ချိုမြိန်လှသော ခံစားချက်
Vol. 7 Ch. 62
“လာပါပြီ ၊ လာနေပါပြီ အစ်ကိုကြီးကလည်း မြန်လိုက်တာ ၊ ကျွန်တော် လှမ်းခေါ်နေတာတောင် မမီလိုက်ဘူး”
လင်းရန်ယန် သည် ပြောစရာစကားမရှိ ဖြစ်သွားကာ လျှောက်လာပြီး ၊ သူ၏ လက်ယာဘက်လက်ကို ဝေ့ယမ်းကာ ‘ရေစွမ်းအင်’ နှင့် ‘သစ်သားစွမ်းအင်’ တို့ကို ထုတ်လွှတ်လိုက်တော့သည်။
“ဝူး”
တစ်ခဏအတွင်းမှာပင် နွေးထွေးလှသော စွမ်းအင်တစ်ခုသည် ဝိန်ချိုက် နှင့် ချိုးရှန်း တို့ကို လွှမ်းခြုံသွား၏။ မျက်တောင်တစ်ချက်ခတ်စာ အချိန်အတွင်းမှာပင် သူတို့နှစ်ဦး၏ ဒဏ်ရာများမှာ အကုန်အစင် ပျောက်ကင်းသွားပြီး ၊ တစ်ကိုယ်လုံး၌ ပေကျံနေသော သွေးစသွေးနများမှာလည်း စင်ကြယ်သွားတော့သည်။ တစ်ချိန်တည်းမှာပင် ပျက်စီးသွားသော နံရံကြီးကိုလည်း လင်းရန်ယန်က ‘မြေစွမ်းအင်’ ကို အသုံးပြု၍ ဘာမျှမဖြစ်ခဲ့သည့်အလား ပြန်လည် ပြုပြင်ပေးလိုက်၏။
“ဟင် ၊ ဘာဖြစ်သွားတာလဲ ၊ ငါ ဘယ်လိုလုပ် အိပ်ပျော်သွားရတာလဲ”
ချိုးရှန်းသည် ဝေဝေဝါးဝါးဖြင့် မြေပြင်မှ ထရပ်လိုက်သည်။
“ဆရာ ၊ ဦးလေး လေး ၊ ဘာလို့ ကျွန်တော့်ကို အဲဒီလို ကြည့်နေကြတာလဲ”
ဘေးနားတွင် နိုးလာသော ဝိန်ချိုက်သည်လည်း ဦးလေးကိုး တို့ကို မြင်သောအခါ အနေခက်စွာ ပြုံးပြလိုက်၏။ သူ၏ အသိစိတ်ထဲ၌ မျက်လုံးများ ပြာဝေသွားပြီး နောက်ကျောတွင် ပြင်းထန်သော နာကျင်မှုတစ်ခု ခံစားလိုက်ရကာ သတိလစ်သွားခဲ့သည်ကိုသာ မှတ်မိနေသည်။
“ဟက် ၊ မင်းတို့ကောင်တွေကတော့ တကယ့်ကို ထူးဆန်းတာပဲ ၊ နေ့ခင်းကြောင်တောင်ကြီး ဒီမှာ လာအိပ်နေကြတယ် ၊ ပြီးတော့ မြင်းစီးဓားပြ ဝတ်စုံတွေနဲ့ ၊ မြန်မြန် ထကြစမ်း ၊ ‘မူးယစ်နတ်မိမယ်’ စားသောက်ဆိုင်ကို သွားပြီး မွေးနေ့ပွဲအတွက် အမြန်သွားဘိုကင်လုပ်ချေ”
ဦးလေးကိုးသည် မျက်နှာမပျက် ၊ အသက်ရှူမပျက်ဘဲ ဟောက်လိုက်တော့သည်။ ဝိန်ချိုက်နှင့် ချိုးရှန်းတို့မှာ ထိတ်လန့်သွားကြပြီး အူယားဖားယား ထရပ်ကာ အပြင်ဘက်သို့ ပြေးထွက်သွားကြ၏။ တစ်ခုခုတော့ မှားနေသည်ဟု သူတို့ ခံစားရသော်လည်း မည်သည်အရာက မှားနေသည်ကိုမူ မမှတ်မိနိုင်ကြပေ။ သို့သော် ကံကောင်းသည်မှာ ဆရာဖြစ်သူက သူတို့ကို ထပ်မံ မရိုက်နှက်ခြင်းပင် ဖြစ်သည်။ ဆရာက တကယ့်ကို လူကောင်းပဲ။
“ဒါနဲ့ ညီလေး ၊ ဒီညပွဲကို ရန်မိန်းကလေးလည်း လာလိမ့်မယ် ထင်တယ်နော်”
ထိုစဉ် ဦးလေးကိုးက ရုတ်တရက် စကားစလိုက်သည်။
“ရန်ပိုင် လာမှာဆိုတော့ ရန်မိန်းကလေး လာတာကလည်း သဘာဝကျပါတယ် ၊ ဒါပေမဲ့ အစ်ကိုကြီး ၊ အဲဒါက ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ”
လင်းရန်ယန်က အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။
“ဟဲဟဲ ၊ မသိချင်ယောင် ဆောင်မနေပါနဲ့ကွာ ၊ မင်း သူ့ကို နှစ်ခါတောင် ကယ်ပေးလိုက်ကတည်းက ရန်မိန်းကလေးက မင်းကို သဘောကျနေတာ ၊ မင်း မရှိတဲ့ တစ်ပတ်အတွင်းမှာ သူက အလောင်းပြင်ခန်းကို ခဏခဏ လာပြီး မင်းကို လိုက်ရှာနေတာလေ”
ဦးလေးကိုးက ပြုံးလျက် ဆိုလိုက်သည်။
“ဟင် ၊ အဲဒီလိုမျိုး ရှိနေတာလား”
လင်းရန်ယန်မှာ ထိုစကားကို ကြားသောအခါ မှင်သက်သွားရ၏။ သူက တာဝန်တစ်ခုကြောင့် ခဏတာ ဖြတ်သန်းလာခဲ့ခြင်း ဖြစ်သော်လည်း ၊ ပရိသတ်မလေးတစ်ဦးကိုပင် ရရှိထားခဲ့ပြီနှင့်တူသည်။ ကြည့်ရသည်မှာ သူ၏ ဆွဲဆောင်မှုစွမ်းအားက မြင့်မားလွန်းနေပုံ ရ၏။
“ရန်ထင်ထင်က ဘာလဲ ၊ အစ်ကို လင်းရန်ယန်ကို သဘောကျတယ်ဆိုတာကရော ဘာလဲ ၊ ဦးလေး လေး ၊ ဘာတွေ ပြောနေတာလဲ”
လင်းရန်ယန် တစ်ယောက် မိမိကိုယ်ကို အထင်ကြီးနေစဉ်မှာပင် ၊ အောင်းနင်ရွှမ်း က ဘေးမှ ခေါင်းလေးပြူထွက်လာကာ စူးစမ်းစွာ မေးမြန်းလိုက်တော့သည်။ ထိုအခါတွင် ဦးလေးကိုးမှာ အနေခက်သွားရ၏။
“အဟမ်း ၊ ဘာမှမဟုတ်ပါဘူး ၊ ဘာမှမဟုတ်ဘူး ၊ အော်... ငါ မေ့တော့မလို့ ၊ ဒီနေ့အတွက် ကျင့်ကြံဖို့ ကျန်သေးတယ် ၊ ငါ အရင် သွားလိုက်ဦးမယ်”
ဦးလေးကိုးသည် ရယ်မောလျက် စကားလမ်းကြောင်း လွှဲလိုက်ပြီးနောက် လစ်ခနဲ ထွက်ပြေးသွားတော့သည်။
“ဒီဦးလေးလေးကတော့ တကယ့်ကို ထူးဆန်းတာပဲ” အောင်းနင်ရွှမ်းက မှတ်ချက်ပေးလိုက်တော့၏။
ညချမ်းအချိန်သို့ ရောက်ရှိလာတော့သည်။
ဦးလေးကိုးသည် လင်းရန်ယန်တို့အဖွဲ့ကို ခေါ်ဆောင်ကာ မြို့ထဲရှိ လမ်းမများပေါ်သို့ ထွက်လာခဲ့၏။ မွေးနေ့ပွဲဖြစ်သဖြင့် ဦးလေးကိုးသည် အဝတ်အစားသစ်များကိုပင် ဝတ်ဆင်ထားသည်။
“ဒါနဲ့ ချိုးရှန်း ၊ ဝိန်ချိုက်ဆိုတဲ့ ကောင်လေးကော ဘယ်ရောက်သွားတာလဲ”
ဦးလေးကိုးက အနည်းငယ် ဇဝေဇဝါ ဖြစ်နေ၏။ ထိုကောင်လေးမှာ မနက်ကတည်းက ထွက်သွားပြီး ယခုအချိန်အထိ ပြန်မလာသေးသောကြောင့် ဖြစ်သည်။
“ကျွန်တော်လည်း မသိဘူး ၊ တစ်ခုခု သွားဝယ်နေတာ ထင်ပါရဲ့”
ချိုးရှန်းက မသိချင်ယောင်ဆောင်ကာ အမြန်ပင် ပြောလိုက်၏။
“မင်းက မသိဘူး ဟုတ်လား ၊ မင်းတို့နှစ်ယောက်က ဘောင်းဘီတစ်ထည်တည်း အတူဝတ်နေတဲ့ သူတွေကို ၊ မင်းက ဘယ်သူ့ကို လာလိမ်နေတာလဲ”
ဦးလေးကိုးက ထိုကောင်လေး၏ လှည့်ကွက်ကို ချက်ချင်းပင် ရိပ်မိလိုက်၏။
“အဟမ်း ၊ ဆရာကတော့ တကယ့်ကို တော်တာပဲ ၊ ဝိန်ချိုက်က ဆရာ့အတွက် မွေးနေ့လက်ဆောင် သွားဝယ်တာပါ”
ချိုးရှန်းက အနေခက်စွာဖြင့် ဝန်ခံလိုက်ရတော့သည်။
“လက်ဆောင် ဟုတ်လား ၊ ဒီကောင်လေးက တော်တော်လေး စိတ်ကူးကောင်းရှိတာပဲ ၊ ဒါနဲ့ မင်းရဲ့ လက်ဆောင်ကရော ဘယ်မှာလဲ”
ဦးလေးကိုးက ပြုံးလိုက်သော်လည်း ၊ ချိုးရှန်းကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်တော့သည်။ ထိုအကြည့်မှာ လက်ဆောင်မပါလျှင် ဒေါသထွက်တော့မည့်ပုံစံ ဖြစ်နေသဖြင့် ချိုးရှန်း၏ ရင်ထဲ၌ ဒိန်းခနဲ ဖြစ်သွားရ၏။
“ရှိတာပေါ့ ဆရာကလဲ ၊ ကျွန်တော်က အရင်ကတည်းက ကြိုတင်ပြင်ဆင်ထားတာပါ ၊ ဝိန်ချိုက်လိုမျိုး အချိန်နားကပ်မှ ကမန်းကတန်း လုပ်တာမျိုး မဟုတ်ပါဘူး”
ချိုးရှန်းက တက်ကြွစွာဖြင့် ပြောလိုက်တော့သည်။
“အော်... ဒါပေမဲ့ မနက်ကတင် မင်းက အစ်ကိုကြီးရဲ့ မွေးနေ့မှန်းတောင် မသိဘူးလို့ ပြောလိုက်တာကို ငါ မှတ်မိနေသလိုပဲနော်”
ကံဆိုးစွာပင် လင်းရန်ယန်၏ ဖွင့်ချမှုကြောင့် သူ၏ စကားများမှာ အလိမ်အညာဖြစ်ကြောင်း ပေါ်သွားတော့၏။
“ဦးလေး လေး ၊ ဦးလေး လေး အမှတ်မှားတာ နေမှာပါ”
ချိုးရှန်းမှာ ဇွတ်ငြင်းရုံသာ တတ်နိုင်တော့သည်။
“ထားလိုက်ပါတော့ ၊ လက်ဆောင် ရှိတာ မရှိတာက အရေးမကြီးပါဘူး ၊ မင်းတို့နှစ်ယောက် ကျင့်ကြံခြင်းကို ကောင်းကောင်း လုပ်ဖို့ကပဲ အဓိကပါ”
ဦးလေးကိုးကလည်း မတတ်သာသလို လက်ဝေ့ယမ်းလိုက်၏။ သို့သော် ဦးလေးကိုး၏ ကပ်စေးနည်းသော စရိုက်ကို အားလုံး သိကြသဖြင့် ၊ လက်ဆောင်သာ တကယ်မပါခဲ့လျှင် ဝိန်ချိုက်နှင့် ချိုးရှန်းတို့၏ ရှေ့ရေးမှာ မလှနိုင်ကြောင်း သိသာနေသည်။
“ဦးလေးကိုးနဲ့ တာအိုဆရာ လင်းရန်ယန်တို့ ရောက်လာကြပြီဟေ့”
ထိုစဉ် သူတို့အဖွဲ့မှာ မူးယစ်နတ်မိမယ် စားသောက်ဆိုင် အနီးသို့ ရောက်ရှိလာခဲ့၏။ ဆိုင်ရှေ့တွင် လူပေါင်း ရာနှင့်ချီ၍ ဝိုင်းအုံနေသည်ကို တွေ့လိုက်ရတော့သည်။
“ဦးလေးကိုး ၊ မွေးနေ့မှာ ပျော်ရွှင်ပါစေ”
“ဦးလေးကိုးရဲ့ အသက် လေးဆယ်ပြည့် မွေးနေ့အတွက် ဂုဏ်ယူပါတယ် ဆရာကြီး”
“ဦးလေးကိုး...”
လူအများ ဝိုင်းဝန်း နှုတ်ခွန်းဆက်သမှုများကြောင့် ဦးလေးကိုး၏ မျက်နှာမှာ ပြုံးရွှင်သွားရတော့သည်။
“ဟားဟား ၊ အားလုံးကို ကျေးဇူးတင်ပါတယ် ၊ စားကြ ၊ သောက်ကြပါ ၊ အားမနာကြပါနဲ့”
ဦးလေးကိုးက ရယ်မောလျက် နှုတ်ဆက်လိုက်၏။
“ဦးလေးကိုး ၊ ဆရာ လင်းရန်ယန် ၊ နောက်ဆုံးတော့ ရောက်လာကြပြီပဲ ၊ ကြွပါ ၊ ဒုတိယထပ်က အကောင်းဆုံး နေရာကို ကြွပါ”
စားသောက်ဆိုင်ပိုင်ရှင် ကိုယ်တိုင် ထွက်လာကာ ဦးလေးကိုးတို့အဖွဲ့ကို ဒုတိယထပ်သို့ ဖိတ်ခေါ်လိုက်သည်။ ဒုတိယထပ်၌ ဦးလေးကိုး၏ မိတ်ဆွေများနှင့် သူဌေးကြီးများ ရောက်ရှိနေကြပြီ ဖြစ်သည်။ ထို့ပြင် မြို့တော်ဝန် ၊ ရန်ပိုင်နှင့် ၊ သူ၏ သမီးဖြစ်သူတို့လည်း ရှိနေကြ၏။
သူတို့အဖွဲ့ ရောက်ရှိလာသည်နှင့် အားလုံးက မတ်တတ်ရပ်၍ ကြိုဆိုကြတော့သည်။ ယနေ့တွင် အထူးတလှယ် လှပစွာ ပြင်ဆင်ထားသော ရန်ထင်ထင် သည် လင်းရန်ယန်ကို မြင်သည်နှင့် သူမ၏ လှပသော မျက်ဝန်းအစုံမှာ သူဆီမှ ဖယ်ခွာ၍မရနိုင်တော့ပေ။ သို့သော် လင်းရန်ယန်၏ ဘေးတွင် သူနှင့် ရွယ်တူ ၊ သူမထက်ပင် ပိုမိုလှပသော မိန်းကလေးတစ်ဦး ပါလာသည်ကို မြင်သောအခါ ရန်ထင်ထင်၏ ရင်ထဲ၌ မွန်းကြပ်သွားရတော့သည်။
“ဦးလေးကိုး ၊ ဂုဏ်ယူပါတယ် ၊ ဆရာ လင်းရန်ယန် ၊ ကြွပါ ၊ ဂုဏ်သရေရှိ နေရာမှာ ထိုင်ပါဦး”
ရန်ပိုင်က ပြုံးရွှင်စွာဖြင့် ဖိတ်ခေါ်လိုက်၏။ အောင်းနင်ရွှမ်းကလည်း လင်းရန်ယန်၏ ဘေးတွင် ဝင်ထိုင်လိုက်တော့သည်။
“ဟားဟား ၊ ဆရာ လင်းရန်ယန် ၊ ပြီးခဲ့တဲ့ အခေါက်က ဆရာက နှုတ်မဆက်ဘဲ ထွက်သွားလို့ ရန်မိသားစုမြို့တော်က လူတွေက ဆရာ့ကို တကယ့်ကို တွေ့ချင်နေကြတာ ၊ ဒီနေ့မှပဲ တွေ့ရတော့တယ် ၊ ဆရာကတော့ တကယ်ကို လူငယ်သူရဲကောင်း ပါပဲ”
သူဌေးကြီးတစ်ဦးက လင်းရန်ယန်ကို ချီးကျူးလိုက်၏။
“ဟုတ်ပါ့ ၊ ဟုတ်ပါ့ ၊ ဒါနဲ့ ဆရာ လင်းရန်ယန် ဘေးက မိန်းကလေးက ဘယ်သူလဲဗျ ၊ ဆရာတို့ နှစ်ယောက်က တကယ့်ကို လိုက်ဖက်တဲ့ စုံတွဲပါပဲ”
“မှန်တာပေါ့ ၊ တကယ့်ကို လိုက်ဖက်ညီတဲ့ စုံတွဲပဲ ၊ နတ်ဖက်တဲ့ စုံတွဲပဲ”
သူဌေးအုပ်စု၏ မြှောက်ပင့်စကားများကြောင့် အောင်းနင်ရွှမ်း၏ မျက်နှာမှာ ချက်ချင်းပင် နီမြန်းသွားရတော့သည်။ ရှက်ကိုးရှက်ကန်း ဖြစ်နေသော်လည်း သူမ၏ ရင်ထဲ၌မူ ချိုမြိန်သော ခံစားချက်တစ်ခု ဖြစ်ပေါ်နေ၏။ တစ်ဖက်တွင်မူ ရန်ထင်ထင်၏ ဖြူစင်သော မျက်နှာမှာ ပို၍ပင် ဖြူဖျော့သွားရတော့သည်။
“အားလုံးပဲ ၊ ဒီနေ့က ကျွန်တော့် အစ်ကိုကြီးရဲ့ မွေးနေ့ပါ ၊ ဘာလို့ ကျွန်တော့်ကို ဂုဏ်ပြုနေကြတာလဲ ၊ မသိတဲ့သူဆိုရင် ကျွန်တော့် အသက် လေးဆယ်ပြည့် မွေးနေ့လို့ ထင်ကုန်ဦးမယ်”
လင်းရန်ယန်က မတတ်သာသလို ပြုံးလျက် ဆိုလိုက်၏။
“ဟုတ်တာပေါ့ ၊ ငါ့ညီလေးက ငယ်ငယ်လေး ရှိသေးတာကို ၊ ဘာလို့ သူ့ကို ဂုဏ်ပြုနေတာလဲ ၊ ငါ့ကိုပဲ ဂုဏ်ပြုကြစမ်းပါ”
ဦးလေးကိုးက စိတ်မဆိုးသည့်အပြင် ပြန်လည်နောက်ပြောင် လိုက်သဖြင့် ၊ တစ်ခန်းလုံး ရယ်သံများဖြင့် ဖုံးလွှမ်းသွားတော့သည်။
“ဖြောင်း... ဖြောင်း... ဖြောင်း”
ရုတ်တရက် ပတ်ဝန်းကျင်ရှိ ဖယောင်းတိုင်မီးများ အားလုံး ငြိမ်းသွား၏။ လူတိုင်း ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် ၊ စားပွဲထိုး အချို့သည် ကြီးမားလှသော အနောက်တိုင်းစတိုင် ကိတ်မုန့်ကြီးတစ်ခုကို သယ်ဆောင်လာကြတော့သည်။