နှစ်သုံးရာသက်တမ်းရှိ ကြက်ဖဝိညာဉ်
Vol. 7 Ch. 68
“အထဲက ချိပ်ပိတ်အတတ်က မြေပြင်ပေါ်ကို ကျလိုက်တာနဲ့ အလိုအလျောက် ပျက်ပြယ်သွားပါလိမ့်မယ်”
လင်းရန်ယန် က ဆိုလိုက်၏။
“ကောင်းပါပြီ... ကောင်းပါပြီ ၊ ဒါဆိုရင် ကျွန်တော် ခွင့်ပြုပါဦး ၊ နှုတ်ဆက်ပါတယ်”
မောက်ရှန်းမင် သည် အဖန်ဖန် ခေါင်းငြိမ့်ပြပြီးနောက် ၊ မျက်နှာထက်တွင် ဝေခွဲမရသော ခံစားချက်များစွာဖြင့် ဝိုင်အိုးကို ပွေ့ပိုက်ကာ ထွက်ခွာသွားတော့သည်။
“တောက်... လူနဲ့ ဝိညာဉ် ရင်ဆိုင်ရတိုင်း ဘာလို့ လူတွေပဲ အမြဲတမ်း ကစားခံနေရတာလဲ မသိဘူး”
“ဟုတ်ပါ့ ၊ ဟုတ်ပါ့ ၊ ဘာလို့ လူတွေက ဝိညာဉ်ကို မမြင်နိုင်ဘဲ ဝိညာဉ်တွေကပဲ လူကို မြင်နေရတာလဲ”
ဝိန်ချိုက် နှင့် ချိုးရှန်း တို့သည် ထွက်ခွာသွားသော မောက်ရှန်းမင်ကို ကြည့်ကာ မကျေမနပ် ရေရွတ်နေကြ၏။
“မင်းတို့နှစ်ယောက် ဒါကို မသိဘူးလား ၊ ရှောက်သီးရွက်နဲ့ မျက်လုံးကို သုတ်လိုက်ရင် ဝိညာဉ်တွေကို မြင်နိုင်တယ်လေ ၊ ပြီးတော့ ကိုယ်ပေါ်မှာ အိုးခြေက မှိုင်းတွေကို သုတ်လိမ်းထားရင် ဝိညာဉ်တွေ မင်းတို့ကို မမြင်အောင် လုပ်လို့ရတယ်”
အောင်းနင်ရွှမ်း သည် သူတို့၏ စကားကို ကြားသောအခါ မတတ်သာသလို ရှင်းပြလိုက်သည်။ ထိုစကားကို ကြားသည်နှင့် ထိုနှစ်ဦးမှာ ချက်ချင်းပင် မျက်လုံးများ တောက်ပသွားကာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ အချင်းချင်း အထူးပြောစရာပင် မလိုတော့ဘဲ ၊ သူတို့၏ စိတ်ထဲ၌ အကြံအစည်တစ်ခုမှာ အလိုအလျောက် ပေါ်ပေါက်လာတော့သည်။
“ဒီညတော့ သတိရှိရှိ နေကြစမ်း ၊ မြင်းစီးဓားပြတွေ ငါတို့ ဖမ်းထားတဲ့သူကို လာခိုးသွားရင် ဒုက္ခရောက်ကုန်မယ်”
ဦးလေးကိုး သည် ထိုကောင်လေးနှစ်ယောက်ကို စိုက်ကြည့်ကာ သတိပေးလိုက်ပြီးနောက် ၊ ဘိုးဘေးခန်းမဆီသို့ ပြန်ရန် ပြင်ဆင်လိုက်၏။ အမှန်စင်စစ် သူသည် အိပ်စက်ရန် မဟုတ်ဘဲ ဝိန်ချိုက်ပေးသော လက်ဆောင်ကို ပြန်လည် ကြည့်ရှုရန် ဖြစ်သည်။
“အစ်ကိုကြီး ၊ ခဏနေဦး ၊ ကျွန်တော် ပြောစရာ ရှိလို့ ”
လင်းရန်ယန်နှင့် အောင်းနင်ရွှမ်းတို့သည်လည်း နောက်မှ လိုက်လာခဲ့ကြသည်။
“အော်... ဟုတ်သားပဲ ၊ ဦးလေး လေး ၊ ကျွန်မ လုံးဝ မေ့သွားတော့မလို့ ၊ ဒါက ဦးလေး လေးအတွက် ကျွန်မရဲ့ မွေးနေ့လက်ဆောင်ပါ”
သုံးဦးသား ဘိုးဘေးခန်းမသို့ ရောက်ရှိလာချိန်တွင် ၊ အောင်းနင်ရွှမ်းသည် သူမ၏ သိုလှောင်လက်စွပ် ထဲမှ သွေးကဲ့သို့ နီရဲနေသော မှင်တောင့်တစ်ခုကို အမြန်ထုတ်လိုက်၏။
“နင်ရွှမ်း... မင်းက တကယ့်ကို စိတ်ရင်းကောင်းတာပဲ ၊ မင်းက ဧည့်သည်ပဲဟာကို ငါက ဘယ်လိုလုပ် မင်းရဲ့ လက်ဆောင်ကို ယူရက်မှာလဲ ”
ဦးလေးကိုးက ထိုစကားကို ကြားသောအခါ ချက်ချင်းပင် ငြင်းဆိုလိုက်တော့သည်။
“ယူထားလိုက်ပါ ဦးလေး လေး ၊ ဒါက ကျွန်မရဲ့ စေတနာလေးပါ ”
အောင်းနင်ရွှမ်းက ပြုံးရွှင်စွာဖြင့် ထိုမှင်တောင့်ကို ဦးလေးကိုးထံသို့ ကမ်းပေးလိုက်၏။ ဦးလေးကိုးမှာ သူမ၏ စကားကြောင့် မတတ်သာဘဲ လက်ခံလိုက်ရတော့သည်။
“ဒါနဲ့ ပြောရဦးမယ် ၊ ဒီမှင်တောင့်က ဘယ်လို သွေးမျိုးနဲ့ လုပ်ထားတာလဲ ၊ ခံစားချက်အရ ဆိုရင်တော့ တကယ့်ကို အစွမ်းထက်တဲ့ မိစ္ဆာနှိမ်နင်းနိုင်စွမ်းတွေ ပါဝင်နေသလိုပဲ”
ဦးလေးကိုးမှာ ဇဝေဇဝါ ဖြစ်နေရ၏။
“အဲဒီထဲမှာ ကျွန်မအဖေ အနောက်ဘက်ဒေသ မှာ တွေ့ခဲ့တဲ့ နှစ်သုံးရာသက်တမ်းရှိ ကြက်ဖဝိညာဉ်ရဲ့ အဆီအနှစ်တွေ ပါဝင်တယ် ၊ သူ့ကို သတ်ပြီးတဲ့နောက် ၊ အဖေက သူ့ရဲ့ အနှစ်သာရ သွေးတွေကို သုံးပြီး မှင်တောင့် ဆယ်တောင့် ပြုလုပ်ခဲ့တာပါ ”
အောင်းနင်ရွှမ်းက ရှင်းပြလိုက်၏။
“ဘာ... နှစ်သုံးရာသက်တမ်းရှိ ကြက်ဖဝိညာဉ် ဟုတ်လား ”
လင်းရန်ယန်မှာ ချက်ချင်းပင် အံ့အားသင့်သွားရသည်။ ထိုမျှ သက်တမ်းရှိလျှင် ၎င်း၏ စွမ်းအားမှာ ‘မိစ္ဆာဘုရင်’ အဆင့်သို့ ခြေတစ်လှမ်းအလိုအထိ ရောက်ရှိနေပြီ ဖြစ်သည်။
“ဟား... တူမလေး ၊ ဒီပစ္စည်းက တကယ့်ကို တန်ဖိုးကြီးလွန်းတယ် ၊ ငါ ဘယ်လိုလုပ် ယူနိုင်ပါ့မလဲ ၊ ” ဦးလေးကိုးမှာလည်း ထပ်မံ ငြင်းဆိုနေမိပြန်သည်။ ဤပစ္စည်းမှာ ‘ကောင်းကင်အရှင်သခင်’ တစ်ဦးအတွက်ပင် များစွာ အသုံးဝင်၏။
အမှန်စင်စစ် ကြက်ဖဝိညာဉ်ဆိုသည်မှာ ရှာဖွေရန် ခက်ခဲလှသည်။ ၎င်းမှာ နှစ်သုံးရာသက်တမ်းရှိသော အထီးဖြစ်နေမည်ဆိုပါက ပို၍ပင် တန်ဖိုးကြီးလှ၏။
“ကျွန်မဆီမှာ ရှိသေးတယ် ဦးလေး လေး ၊ ယူထားလိုက်ပါ ၊ ဒါမှမဟုတ်လည်း သိပ်မကြာခင်မှာ ရောက်မယ့် ကျွန်မအဖေရဲ့ အသက်ငါးဆယ်ပြည့် မွေးနေ့မှာ တစ်ခုခု ပြန်ပေးလိုက်ပေါ့ ”
အောင်းနင်ရွှမ်းက ပြုံးလျက် ဆိုလိုက်သည်။ ဦးလေးကိုးမှာ ထိုစကားကို ကြားသောအခါ ထပ်မံ မငြင်းဆိုတော့ပေ။
“အင်း... ဒီပစ္စည်းထက် ပိုကောင်းတာကို ရှာဖို့ဆိုတာ မလွယ်ဘူး ”
ဦးလေးကိုးမှာ ရယ်ရခက် ၊ ငိုရခက် ဖြစ်နေရတော့သည်။
“ဟားဟား ၊ ဒါဆိုရင်တော့ ဦးလေး လေး အနေနဲ့ ဝိုင်ကောင်းကောင်းလေးသာ ပြင်ထားလိုက်ပါ ၊ အဖေကတော့ တကယ်ကို သဘောကျမှာပါ ၊ ကျွန်မ သွားအိပ်တော့မယ် ၊ အစ်ကို လင်းရန်ယန် ၊ ဦးလေး လေး ၊ နှုတ်ဆက်ပါတယ်နော် ”
အောင်းနင်ရွှမ်းက စကားကို ပြုံးလျက် စကားကိုအဆုံးသတ်လိုက်ပြီးနောက် ၊ ကိုယ်လက်သန့်စင်ကာ အိပ်စက်ရန် ဘိုးဘေးခန်းမမှ ထွက်သွားတော့၏။ အဘယ်ကြောင့်ဆိုသော် သူမ၏ အဖေက ညဥ့်နက်အောင် နေခြင်းမှာ ကျန်းမာရေးအတွက် မကောင်းဟု အမြဲ ပြောလေ့ရှိသောကြောင့် ဖြစ်သည်။
“အစ်ကိုကြီး ၊ ဝိန်ချိုက်ပေးတဲ့ မိုးကြိုးပစ်သစ်သား ဘယ်မှာလဲ ၊ ကျွန်တော့်ကို ပေးကြည့်ပါဦး ၊ ” အောင်းနင်ရွှမ်း ထွက်သွားသည်ကို မြင်သောအခါ လင်းရန်ယန်က ဆိုလိုက်သည်။
ဦးလေးကိုးမှာ ခဏတာ ကြောင်သွားသော်လည်း ၊ လင်းရန်ယန်၏ ထူးကဲလှသော လက်နက်သန့်စင်ခြင်း ပါရမီကို ချက်ချင်း သတိရသွားကာ လင်းရန်ယန်၏ သဘောကို နားလည်သွားသည်။ လင်းရန်ယန်မှာ ကောင်းမွန်သော ပစ္စည်းများကို မြင်တွေ့ရသဖြင့် သုတေသနပြုလုပ်ချင်နေခြင်း ဖြစ်လိမ့်မည်။
၎င်းမှာ လင်းရန်ယန်၏ လက်နက်သန့်စင်ခြင်း နည်းစနစ်ကို တိုးတက်စေနိုင်သည်။
“ညီလေး... မင်းရဲ့ လက်နက်သန့်စင်ခြင်းအတတ်က အခုဆိုရင် ဘယ်အဆင့်ကို ရောက်နေပြီလဲ ၊ အနည်းဆုံး ‘မြေကမ္ဘာအဆင့်’ အနိမ့်တန်းတော့ ရောက်နေပြီ မဟုတ်လား ၊ ငါကတော့ ဒါကို ဘယ်သူ့ဆီမှာ သွားပြီး သန့်စင်ခိုင်းရမလဲလို့ စိတ်ပူနေတာ ၊ ကြည့်ရတာ နောက်နှစ်နှစ်နေလို့ မင်းရဲ့ အတတ်ပညာက ‘မြေကမ္ဘာအရှင်သခင်’ အဆင့် အမြင့်တန်းကို ရောက်တဲ့အခါကျမှပဲ အလကား သန့်စင်ခိုင်းရတော့မယ် ထင်တယ် ”
ဦးလေးကိုးသည် စကားပြောရင်း သေတ္တာကို ထုတ်ပေးလိုက်၏။
“ဘာလို့ နောက်နှစ်နှစ်အထိ စောင့်နေရမှာလဲ ၊ အခုပဲ အစ်ကိုကြီးအတွက် သန့်စင်ပေးလိုက်မယ်လေ ”
သို့သော် လင်းရန်ယန်က ထိုစကားကို ကြားသောအခါ ပြုံးလျက် ဆိုလိုက်သည်။
“ဘာ... အခုပဲ ဟုတ်လား ”
ဦးလေးကိုးမှာ ချက်ချင်းပင် မှင်သက်သွားရတော့၏။
“ဟုတ်တယ် ၊ အခုပဲ ၊ ကျွန်တော့်ရဲ့ လက်နက်သန့်စင်ခြင်းအတတ်က ဘယ်အဆင့်ကို ရောက်နေပြီလဲဆိုတာ အစ်ကိုကြီး သိချင်နေတာ မဟုတ်လား ၊ အခု ချက်ချင်း သိရမှာပေါ့ ”
လင်းရန်ယန်သည် လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီးနောက် ၊ သေတ္တာကို တိုက်ရိုက်ယူကာ လေထဲသို့ ပေါ့ပေါ့ပါးပါးပင် ဝေ့ယမ်းပစ်လိုက်တော့သည်။
“မီးတောက်... ထွက်ပေါ်လာစေ ”
နောက်တစ်ခဏ၌ သူသည် ဟင်းလင်းပြင်ထဲသို့ လက်ဝါးတစ်ချက် ရိုက်နှက်လိုက်သည်။
“ဝုန်း”
ချက်ချင်းဆိုသလိုပင် သူ၏ လက်ထဲမှ ထိတ်လန့်စရာကောင်းသော မီးတောက်များ ထွက်ပေါ်လာပြီး ၊ ရှေ့မှ သေတ္တာကို လွှမ်းခြုံထားသည့် ကြီးမားလှသော မီးတောက်မီးဖို ကြီးတစ်ခုအဖြစ် အသွင်ပြောင်းသွားတော့သည်။ သေတ္တာမှာ ချက်ချင်းပင် ပြာအဖြစ် လောင်ကျွမ်းသွားကာ ၊ အတွင်း၌ ရှိနေသော မည်းနက်နေသည့် နှစ်ငါးရာသက်တမ်းရှိ မိုးကြိုးပစ်မက်မွန်သားမှာ ပေါ်ထွက်လာတော့၏။
“ဂလု... ညီလေး ၊ သတိထားဦးနော် ၊ မင်းရဲ့ အစ်ကိုကြီးက အခု တကယ့်ကို ဆင်းရဲနေတာ ”
ဦးလေးကိုးသည် ဤမြင်ကွင်းကြောင့် ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားရသည်။ လင်းရန်ယန်က ယုံကြည်မှုရှိရှိ ပြောလိုက်ခြင်း ဖြစ်သည်ကို သူ သိသော်လည်း ၊ သူသည် စိုးရိမ်မှုကိုမူ မဖုံးကွယ်နိုင်ပေ။
လင်းရန်ယန်၏ လက်နက်သန့်စင်ခြင်း နည်းစနစ်ကို လွန်ခဲ့သော ရက်အနည်းငယ်ကမှ သူ ကိုယ်တိုင် သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က လင်းရန်ယန်မှာ စတင်လေ့လာသူအဆင့်သာ ရှိပါသေး၏။ ဤမျှတိုတောင်းလှသော အချိန်အတွင်းမှာပင် ၎င်း၏ အဆင့်မှာ ‘မြေကမ္ဘာအဆင့်’ အမြင့်တန်းသို့ မည်သို့ ရောက်ရှိသွားနိုင်မည်နည်း။
“ဝူး... ဝူး... ဝူး”
နောက်တစ်ခဏ၌ လင်းရန်ယန်သည် စတင်လှုပ်ရှားလိုက်၏။ ယခုတစ်ကြိမ်တွင် သူသည် လက်နှစ်ဖက်လုံးဖြင့် လက်သင်္ကေတ များကို ဖော်ဆောင်ခြင်း မပြုတော့ဘဲ ၊ လက်တစ်ဖက်တည်းကိုသာ အသုံးပြုလိုေသည်။ မရေမတွက်နိုင်သော လက်ကွက်များသည် သူ၏ လက်အတွင်းမှ ထွက်ပေါ်လာတော့သည်။
ထိုလက်ကွက်များသည် ဟင်းလင်းပြင်အတွင်း၍ လျင်မြန်စွာ စုစည်းသွားပြီး ၊ လျှို့ဝှက်ဆန်းကြယ်လှသော မန္တန်သင်္ကေတများအဖြစ် အသွင်ပြောင်းကာ ၊ မီးတောက်မီးဖိုအတွင်းရှိ မိုးကြိုးပစ်မက်မွန်သားဆီသို့ ပေါင်းစပ်သွားတော့သည်။ ချက်ချင်းဆိုသလိုပင် မိုးကြိုးပစ်မက်မွန်သားသည် သတ္တုတစ်မျိုးကဲ့သို့ အရည်ပျော်ကျလာတော့၏။
ဤကဲ့သို့သော အံ့ဖွယ်မြင်ကွင်းသည် ဘေးမှ ကြည့်နေသော ဦးလေးကိုးကို မှင်သက်သွားစေသည်။ ၎င်းမှာ သစ်သားဖြစ်သည်ကို သိထားသောကြောင့် သစ်သားက အရည်ပျော်သွားသည်ဟူသော အချက်မှာ သူတို့၏ နားလည်မှုများကို လုံးဝ ပြောင်းလဲသွားစေတော့သည်။
သာမန် လက်နက်သန့်စင်သူများသည် မိုးကြိုးပစ်မက်မွန်သားကို လက်နက်အဖြစ် သန့်စင်လိုလျှင် ဓားရှည်ပုံသဏ္ဌာန်အဖြစ် ထွင်းထုရုံသာ ပြုလုပ်နိုင်သည်။ အချို့သော မိုးကြိုးပစ်မက်မွန်သားများမှာ ပုံသဏ္ဌာန် မမှန်ကန်သဖြင့် ၊ ၎င်းမှ ထွင်းထုထားသော လက်နက်များမှာလည်း ထူးဆန်းပြီး အမျိုးမျိုး ကွဲပြားနေ၏ ။ ထို့ကြောင့် ၎င်းတို့၏ စွမ်းအားမှာလည်း သိသိသာသာ အားနည်းသွားရသည်။
ထို့ကြောင့်ပင် ဦးလေးကိုးက ဤမိုးကြိုးပစ်မက်မွန်သားကို အနည်းဆုံး ‘မြေကမ္ဘာအဆင့်’ အမြင့်တန်းရှိ မှော်လက်နက်အဖြစ်သာ သန့်စင်နိုင်မည်ဟု ကနဦးက ယူဆခဲ့ခြင်း ဖြစ်၏။ သို့သော် ယခုမူ လင်းရန်ယန်က သစ်သားကို အမှန်တကယ် အရည်ပျော်စေနိုင်သည် ဖြစ်ရာ ၎င်းမှာ သူသည် ထိုသစ်သားကို မိမိနှစ်သက်ရာ ပုံသဏ္ဌာန်အဖြစ် ပြန်လည် ပုံဖော်နိုင်သည်ဟူသော အဓိပ္ပာယ်ပင် ဖြစ်သည်။
အကယ်၍ ထိုသို့သာ ဖြစ်ခဲ့လျှင် ၊ ဤနည်းဖြင့် သန့်စင်ထားသော မိုးကြိုးပစ်မက်မွန်သားဓား၏ စွမ်းအားမှာ သာမန်ဓားများထက် များစွာ ပိုမိုပြင်းထန်လိမ့်မည်။ ၎င်းသည် ပစ္စည်း၏ အဆင့်အတန်းဖြစ်သော ‘မြေကမ္ဘာအဆင့်’ အထွတ်အထိပ်သို့ပင် ရောက်ရှိသွားနိုင်သည်။
အမှန်စင်စစ် သူတို့ မသိသည်မှာ လင်းရန်ယန် အသုံးပြုနေသော နည်းစနစ်မှာ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့သော အရည်ပျော်ခြင်း နည်းစနစ်တစ်ခု ဖြစ်၏။ ၎င်းမှာ မိုးကြိုးပစ်သစ်သားများကို အရည်ပျော်စေရန် အထူးပြုလုပ်ထားသော နည်းစနစ် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မတူညီသော ပစ္စည်းများတွင် မတူညီသော အရည်ပျော်ခြင်း နည်းစနစ်များ ရှိကြပြီး ၊ အကယ်၍ ပစ္စည်းများပေါ်၌ မှားယွင်းသော နည်းစနစ်များကို အသုံးပြုမိပါက ၊ ထိုပစ္စည်းမှာ တစ်ခဏချင်းအတွင်း ပျက်စီးသွားနိုင်သောကြောင့် ဖြစ်သည်။
ရှေးခေတ် လက်နက်သန့်စင်သူများပင်လျှင် ဤနည်းစနစ်များထဲမှ တစ်ခု ၊ နှစ်ခု သို့မဟုတ် အနည်းငယ်ကိုသာ သိရှိနိုင်၏။ သို့သော်လည်း လင်းရန်ယန်မှာမူ ပစ္စည်းအားလုံးအတွက် အရည်ပျော်ခြင်း နည်းစနစ်များကို သိရှိနေသည်။ တစ်နည်းအားဖြင့် သူသည် မည်သည့်ပစ္စည်းကိုမဆို မိမိအလိုရှိရာ ပုံသဏ္ဌာန်အဖြစ် သန့်စင်နိုင်၏။
အမှန်စင်စစ် လက်နက်သန့်စင်ခြင်း ပစ္စည်းများ၏ ကိုးဆယ်ရာခိုင်နှုန်းမှာ သတ္တုများ ဖြစ်ကြသဖြင့် ၊ သာမန် လက်နက်သန့်စင်သူများသည် ဤနည်းစနစ်များကို လေ့လာရန် မလိုအပ်ပေ။ ထို့ကြောင့်ပင် သူတို့သည် တစ်ခု သို့မဟုတ် နှစ်ခုကိုသာ လေ့လာကြခြင်း ဖြစ်သည်။
“အော်... ဒါနဲ့ ၊ ဒီလက်နက်က မိုးကြိုးပစ်သစ်သားနဲ့ လုပ်ထားတာဆိုတော့ ၊ ကျွန်တော် ကောင်းကင်မိုးကြိုးကို သုံးပြီး အတွင်းမှာ ကျန်ရှိနေတဲ့ မိုးကြိုးစွမ်းအင်တွေကို အားဖြည့်ပေးလိုက်မယ် ၊ အဲဒါဆိုရင် သူ့ရဲ့ အဆင့်က အနည်းငယ် ပိုပြီး မြင့်လာမလားဆိုတာ သိချင်မိတယ် ”
လင်းရန်ယန်၏ မျက်လုံးများသည် ရုတ်တရက် တောက်ပသွားတော့သည်။ သူသည် ထိုသို့ တွေးမိသည်နှင့် ချက်ချင်းပင် လက်တွေ့ လုပ်ဆောင်ရန် ပြင်ဆင်လိုက်တော့သည်။