆိတ်နေလျက် ရှန်းယီကို တစ်ချက် လှမ်းကြည့်သည်။
ရှန်းယီက မိမိအား ရည်ရွယ်ချက်ရှိရှိချန်လိုက်ခြင်း မဟုတ်ကြောင်း သေချာမှသာ သက်ပြင်းချကာ “ကျွန်တော် သွားပါတော့မယ်” ဟု အရိုအသေပြု၍ ထွက်ခွာလာခဲ့သည်။
နှစ်ယောက်သား ဘေးခန်းမှ ထွက်လာကြသောအခါ အိမ်တော်ထိန်း၏စိတ်ပျက်နေသော မျက်နှာကို မြင်လိုက်ရသည့် ပိန်လှီသော ရသေ့ကြီးမှာ ကျေနပ်အားရနေသည့် အမူအရာ ပေါ်လာကြသည်။
“ငါ ပြောသားပဲ၊ နောက်ဆုံးတော့လည်း သူက မာန်တက်နေတဲ့ လူငယ်လေး တစ်ယောက်ပါပဲကွာ။ ကံကောင်းလို့ စွမ်းအားတချို့ ရခဲ့တာကို ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး အရှက်ကွဲမှပဲ အမှတ်သည်းခြေ ရှိမယ့်ကောင်မျိုး”
“ကျုပ်တို့ထဲမှာ ဘယ်သူကများ ကံကောင်းခြင်းတွေ မကြုံဖူးလို့လဲ၊ ဘယ်သူက ပါရမီရှင် မဟုတ်လို့လဲ၊ သူ့လို ကံတရားကို တန်ဖိုးမထားတတ်တဲ့ကောင်မျိုးပဲ ရှိတာ”
“လူမိုက်ဆိုတာ အမြဲတမ်း မိုက်မဲနေမှာပဲ၊ ဆွေးမြေ့နေတဲ့ သစ်တုံးကို ပန်းပုထုလို့ မရနိုင်ဘူး”
စီနီယာဖြစ်သူ၏လှောင်ပြောင်သံများကို ကြားရသော်လည်း သားသတ်သမားကျန်းမှာမူ စိတ်မဝင်စားသကဲ့သို့ ထိုင်ချလိုက်ပြီး မြက်ပင်တစ်ပင်ကို နှုတ်ကာ ပါးစပ်ထဲ ထည့်ဝါးရင်း မှိုင်တွေနေပြန်သည်။
လှောင်ပြောင်သံများ ချန်ကျိ၏နားထဲသို့ ဝင်ရောက်လာ၏။
သူသည် အေးစက်သော မျက်လုံးများဖြင့် လှမ်းကြည့်လိုက်သည်။ သိုင်းလောကမှ စီနီယာကြီးများ ဟု ဆိုသူများသည် သူ ထင်ထားသကဲ့သို့ မဟုတ်ဘဲ ရွံရှာဖွယ် ကောင်းနေသည်ဟု ခံစားလိုက်ရသည်။
ရှန်းယီသည် မည်မျှပင် အရည်အချင်းမရှိဟု ဆိုစေကာမူ လျူလီမြောင်ရွာသို့ တစ်ယောက်တည်း သွားရောက်ကာ နတ်ဆိုးကောင် ၁၃ ကောင်၏ အလောင်းများကို ပြန်သယ်လာနိုင်ခဲ့သူ ဖြစ်သည်။
ထိုအတွက် သူရလိုက်သည်မှာ ငွေစ ၂ ကျပ်နှင့် ၄ ပြားသာ။
ဤလူကြီးများမှာမူ ဘိုင်ယွင်ခရိုင်တွင် နေထိုင်လာသည်မှာ ကြာပြီဖြစ်သော်လည်း လက်ဖျားကလေးပင် မလှုပ်ခဲ့ကြ။
အသက်သာကြီးပြီး လေလုံးထွားနေသော ဤလူစားမျိုးက တစ်လလျှင် ငွေစ ခြောက်ရာတန်ကြေး ရှိပါသလော။
“ဟေ့ကောင်လေး... ဘာကြည့်တာလဲ”
တစ်ခုခုကို အာရုံခံမိသကဲ့သို့ ပိန်လှီသော ရသေ့ကြီးက ခေါင်းလှည့်လာသည်။ မျက်ဝန်းများမှာ အေးစက်ပြီး မကောင်းသောအရိပ်အယောင်များ ယှက်သန်းနေ၏။
ရှန်းယီကို သည်းခံနိုင်သည်မှာ ရှန်းယီသည် ကနဦးအဆင့် ကျင့်ကြံခြင်းကို ကျော်ဖြတ်ပြီးသူ ဖြစ်သောကြောင့် ဖြစ်သည်။
သို့သော် သာမန် အရာရှိငယ်လေး တစ်ယောက်က သူ့ကို ဤသို့ စိုက်ကြည့်ရဲသည်မှာ ဘယ်အချိန်ကတည်းကနည်း။
လေငြိမ်နေသော်လည်း ရသေ့ကြီး၏ဝတ်ရုံနက်မှာ လှုပ်ခတ်သွားပြီး အရိုးနှင့်အရေသာ ရှိသော လက်ဝါးကြီးက သိမ်းငှက်လက်သည်းပမာ ကွေးကောက်လျက် အင်္ကျီလက်ကြားမှ ထွက်ပေါ်လာသည်။
ပြင်းထန်သော သိုင်းအရှိန်အဝါ တစ်ခုက ချန်ကျိအား လွှမ်းခြုံသွားလေ၏။
ချန်ကျိ၏မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး အံကို တင်းတင်း ကြိတ်ထားလိုက်သည်။
ပုံမှန်အခြေအနေဆိုလျှင် သူသည် သည်းခံခြင်း၏ တန်ဖိုးကို နားလည်သူ ဖြစ်သည်။
တစ်ဖက်လူ၏ မျက်လုံးကို စိုက်ကြည့်ရဲမည် မဟုတ်၊ ခေါင်းငုံ့ကာ အပြစ်ဝန်ခံပြီး ပြီးစလွယ် လုပ်လိုက်မည်သာ။
သို့သော် ယခုအချိန်တွင်မူ အမည်မသိ ဒေါသတစ်ခုက သူ့ရင်ထဲမှ ထိုးထွက်လာခဲ့သည်။
ဓားလက်ကိုင်ရိုးပေါ် တင်ထားသော သူ့လက်က ရုတ်တရက် တင်းကျပ်သွားပြီး ငွေရောင်လက်နေသော ဓားသွားကို ဆွဲထုတ်လိုက်သည်တွင် အားလုံး၏အာရုံက သူ့ထံ ရောက်ရှိလာကြသည်။
“နတ်ဆိုးနှိမ်နင်းရေးဌာနက အမှုခင်း ကိစ္စ ဆောင်ရွက်နေတာ၊ ခင်ဗျားတို့လို သိုင်းလောကသားတွေက ဘယ်အချိန်ကတည်းက ဝင်ပါပြီး ဆရာလုပ်ခွင့် ရသွားတာလဲ”
“အရာရှိရှန်းက အစိုးရမင်းအတွက် အမှုထမ်းနေတာ၊ ခင်ဗျားတို့က ဘာကောင်တွေမို့လို့ ဒီမှာ လာပြီး ပေါက်ကရတွေ ပြောနေရတာလဲ။ ပါးစပ် ပိတ်ထားကြစမ်း”
ထိုစကားများ ထွက်ပေါ်လာသည်နှင့် ပိန်လှီသော ရသေ့ကြီးမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တောင့်တင်းသွားပြီး စကားမပြောနိုင် ဖြစ်သွားသည်။ အတော်ကြာမှ သူသည် ထစ်အနဲနဲဖြင့်
“ကောင်းပြီလေ... ကောင်းပါပြီ၊ မင်းက အစိုးရအာဏာနဲ့ ငါ့ကို ဖိအားပေးတယ်ပေါ့...”
လင်းအိမ်တော်ထိန်းခမျာ ကြောက်လွန်းသဖြင့် ခြေထောက်များ တုန်ရီနေပြီး ပေါင်နှစ်ချောင်းကို မသိမသာ ဖိကပ်ထားမိသည်။
ဤဂိုဏ်းသားများ အကြောက်ဆုံးအရာမှာ နတ်ဆိုးနှိမ်နင်းရေးဌာန၏ဖိနှိပ်ခြင်း ခံရမည်ကို ဖြစ်ကြောင်း သိထားရမည်။
ရသေ့ကြီးက ဒေါသပြေသွားပုံ ရသော်လည်း အမှန်တကယ်တွင် သူ့စကားများ၌ လူသတ်လိုသော အရိပ်အယောင်များ ကိန်းအောင်းနေပေသည်။
ဤအမှုထမ်းလေး သူ့ဝတ်စုံကို ချွတ်ရမည့် အချိန် ရောက်လာဦးမည်... ရှန်းယီက သူ့ကို ကာကွယ်ပေးနိုင်မည်ဟု အထင်ရှိနေသလော။
မြက်ပင်ဝါးနေသော သားသတ်သမား ကျန်းတစ်ယောက်သာလျှင် ထိုစကားကို ကြားပြီးနောက် ခေတ္တမျှ ကြောင်သွားပြီး၊ ပါးစပ်ထဲမှ မြက်ပင်ကို ထွေးထုတ်ကာ အသံမထွက်ဘဲ ပါးစပ်ကြီးဟလျက် ရယ်မောနေတော့သည်။
တစ်ချိန်တည်းမှာပင် တံခါးပေါက်ဝသို့ လှမ်းကြည့်လိုက်သော သူ့မျက်လုံးများတွင် စူးစမ်းလိုစိတ်များ ယှက်သန်းလာသည်။
'စိတ်ဝင်စားစရာပဲ၊စိတ်ဝင်စားစရာပဲ။ နတ်ဆိုးနဲ့ တွေ့တုန်းကတောင် ဓားမထုတ်ခဲ့တဲ့ ကောင်လေးက သူ့ဆရာကို စော်ကားတာ မြင်တော့ မူလအဆင့် သိုင်းပညာရှင်ကိုတောင် မမှုဘဲ ဓားထုတ်ရဲပါလား။'
လက်အောက်ငယ်သားကပင် ယခုထိ လေးစားရလောက်အောင် ဤလူ မည်သို့စွမ်းဆောင်ထားသနည်း။
...
အပြင်ဘက်မှ ဆူညံသံများနှင့် နှိုင်းယှဉ်လျှင် ဘေးခန်းလေးထဲ၌ အတော်အတန် တိတ်ဆိတ်ငြိမ်သက်နေသည်။
အနက်ရောင်ဝတ် လူငယ်သည် လက်ကောက်ဝတ်ကို ပျင်းရိစွာ လှုပ်ခါရင်း လျူချီ၏အလောင်းနားသို့ လျှောက်သွားကာ၊ ရွံရှာဖွယ် အကြည့်ဖြင့် လက်ကျန် လက်မောင်းတစ်ဖက်ကို ဆွဲဖြုတ်၍ အားရပါးရ ဝါးစားလိုက်လေသည်။
“မင်းကို ပြောဖို့ စကားနည်းနည်းလောက်တော့ ကုန်မယ် ထင်ထားတာ၊ မင်းဖြစ်နေတော့ ငါ့အတွက် အချိန်ကုန် သက်သာသွားတာပေါ့။ စိတ်မရှိပါနဲ့ကွာ၊ ငါက စည်းမျဉ်းတွေကို နားလည်ပါတယ်။ နောက်ဆို ငါ့ကို ဆရာယင်ခုနစ် လို့ပဲ ခေါ်”
ရှန်းယီသည် တစ်ဖက်လူ၏စားသောက်နေပုံကို ခံစားချက်မဲ့စွာ ကြည့်နေသည်။
ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း အလျဉ်းမရှိပေ။
လွန်ခဲ့သော ရက်ပိုင်းအတွင်း ဤသို့သော မြင်ကွင်းမျိုးကို သူ မကြာခဏ မြင်တွေ့ခဲ့ရပြီးပြီ ဖြစ်သည်။
သူ့စိတ်ထဲ၌ တစ်ခုတည်းသော ခံစားချက်မှာ လျိုချီသည် သိုင်းပညာရှင် တစ်ယောက် ဖြစ်ခဲ့ပြီး၊ ယခု မြင်ကွင်းမှာ နတ်ဆိုးကို ရှုံးနိမ့်သွားသူ၏ နိဂုံးချုပ်အဖြစ် ဖြစ်နေသောကြောင့်ပင်။
“မင်းကို ဆူပူနေတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ သူက ငါ့ကို တစ်ခါ ပြောဖူးတယ်၊ တစ်ခုခု လိုအပ်ရင် သူ့ကို သွားရှာလိုက် တဲ့။ ငါ စောင့်နေတာ ကြာလှပြီ၊ မင်း ငါ့ဆီ လာမယ့်ပုံ မပေါ်လို့ ကိုယ်တိုင်ပဲ ဆင်းလာခဲ့ရတာ”
အနက်ရောင်ဝတ် လူငယ်သည် အနည်းငယ် စိတ်မရှည် ဖြစ်လာသည်။
“ဒီနေ့ကစပြီး သုံးရက်တစ်ခါ လာခဲ့၊ ကြားလား။ များတယ်လို့ မထင်နဲ့ဦး။ ငါက လအနည်းငယ်လောက်ပဲ နေမှာ”
ရှန်းယီက လူများကို အပြင်ထွက်ခိုင်းလိုက်သည်မှာ မေးခွန်းတစ်ခုတည်း မေးရန်အတွက်သာ ဖြစ်သည်။
“သူမ ဘယ်မှာလဲ”
“ဘာလဲ၊ ဆရာယင်ခုနစ် ပြောတာကို အလေးမထားဘူးပေါ့၊ သူကိုယ်တိုင် ပြောမှ ရမှာလား”
ဆရာယင်ခုနစ်သည် အသားတုံးများကို မြိုချလိုက်ပြီး မျက်မှောင်ကြုတ်လျက် ရှန်းယီဘက်သို့ ခြေလှမ်းလှမ်းလာသည်။
သူသည် မေးမော့လျက် ရှန်းယီကို စိုက်ကြည့်ကာ ပါးစပ်ထောင့်မှ အသားစများကို သုတ်ရင်း စိတ်မရှည်စွာ ပြောသည်။
“သူ အပြင်ထွက် ကစားနေတာ ကြာပြီလေ၊ မြောက်ဘက် ကမ်းပါးက သူ့အမေဆီ ပြန်သွားတာ၊ ရက်နည်းနည်းနေရင် ပြန်လာလိမ့်မယ်။ မင်းသာ ငါ့ဗိုက်ကို ဆာလောင်အောင် လုပ်မယ်ဆိုရင်တော့ သူ့ကို စောင့်နေစရာ မလိုဘဲ ငါကိုယ်တိုင် မင်းကို ရှင်းပစ်လိုက်မယ်”
ထိုအချိန်တွင် ရှန်းယီ၏မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားသည်ကို ဆရာယင်ခုနစ် သတိထားလိုက်မိသည်။
တစ်စုံတစ်ခုကို စိတ်ပျက်သွားသကဲ့သို့ပင်... ငယ်စဉ်က ယုန်တွင်းတူးရာတွင် ယုန်တစ်အုပ်လုံး မိမည်ဟု မျှော်လင့်ထားသော်လည်း တစ်ကောင်တည်းသာ မိသောအခါ ဖြစ်ပေါ်လာတတ်သည့် မျက်နှာထားမျိုးဖြစ်လေ၏။
နောက်တစ်ခဏတွင် ရှန်းယီသည် မျက်လွှာချလိုက်သည်။
ထိုမျက်ဝန်းများထဲတွင် ရေခဲတမျှ အေးစက်သော အငွေ့အသက်များ မြင့်တက်လာ၏။
အကြောင်းရင်းကို မသိရသော်လည်း ဆရာယင်ခုနစ်သည် ရုတ်တရက် ရင်ဘတ်ထဲ၌ ဒိန်းကနဲ ခုန်သွားပြီး တစ်ကိုယ်လုံးမှ ကြွက်သားများတောင့်တင်းသွားသည်ကို ခံစားလိုက်ရသည်။
အန္တရာယ်နှင့် ရင်ဆိုင်ရတော့မည့် တိရစ္ဆာန်တစ်ကောင်၏ဗီဇကဲ့သို့သော ကြောက်ရွံ့မှုမျိုးပင်။
ကနဦးအဆင့်သို့ ရောက်ရှိပြီးကတည်းက ဤကဲ့သို့ ခံစားချက်မျိုး သူ တစ်ခါမျှ မကြုံဖူးခဲ့။
“...”
အပြင်ဘက်တွင် ချန်ကျိသည် ဓားရိုးကို တင်းတင်းဆုပ်ထားလျက် မျက်နှာသေ ဖြစ်နေသည်။
ပိန်လှီသော ရသေ့ကြီးမှာ တစ်ဖက်တွင် ခံစားချက်မဲ့စွာ ရပ်နေပြီး၊ အလယ်တွင် ရောက်နေသော အိမ်တော်ထိန်း လင်းမှာမူ ထွက်ပြေးချင်စိတ် ပေါက်နေသကဲ့သို့ ဒုက္ခရောက်နေသည့် မျက်နှာထားဖြင့် ရှိနေသည်။
ရုတ်တရက် ဝုန်းကနဲ မြည်ဟီးသံကြီးတစ်ခု ထွက်ပေါ်လာကာ ခြံဝန်းတစ်ခုလုံး တုန်ဟီးသွား၏။
ဝုန်း
ခိုင်ခံ့သော သစ်သားတံခါးရွက်များ ချက်ချင်း ကွဲအက်လွင့်စင်သွားပြီး၊ သစ်သားစများ ကြားမှ အနက်ရောင် လူရိပ်တစ်ခု လွင့်ထွက်လာကာ သွေးနီရဲရဲများ အန်ထုတ်လျက် ပါလာသည်။
ပြင်းထန်သော စွမ်းအားတစ်ခု ရိုက်ခတ်ခြင်း ခံလိုက်ရသကဲ့သို့ ထိုသူသည် ကျောက်ပြားခင်း လမ်းပေါ်သို့ ရိုက်ကျသွားပြီး အကြိမ်ကြိမ် လိမ့်သွားပြီးမှ ရပ်တန့်သွားသည်။
သားသတ်သမား ကျန်းသည် ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ပြီး၊ အိမ်တော်ထိန်း လင်းမှာမူ အလန့်တကြား အော်ဟစ်ကာ ခေါင်းကို အုပ်လျက် ဝပ်ချလိုက်သည်။
ပိန်လှီသော ရသေ့ကြီးသည် တုန်ရီစွာဖြင့် ခေါင်းလှည့်ကြည့်လိုက်ပြီး၊ ချန်ကျိသည်တော့ ဓားရှည်ကို ကိုင်လျက် ငေးမောနေသည်။
လူအများ၏အကြည့်များက တံခါးပေါက်ဝဆီသို့ ပြိုင်တူ ရောက်ရှိသွားကြသည်။
ထိုပျက်စီးသွားသော တံခါးပေါက်၏နောက်ကွယ်တွင်...
ရှန်းယီသည် သူ၏လက်အိတ်ဝတ်များကို သပ်ရပ်စွာ ပြင်ဆင်ရင်း၊ မျက်နှာထား တည်ငြိမ်စွာဖြင့် အခန်းထဲမှ ထွက်ခွာလာလေသည်။