နံရံကို ဖောက်ထွက်သွားခြင်း
Vol. 7 Ch. 61
ထိုစဉ်မှာပင် လင်းရန်ယန် က ပြုံးလျက် ဆိုလိုက်သည်။
“အဲ့ဒါတော့ ဟုတ်တယ်၊ ဒါပေမဲ့ မိစ္ဆာကျင့်ကြံသူတွေဆိုတာ ကိုယ့်မိဘနဲ့ သားသမီးကိုတောင် ပြန်ပြီး ဒုက္ခပေးတတ်ကြတာပဲလေ ၊ ဒီနှစ်ရက်အတွင်းမှာတော့ ငါ့တို့ သတိထားဖို့ လိုဦးမှာ”
ဦးလေးကိုး က လေးနက်သော အမူအရာဖြင့် ပြောလိုက်၏။
“အင်း၊ အစ်ကိုကြီး ပြောတာ မှန်တယ်”
လင်းရန်ယန်က ခေါင်းကို အနည်းငယ် ငြိမ့်ပြလိုက်သည်။ သူသည် ဤကိစ္စအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီးသား ဖြစ်၏။ မဟုတ်ပါက ဤမျှ အန္တရာယ်များသော ရန်သူကို အလွယ်တကူ လွှတ်ပေးလိုက်မည် မဟုတ်။ သူသည် ရန်မိသားစုမြို့တော် ပတ်ပတ်လည်၌ အာရုံခံ အစီရင်တစ်ခု တည်ဆောက်ရန် စီစဉ်ထားပြီး ဖြစ်သည်။ ဓားပြခေါင်းဆောင်သာ ပြန်လည် ရောက်ရှိလာပါက သူ ချက်ချင်းပင် သိနိုင်လိမ့်မည်။
“ကဲ၊ အခုတော့ အိမ်ကို အရင်ပြန်ကြစို့ ၊ ညီလေး၊ မင်းက အချိန်ကိုက် ရောက်လာတာပဲ ၊ မနက်ဖြန်က ငါ့ရဲ့ မွေးနေ့လေ ၊ အားလုံးပဲ စည်းစည်းလုံးလုံးနဲ့ ပျော်ပျော်ပါးပါး ဆင်နွှဲကြတာပေါ့”
ဦးလေးကိုးက ပြုံးရွှင်စွာဖြင့် ပြောလိုက်၏။
“ဘာပြောလိုက်တယ် ၊ မနက်ဖြန်က ဆရာ့မွေးနေ့ ဟုတ်လား ၊ ကျွန်တော် ဘာလို့ မသိရတာလဲ”
သို့သော် ဦးလေးကိုး၏ စကားကို ကြားသောအခါ ချိုးရှန်း မှာ မှင်သက်သွားရတော့သည်။
“မင်းက ဘာသိမှာလဲ ၊ စားမယ်၊ သောက်မယ်၊ ကဲမယ်၊ ဟန်ဆောင်မယ်ဆိုတာကလွဲရင် မင်း ဘာတစ်ခုမှ မယ်မယ်ရရ မလုပ်နိုင်ဘူး ၊ မင်းက ဟောဒီက မှော်ဆရာတွေနဲ့ ဘာမှမခြားဘူး”
ကံဆိုးစွာပင် ထိုကောင်စုတ်လေး၏ စကားကို ကြားသည်နှင့် ဦးလေးကိုးမှာ ချက်ချင်းပင် နှာခေါင်းရှုံ့ကာ ဒေါသတကြီး အော်ငေါက်လိုက်တော့သည်။
“ဟဲဟဲ၊ ဆရာကလည်း၊ ကျွန်တော်က အဲဒီလောက်အထိတော့ အသုံးမကျတာ မဟုတ်ပါဘူး”
ချိုးရှန်းမှာ မတတ်သာသည့် ပုံစံဖြင့် ကပ်သီးကပ်သပ်ပြောလိုက်၏။
“ဟုတ်တယ်လေ ဆရာကလဲ ၊ ကျွန်တော်တို့မှာလည်း အားသာချက်တွေ ရှိပါတယ် ၊ ဥပမာ... အဲ... ဘာရှိလဲ ချိုးရှန်း”
ဝိန်ချိုက် ကလည်း အလျင်အမြန်ပင် ဝင်ရောက်ပြောဆိုသော်လည်း၊ သူ၏ ဦးနှောက်ကို မည်မျှပင် ညှစ်ထုတ်စေကာမူ မိမိ၏ အားသာချက်ကို ရှာမတွေ့နိုင် ဖြစ်နေရသည်။
“ခစ်ခစ်၊ ဦးလေး လေး၊ ဦးလေး လေးရဲ့ တပည့်နှစ်ယောက်က တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲနော်”
ဤမြင်ကွင်းကို ကြည့်ကာ အောင်းနင်ရွှမ်း ပင်လျှင် မရယ်ဘဲ မနေနိုင် ဖြစ်သွားရ၏။ ဦးလေးကိုးကလည်း မတတ်သာသလို ပြုံးလိုက်တော့သည်။
“ဘာလို့ ဒီမြင်းစီးဓားပြကို အမြန်ခေါ်ထုတ်မသွားတာလဲ ၊ အရှက်မရှိတဲ့ ကောင်တွေ”
ထို့နောက် သူသည် အရှက်ကွဲအောင် လုပ်နေသော ထိုနှစ်ဦးကို ဒေါသတကြီး မျက်စောင်းထိုးလိုက်သည်။ မကြာမီမှာပင် ဦးလေးကိုးနှင့် လင်းရန်ယန်တို့သည် တစ်ဦးတစ်ယောက်ကိုမျှ အထိအခိုက်မရှိစေဘဲ ဓားပြအုပ်စုကို နှိမ်နင်းနိုင်ခဲ့သည်ဟူသော သတင်းမှာ ရန်မိသားစုမြို့တော် တစ်ခုလုံးသို့ ပျံ့နှံ့သွား၏။
မြို့သူမြို့သားများ အားလုံးမှာ ချက်ချင်းပင် ဝမ်းသာအားရ ကြွေးကြော်လိုက်ကြ၏။ လွန်ခဲ့သော နှစ်ရက်အတွင်း ဤဓားပြအုပ်စု၏ ရက်စက်ကြမ်းကြုတ်လှသော သတင်းဆိုးများမှာ မြို့ထဲ၌ အတော်ပင် လွှမ်းမိုးနေခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်း ငါးဆယ်ခန့်က မြို့တစ်ဆယ်ကို ဖျက်ဆီးခဲ့သော ထိုဓားပြအုပ်စုသည်၊ ယခုတစ်ကြိမ် ပြန်လည်ပေါ်ပေါက်လာချိန်တွင်လည်း မြို့လေးမြို့ကို ထပ်မံ ဖျက်ဆီးခဲ့၏။ သူတို့လက်ချက်ဖြင့် သေဆုံးခဲ့ရသော လူဦးရေမှာ သိန်းဂဏန်းအထိ ရှိနေပြီ ဖြစ်ရာ ၊ မြို့သားများအနေဖြင့် မည်သို့ စိုးရိမ်ထိတ်လန့်ခြင်း မရှိဘဲ နေနိုင်မည်နည်း။ သို့သော် ယခုအခါ ဦးလေးကိုးနှင့် သူ၏ ညီအစ်ကိုများ ဦးဆောင်မှုအောက်တွင် စစ်သည်တစ်ဦးမျှ အကျအဆုံးမရှိဘဲ ရန်သူအားလုံးကို သုတ်သင်နိုင်ခဲ့ခြင်းမှာ တကယ့်ကို အံ့မခန်းဖွယ် ဖြစ်ရပ်တစ်ခုပင် ဖြစ်သည်။
သူတို့အဖွဲ့ အိမ်သို့ ပြန်ရောက်ချိန်တွင် မိုးသောက်ယံသို့ပင် ရောက်ရှိနေပြီ ဖြစ်၏။ အလောင်းပြင်ခန်း၏ ဧည့်ခန်းအတွင်း၌......
“ဒါနဲ့ ညီလေး၊ မင်းက ချင်းဟော် နဲ့အတူ ဖုတ်ကောင်မင်းသားကို လိုက်ပါပို့ဆောင်ဖို့ တားမြစ်မြို့တော်ကို သွားတာ မဟုတ်လား ၊ ဘာလို့ ဒီလောက် မြန်မြန် ပြန်ရောက်လာရတာလဲ”
ဦးလေးကိုးက လက်ဖက်ရည်တစ်ငုံ သောက်လိုက်ပြီးနောက် ဇဝေဇဝါဖြင့် မေးမြန်းလိုက်တော့သည်။ သူ၏ တွက်ချက်မှုအရ လင်းရန်ယန်နှင့် ခွဲခွာသွားသည်မှာ တစ်ပတ်ပင် မပြည့်သေးချေ။
“လမ်းမှာ မတော်တဆမှုလေးတစ်ခု ဖြစ်သွားလို့ အစီအစဉ်က စောစောစီးစီး ပြီးသွားတာ”
လင်းရန်ယန်က မတတ်သာသလို ရှင်းပြလိုက်ပြီးနောက်၊ ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာ အားလုံးကို ဖြည်းညင်းစွာ ပြန်လည် ပြောပြလိုက်တော့သည်။
မြေကမ္ဘာအရှင်သခင် အထွတ်အထိပ်သို့ ရောက်ရှိနေသော မိစ္ဆာကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်ခဲ့ရသည်ဟူသော စကားကို ကြားလိုက်ရချိန်တွင် ဦးလေးကိုး၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွား၏။
“ဟင် ၊ ဒီလို ပါရမီရှင်တစ်ယောက်ကို မင်းတို့ ဘယ်လို သတ်လိုက်နိုင်ခဲ့တာလဲ ၊ အဲဒါက အမွေးရှည်ဖုတ်ကောင် အဆင့်မြင့်ကြီးလေ”
ဦးလေးကိုးမှာ အံ့ဩလွန်းသဖြင့် အသက်ရှူပင် မှားသွားရ၏။ အကယ်၍ သူသာဆိုလျှင် ဘိုးဘေးများ၏ စွမ်းအားကို အကူအညီမယူဘဲ ထိုသူကို အနိုင်ယူရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။
“ဦးလေး လေး မသိသေးဘူး၊ အစ်ကို လင်းရန်ယန်က အရမ်း တော်တာ ၊ သူက ဖုတ်ကောင်ဘုရင် ကိုတောင် သတ်နိုင်တာနော် ၊ ရှုမြို့မှာတုန်းက သူက ဖုတ်ကောင်ဘုရင်ရော ဝိညာဉ်ဘုရင်ကိုရော သတ်ခဲ့တာ”
ဘေး၌ ရှိနေသော အောင်းနင်ရွှမ်းက ဦးလေးကိုး၏ စကားကို ကြားသောအခါ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဝင်ပြောလိုက်တော့သည်။ သူမ စကားပြောလိုက်သည်နှင့် ဦးလေးကိုး၏ မျက်လုံးများမှာ ပြူးထွက်သွားပြီး လင်းရန်ယန်ကို မယုံကြည်နိုင်သော အမူအရာဖြင့် ကြည့်လိုက်၏။
“ဟဲဟဲ၊ ကံကောင်းလို့ပါ ၊ ကံကောင်းလို့ ၊ အစ်ကို အောင်းထျန်းလုံ နဲ့ အစ်ကို ခုံးဖျင် တို့လည်း ကူညီပေးခဲ့လို့ပါ”
လင်းရန်ယန်က မတတ်သာသလို ရှင်းပြလိုက်၏။ အမှန်စင်စစ် အောင်းထျန်းလုံတို့ ကူညီပေးခဲ့သည်ဆိုသော်လည်း၊ သူတို့ လက်ဖျားပင် မလှုပ်ရသေးမီမှာပင် လင်းရန်ယန်က ဖုတ်ကောင်ဘုရင်နှင့် ဝိညာဉ်ဘုရင်ကို သုတ်သင်ခဲ့ပြီး ဖြစ်သည်။ အောင်းနင်ရွှမ်းမှာလည်း သူမ၏ လျှာလေးကို ထုတ်ကာ နေရခက်စွာ ပြုံးလိုက်၏၊ လင်းရန်ယန်သည် ဤမျှအထိ အစွမ်းကို ဖုံးကွယ်ထားချင်မှန်း သူမ မသိခဲ့ပေ။
“အော်... အဲဒီလိုကိုး ၊ အစ်ကို ထျန်းလုံကတော့ ဒီနှစ်တွေမှာ အနည်းဆုံး မြေကမ္ဘာအရှင်သခင် အဆင့် (၈) လောက်တော့ ရောက်နေမှာပေါ့ ၊ နတ်ဘုရားပင့်ဖိတ်ခြင်းအတတ် ကိုသာ သုံးမယ်ဆိုရင် ဖုတ်ကောင်ဘုရင်နဲ့ ဝိညာဉ်ဘုရင်ကို သတ်ဖို့ဆိုတာ မခက်ခဲပါဘူး”
ဦးလေးကိုးမှာ ထိုအခါမှ သဘောပေါက်သွားဟန်ဖြင့် ခေါင်းငြိမ့်လိုက်တော့သည်။
“ဒါနဲ့ အစ်ကိုကြီး၊ ဒီတစ်ခါ ဂိုဏ်းကြီးငါးခုလုံးက အနောက်ဘက်ဒေသကို သွားပြီး ‘အေးခဲနေတဲ့ အန္တရာယ်နယ်မြေ’ ကို ကိုင်တွယ်ဖို့ ပြင်နေကြတယ် ၊ အစ်ကိုကြီး အချိန်ရလား ၊ ကျွန်တော်တို့ မော်ရှန်းဂိုဏ်းက အနည်းဆုံး ကျင့်ကြံသူကြီး ငါးယောက်နဲ့ ကောင်းကင်အရှင်သခင် တစ်ယောက်ကို စေလွှတ်ရမှာ ၊ အစ်ကို ထျန်းလုံနဲ့ ကျွန်တော်ကတော့ သွားဖို့ စီစဉ်ထားတယ်”
လင်းရန်ယန်က ဦးလေးကိုးကို တိုက်ရိုက်ပင် ပြောလိုက်သည်။
“အနောက်ဘက်ဒေသ ဟုတ်လား ၊ ငါလည်း သွားချင်တာပေါ့၊ ဒါပေမဲ့ ငါက အခုမှ ‘ဝိညာဉ်စီရင်ရေးဌာန’ ရဲ့ ငရဲအရာရှိတစ်ယောက် ဖြစ်လာတာလေ ၊ မကြာခင် ရောက်လာတော့မယ့် ‘ဝိညာဉ်ပွဲတော်’ မှာ ငရဲငွေစက္ကူတွေ ပိုရောင်းနိုင်ဖို့ စောင့်နေရဦးမယ် ၊ မင်း သိတဲ့အတိုင်းပဲ၊ မင်းရဲ့ အစ်ကိုကြီးက တော်တော်လေး ဆင်းရဲတာကိုး”
ဦးလေးကိုးက လင်းရန်ယန်၏ စကားကို ကြားသောအခါ မတတ်သာသလို သက်ပြင်းချလိုက်တော့သည်။
“အဲဒီလိုလား၊ နှမြောစရာကောင်းလိုက်တာ”
လင်းရန်ယန်ကလည်း သက်ပြင်းချလိုက်မိသော်လည်း၊ ဤကိစ္စကို များစွာ စိတ်ထဲ မထားပေ။ အဘယ်ကြောင့်ဆိုသော် ဤတိုက်ပွဲကြီးမှာ ကောင်းကင်အရှင်သခင် အဆင့်များ၏ တိုက်ခိုက်နိုင်စွမ်းကို လိုအပ်သောကြောင့် ဖြစ်သည်။ ဦးလေးကိုး၏ အစွမ်းမှာ ထက်မြက်သည်ဆိုသော်လည်း၊ ထိုကဲ့သို့သော အဆင့်အတန်းမြင့် တိုက်ပွဲမျိုးတွင် များစွာ အရာရောက်လိမ့်မည် မဟုတ်ပေ။ ဦးလေးကိုး၏ အစွမ်းမှာ ထိုနေရာအတွက် လုံလောက်မှု မရှိသေးဟုသာ ဆိုရလိမ့်မည်။
“အဲ၊ နေဦး အစ်ကိုကြီး၊ ဝိညာဉ်ပွဲတော်က နောက်ရက်အနည်းငယ်အတွင်းမှာ လာတော့မယ်လို့ ပြောလိုက်တာလား”
လင်းရန်ယန်က ရုတ်တရက် မျက်ခုံးပင့်ကာ မေးလိုက်တော့သည်။
“ဟုတ်တယ်၊ နောက်ထပ် ဆယ်ရက်အတိအကျ ကျန်သေးတယ် ၊ မင်းတို့ဘက်က အဆင်ပြေပြေ ပြီးသွားမယ်ဆိုရင် ဝိညာဉ်ပွဲတော် အမီ ပြန်ရောက်လာနိုင်မှာပါ”
ဦးလေးကိုးက အနည်းငယ် ခေါင်းငြိမ့်ပြလိုက်၏။ ထိုစကားကို ကြားသောအခါ လင်းရန်ယန်မှာ မျက်မှောင်ကြုတ်သွားရတော့သည်။ ဝိညာဉ်ပွဲတော်... ကြည့်ရတာ နောက်ထပ် အဖြစ်အပျက်ကြီးတစ်ခု ဖြစ်ပေါ်လာဦးတော့မည် ထင်သည်။
“ကျီ”
ထိုစဉ် အပြင်ဘက် တံခါးမှာ ဖြည်းဖြည်းချင်း ပွင့်သွားပြီး၊ ခိုးကြောင်ခိုးဝှက် ပုံသဏ္ဌာန် နှစ်ခုမှာ ဧည့်ခန်းအပြင်ဘက်မှ ဖြတ်သွားသည်ကို တွေ့လိုက်ရ၏။ ထိုနှစ်ဦးစလုံးမှာ မြင်းစီးဓားပြများ ဝတ်ဆင်သော ဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။ မြင်းစီးဓားပြများသည် ဖုတ်ကောင်ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားကြသဖြင့် အလင်းရောင်ကို ကြောက်ကြသောကြောင့်၊ နေရောင်အောက်တွင် သွားလာသည့်အခါ ဝတ်ရုံများကို ဝတ်ဆင်လေ့ ရှိသည်။
“သူတို့က ဒီအထိတောင် လာရဲသေးတာလား”
ဦးလေးကိုးမှာ ထိုပုံရိပ်များကို မြင်လိုက်ရချိန်တွင် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး၊ အပြင်သို့ ချက်ချင်း ပြေးထွက်သွား၏။
“ဟော၊ အစ်ကိုကြီး”
ဦးလေးကိုးမှာ ဘာကိုမျှ သေချာမကြည့်ဘဲ ပြေးထွက်သွားသည်ကို မြင်သောအခါ လင်းရန်ယန်က အမြန်လှမ်းခေါ်လိုက်၏။ သို့သော် အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။
ဦးလေးကိုးသည် အပြင်သို့ ရောက်သည်နှင့် အနီးရှိ ဝါးလုံးကြီးတစ်လုံးကို ဆွဲယူကာ၊ ထိုခိုးကြောင်ခိုးဝှက် ပုံရိပ်နှစ်ခုကို ပြင်းထန်စွာ ရိုက်နှက်လိုက်၏။ ထိုဝါးလုံးမှာ သူတို့၏ နောက်ကျောသို့ တည့်တည့်မတ်မတ် ထိမှန်သွားတော့သည်။
“ဖောက်”
ထိတ်လန့်ဖွယ်ရာ ခွန်အားများကြောင့် ထိုမြင်းစီးဓားပြ နှစ်ဦးမှာ သွေးအန်ကာ အနောက်ဘက်သို့ လွင့်စင်သွားကြ၏။
“ဝုန်း”
ကျယ်လောင်သော အသံကြီးနှင့်အတူ သူတို့နှစ်ဦးမှာ နံရံကို တိုက်ရိုက်ပင် ဖောက်ထွက်သွားကြတော့သည်။
“ဟင့်”
ဦးလေးကိုးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သော်လည်း၊ နောက်တစ်ခဏ၌ သူ မှင်သက်သွားရ၏။ မြေပြင်ပေါ်ရှိ သွေးများမှာ အဘယ်ကြောင့် ရဲရဲနီနေသနည်း။ ဖုတ်ကောင်များနှင့် မှော်ဆရာများ၏ သွေးမှာ မည်းနက်ပြီး ပုပ်သိုးသောအနံ့ ရှိရမည် ဖြစ်သည်။
“ဒါ... ဒါဆိုရင်”
ဦးလေးကိုးမှာ အံ့ဩသွားပြီး နံရံအုတ်ခဲများအောက်တွင် မြုပ်နေသော ထိုလူနှစ်ဦးကို အလျင်အမြန်ဆွဲထုတ်လိုက်၏။ အမှန်ပင် ၎င်းတို့မှာ ချိုးရှန်းနှင့် ဝိန်ချိုက်ဟူသော ကောင်စုတ်နှစ်ယောက် ဖြစ်နေသည်။ ယခုအချိန်တွင် သူတို့နှစ်ဦးစလုံးမှာ သတိလစ် မေ့မြောနေကြပြီ ဖြစ်သည်။
“ဘယ်လိုလုပ် ဒီကောင်စုတ်နှစ်ယောက် ဖြစ်နေရတာလဲ ၊ ဘာဖြစ်လို့ ဒီလိုမျိုး ဝတ်စားထားရတာလဲ၊ ရိုက်ခံရတာ နည်းတောင်နည်းသေးတယ်”
ဦးလေးကိုးမှာ ဤမြင်ကွင်းကို ကြည့်ကာ ဒေါသတကြီး ဆဲဆိုလိုက်တော့သည်။
“ညီလေး၊ ညီလေး၊ မြန်မြန်လာပြီး သူတို့ကို ကယ်ပေးပါဦး”
သို့သော်လည်း သူသည် စိုးရိမ်တကြီးဖြင့် သူ၏အနောက်မှ လင်းရန်ယန်ကို အမြန်လှမ်းခေါ်လိုက်၏။