အမြင်ကျယ်သွားခြင်း
Vol. 7 Ch. 63
ကိတ်မုန့်ကြီးပေါ်တွင် ဖယောင်းတိုင်ပေါင်း လေးဆယ်ကို စိုက်ထူထား၏။ ဖယောင်းတိုင်မီးရောင်များမှာ တစ်ခန်းလုံးကို လင်းထိန်သွားစေပြီး ဒုတိယထပ်တစ်ခုလုံးကို ဝါဝင်းသော အလင်းတန်းများဖြင့် လွှမ်းခြုံထားတော့သည်။
“ဒါက ဘာကြီးလဲ ၊ တကယ့်ကို လှတာပဲ”
ဤမျှလှပ လှသော ကိတ်မုန့်ကြီးကို မြင်လိုက်ရသောအခါ အောင်းနင်ရွှမ်း ၏ မျက်လုံးများမှာ ချက်ချင်းပင် အရောင်တောက်သွား၏။
“ဟားဟား ၊ ဦးလေးကိုး ၊ ဒါက ကျွန်တော့်သမီး ရန်ထင်ထင် က ဦးလေးကိုးအတွက် ကိုယ်တိုင်လုပ်ပေးထားတဲ့ မွေးနေ့ကိတ်မုန့်လေးပါ ၊ ဦးလေးကိုး မွေးနေ့မှာ ပျော်ရွှင်ပါစေ ၊ ဖယောင်းတိုင်တွေကို မှုတ်လိုက်တာက ကိစ္စအဝဝမှာ အဆင်ပြေချောမွေ့စေဖို့ အတိတ်နိမိတ် ဆောင်ပါတယ်”
ရန်ပိုင် ကလည်း ရယ်မောလျက် ပြောဆိုလိုက်သည်။
“အော်... ဒါက ဒီအစ်မကြီး လုပ်ထားတာကိုး ၊ တကယ့်ကို လှတာပဲ ၊ အစ်မက တော်လိုက်တာ”
အောင်းနင်ရွှမ်းမှာ ရန်ထင်ထင်ကို အားကျစူးစမ်းသော မျက်ဝန်းများဖြင့် ကြည့်လိုက်၏။
“ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော် ၊ အကယ်၍ ညီမလေး သင်ချင်တယ်ဆိုရင်လည်း အစ်မဆီကို လာခဲ့လို့ ရပါတယ်”
ထိုစကားကို ကြားသောအခါ ရန်ထင်ထင်မှာ မိမိကိုယ်ကို ယုံကြည်မှု တဖြည်းဖြည်း ပြန်လည်ရရှိလာတော့သည်။ မှန်ပါသည် ၊ ရုပ်ရည်ပိုင်းတွင် သူမက မသာလွန်နိုင်စေဦးတော့ ၊ သူမ၌ တတ်ကျွမ်းသောအရာများစွာ ရှိနေသေး၏။
“ကောင်းလိုက်တာ ၊ အစ်မက စိတ်သဘောထားလည်း တော်တော်ကောင်းတာပဲ”
အောင်းနင်ရွှမ်းက ပျော်ရွှင်စွာ ပြုံးလိုက်ရာ သူမ၏ စွယ်လေးများမှာ ချစ်စဖွယ် ပေါ်ထွက်လာတော့သည်။
“ဝါး ၊ မထင်ထင် ကိုယ်တိုင်လုပ်ထားတာကိုး ၊ ဒါကြောင့်လည်း ဒီလောက်လှနေတာ”
“ဟားဟား ၊ ဒီတစ်ခါတော့ ကျွန်တော်တို့လည်း ကံကောင်းတာပဲ ၊ ဒါတွေအားလုံးက ဦးလေးကိုးရဲ့ ကျေးဇူးတွေပေါ့”
“ဟုတ်ပါ့ ၊ ဟုတ်ပါ့ ၊ တစ်နေ့ကျရင် ကျွန်တော့်မွေးနေ့မှာလည်း တစ်ယောက်ယောက်ကို အပ်ပြီး လုပ်ခိုင်းဦးမယ်”
ဘေးပတ်ဝန်းကျင်ရှိ သူဌေးကြီးများမှာလည်း အံ့ဩတကြီးဖြင့် ဝိုင်းဝန်းပြောဆိုနေကြ၏။
“ဒီအနောက်တိုင်းသားတွေကတော့ ပျော်တတ်လိုက်တာ ၊ စိတ်ဝင်စားဖို့ ကောင်းသားပဲ”
ဦးလေးကိုးက ကိတ်မုန့်ကို ကြည့်ကာ ပြုံးလျက် ဆိုလိုက်သည်။ စကားပြောပြီးသည်နှင့် သူသည် အသက်ကို ဝဝရှူလိုက်ပြီး...
“ဟူး”
ချက်ချင်းဆိုသလိုပင် လေပြင်းတစ်ချက် ဝှေ့ယမ်းသွားတော့သည်။ ဖယောင်းတိုင် လေးဆယ်လုံးမှာ တစ်ပြိုင်နက်တည်း ငြိမ်းသွား၏။ သာမန်လူသာဆိုလျှင် ဖယောင်းတိုင် လေးဆယ်လုံး ငြိမ်းစေရန် အသက်ကို အကြိမ်ကြိမ် ရှူကာ မှုတ်ရလိမ့်မည်။ ထို့နောက်တွင်မူ ဘေးပတ်ဝန်းကျင်ရှိ မီးခွက်များကို ပြန်လည် ထွန်းညှိလိုက်ကြ၏။
“ကောင်းကင်ယံထက် မြင့်မားသော လာဘ်လာဘနှင့် သက်တမ်းကို ပိုင်ဆိုင်ပါစေ... ပျော်ရွှင်စရာ မွေးနေ့ပွဲကို ဆင်နွှဲရင်း...”
လူအများက မွေးနေ့သီချင်းကို ဝိုင်းဝန်း သီဆိုကြတော့သည်။
“တော်ပြီ ၊ တော်ပြီ ၊ တော်ကြပါတော့ ၊ အားလုံးပဲ သီချင်းဆိုတာ မှားနေပြီ ၊ မှားနေပြီ ”
ထိုစဉ် ချိုးရှန်း က လျင်မြန်စွာပင် ကြားဖြတ် တားဆီးလိုက်၏။
“ဟုတ်သားပဲ ၊ ကျွန်တော်တို့ သီချင်းဆိုတာ မှားနေတာပဲ ၊ ဒါက အနောက်တိုင်းကိတ်မုန့်ဆိုတော့ အနောက်တိုင်း မွေးနေ့သီချင်းကို ဆိုရမှာ မဟုတ်ဘူးလား”
“ဘာ ၊ တာအိုဆရာ ချိုးရှန်းက အနောက်တိုင်း မွေးနေ့သီချင်းကို ဆိုတတ်တာလား”
ချိုးရှန်း၏ စကားကြောင့် လူအများမှာ မိမိတို့ မှားယွင်းနေကြောင်း သတိပြုမိသွားကြ၏။ ချိုးရှန်းမှာမူ စကားပင် မဆိုနိုင်တော့ပေ ၊ သူက အနောက်တိုင်းသီချင်းကို မည်သို့ ဆိုတတ်မည်နည်း။
“အဟမ်း ၊ အဟမ်း ၊ ဘယ်လို မွေးနေ့သီချင်းမျိုးကမှ ဆရာ့အပေါ်မှာ ထားရှိတဲ့ ကျွန်တော့်ရဲ့ ကျေးဇူးတရားတွေကို အပြည့်အဝ ဖော်ပြနိုင်မှာ မဟုတ်ဘူး ၊ ဒါကြောင့် ကျွန်တော် ကိုယ်တိုင် သီချင်းတစ်ပုဒ် ဆိုပြပါရစေ” ချိုးရှန်းက လည်ချောင်းကို တစ်ချက် ရှင်းလိုက်ကာ….
“ဒီလောကကြီးမှာ ဆရာတစ်ယောက်သာ အကောင်းဆုံးပါ... ဆရာရှိတဲ့ တပည့်လေးကတော့ ရတနာတစ်ပါးလိုပါပဲ...”
ချိုးရှန်းက ဦးလေးကိုးကို ကြင်နာလှသော မျက်ဝန်းများဖြင့် ကြည့်ကာ သီဆိုလိုက်တော့သည်။ ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်လေထုမှာ အေးစက်သွားရတော့သည်။ လူတိုင်းမှာ အနေရခက်သော ခံစားချက်ကို ရရှိလိုက်၏။ ဦးလေးကိုး၏ နှုတ်ခမ်းများပင်လျှင် အနည်းငယ် တုန်ရီသွားရသည်။
“တော်ပြီ ၊ တော်ပြီ ၊ အဲဒီစကားတွေကို အိမ်ကျမှပဲ ပြောတော့ ”
သူသည် ထိုကောင်စုတ်လေး၏ စကားကို ချက်ချင်းပင် ဖြတ်ပြောလိုက်၏။ အဘယ့်ကြောင့်ဆိုသော် မွေးနေ့၏ အငွေ့အသက်ကောင်းများကို ဖျက်ဆီးပစ်လိုက်သောကြောင့် ဖြစ်သည်။
“အော်... အော်... ကောင်းပါပြီ”
ချိုးရှန်းမှာ မတတ်သာသလို ခံစားလိုက်ရ၏။ ရုတ်တရက် သူသည် လှေကားခြေရင်း၌ ဝိန်ချိုက် က သူ့ကို မျက်စိမှိတ်ပြနေသည်ကို တွေ့လိုက်ရသည်။
“ဆရာ ၊ ကျွန်တော် ဗိုက်အောင့်လို့ ခဏ ဆင်းလိုက်ဦးမယ်”
ချိုးရှန်းက ဆင်ခြေတစ်ခု အမြန်ပေးကာ အောက်ထပ်သို့ ပြေးဆင်းသွားတော့သည်။
“ပစ္စည်းတွေ ဘယ်မှာလဲ ၊”
ချိုးရှန်းက ပထမထပ်သို့ ရောက်သည်နှင့် ဝိန်ချိုက်ကို အမြန်မေးလိုက်၏။
“ဒီမှာလေ”
ဝိန်ချိုက်က ခိုးကြောင်ခိုးဝှက်ဖြင့် ထုတ်ပြလိုက်တော့သည်။
“ဒီပစ္စည်းက ကြည့်ရတာ သိပ်မသန့်သလိုပဲ”
ချိုးရှန်းက သူ၏လက်ထဲရှိ အိတ်ငယ်လေးကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။
“မင်းပေးတဲ့ ပိုက်ဆံနဲ့ ဘယ်လို ပစ္စည်းကောင်းမျိုးကို ရမှာလဲ ၊ ဒါနဲ့တင် လုံလောက်နေပြီ” ဝိန်ချိုက်က သူ့ကို မျက်စောင်းထိုးကာ ကြည့်လိုက်တော့သည်။
“ဒါတောင် ငွေဒင်္ဂါး တစ်ပြား ပေးလိုက်ရတာနော် ၊ စာအိတ်အနီလေး တစ်ခုတည်းပဲလား ၊ မင်း ငါ့ပိုက်ဆံကို ခိုးစားလိုက်တာ မဟုတ်လား”
ချိုးရှန်းက အိတ်ကို ဖွင့်ကြည့်လိုက်သော်လည်း ၊ နောက်တစ်ခဏ၌ သူ၏ နှုတ်ခမ်းများ တုန်သွားရ၏။ အမှန်စင်စစ် သူ၏ ငွေဒင်္ဂါးမှာ ထိုစာအိတ်ထဲ၌ပင် ရှိနေသေးခြင်း ဖြစ်သည်။
“တွေ့လား ၊ ငါက ဘယ်လိုလုပ် ခိုးစားမှာလဲ ၊ ဒီစာအိတ်အနီကိုတောင် ငါ့ပိုက်ဆံနဲ့ ငါဝယ်ပေးထားတာ”
ဝိန်ချိုက်က ချိုးရှန်းကို မျက်စောင်းထိုးလိုက်ပြန်သည်။
“ဒီလို ပစ္စည်းမျိုးကို ငါ ဘယ်လိုလုပ် လက်ဆောင်ပေးလို့ ရမှာလဲ ၊ ဒါနဲ့ မင်းကရော ဘာဝယ်ထားတာလဲ”
ချိုးရှန်းက စိုးရိမ်တကြီးဖြင့် ဝိန်ချိုက်ကို မေးလိုက်၏။
“ဟဲဟဲ ၊ ပစ္စည်းကောင်းပေါ့ ၊ ကြည့်လိုက်”
ဝိန်ချိုက်က ဂုဏ်ယူစွာ ပြုံးလိုက်ပြီးနောက် ၊ သူကိုင်ထားသော သေတ္တာကြီးကို ဖွင့်ပြလိုက်ရာ မည်းနက်နေသော သစ်သားတုံး တစ်တုံး ပေါ်ထွက်လာတော့သည်။
“ဟား... မိုးကြိုးပစ်ခံထားရတဲ့ သစ်သားပဲ ၊ ဒီပစ္စည်းကို မင်း ဘယ်က ရလာတာလဲ”
ချိုးရှန်းမှာ အံ့ဩတုန်လှုပ်သွားရ၏။ ၎င်းမှာ မိုးကြိုးပစ်ခံထားရသော မက်မွန်သား ပင်ဖြစ်နေသည်။ သူတို့ဆရာမှာ ထိုကဲ့သို့သော ပစ္စည်းမျိုးကို လိုချင်နေသည်မှာ နှစ်ပေါင်းများစွာ ရှိနေပြီ ဖြစ်သည်။
“ဟင်း ၊ ဒါကို နောက်ဖေးတောင်ကုန်းမှာ သွားရှာတွေ့တာလေ ၊ ဘယ်လိုလဲ ၊ အားကျသွားပြီလား ၊ တစ်ပြားမှတောင် အကုန်အကျ မခံရဘူးနော်”
ဝိန်ချိုက်က အောင်နိုင်သူတစ်ဦးအလား ပြုံးလိုက်၏။ စကားပြောပြီးသည်နှင့် သူသည် ချိုးရှန်းက လုယူမည်ကို စိုးရိမ်သဖြင့် သေတ္တာကို အမြန်ပြန်ပိတ်ကာ ရင်ခွင်ထဲ၌ တင်းကြပ်စွာ ပွေ့ပိုက်ထားလိုက်တော့သည်။
“တောက် ၊ ငါ့ကျတော့ ဘာလို့ မင်းလို ကံမကောင်းရတာလဲ”
ချိုးရှန်းမှာ ဒေါသထွက်သွားရသည်။ ပစ္စည်းက တန်ဖိုးရှိသည် မရှိသည်မှာ အရေးမကြီးပါ ၊ အဓိကမှာ ဆရာဖြစ်သူ ကြိုက်နှစ်သက်မည့်အရာ ဖြစ်နေသည့်အပြင် အခမဲ့ ရထားခြင်းကြောင့် ဖြစ်၏။
“ဟင် ၊ မင်းရဲ့ တခြား သေတ္တာကြီးထဲမှာ ဘာပါတာလဲ”
ရုတ်တရက် ချိုးရှန်းသည် ဝိန်ချိုက်၏ လက်ထဲရှိ အခြား သေတ္တာကြီးတစ်ခုကို လှမ်းကြည့်လိုက်သည်။
“အော်... ဒါလား ၊ ဒါက ငါ့ဘာသာ ဆော့ဖို့ ဝယ်ထားတာ”
ဝိန်ချိုက်က ဆိုလိုက်သည်။
“ရှူး”
သို့သော် ဝိန်ချိုက် စကားပြော၍ပင် မဆုံးသေးမီမှာပင် ၊ ချိုးရှန်းက ထိုသေတ္တာကြီးကို လုယူလိုက်တော့သည်။
“ဟားဟား ၊ ဒါကို ငါ ခဏငှားပြီး ဆရာ့ကို လက်ဆောင်ပေးလိုက်မယ်”
ချိုးရှန်းက အကျယ်ကြီး ရယ်မောလိုက်ပြီးနောက် အပေါ်ထပ်သို့ ပြေးတက်သွားတော့သည်။
“မလုပ်နဲ့လေ ချိုးရှန်း ၊ အဲဒါက ဆော့ဖို့ မဟုတ်ဘူး ၊ အန္တရာယ်ရှိတယ်”
ဤမြင်ကွင်းကို ကြည့်ကာ ဝိန်ချိုက်မှာ ထိတ်လန့်တကြား အော်ဟစ်လိုက်၏။ ထို့နောက် သူသည် ချိုးရှန်း၏ အနောက်သို့ အပြေးအလွှား လိုက်သွားတော့သည်။ ကံဆိုးစွာပင် အချိန်နှောင်းသွားခဲ့ပြီ ဖြစ်၏။
သူ ဒုတိယထပ်သို့ ရောက်ရှိချိန်တွင် ၊ ချိုးရှန်းသည် ထိုလက်ဆောင်ထုပ်ကြီးကို ဦးလေးကိုးထံသို့ ပေးအပ်ပြီး ဖြစ်နေသည်ကို တွေ့လိုက်ရတော့သည်။
ဒီတစ်ခါတော့ တကယ်ပဲ သေတော့မှာပဲ။
ဝိန်ချိုက်မှာ မတတ်သာဘဲ တံတွေးကို ခက်ခဲစွာ မျိုချလိုက်မိ၏။
“သေတ္တာကြီးက တကယ့်ကို ကြီးတာပဲ ၊ တာအိုဆရာ ချိုးရှန်းက တော်တော်လေး စိတ်ကူးရှိတာပဲနော်”
“ဟုတ်ပါ့ ၊ ဟုတ်ပါ့ ၊ ဒီလောက်ကြီးတဲ့ သေတ္တာထဲမှာ ပါတဲ့ ပစ္စည်းကတော့ တကယ့်ကို ထူးခြားမှာ သေချာတယ်”
“မှန်တာပေါ့ ၊ ဦးလေးကိုး ၊ အမြန်ဖွင့်ပြပါဦး ၊ ကျွန်တော်တို့လည်း အမြင်ကျယ်သွားအောင်လို့ ”
ဘေးပတ်ဝန်းကျင်ရှိ သူဌေးကြီးများက ဝိုင်းဝန်း တိုက်တွန်းနေကြတော့သည်။
“ဟားဟား ၊ ချိုးရှန်းက ဒီလောက်အထိ စိတ်ကူးရှိတာ ရှားတယ် ၊ ဒါဆိုရင် ဒီကောင်လေးက သူ့ဆရာကို ဘာပေးလဲဆိုတာ ကြည့်ကြတာပေါ့”
ဦးလေးကိုးကလည်း ပြုံးလျက် ခေါင်းငြိမ့်လိုက်၏။ စကားပြောပြီးသည်နှင့် သူသည် လက်ဆောင်ကို ဖွင့်ရန် ပြင်လိုက်တော့သည်။
“ဆရာ ၊ ကျွန်တော့် လက်ဆောင်ကို အရင်ကြည့်ပါဦး”
ရုတ်တရက် ဝိန်ချိုက်က ပြေးလာပြီး သူ၏ သေတ္တာကို ဦးလေးကိုး၏ ရှေ့သို့ အတင်းတိုးပေးလိုက်တော့သည်။ ၎င်းမှာ ရှည်လျားသော လေးထောင့်သေတ္တာကြီး ဖြစ်ပြီး အသေအချာ ထုပ်ပိုးထားသည်။
“အိုဟို ၊ ပိုကြီးတဲ့ လက်ဆောင်သေတ္တာကြီးပါလား”
“တပည့်နှစ်ယောက်လုံးက ဆရာ့ကို တကယ် ရိုသေကြတာပဲ”
“ဟုတ်ပါ့ ၊ ဟုတ်ပါ့ ၊ ဒီတစ်ခုကတော့ ပိုပြီး ထူးခြားမှာ သေချာတယ်”
မြို့သူမြို့သားများက ဝိုင်းဝန်း ချီးကျူးနေကြတော့သည်။
“မင်းကောင်ကတော့ကွာ ၊ ဘာလို့ ငါ့ရဲ့ အခွင့်အရေးကို လာလုနေတာလဲ ၊ မင်းရဲ့ ပစ္စည်းသာ ထွက်လာရင် ငါ့ပစ္စည်းကို ဘယ်သူက ကြည့်တော့မှာလဲ”
ချိုးရှန်းမှာ ပြောစရာပင် မရှိတော့ချေ။ သူသည် ဝိန်ချိုက် မိမိဘာသာ ဆော့ရန် ဝယ်ထားသော ပစ္စည်းမှာ မိုးကြိုးပစ်သစ်သားလောက် ကောင်းလိမ့်မည် မဟုတ်ဟု ထင်မှတ်ထားခြင်း ဖြစ်သည်။
“မင်းက ငါ့ရဲ့ စေတနာကို မသိဘူး”
ဝိန်ချိုက်က ချိုးရှန်း၏ စကားကို ကြားသောအခါ နာကျင်စွာ ပြုံးလျက် ဆိုလိုက်၏။
“ကဲပါ ၊ ဒါဆိုရင် မင်းရဲ့ လက်ဆောင်ကို အရင်ကြည့်ကြတာပေါ့”
ဦးလေးကိုးကလည်း ဘာမျှစိတ်ထဲမထားဘဲ ဝိန်ချိုက်၏ သေတ္တာကို ချက်ချင်းပင် ဖွင့်လိုက်တော့သည်။ ချက်ချင်းဆိုသလိုပင် မည်းနက်နေသော သစ်သားတုံးကြီး တစ်တုံးမှာ လူတိုင်း၏ ရှေ့မှောက်တွင် ပေါ်ထွက်လာ၏။
ဤအချိန်၌ တန်ဖိုးကို မသိနားမလည်ကြသော သူဌေးကြီးများမှာ မှင်သက်သွားကြရသည်။
“ဒါက မီးလောင်ထားတဲ့ သစ်သားတုံးကြီး မဟုတ်လား”
“ဒီလက်ဆောင်က တကယ်ပဲ ပေးတာလား”
“အဟမ်း ၊ အဟမ်း ၊ ဦးလေးကိုး ဒေါသမထွက်ပါစေနဲ့လို့ပဲ ဆုတောင်းရမှာပဲ”
လူတိုင်းက ဝိန်ချိုက်အတွက် စိုးရိမ်တကြီး ဆုတောင်းပေးနေကြတော့သည်။
“ဒါက တကယ်ကို မိုးကြိုးပစ်ခံထားရတဲ့ မက်မွန်သားပဲ ၊ ပြီးတော့ ဒါက နှစ်ပေါင်း ငါးရာသက်တမ်းရှိတဲ့ မက်မွန်သားကြီး ၊ အစ်ကိုကြီး ၊ ဒီတစ်ခါတော့ အစ်ကိုကြီး တကယ့်ကို ကံကောင်းတာပဲ”
သို့သော် ဘေး၌ ရှိနေသော လင်းရန်ယန် က ဝင်ရောက် ပြောဆိုလိုက်၏။ ၎င်းမှာ မြေကမ္ဘာအဆင့် အထွတ်အထိပ်ရှိသော ပစ္စည်းတစ်ခု ဖြစ်သည်။
၎င်းသည် ပြင်းထန်လှသော မိစ္ဆာနှိမ်နင်းနိုင်စွမ်းရှိပြီး ၊ ဖုတ်ကောင်များနှင့် ဝိညာဉ်ဆိုးများအပေါ်တွင် ထိတ်လန့်ဖွယ်ရာ ကောင်းသော တိုက်ခိုက်မှုစွမ်းအားကို ပေးစွမ်းနိုင်သည်။