← Chapters

သူဌေးကြီးလင်း၏ ဖိတ်ခေါ်မှု

Vol. 3 Ch. 30

သူဌေးကြီးလင်း၏ ဖိတ်ခေါ်မှု

Vol. 3 Ch. 30

ရှန်းယီ၏မေးခွန်းအဆုံးတွင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွား၏။ သူသည် တည်ငြိမ်အေးဆေးသော အကြည့်ဖြင့် ရှေ့မှရသေ့ကြီးကို စိုက်ကြည့်နေဆဲပင်။

ထိုအကြည့်က ပြင်းထန်လွန်းသဖြင့် ပိန်လှီသော ရသေ့ကြီးမှာ ခဏမျှ ကြောင်အသွားပြီး တစ်ဖက်လူက တကယ်ပဲ အဖြေကို သိချင်နေခြင်းဖြစ်သည်ဟုပင် ထင်မှတ်သွားမိသည်။

ခဏအကြာတွင်မှ... သူ၏ရင်ထဲ၌ ဒေါသမီးများ တဟုန်းဟုန်း တောက်လောင်လာတော့သည်။

သူ၏အကြည့်များမှာ ရက်စက်ယုတ်မာလာပြီး အသက်ရှူသံများ မြန်ဆန်လာ၏။

သူ ဘိုင်ယွမ်ခရိုင်သို့ ရောက်ရှိလာသည့် နေ့မှစ၍ မည်သူတစ်ဦးတစ်ယောက်ကမျှ သူ့ကို ဤသို့ ရဲရဲတင်းတင်း ရန်စစော်ကားရဲခြင်း မရှိခဲ့ဖူးချေ။

ပိန်လှီသော ရသေ့ကြီးသည် သူ၏လက်သီးကို တင်းတင်းဆုပ်လိုက်ရာ လက်သည်းများက လက်ဖဝါးထဲသို့ စူးဝင်သွားပြီး နာကျင်မှုကို ခံစားလိုက်ရသည်။

သူသည် ရှေ့မှလူ၏ဦးခေါင်းကို အားကုန်သုံးကာ ရိုက်ခွဲပစ်လိုက်ချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်နေသည်။

သို့သော်လည်း... ထူးဆန်းသည်မှာ ရှေ့မှလူ၏ တည်ငြိမ်လွန်းသော အကြည့်အောက်တွင် သူသည် အကြောင်းပြချက်မရှိဘဲ စိုးရိမ်တုန်လှုပ်လာကာ လက်ကို မြှောက်ရန် ဝေခွဲမရ ဖြစ်နေမိသည်။

'ငါများ လင်းအိမ်တော်မှာ အနေချောင်ပြီး စိတ်ဓာတ်တွေ ပျော့ညံ့သွားတာလား။'

'မဟုတ်ဘူး... သေလူတစ်ယောက်နဲ့ အငြင်းပွားနေတာက အကျိုးမရှိဘူး။ ဒါဟာ ပညာရှိတဲ့ လုပ်ရပ်မဟုတ်ဘူး။'

'မြောက်ဘက်ကမ်းပါးက မြေခွေးနတ်ဆိုးကို ရန်စလိုက်မှတော့ ဒီကောင် ဘယ်မှာ အသက်ရှင်နိုင်ဦးမှာလဲ။ ငါ့လက်ကို သွေးအပေခံနေစရာ မလိုပါဘူး။'

ဤသို့ တွေးတောလိုက်ပြီးနောက် ပိန်လှီသော ရသေ့ကြီးသည် မဲ့ပြုံးတစ်ခုကို အတင်းအဓမ္မ ဖန်တီးလိုက်သော်လည်း ယခင်ကလောက် ယုံကြည်ချက်မရှိတော့ဘဲ... "နန်းတွင်းက အရာရှိဆိုတော့လည်း အရာရှိရှန်းက ခရိုင်ဝန်မင်းထက်တောင် အရှိန်အဝါ ကြီးမားနေပါလား။ ကျုပ်ရဲ့ စော်ကားမိမှုတွေကို ခွင့်လွှတ်ပါဦး" ဟု ပြောလိုက်ရလေသည်။

ထိုစကားကို ကြားသောအခါ ရှန်းယီက ခေါင်းညိတ်ပြပြီး လှည့်ထွက်သွားသည်။

သို့သော် တစ်ခုခုကို သတိရသွားသကဲ့သို့ နောက်သို့ ပြန်လှည့်ကြည့်ကာ စိုးရိမ်ပေးသည့် လေသံဖြင့်...

"ခင်ဗျား အသက်အရွယ်နဲ့ဆိုရင် အဲဒီလို ပါးစပ်ကြီးကို မဲ့မဲ့ပြီးမပြုံးသင့်ဘူးဗျ။ အကြောသေပြီး မျက်နှာရွဲသွားတတ်တယ်" ဟု ဆိုလိုက်၏။

"ဟွန့်..."

ပိန်လှီသော ရသေ့ကြီးသည် မသိစိတ်ဖြင့် သူ၏ နှုတ်ခမ်းထောင့်များကို ပြန်ပြင်လိုက်မိပြီးမှ မျက်ခွံများ တဆတ်ဆတ် တုန်ယင်လာတော့သည်။

အေးအေးလူလူ ထွက်ခွာသွားသော ရှန်းယီ၏ ကျောပြင်ကို ကြည့်ရင်း သူ၏ရင်ဘတ်ထဲတွင် အောင့်တက်လာကာ ပါးစပ်ထဲ၌ သွေးကဲ့သို့ ချိုအီအီ အရသာတစ်ခုဝင်ရောက်လာလေသည်။

သားသတ်သမား ကျန်းသည် သူ၏စီနီယာအစ်ကိုကြီးနားသို့ ချဉ်းကပ်လာပြီး သနားစဖွယ် အကြည့်တစ်ချက် ပေးလိုက်ကာ လင်းအိမ်တော်ထဲမှ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားတော့သည်။

"ကျုပ်တို့အိမ်ထဲမှာ ဒီလောက် ကြောက်စရာကောင်းတဲ့ ကျားနတ်ဆိုးကြီး ပုန်းနေလိမ့်မယ်လို့ မထင်ထားမိဘူးဗျာ"

နောက်ကျမှ ရောက်လာသော သူဌေးကြီးလင်းသည် လှည်းပေါ်သို့ တင်ထားသည့် ကြီးမားသော ကျားအလောင်းကြီးကို ကြည့်ကာ မျက်လုံးအပြူးသား ဖြစ်နေသည်။

သူသည် ရပ်နေဆဲဖြစ်သော ပိန်လှီသည့် ရသေ့ကြီးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဖားယားသော အပြုံးများဖြင့် ရှန်းယီ၏နောက်သို့ အပြေးအလွှား လိုက်သွားလေသည်။

"အရာရှိရှန်း... ခဏလောက် နေပါဦးဗျ"

သူဌေးကြီးလင်း၏ဝတုတ်ခန္ဓာကိုယ်သည် တန်ဖိုးကြီး ဝတ်စုံများကြောင့် ပို၍ လေးလံနေသဖြင့် မပြေးနိုင်ဘဲ အနောက်မှ အော်ဟစ်ကာ အမီလိုက်နေရသည်။

ရှန်းယီသည် နားမလည်စွာဖြင့် ရပ်တန့်လိုက်၏။

"အရင်က ဖြစ်ခဲ့တဲ့ ကိစ္စတွေအတွက် တောင်းပန်ဖို့ လာတာပါ"

သူဌေးကြီးလင်းသည် ဒူးပေါ် လက်ထောက်ကာ အမောတကောဖြင့် ရှက်ကိုးရှက်ကန်း ပြောလိုက်သည်။

"မင်းက ကျုပ်သမီးလေးရဲ့ အသက်သခင်ပါဗျာ။ ဒါကို ကျုပ်က နတ်ဆိုးနဲ့ ပူးပေါင်းပြီး သမီးကို ဒုက္ခပေးတယ်၊ သမီးလေး မှတ်ဉာဏ်တွေ ပျောက်သွားအောင် လုပ်တယ်လို့ သံသယဝင်ခဲ့မိတယ်။ မင်းက သမီးကို အိမ်ပြန်ပို့ပေးတာဟာ လောင်းကစားဖို့နဲ့ ပျော်ပါးဖို့ ငွေလာညှစ်တယ်လို့ ထင်ခဲ့မိတာ..."

ထိုစကားကို ကြားသောအခါ ရှန်းယီ၏ မျက်နှာထား အနည်းငယ် တင်းမာသွားသည်။

"ဒါဟာ ကုန်သည်တစ်ယောက်ရဲ့ ကျဉ်းမြောင်းတဲ့ အမြင်နဲ့ သူတစ်ပါးကို အထင်သေးခဲ့မိတဲ့ ကျုပ်ရဲ့ အမှားပါပဲ" ဟု သူဌေးကြီးလင်းက နောင်တရစွာ ညည်းညူနေသော်လည်း ရှန်းယီက မျက်နှာလွှဲလိုက်သည်ကိုမူ သတိမထားမိပေ။

"မင်းက လူကောင်းတစ်ယောက်ပါ။ ပိုင်ဝေ့က နတ်ဆိုးရဲ့လှည့်စားမှုကို ခံခဲ့ရတာ။ ဒီနေ့သာ အရာရှိရှန်း မရှိရင် ကျုပ်တို့ လင်းမိသားစု တစ်စုလုံး အဲဒီကျားနတ်ဆိုးရဲ့ အစာ ဖြစ်သွားမှာ အသေအချာပဲ"

"..."

ထိုနာမည်ကို ထပ်မံ ကြားလိုက်ရပြန်သဖြင့် ရှန်းယီ တိတ်ဆိတ်သွားမိသည်။

ယခင်လူ ထားရစ်ခဲ့သော ပြဿနာများထဲတွင် ဤကိစ္စက အန္တရာယ်အရှိဆုံး ဖြစ်နေသည်။

သူ့အနေဖြင့် မြေခွေးနတ်ဆိုးကို သတ်ဖြတ်ပြီး နှုတ်ပိတ်ပစ်ရန် သို့မဟုတ် လင်းပိုင်ဝေ့ အစစ်ကို ဖျောက်ပစ်ပြီး မြောက်ဘက်ကမ်းပါးမှ မြေခွေးနတ်ဆိုးနှင့် ပူးပေါင်းရန်... ဤနှစ်လမ်းသာ ရှိသည်။

တတိယလမ်း ဟူသည်မှာ မရှိသလောက်ပင်။

ခုနက သူ၏ပြတ်သားသော ဓားချက်သည် ကျားနတ်ဆိုးကို ခေါင်းဖြတ်လိုက်ရုံသာမက သူ၏ နောက်ဆုတ်ရန်လမ်းကိုပါ ဖြတ်တောက်ပစ်လိုက်ခြင်း ဖြစ်သည်။

ရှန်းယီသည် မိမိကိုယ်ကိုယ် အရှုံးအမြတ်ကို တွက်ချက်တတ်သည့် သာမန်လူတစ်ယောက်ဟုသာ သတ်မှတ်ထားသည်။

သို့သော် ကိစ္စရပ်များကို ရိုးရှင်းစွာပဲ ရင်ဆိုင်လိုက်လျှင် မကောင်းပေဘူးလား။ နို့မပြတ်သေးတဲ့ ကလေးတစ်ယောက်လို ဟိုဟာလည်း မစွန့်နိုင်၊ ဒီဟာလည်း မလွှတ်နိုင် ဖြစ်နေစရာ လိုပါသလား။

"ဒါတွေ ပြောနေစရာ မလိုပါဘူး။ အစိုးရ လစာစားနေတဲ့သူပီပီ ကိုယ့်တာဝန်ကိုယ် ကျေပွန်အောင် ထမ်းဆောင်တာဟာ မှန်ကန်တဲ့ လုပ်ရပ်ပါပဲ"

ရှန်းယီသည် အတွေးများကို စုစည်းလိုက်ပြီး လှည်းကို ဆွဲလာသော ချန်ကျိကို ခေါင်းညိတ်ပြကာ သူဌေးကြီးလင်းကို နှုတ်ဆက်လိုက်သည်။

"မှန်ကန်တဲ့ လုပ်ရပ်တဲ့လား..." သူဌေးကြီးလင်းက ထိုစကားကို လိုက်ဆိုရင်း စိတ်ထဲတွင် ခါးသီးမှုကို ခံစားလိုက်ရသည်။

'သူ ခရိုင်ဝန်မင်းကို ငွေတွေ ဘယ်လောက်ပေးထားရသလဲ၊ ဒါပေမဲ့ ပိန်လှီတဲ့ ရသေ့ကြီးကတော့ ပိုက်ဆံယူပြီး အလုပ်လုပ်တာကို "မှန်ကန်တဲ့ လုပ်ရပ်" လို့ မတွေးခဲ့ဘူးလေ။'

"အရာရှိရှန်း... ပိုင်ဝေ့ ပြန်ရောက်လာတဲ့အခါ ကျုပ်အိမ်ကို လက်ဖက်ရည်သောက်ဖို့ ဖိတ်ပါရစေဦး။ သမီးလေးက သိုင်းပညာတွေ သင်ယူထားတာဆိုတော့ အသက်ချင်းလည်း သိပ်မကွာလှတဲ့ မင်းတို့နှစ်ယောက် ပြောစရာတွေ အများကြီး ရှိမှာပါ" ဟု သူဌေးကြီးလင်းက အကြံပြုသည်။

ထိုစကားကို ကြားသောအခါ ချန်ကျိမှာ မသိစိတ်ဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။

ဘိုင်ယွမ်ခရိုင်တွင် လင်းမိသားစု၏တစ်ဦးတည်းသော သမီးဟာ နတ်သမီးလေးလို လှပကြောင်း မည်သူမသိဘဲ နေမည်နည်း။

လူပျိုများစွာက သူမအား တံတွေး တမြုံ့မြုံ့နှင့် ငေးနေကြသည်။ သူမနှင့် ယှဉ်ရင် သူ့ညီမလေးက ရိုးအေးစွာလှပေမဲ့ မိသားစု အဆင့်အတန်းရော၊ အတွေ့အကြုံရော အများကြီး ကွာခြားလွန်းလှသည်။

'နေပါဦး... ငါက ဘာလို့ သခင်မလေးလင်း နဲ့ ငါ့ညီမကို လာယှဉ်နေတာလဲ။'

ချန်ကျိ သူ့နဖူးကို သူ ပြန်ရိုက်လိုက်မိသည်။

'ဒါ့အပြင် အရာရှိရှန်းရဲ့အခုသိုင်းပညာ အဆင့်အတန်းနဲ့ဆိုရင် နတ်ဆိုးတွေနဲ့ ပတ်သက်ခဲ့ဖူးတဲ့ မိန်းကလေးမျိုးကို စိတ်ဝင်စားပါ့မလား။'

"ဘယ်လိုလဲ မိတ်ဆွေလေးရှန်း" သူဌေးကြီးလင်းက မျှော်လင့်တကြီး မေးလိုက်သည်။

ရှန်းယီသည် ခါးကြားမှ ဓားကို ငုံ့ကြည့်လိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်၏။ "ကောင်းပါပြီ"

သဘောတူညီချက် ရလိုက်သဖြင့် သူဌေးကြီးလင်း အလွန်အမင်း ဝမ်းသာသွားသည်။

လူငယ်အချင်းချင်းဆိုပါက ပိုပြီးထိတွေ့မှု ရှိလာလျှင် တစ်ခုခု ဖြစ်လာနိုင်သည် မဟုတ်လော။

ချန်ကျိကတော့ မျက်လုံးလှန်လိုက်မိသည်။

အားလုံး ပြောင်းလဲသွားရင်တောင် အရာရှိရှန်း၏ မငြိမ်မသက်ဖြစ်သောစိတ်ကတော့ ယခင်အတိုင်းသာပင်။

ထိုအချိန်တွင် အိမ်တော်ထိန်းလင်းသည် အဝတ်အစားသစ်များ လဲလှယ်ပြီးနောက် ပိုးအိတ်အကြီးကြီး တစ်အိတ်ကို မောကြီးပန်းကြီး သယ်လာကာ လှည်းပေါ်သို့ တင်လိုက်သည်။

အထဲက အသံကို ကြားရုံနှင့် မည်သည့်အရာတွေလဲဆိုတာ ချန်ကျိ သိလိုက်လေ၏။

လှည်းယိုင်သွားပုံကို ကြည့်လျှင် အနည်းဆုံး ငွေစင် ရှစ်ရာခန့် ရှိလိမ့်မည်။

ထိုပမာဏမှာ ရဲမက်တစ်ယောက်၏နှစ်ပေါင်း (၃၀) စာ လစာနှင့် ညီမျှသည်။

"ဒါကိုတော့ မငြင်းပါနဲ့ဗျာ။ မင်း ဒါကို လက်မခံရင် ကျုပ် စိတ်ထဲမှာ တစ်သက်လုံး အစွဲအလမ်း ဖြစ်နေပါလိမ့်မယ်။ ဒါ့အပြင် နတ်ဆိုးနှိမ်နင်းတဲ့အတွက် ဆုလာဘ် ပေးတာကို အစိုးရကလည်း ခွင့်ပြုထားပြီးသားပါ"

သူဌေးကြီးလင်းက လက်အုပ်ချီကာ အကြိမ်ကြိမ် တောင်းပန်နေသည်။

"မိတ်ဆွေလေးက ပျော်ပျော်နေတတ်မှန်း ကျုပ်သိပါတယ်။အကြွေစေ့တွေက သယ်ရခက်သလို၊ ငွေစက္ကူတွေကလည်း ဟိတ်မရှိဘူးလေ။ ဒါကြောင့် ငွေစင်တွေကိုပဲ အားလုံး ပြင်ဆင်ပေးထားတာပါ" ဟု အိမ်တော်ထိန်းက ရယ်မောကာ ပြောလိုက်သည်။

ရှန်းယီသည် လှည်းနားသို့ လျှောက်သွားပြီး ဖုံးအုပ်ထားသော ပိုးစကို လှန်ကြည့်လိုက်ရာ တဖိတ်ဖိတ် တောက်နေသော ငွေစင်များကို မြင်လိုက်ရသဖြင့် သူ၏တည်ငြိမ်သော မျက်လုံးထဲတွင် မနာလိုစိတ် အရိပ်အယောင်လေး တစ်ချက် ဖြတ်ပြေးသွားသည်။

'ဒီသူဌေးတွေတော့... တကယ်ပဲ သစ်ပင်မှာ ဆွဲထားပြီး ရိုက်ရမယ့်ကောင်တွေပဲ။'

'ကြက်ဥအပိုပါတဲ့ မုန့်နှစ်ခုမှ ၁၀ ဝန်းပဲ ကျတာ။ ဒီငွေတွေဆိုရင် လမ်းဘေးဈေးသည် မိသားစု တစ်စုလုံးကို မုန့်ထဲထည့်လို့ပါရတယ်။'

"တကယ်ပဲဗျာ..." ချန်ကျိလည်း သက်ပြင်းချမိသည်။

သူတို့အတွက်ကတော့ ဤငွေများက စိတ်ကျေနပ်မှုကြောင့်ပေးလိုက်သည်ဆိုပေမဲ့ သူ့အတွက်တော့ ညီမဖြစ်သူ လက်ဖွဲ့ငွေကို တစ်သက်လုံး စုလျှင်ပင် ဒီမျှ ရနိုင်မည်မဟုတ်ပေ။

ရှန်းယီသည် ငွေတုံးများကို ခဏမျှ မွှေနှောက်ကြည့်ပြီး ဆယ်ကျပ်သားစီ ရှိသော ငွေတုံးနှစ်တုံးကို ကောက်ယူလိုက်ကာ တစ်တုံးကို ချန်ကျိဆီ လှမ်းပစ်ပေးလိုက်သည်။

"ဒီ‌ဟာဆို ရပြီ"

'သူဌေးကြီးလင်းတို့ သမီးကို သူ အလကား ကျွေးမွေးပေးထားတာမှ မဟုတ်တာ။ ထမင်းဖိုးတော့ ပေးရမှာပေါ့။'

ကျန်သည့်ငွေများကိုတော့ လှည်းပေါ်ကနေ ပြန်ဖယ်လိုက်သည်။

မည်သူမျှ စကားမပြောနိုင်ခင်မှာပင် သူဌေးကြီးလင်းကို ကြောင်တောင်တောင်ကြီး ထားရစ်ခဲ့ပြီး ရှန်းယီသည် လင်းအိမ်တော်ထဲမှ ထွက်ခွာလာခဲ့သည်။

ချန်ကျိသည် လက်ထဲမှ ငွေတုံးကို အံ့အားသင့်စွာ ကြည့်နေပြီးမှ လှည်းကို အမြန်ဆွဲကာ ရှန်းယီနောက်သို့ လိုက်လာသည်။

"အရာရှိရှန်း..."

လမ်းပေါ်သို့ ရောက်သောအခါ ချန်ကျိက ခုနက ကိစ္စကို မေးချင်လာသည်။ ပိန်လှီတဲ့ ရသေ့ကြီးနှင့် ဒီမျှ အလွယ်တကူ ရန်ငြိုးဖွဲ့လိုက်မည်ဟု သူ တကယ်မထင်ထားမိခဲ့ပေ။

"နောက်တစ်ခါ တစ်ခုခု မလုပ်ခင် ဦးနှောက်သုံးဦး။ မင်းရဲ့ အသက်က လမ်းဘေးမှာ ကောက်ရလာတာ မဟုတ်ဘူး"

ရှန်းယီသည် ကိုယ်လက် ဆန့်ထုတ်လိုက်ရင်း လမ်းထောင့်ရှိ အရက်ဆိုင်ဆီသို့ ဦးတည်လိုက်သည်။

ထို့နောက် နံရံပေါ်ရှိ သစ်သားဆိုင်းဘုတ်များကို ကြည့်ကာ... "ဟွာတျောင်းအရက် တစ်အိုး၊ ငှက်ကင် တစ်ခြမ်း ဘယ်ဘက်အခြမ်းကို ယူမယ်၊ ပြီးတော့ ငါးပေါင်းတစ်ပွဲ..."

ရှန်းယီ စားစရာ မှာနေသည်ကို ကြည့်ရင်း ချန်ကျိ သူ့ဝမ်းဗိုက်ကို သူ ပြန်ပွတ်နေမိသည်။

'အရာရှိရှန်းကတော့ သူ့အသက်ကိုကျ လမ်းမှာ ကောက်ရလာသလိုမျိုး ပြောနေတာပဲ...'

'တကယ်လို့ ကောက်ရလာတာဆိုရင်တောင်၊ ဘာလို့ သူနဲ့ မဆိုင်တဲ့ လူတစ်ယောက်အတွက် ရှေ့ထွက် မတ်တတ်ရပ်ပေးရတာလဲ။'

'ပြီးတော့ ထမင်းတောင် ကျွေးဦးမလို့လား။'

ရှန်းယီက မြေအိုးတစ်လုံးနှင့် ကြာဖက်ဖြင့် ထုပ်ထားသောပါဆယ်ထုတ်ကို ကိုင်ပြီး ထွက်လာသည့်ချိန်အထိ ချန်ကျိမှာ နားမလည်နိုင်စွာ ပါးစပ်အဟောင်းသား ဖြစ်နေရသည်။

"ဒီမှာ မစားကြဘူးလား"

"ဘာက မစားကြဘူးလားလဲ"

ရှန်းယီက ထူးဆန်းသော မျက်နှာထားဖြင့် ပြန်ကြည့်ကာ... "စားချင်ရင် ကိုယ့်ဘာသာကိုယ် သွားဝယ်စားလေ"

'အစိုးရတာဝန်နဲ့ ကိုယ်ရေးကိုယ်တာ ခွဲခြားရမယ်ဆိုတာ မသိဘူးလား။'

'တစ်လမှ လစာ နှစ်ကျပ်၊ လေးပဲပဲ ရတာကို မင်းကို ထမင်းကျွေးရဦးမှာလား။ ကျွေးလိုက်ရင် ငါအတွက် ဘာကျန်အုံးမှာလဲ'

"..."

ချန်ကျိသည် ၁၀ ကျပ်သား ငွေတုံးကို ထုတ်ကြည့်လိုက်၊ရှေ့ကလူကို ကြည့်လိုက်ဖြင့် စိတ်ထဲတွင် ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်နေတော့သည်။

"တကယ်ကို လူထူးလူဆန်းပဲ"

စာစဉ်၃ပြီး။

All Chapters