ရေခဲစွမ်းအင်၏ အစွမ်း
Vol. 7 Ch. 66
ဤမြင်ကွင်းကို ကြည့်ကာ မြေပြင်ပေါ်၌ မှောက်ရက်လဲနေသော မောက်ရှန်းမင် မှာ မျက်နှာတစ်ခုလုံး သွေးမရှိတော့သလို ဖြူဖျော့သွားရတော့သည်။
“သွားပါပြီ ၊ ငါတော့ တကယ့်ကို ကပ်ဘေးကြီး ဆိုက်အောင် လုပ်မိပြီ ”
ဝိညာဉ်ပေါင်း ဒါဇင်နှင့်ချီ၍ တစ်ပြိုင်နက်တည်း ကောင်းကင်ယံသို့ ပျံတက်သွားကြ၏။ ထိုကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် ကီလိုမီတာ ဒါဇင်ပေါင်းများစွာအတွင်းရှိ ကောင်းကင်ယံကို ချက်ချင်းပင် တုန်လှုပ်ချောက်ချားသွားစေတော့သည်။ အဆုံးမရှိသော မိုးတိမ်တောင်ကြီးများမှာလည်း လျင်မြန်စွာ စုရုံးလာကြတော့၏။
“ဝုန်း... ဂျိန်း... ဂျိန်း...”
မိုးတိမ်တောင်များကြားမှ မိုးခြိမ်းသံများမှာလည်း ဒေါသတကြီး ဟိန်းဟောက်နေသည်။
“မကောင်းတော့ဘူး ၊ တစ်ခုခု ဖြစ်နေပြီ ”
ထုထည်ကြီးမားလှသော ဝိညာဉ်အငွေ့အသက် များကို ခံစားလိုက်ရသဖြင့် ဦးလေးကိုး ၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားပြီး အပြင်သို့ အပြေးအလွှား ထွက်လာခဲ့တော့သည်။
“ဒီမောက်ရှန်းမင်ကတော့ တကယ့်ကို ပြဿနာရှာရတာ ဝါသနာပါတာပဲ ”
လင်းရန်ယန် မှာလည်း စကားမဆိုနိုင်လောက်အောင် ဖြစ်ရလျက် ၊ ဝိန်ချိုက် နှင့် ချိုးရှန်း တို့ကို ခေါ်ဆောင်ကာ အပြင်ဘက်သို့ ထွက်လာခဲ့သည်။ သို့သော်လည်း တစ်ခဏ၌ လင်းရန်ယန်နှင့် ဦးလေးကိုးမှလွဲ၍ ကျန်ရှိသောသူအားလုံးမှာ ကောင်းကင်တစ်ခုလုံး ပြည့်နှက်နေသော ဝိညာဉ်အရိပ်ကြီးများကို ကြည့်ကာ ထိတ်လန့်တုန်လှုပ်သွားကြရ၏။
“ဟီး... ဟီး... ဟီး... ငါ နောက်ဆုံးတော့ အပြင်ကို ရောက်လာပြီဟေ့”
“ဟားဟားဟား ၊ ကပ်စေးနည်းတဲ့ တာအိုဆရာအိုကြီး ၊ ဒီတစ်ခါတော့ မင်းကို သေတွင်းထဲ ပို့ပေးရမယ်”
“အားလုံးပဲ ၊ ငါတို့ ဒီတစ်ခါ လွတ်လာပြီဆိုတော့ အဲဒီနှာဘူး တာအိုဆရာကြီးကို အရင်သတ်ကြရအောင်”
“ဟီး... ဟီး... ကောင်းတယ် ၊ သတ်ပစ်ကြ ”
အနည်းဆုံး ‘မိစ္ဆာဝိညာဉ်’ အဆင့်ရှိသော ကြောက်မက်ဖွယ် ဝိညာဉ် ဒါဇင်ပေါင်းများစွာသည် ကောင်းကင်ယံ၌ ရူးသွပ်စွာ ဟိန်းဟောက်နေကြသည်။ ထိုအထဲတွင် ‘ဝိညာဉ်ရိုင်း’ အဆင့်ရှိသူ အချို့ပင် ပါဝင်နေသေးသည်။
“ဘုရားရေ ၊ အစ်ကိုကြီး ၊ အစ်ကိုကြီးက ဒီဝိညာဉ်တွေကို ဘယ်လောက်တောင် စုဆောင်းထားတာလဲ ”
လင်းရန်ယန်မှာ ဤမျှများပြားလှသော ဝိညာဉ်အုပ်ကြီးကို မြင်သောအခါ အံ့အားသင့်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ဤမျှများပြားသော ဝိညာဉ်များကြောင့် ‘စနစ်’ က သူ့ထံသို့ တာဝန်တစ်ခု တိုက်ရိုက်ပေးအပ်လိုက်သောကြောင့် ဖြစ်သည်။
> “ဒင်... ယာယီတာဝန် ထုတ်ပြန်ချက် - မမျှော်လင့်ဘဲ လွတ်မြောက်သွားသော ဝိညာဉ်ဆိုးများကို အမြစ်ပြတ် နှိမ်နင်းပါ။
> အချိန်ကန့်သတ်ချက် - သုံးမိနစ်။ မိစ္ဆာဝိညာဉ်အားလုံးကို သုတ်သင်ပါ။ ရရှိမည့်ဆုလာဘ် - အလိုလျောက် တိုက်ခိုက်ရေး ဆုလာဘ် ၁၀ ခုနှင့် သက်ဆိုင်ရာ ဆုလာဘ်များ ”
>
အသိပေးအချက်ပြသံမှာ လင်းရန်ယန်၏ အသိစိတ်ထဲသို့ တိုးဝင်လာသည်။ ဤယာယီတာဝန်ကို မည်သို့သော အခြေအနေမျိုးက နှိုးဆွလိုက်သည်ကို သူ မသိသော်လည်း ၊ အလကားရမည့် အလိုလျောက် တိုက်ခိုက်ရေး ဆုလာဘ်ကိုမူ သူ လက်မလွှတ်နိုင်ပေ။
“ငါ ရန်မိသားစုမြို့တော်ကို ရောက်ကတည်းက စုထားတာလေ ၊ ဝိညာဉ်တွေက များလွန်းတော့ သူတို့ကို ဘဝကူးပေးဖို့အတွက် ငရဲပြည်သုံးငွေကလည်း မလုံလောက်ဘူး ၊ သတ်ပစ်ဖို့ကလည်း တော်တော်ခက်တယ်လေ ”
ဦးလေးကိုးမှာလည်း မတတ်သာသလို ဖြစ်နေရ၏။ သူသည် ဤဝိညာဉ်များကို စောစောစီးစီး တစ်ကောင်ချင်း သတ်ပစ်ခဲ့သင့်သည်။ ယခုမူ အကုန်လုံး လွတ်မြောက်သွားကြပြီ ဖြစ်ရာ ၊ အကယ်၍ လင်းရန်ယန်သာ ဤနေရာ၌ ရှိမနေလျှင် သူလည်း ယခုတစ်ကြိမ်၌ အသက်အန္တရာယ် ကြုံတွေ့ရနိုင်သည်။
“ထားလိုက်ပါတော့ ၊ ဒါကို ကျွန်တော်ပဲ ကိုင်တွယ်လိုက်ပါ့မယ် ”
လင်းရန်ယန်က ခေါင်းယမ်းလိုက်၏။ သူက တစ်ခါတည်း အစအနဖျောက်ရန် ဆုံးဖြတ်လိုက်သည် ၊ အဘယ်ကြောင့်ဆိုသော် သူ့ထံ၌ အချိန် သုံးမိနစ်သာ ရှိသောကြောင့် ဖြစ်သည်။ အကယ်၍ ဦးလေးကိုးနှင့် ပူးပေါင်းတိုက်ခိုက်နေလျှင် အချိန်ပိုသွားပါက ပြဿနာတက်နိုင်သည်။
“ညီလေး ၊ တစ်ယောက်တည်းလား ”
ဦးလေးကိုးက ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်သွားရသည်။ သို့သော် လင်းရန်ယန်က ဘာမျှထပ်မပြောဘဲ ရှေ့သို့ တိုက်ရိုက် တိုးထွက်သွားတော့၏။
“ကောင်းပြီလေ ၊ ဒီဝိညာဉ်လေးတွေကို သုံးပြီး ငါ့ရဲ့ တာအိုအတတ်သစ်ကို စမ်းသပ်ကြည့်တာပေါ့”
လင်းရန်ယန်က အသာအယာ ပြုံးလိုက်ပြီးနောက် ၊ မိုးတိမ်တောင်များ ဖုံးလွှမ်းနေသော ကောင်းကင်ယံကို မော့ကြည့်လိုက်သည်။ နောက်တစ်ခဏ၌ သူ၏ လက်များမှာ လက်သင်္ကေတ များကို လျင်မြန်စွာ ဖော်ဆောင်လိုက်တော့သည်။
“ဖြောက်... ဖြောက်”
တစ်ချိန်တည်းမှာပင် သူ၏ လက်များအတွင်းမှ ပြင်းထန်သော လျှပ်စစ်စွမ်းအားများ ပေါက်ကွဲထွက်လာတော့သည်။
“ဟီး... ဟီး... ညီအစ်ကိုတို့ ၊ တိုက်ကြစမ်း”
“သူတို့ တိုက်ခိုက်တော့မယ် ၊ အရင်ဦးအောင် သတ်ကြ ”
“သေစမ်း ”
လင်းရန်ယန် တိုက်ခိုက်ရန် ပြင်နေသည်ကို မြင်သောအခါ ၊ ဝိညာဉ်ဆိုးအားလုံးမှာ ဟိန်းဟောက်လျက် လင်းရန်ယန်ရှိရာ အောက်ဘက်သို့ စုပြုံဆင်းလာကြတော့သည်။ တစ်ခဏချင်းမှာပင် ဝိညာဉ်အရိပ်များမှာ အလောင်းပြင်ခန်း တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့၏။
“အဆုံးမဲ့သော မိုးကြိုးဟိန်းသံ ”
ထိုစဉ် လင်းရန်ယန်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး ၊ သူ၏ လက်ယာဘက်လက်ကို ကောင်းကင်ယံသို့ မြှောက်ကာ ရုတ်တရက် လှမ်း၍ ဖမ်းဆွဲလိုက်တော့သည်။
“ဝုန်း... ဝုန်း... ဝုန်း... ဝုန်း... ဝုန်း”
မျက်တောင်တစ်ခတ်အတွင်းမှာပင် ဖြူဖွေးသော မိုးကြိုးအစင်းပေါင်း ရာနှင့်ချီ၍ ကောင်းကင်ယံမှ အရှိန်အဟုန်ဖြင့် ကျဆင်းလာတော့သည်။
ထိုထူထပ်လှသော မိုးကြိုးများသည် တစ်ကမ္ဘာလုံးကို ခဏတာ လင်းထိန်သွားစေပြီးနောက် ၊ ဝိညာဉ်အားလုံးကို တိကျစွာ ထိမှန်သွား၏။
“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း”
နောက်တစ်ခဏ၌ မြေကမ္ဘာတုန်ဟိန်းသွားသော ပေါက်ကွဲသံများနှင့်အတူ ၊ ကောင်းကင်ယံရှိ ဝိညာဉ်အားလုံးမှာ တစ်ခဏချင်းအတွင်းမှာပင် အစအနမကျန် ပျောက်ကွယ်သွားကြတော့သည်။ အားလုံးမှာ အကုန်အစင် သေဆုံးသွားကြပြီ ဖြစ်၏။
ဤကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကြောင့် ဦးလေးကိုးမှာ မှင်သက်သွားရတော့သည်။ သူသည် ကောင်းကင်ယံကို ထိတ်လန့်တကြား ငေးကြည့်နေမိပြီး အချိန်အတော်ကြာအောင် သတိပြန်မဝင်နိုင်ဘဲ ရှိနေ၏။
“မိုးကြိုးစွမ်းအားက တကယ့်ကို အစွမ်းထက်တာပဲ ၊ ‘သူတော်စင်အဆင့်’ အထိ ရောက်နိုင်တဲ့ တာအိုအတတ်ဆိုတာ တကယ်ကို ဂုဏ်သတင်းနဲ့ ညီပါပေတယ်” လင်းရန်ယန်က ကျေနပ်စွာ ပြုံးလျက် ဆိုလိုက်သည်။
သူသည် ယခုလေးတင် သူ၏ ဝိညာဉ်စွမ်းအင် စုစုပေါင်း၏ တစ်ရာခိုင်နှုန်းကိုပင် အသုံးမပြုရသေးပေ။ အကယ်၍ သူသာ စွမ်းအင်အားလုံးကို ထုတ်သုံးလိုက်မည်ဆိုပါက ၊ ၎င်းမှာ မိုးကြိုးပေါင်း တစ်သောင်း တစ်ပြိုင်နက် ကျဆင်းလာလိမ့်မည် ဖြစ်၏။
အကယ်၍ သူ၏ စွမ်းအားမှာ ယခုထက် ပိုမိုမြင့်မားလာပြီး ၊ သာမန်မိုးကြိုးစွမ်းအားအစား ‘ကောင်းကင်မိုးကြိုးစွမ်းအား’ နှင့် အစားထိုးနိုင်လောက်အောင် ဝိညာဉ်စွမ်းအင် လုံလောက်သွားပါက ၊ ထိုအခါ၌မူ ‘စစ်မှန်သော အရှင်သခင်’ တစ်ဦးပင်လျှင် ထိတ်လန့်တုန်လှုပ်ရမည့် စွမ်းအားမျိုး ဖြစ်လာလိမ့်မည်။
“ဘာဖြစ်သွားတာလဲ ၊ ဝိညာဉ်တွေအကုန်လုံး ဘာလို့ မျက်တောင်တစ်ခတ်အတွင်း ပျောက်သွားရတာလဲ”
“ကျွန်တော် ဘာမှမမြင်လိုက်ရဘူး ၊ အလင်းတစ်ချက် လက်သွားတာပဲ မြင်လိုက်တယ် ၊ ပြီးတော့ ဝိညာဉ်တွေအကုန် မရှိတော့ဘူး ၊ မိုးခြိမ်းသံလည်း ကြားလိုက်သလိုပဲ”
ဝိန်ချိုက်နှင့် ချိုးရှန်းတို့မှာမူ ဘာဖြစ်သွားသည်ကိုပင် ရှင်းရှင်းလင်းလင်း မမြင်လိုက်ရချေ။
“ဟဲဟဲ ၊ အစ်ကို လင်းရန်ယန်က မိုးကြိုးဓာတ် တာအိုအတတ်ကို သုံးပြီး ဝိညာဉ်အားလုံးကို တစ်ခဏချင်း သတ်လိုက်တာလေ ၊ ဒါနဲ့ ပြောရဦးမယ် ၊ မင်းတို့နှစ်ယောက်က အသက်လည်း ဒီလောက်ကြီးနေပြီ ၊ ဘာလို့ စွမ်းအားက ‘လူသားအရှင်သခင်’ အဆင့် (၁) ဒါမှမဟုတ် (၂) လောက်မှာပဲ ရှိနေရတာလဲ ၊ အော်... သိပြီ ၊ မင်းတို့က ဦးလေး လေးလိုမျိုး စွမ်းအားကို ဝှက်ထားတာ မဟုတ်လား ”
ဘေး၌ ရှိနေသော အောင်းနင်ရွှမ်းက ဝိန်ချိုက်နှင့် ချိုးရှန်းတို့ကို ရှင်းပြလိုက်၏။ သို့သော် သူမ၏ စကားမှာ ဝိန်ချိုက်နှင့် ချိုးရှန်းတို့၏ စွမ်းအားနည်းပါးမှုကို ရစရာမရှိ ဝေဖန်လိုက်သလို ဖြစ်သွားတော့သည်။ သူမ စကားပြောပြီးသည်နှင့် ဝိန်ချိုက်နှင့် ချိုးရှန်းတို့၏ မျက်နှာကြီးများမှာ ချက်ချင်းပင် နီမြန်းသွားရတော့၏။ မိမိတို့ထက် ငယ်ရွယ်သော ညီမလေးတစ်ဦး၏ လှောင်ပြောင်မှုကို ခံလိုက်ရခြင်းမှာ တကယ့်ကို အရှက်ရစရာ ဖြစ်သည်။
> “ဒင်.. တာဝန်အောင်မြင်စွာ ပြီးဆုံးသည့်အတွက် ဂုဏ်ယူပါသည် အရှင်။
> ရရှိသော အလိုလျောက်တိုက်ခိုက်ရေး ဆုလာဘ်များ - ရေခဲဝိညာဉ်ခန္ဓာ ၇ ခု ၊ လေဝိညာဉ်ခန္ဓာ ၃ ခု ၊ ရရှိသော တာအိုအတတ်ဆုလာဘ် - စိတ်ဝိညာဉ်ဓားကွက် - ကောင်းကင် အလယ်လတ် အဆင့် ၊ ရရှိသော ပစ္စည်းဆုလာဘ်များ - လူသားအဆင့် ပစ္စည်း ၁၀၀ ၊ မြေကမ္ဘာအဆင့် ပစ္စည်း ၁၀ ခု ၊ ကောင်းကင်အဆင့် ပစ္စည်း ၁ ခု ”
>
အသိပေးအချက်ပြသံမှာ လင်းရန်ယန်၏ အသိစိတ်ထဲသို့ ထပ်မံ တိုးဝင်လာ၏။
“ဝူး”
ထိုခဏမှာပင် များပြားလှသော ‘ရေခဲစွမ်းအင်’ များသည် လင်းရန်ယန်၏ ခန္ဓာကိုယ်အတွင်းသို့ ရုတ်တရက် တိုးဝင်လာတော့သည်။ တစ်ခဏချင်းမှာပင် ထိုရေခဲစွမ်းအင်များသည် သူ၏ အသိစိတ်ပင်လယ် အတွင်းသို့ စုရုံးသွားပြီး ၊ ကြီးမားလှသော ရေခဲပြာရောင် အလင်းလုံးကြီးတစ်ခုအဖြစ် လျင်မြန်စွာ အသွင်ပြောင်းသွားနေတော့သည်။
၎င်းမှာ ရေခဲစွမ်းအင်ပင် ဖြစ်၏။ လူအတော်များများက ရေခဲစွမ်းအင်သည် ရေဓာတ်မှ ဆင်းသက်လာသည်ဟု ဆိုကြသော်လည်း ၊ ၎င်းမှာ မမှန်ပေ။ ရေခဲစွမ်းအင်သည် ရေကို မထိန်းချုပ်ပါ ၊ ၎င်းသည် အပူချိန် လျော့နည်းခြင်းကိုသာ ထိန်းချုပ်ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းနှင့် အပူချိန် တိုးမြှင့်ခြင်းကို ထိန်းချုပ်သော မီးဓာတ်စွမ်းအားတို့မှာ စစ်မှန်သော ဆန့်ကျင်ဘက် အစွမ်းများ ဖြစ်ကြ၏။
ထို့ကြောင့် ထိုစွမ်းအား ပေါ်လာသည်နှင့် တစ်ပြိုင်နက် ၊ မီးဝိညာဉ်ခန္ဓာ၏ အနှစ်သာရမှာ ရူးသွပ်စွာ တုန်ခါလာပြီး တိုက်ခိုက်ရန် ပြင်ဆင်နေသကဲ့သို့ ဖြစ်လာသည်။ ရေခဲဝိညာဉ်ခန္ဓာ အလင်းလုံးကလည်း မီးဝိညာဉ်ခန္ဓာ၏ ရန်စမှုကို ခံစားလိုက်ရသဖြင့် ၊ စူးရှလှသော ရေခဲပြာရောင် အလင်းတန်းများကို ချက်ချင်းပင် ထုတ်လွှတ်လိုက်၏။ ကံကောင်းသည်မှာ လင်းရန်ယန်၏ စိတ်ကူးတစ်ချက်ဖြင့် ထိုအလင်းလုံးနှစ်ခုမှာ အပြန်အလှန် ရန်စခြင်းကို ရပ်တန့်လိုက်ကြသည်။
“စိတ်ဝိညာဉ်ဓားကွက် ဟုတ်လား ၊ ဒါက စိတ်စွမ်းအား နဲ့ သုံးရတဲ့ တာအိုအတတ်ပဲ ၊ နောက်ဆုံးတော့ စိတ်စွမ်းအားနဲ့ သုံးလို့ရတဲ့ အတတ်တစ်ခု ရလာပြီပေါ့ ၊ မဟုတ်ရင် ဒီစွမ်းအားက အဆင့်မြင့်နေပေမဲ့ ၊ သာမန် ဖုတ်ကောင်ဘုရင်တွေနဲ့ ကောင်းကင်အရှင်သခင်တွေကို နှိမ်နင်းဖို့ပဲ သုံးလို့ရတာ”
လင်းရန်ယန်သည် စိတ်ဝိညာဉ်ဓားကွက်ကို ကြည့်လိုက်သည်။
> “စိတ်ဝိညာဉ်ဓားကွက် - စိတ်စွမ်းအားကို အသုံးပြု၍ ပျံလွှားဓားငယ်များအဖြစ် စုစည်းနိုင်မှာ ဖြစ်သည်။ စိတ်စွမ်းအား အဆင့်မြင့်လေလေ ၊ စိတ်ဝိညာဉ်ဓားကွက်၏ စွမ်းအားမှာ ပိုမိုပြင်းထန်လေလေ ဖြစ်၏။
> လက်ရှိ စိတ်စွမ်းအား အဆင့်မှာ LV4 ဖြစ်ပါသဖြင့် ၊ စိတ်ဝိညာဉ်ဓားကွက်မှ ထွက်ပေါ်လာသော စွမ်းအားမှာ ‘ဝိညာဉ်အဆင့်’ အထက်တန်းနှင့် ညီမျှသည်။
> တစ်ချိန်တည်းမှာပင် ၊ အကယ်၍ ဤစိတ်ဝိညာဉ် ပျံလွှားဓားများကို မှော်လက်နက် ဓားငယ်များပေါ်တွင် အသုံးချပါက ၊ ၎င်းတို့၏ ဖျက်ဆီးနိုင်စွမ်းမှာ အဆပေါင်းများစွာ တိုးတက်လာလိမ့်မည်”
>
လင်းရန်ယန်သည် ထိုဖော်ပြချက်ကို ဖတ်ပြီးနောက် ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။ ၎င်းမှာ ‘ဝိညာဉ်အဆင့်’ အထက်တန်းရှိသော အခြား တာအိုအတတ်တစ်ခုပင် ဖြစ်၏။