← Chapters

သခင်လေးက ရှောင်နူကို မလိုချင်တော့ဘူးလား

Vol. 1 Ch. 380

သခင်လေးက ရှောင်နူကို မလိုချင်တော့ဘူးလား

Vol. 1 Ch. 380

မြေခွေးလေးသည် နတ်သမီးတောင်ထွတ်တွင် နေရသည်မှာ ပျင်းလွန်း၍ ကျန်းရီနှင့်အတူ ကြယ်တံခွန်ကျွန်းသို့ လိုက်ပါချင်ခဲ့သည်။ ယခင်က သူမအား ကျန်းရှောင်နူ အဖော်ပြုပေးခဲ့သည်။ ယခု ကျန်းရှောင်နူသည် ကျန်းရီနောက် လိုက်သွားတော့မည်ဖြစ်ရာ သူမမှာ အထီးကျန်နေခဲ့သည်။

သို့သော် ကျန်းရီသည် သူမအား ခေါ်မလာခဲ့ပေ။ နတ်ဆိုးဧကရီက သူသည် အာရုံစိုက်မှုတို့ကို ဆွဲဆောင်နေရာ ထိုလူအုပ်မှာ ထိုင်မနေနိုင်တော့ဘဲ လှုပ်ရှားလာနိုင်သည်ဟု သတိပေးခဲ့သည်။ ထိုလူစုသည် သူ့အား ပေါ်ပေါ်ထင်ထင် သတ်ရဲမည် မဟုတ်ပေ။ သူတို့ ခိုးကြောင်ခိုးဝှက် ရောက်လာလျှင်လည်း ကျန်းရီမကြောက်ပေ။ သို့သော် မြေခွေးလေး လုံခြုံရန်မှာ အရေးကြီးလေသည်။

ဝေါင်း...ဝေါင်း...

ယာ့ဇီသားရဲသည် အရှေ့ဘက်ကောင်းကင်ဆီသို့ လျင်မြန်စွာ ဦးတည်လိုက်သည်။ ၎င်းသည် ကိုယ်မှ အရှိန်အဝါများအားလုံးကို ထုတ်ဖော်လိုက်ပြီး အနီးအနားမှ နတ်ဆိုးသားရဲများကို ဒူးထောက်ကျသွားစေသည်။ နတ်ဆိုးသားရဲဘုရင် ဆယ့်ရှစ်ကောင်ထဲမှ နှစ်ကောင်သည်ပင် ကြောက်လန့်တုန်လှုပ် သွားခဲ့သည်။

"အသက်ရှင်ဖို့ ရာစုနှစ်အနည်းငယ် ကျန်သေးတယ်ပေါ့...ဟမ့်"

အသံတစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး နတ်ဆိုးသားရဲ၏ အရှိန်အဝါအား အားလျော့သွားစေခဲ့သည်။ ၎င်း၏ မျက်လုံးကြီးများတွင် ကြောက်လန့်မှုများ ပြည့်လျှံလာခဲ့သည်။

နတ်ဆိုးဧကရီသည် ယာ့ဇီသားရဲ၏ အရှိန်အဝါကို ခံစားမိလိုက်၍ တမင်ပြောလိုက်ခြင်း ဖြစ်သည်။ ယာ့ဇီသားရဲသည် ရဲတင်းလွန်းလှသည်။ ၎င်းသည် ပြဿနာရှာချင်နေသည်လော။ ကျန်းရီကြောင့်သာ မဟုတ်ပါက သူမ ရိုက်သတ်ပြီးနေပြီဖြစ်သည်။

ဝှစ်...

ယာ့ဇီသားရဲသည် အရှေ့အရပ်သို့ နာနာခံခံ၊ သိုသိုသိပ်သိပ် ပျံသန်းသွားခဲ့သည်။ ကျန်းရီသည် ယာ့ဇီသားရဲကို ပေါ်ပေါ်ထင်ထင်စီး၍ ရှန်ဝူနိုင်ငံနှင့် မြောက်ဘက်လျန်နိုင်ငံအထက်မှ ပျံသန်းသွားပါက ထိုနိုင်ငံနှစ်ခုကို ရန်စသလို ဖြစ်သွားလိမ့်မည်။ ကျန်းရီသည် ပြဿနာရှာတတ်သည့် လူစားမဟုတ်ချေ။

နေ့ဝက်အတွင်း ပင်လယ်ပြင်သည် သူတို့၏ မြင်ကွင်းအတွင်း ရောက်ရှိလာခဲ့သည်။ ပင်လယ်ပြာပြာနှင့် ကောင်းကင်ပြာပြာကို ကြည့်၍ စိုစွတ်သော ပင်လယ်လေကို ခံစားရင်း ကျန်းရီ၏ စိတ်ခံစားချက်မှာ အတော်လေးကောင်းမွန်လာခဲ့သည်။ ဤခံစားချက်သည် စုန်းနတ်ဘုရား တားမြစ်နယ်မြေ၏ ဒုတိထပ်မှ ထွက်ပေါက်ကို ရှာစဉ်ကနှင့် လုံးဝမတူညီပေ။

"ပင်လယ်ကို ဖြတ်မယ်"

ကျန်းရီသည် ပင်လယ်ပြင်ကို ငေးကြည့်နေရင်း သူ့စိတ်သည် အတွေးပေါင်းများစွာ ဖြစ်တည်လာခဲ့သည်။ သူမြင်နေရသည့် လောကမှာ ရေခဲစိုင်တစ်ခု၏ ထိပ်ဖျားခန့်သာ ရှိသေးသည်ဟု နတ်ဆိုးဧကရီက ပြောခဲ့သည်။ အဓိပ္ပါယ်မှာ ဤပင်လယ်ပြင်၏ အခြားတစ်ဖက်တွင် ပို၍ ကြီးမားကျယ်ပြန့်သော လောကကြီး ရှိသေးသည်ဟု ဆိုလိုသည်။ ပို၍များပြားသည့် ကုန်းမြေတိုက်ကြီးများ၊ ပိုမိုအားကောင်းသည့် မျိုးနွယ်စုများ၊ သိုင်းသမားများ၊ ပို၍ ဆန်းကြယ်သည့် စွမ်းအားပိုင်ရှင်များလည်း ရှိနိုင်သည်။

"အမေက ဒီနယ်မြေကလူ မဟုတ်ဘူးလို့ လူတော်တော်များများ ပြောခဲ့ကြတယ်။ သူမက ပင်လယ်ပြင်ရဲ့ တခြားတစ်ဖက်က လာခဲ့တာများလား"

ကျန်းရီ၏ စိတ်ထဲတွင် မပီမပြင် ဝိုးတဝါး ပုံရိပ်တစ်ခုဖြင့် ပြည့်နှက်နေခဲ့သည်။ သူသည် မျက်မှောင်ကုတ်လိုက်ပြီး ပင်လယ်ပြင်ကျယ်ကြီးကို ကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။

"အမေ မသေသေးဘူးဆိုရင် သူမရဲ့ မွေးရပ်မြေက မိသားစုဆီ ပြန်သွားတာများလား"

"နတ်ဆိုးသားရဲဘုရင် အရှိန်မြှင့်ဦး"

ကျန်းရီသည် စိတ်ထဲတွင် အလျင်လိုလာခဲ့သည်။ သူ့အမေ မသေသေးပါက သူမကို ရှာဖွေရန် နည်းလမ်းရှာရမည်။ သူမနှင့် ပတ်သက်သည့် သူ့မှတ်ဉာဏ်တို့သည် မှုန်ဝါးဝါးသာဖြစ်သော်လည်း ရီဖျောင်ဖျောင်သည် သူ့ကိုအလွန်ချစ်ကြောင်း သူသေချာနေပြန်သည်။ သူမတွင် ရွေးချယ်ခွင့် ရှိပါက သူ့ကို စွန့်ပစ်ခဲ့မည် မဟုတ်ချေ။

ကလေးတိုင်းသည် မိခင်၏ အချစ်ဆုံးသူများ ဖြစ်ကြသည်။ ရီဖျောင်ဖျောင် ကိုယ်ဝန်ရှိစဉ်အခါက သူမချစ်သောသူကြောင့် အသည်းကွဲခဲ့ရသော်လည်း သူမသည် ကိုယ်ဝန်ဖျက်မချခဲ့ပေ။ သူမသည် ဝေးရာမြို့လေးသို့သွား၍ ကလေးကို မွေးဖွားပေးခဲ့သည်။ သူမ ကျန်းရီကို မည်မျှချစ်ကြောင်း ထင်ရှားနေခဲ့သည်။ သူမသည် မဖြစ်မနေ လိုအပ်၍ မဟုတ်ပါက အဘယ့်ကြောင့် သေဆုံးမှုကို အတုလုပ်ပြီး သူမ၏ကလေးကို ချန်ရစ်ခဲ့ပါမည်နည်း။

"အမေ အသက်ရှင်နေလောက်သေးတယ်...မပြောပြနိုင်တဲ့ အခက်အခဲတွေ ရှိခဲ့တာပဲ ဖြစ်ရမယ်"

ကျန်းရီသည် ထိုအတွေးကို တွေးလိုက်မိပြီး ကြယ်တံခွန်ကျွန်းသို့ မြန်မြန်ရောက်ချင်နေခဲ့သည်။ သူသည် ကြယ်တံခွန်ကျွန်းသို့ ရောက်လျှင် သူရှာနေသည့်အဖြေကို ရလိမ့်မည်ဟူသည့် မဖော်ပြနိုင်သော ခံစားချက်တစ်ခု ရနေခဲ့သည်။

ဝေါင်း...ဝေါင်း...

ယာ့ဇီသားရဲသည် ဤတစ်ကြိမ်တွင် အထွန့်တက်ခြင်း မပြုဘဲ နှစ်ကြိမ်သာ ဟိန်းဟောက်လိုက်သည်။ ထို့နောက် အလင်းတန်းပမာ မြောက်ဘက်ပင်လယ်ပြင်သို့ ပျံသန်းသွားခဲ့သည်။ ၎င်း၏ အမြန်နှုန်းမှာ ဗာဂျရာဆဋ္ဌမအဆင့်နှင့် နှိုင်းယှဉ်၍ ရသည်။ ကြယ်တံခွန်ကျွန်းသည် အလွန်ဝေးကွာသည့် အရပ်တွင်ရှိသော်လည်း ရောက်ရှိရန် ရှစ်ရက်ခန့်သာ လိုလိမ့်မည်။

ယာ့ဇီသားရဲကို စီးရသည်မှာ အလွန်သက်တောင့်သက်သာရှိလှသည်။ လေပြင်းသော်လည်း ၎င်း၏ကိုယ်ကြီးသည် အလုံအလောက်ကြီးမားလေသည်။ ကျန်းရီသည် လှုပ်ခြင်း၊ ခုန်ခြင်းပင်မရှိဘဲ မြေပြင်ပြန့်ပြန့်တွင် ထိုင်နေရသည်ဟု ခံစားရသည်။ ယာ့ဇီသားရဲ၏ ဦးခေါင်းကြီးသည် လေတိုးရာလမ်းကြောင်းကို ကွယ်နေရာ ကျန်းရီမှာ တင်ပျဉ်ချိတ်ထိုင်၍ ကျင့်ကြံနေလိုက်သည်။

သုံးရက်တိုင်တိုင် မရပ်မနား ခရီးဆက်ခဲ့သော်လည်း လမ်းခရီးမှာ ငြိမ်းချမ်းနေခဲ့သည်။ သူတို့သည် နယ်မြေ၏ အနီးတွင်သာ ရှိသေးပြီး ပင်လယ်ရေပြင်မှာလည်း တိမ်နေသေးသည်။ ထို့ကြောင့် အင်အားကြီးသော ပင်လယ်နတ်ဆိုးသားရဲများ မရှိကြပေ။ အဆင့်နိမ့် ပင်လယ်သားရဲအချို့ ရှိကြသော်လည်း ယာ့ဇီသားရဲ၏ အရှိန်အဝါကြောင့် သူတို့အနီးသို့ မချည်းကပ်ရဲကြပေ။

"နတ်ဆိုးသားရဲဘုရင်...ဒီနေ့ည အဲ့ဒီကျွန်းပေါ်မှာ နားကြရအောင်"

ညသည် မှောင်စပျိုးလာချိန်တွင် ကျန်းရီသည် မြစိမ်းကြည်လင်ပန်းအိုးထဲရှိ ကျန်းရှောင်နူနှင့် ဟဲလောင်အား တွေးမိသွားပြီး တစ်ညနားရန် ဆုံးဖြတ်လိုက်သည်။ ယာ့ဇီသားရဲသည် ကျွန်းကို တစ်ပတ်ပတ်၍ ပျံသန်းလိုက်ပြီး အားကောင်းသည့် နတ်ဆိုးသားရဲများ မရှိကြောင်း သေချာအောင် စစ်ဆေးလိုက်သည်။ ထို့နောက် ကျန်းရီသည် အောက်သို့ ခုန်ဆင်းလိုက်ပြီး ယာ့ဇီသားရဲမှာမူ ပင်လယ်နတ်ဆိုးသားရဲများကို စားသောက်ရန် ရေအောက်သို့ ငုပ်ဆင်းသွားခဲ့သည်။

ကျန်းရီသည် မြစိမ်းကြည်လင်ပန်းအိုးထဲမှ ကျန်းရှောင်နူနှင့် ဟဲလောင်အား ထုတ်ပေးလိုက်သည်။ ကျန်းရှောင်နူသည် ပတ်ဝန်းကျင်မှ မြင်ကွင်းကိုကြည့်ရင်း ချက်ချင်းပျော်ရွှင်သွားခဲ့သည်။ ဟဲလောင်သည် တိတ်ဆိတ်စွာပင် ပင်လယ်နတ်ဆိုးသားရဲများကို အမဲလိုက်ရန် ထွက်သွားခဲ့ပြီး ညအိပ်ရန် တဲတို့နှင့် စားစရာတို့ကို ပြင်ဆင်နေခဲ့သည်။

"သခင်လေး...ဒီနေရာက အရမ်းလှတာပဲ"

ကျွန်းပေါ်တွင် သစ်ပင်အုံ့အုံ့များ ရှိပြီး လှိုင်းတို့က ကမ်းခြေကို စည်းချက်ညီညီ လာရောက်ရိုက်ခတ်နေခဲ့သည်။ ကောင်းကင်ပြင်တွင် လသည် ပေါ်ထွက်နေခဲ့ပြီး ပင်လယ်ရေပြင်အား အလင်းရောင်များ ဖျန်းပက်နေလေသည်။ ဆားနံ့ပါသော ပင်လယ်လေညှင်းကလည်း တဖြူးဖြူး တိုက်ခတ်နေခဲ့သည်။

ကမ်းခြေတွင် ကျန်းရီသည် ကျန်းရှောင်နူ၏ လက်သေးသေးလေးများကို ကိုင်၍ အဖော်ပြုပေးနေခဲ့သည်။

"ကိစ္စတွေအားလုံး ဖြေရှင်းပြီးသွားတဲ့အခါ လူသူမနီးတဲ့ ကျွန်းတစ်ကျွန်းရှာပြီး အခြေချနေကြရအောင်"

"ဟုတ်"

ကျန်းရှောင်နူ၏ မျက်ဝန်းဝိုင်းကြီးများသည် လခြမ်းကွေးများ ဖြစ်သွားခဲ့သည်။ သူမသည် ဖိနပ်ချွတ်လိုက်ပြီး ကျန်းရီ၏ လက်ကိုဆွဲ၍ ကမ်းခြေပေါ်တွင် ပြေးနေခဲ့သည်။ လှိုင်းလုံးကြီးများလာလျှင် သူမသည် တခစ်ခစ် ရယ်မောရင်း နောက်ပြန်ဆုတ်ပြေးလိမ့်မည်။

ကျန်းရီသည် ဘေးတွင်ရပ်၍ ပျော်ရွှင်နေသော ကျန်းရှောင်နူအား ကြည့်နေခဲ့သည်။ သူ့မျက်နှာထက်တွင် အပြုံးရေးရေးတစ်ခု ရှိနေခဲ့သည်။

"သခင်လေးရီ"

တစ်နာရီခန့်ကြာသော် ဟဲလောင်သည် ရွက်ဖျင်တဲသုံးလုံး ထိုးပြီးသွားခဲ့ပြီး ပင်လယ်ထဲမှ ငါးအချို့ကို ကင်ပြီးသွားခဲ့ပြီဖြစ်သည်။ ကျန်းရီသည် ကျန်းရှောင်နူအား ဆွဲခေါ်လာခဲ့ပြီး သုံးယောက်သား စားသောက်ကြသည်။ ဤတစ်ခေါက်သည် ကျန်းရီနောက် သူမလိုက်ရသည့် ပထမဆုံးအကြိမ်ဖြစ်သည်။ သူမသည် အလွန်ပျော်ရွှင်နေ၍ ပြုံးနေခဲ့သည်။

"သခင်လေးရီ...ဆက်ပြီး အနားယူလိုက်ပါဦး၊ ကျွန်တော် သွားပြီး ကျင့်ကြံဦးမယ်"

ဟဲလောင်သည် အနည်းငယ်သာ စားသောက်ပြီး သူ့တဲထဲသို့ ပြန်သွားခဲ့သည်။ ကျန်းရီအတွက် ထိုသို့ပျော်ရွှင်ရသည့်အချိန်မှာ အလွန်ရှားပါးရာ ကျင့်ကြံမနေတော့ဘဲ ကြယ်များကိုကြည့်ရင်း၊ ပင်လယ်လေကို ခံစားရင်းဖြင့်သာ ကျန်းရှောင်နူနှင့်သာ စကားပြောနေခဲ့သည်။

ညသည် နက်မှောင်နေခဲ့ပြီဖြစ်ပြီး အတော်အေးလာခဲ့သည်။ ကျန်းရီသည် ကျန်းရှောင်နူအား ခေါင်းကိုပုတ်လိုက်ပြီး တဲထဲဝင်၍ အနားယူရန် ပြောလိုက်သည်။ ကျန်းရှောင်နူသည် နာနာခံခံ ခေါင်းငြိမ့်ခဲ့သည်။ ကျန်းရီသည်လည်း သူ့တဲထဲသို့ ဝင်၍ လျင်မြန်စွာ အိပ်မောကျသွားခဲ့သည်။ အနီးအနားတွင် ယာ့ဇီသားရဲ ရှိနေ၍ ပင်လယ်နတ်ဆိုးသားရဲများ တိုက်ခိုက်မည်ကို စိုးရိမ်နေစရာ မလိုပေ။

ရှပ်...ရှပ်...ရှပ်

တစ်နာရီခန့်ကြာသော် ညင်သာသည့် အသံတစ်ခုကြောင့် ကျန်းရီနိုးလာခဲ့သည်။ သူသည် ကြောင်လေးတစ်ကောင်ပမာ တဲထဲသို့ ဝင်လာသည့် ခပ်သေးသေး ပုံရိပ်လေးတစ်ခုကို တွေ့လိုက်ရသည်။ သူသည် မချိပြုံး ပြုံးလိုက်ပြီး ပြောလိုက်သည်။

"ရှောင်နူ...ဘာလို့ မအိပ်ဘဲ ငါ့ဆီကို လာတာလဲ"

"သခင်လေး...ရှောင်နူ နည်းနည်းကြောက်နေလို့"

ကျန်းရှောင်နူသည် ကျန်းရီအား ရှက်သွေးဖြန်းနေသည့် သနားစဖွယ် ပုံစံလေးနှင့် ကြည့်လာခဲ့သည်။ ကျန်းရီသည် သက်ပြင်းချရင်း စကားပြောလိုက်သည်။

"နတ်ဆိုးသားရဲဘုရင် ရှိနေတာမို့ ဘယ်ပင်လယ်နတ်ဆိုးသားရဲမှ ချည်းကပ်မလာရဲဘူး။ ရှောင်နူ ကြောက်စရာမလိုတာမို့ စိတ်ချလက်ချအိပ်"

ဝှစ်...ဝှစ်

ကျန်းရှောင်နူသည် ငါးလေးတစ်ကောင်အလား ကျန်းရီ၏စောင်အတွင်းသို့ ဖျတ်ခနဲ ခုန်ဝင်လာခဲ့ပြီး ကျန်းရီကိုဖက်ရင်း သနားစဖွယ် လေသံလေးနှင့် ပြောလာခဲ့သည်။

"သခင်လေး...ရှောင်နူ ဒီမှာအိပ်လို့ရမလား"

"အမ်"

ကျန်းရီသည် အိုးတိုးအမ်းတမ်း ဖြစ်သွားခဲ့ပြီး လှုပ်တောင်မလှုပ်ရှားဝံ့ခဲ့ပေ။ သူသည် မချိပြုံးပြုံးရင်း ပြောလိုက်မိသည်။

"ရှောင်နူ...မင်းက အခုဆို အရွယ်ရောက်နေပြီ။ သခင်လေးနဲ့ အိပ်လို့မဖြစ်တော့ဘူး။ အနာဂတ်မှာ မင်း လက်ထပ်ဖို့ လိုသေးတယ်လေ။ ဒီကိစ္စသာ ပျံ့သွားရင် မင်းရဲ့ ဂုဏ်သတင်းအတွက် မကောင်းဘူး"

"လက်ထပ်ရမယ်"

ကျန်းရှောင်နူသည် ရုတ်တရက် ခေါင်းမော့လာခဲ့သည်။ သူမ၏ မျက်ဝန်းများတွင် မျက်ရည်များ စိုလက်နေခဲ့သည်။ သူမ၏ ကိုယ်လေးသည် တသိမ့်သိမ့်တုန်လာခဲ့ပြီး ကျန်းရီကို မျက်ရည်များဝိုင်းနေသော မျက်ဝန်းများနှင့်ကြည့်ကာ ပြောလာခဲ့သည်။

"သခင်လေး...ရှောင်နူကို ရှေ့လျှောက် မလိုချင်တော့ဘူးလား။ ရှောင်နူသိနေခဲ့ပါတယ်...အခု သခင်လေးမှာ အစ်မလောရွှယ် ရှိနေပြီဆိုတော့ ရှောင်နူကို မလိုချင်တော့ဘူး"

*****

All Chapters