အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ…ငါ လာနေပြီ…
Vol. 134 Ch. 1853
ယုတ္တိသိပ်မတန်သော်လည်း ဖုန်းရွှေပညာရပ်အရ နဂါးသွေးကြောထဲ၌ မြှုပ်နှံ့ထားသော တစုံတစ်ယောက်သည် မြင့်မြတ်သောကံကြမ္မာဥပဒေသတစ်ခုကို ရလာမည်ဟု ဆိုသည်။ ထိုကံကြမ္မာဥပဒေသကို ပြဌာန်းပြီးပါက သူတို့၏ မျိုးဆက်များသည် အကျိုးကျေးဇူး ရမည်ဟူ၏။
ဝမ်လင်းသည် ဖုန်းရွှေကို မယုံပေ။ သူက တောင်များ၊ပင်လယ်များကို ရွှေ့ပစ်နိုင်သော၊ ကြယ်များကိုပင် ဖန်တီးနိုင်သော အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ဖြစ်၏။ သူ့အတွက် ဖုန်းရွှေကဲ့သို့ အရာမှာ ဖန်တီးခံ၊ထိန်းချုပ်ခံအရာတစ်ခုသာ ဖြစ်၏။
သို့သော် ခုချိန်၌ သူက ဖုန်းရွှေကို အသုံးပြု၍ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေပေါ်ရှိ လူတိုင်းတုန်လှုပ်စေသော မြင်ကွင်းတစ်ခုကို နိမိတ်ဖော်ကြည့်သည်။
ဝမ်လင်း၏ကိုယ်ပွားမှာ ကောင်းကင်ဘုံနှင့်ရှေးဘိုးဘေးတို့ မွေးဖွားရာနေရာ၌ တည်ရှိနေ၏။ ၎င်းသည် တူညီသော ကျောက်ဖျာမဟုတ်သော်လည်း ထိုကျောက်ဖျာမှာ ဇစ်မြစ်တူကျောက်ဖျာ၏ အစိတ်အပိုင်းတစ်ခုပင်။
ထို့အတွက်ကြောင့် ဝမ်လင်းသည် ကောင်းကင်ဘုံနှင့်ရှေးဘိုးဘေးတို့နှင့် တူညီသော ကံကြမ္မာ ဥပဒေသကို ပိုင်ဆိုင်လာခဲ့ပြီ။ ထိုကံကြမ္မာဥပဒေသက ကျင့်ကြံခြင်း မဟုတ်ပေ။ ၎င်းသည် ကျင့်ကြံသူများ အောင်မြင်မှုရနိုင်သည်ထက် သာလွန်သော အရာတစ်ခုသာ။
ထိုကံကြမ္မာဥပဒေသက သူ့ဟာသူ သိသိသာသာ မပေါ်ထွန်းတတ်ပေ။ သို့သော် အချိန်ကုန်လာသည်နှင့်အမျှ၊ သူ၏ကိုယ်ပွား ကြီးထွားလာနေမည် ဖြစ်ကာ ဝမ်လင်း၏အနာဂတ်မှာလည်း အတိုင်းမသိ ဖြစ်လာလိမ့်မည်။
ဝမ်လင်းသည် ထိုကိစ္စကို သိပ်မရှင်းပေ။ သူက တချို့အရာမျိုးကိုသာ နားလည်သဘောပေါက်ထားပြီး ထင်မြင်ချက်များသာ ရှိ၏။ သို့သော် သူက ထိုကံကြမ္မာကို အလုံးစုံမယုံပေ။ သူက သူ့ကိုယ်ပိုင်အားစိုက်ထုတ်မှုနှင့် ဇွဲနပဲကိုသာ ပို၍ အားကိုးသည်။ သူ မျှော်လင့်ထားသည်က သူ့ကိုယ်ပွား လှမ်းထွက်လာသည့် တနေ့၌ ၎င်း၏အသန်မာဆုံး လက်သီးချက်ကို ပစ်သွင်းနိုင်မည် ဟူ၏။
အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၌ တတိယမြောက်ဝဲကတော့ ပေါ်လာသည့်အခါ လူတိုင်းသည် တုန်လှုပ်စွာ ခံစားမိသည်။ သူတို့၏ ကျင့်ကြံမှုက မည်သည့်အဆင့်ဖြစ်စေ၊ သူတို့၏အဆင့်အတန်းက မည်မျှမြင့်မားသည် ဖြစ်စေ သူတို့အားလုံးမှာ တုန်လှုပ်မိကုန်သည်။ တတိယဝဲကတော့ကို အာရုံခံမိသည့်အခါ နေကိုးစင်းသည်ပင် အလေးအနက်အမူအရာများ ဖြစ်လာကြသည်။
တတိယဝဲကတော့သည် ခုမှ မွေးဖွားခါစဖြစ်ကာ တည်ငြိမ်မှု မရှိသေးပုံ ပေါ်၏။ မရေမတွက်နိုင်သော တွန့်ခေါက်ပုံပျက်မှုများစွာ ရှိနေသည်။ သို့သော် ၎င်းက ကောင်းကင်ဘုံဘိုးဘေးနှင့် ရှေးဘိုးဘေးတို့၏ ဝဲကတော့များအပြင်ဘက်၌ တည်ရှိသည်။ ထို့နောက် ၎င်းက မြန်ဆန်စွာ ချဲ့ကားလေ၏။
အချိန်အတန်ကြာပြီးနောက် ဝဲကတော့သုံးခုသည် အဆုံးမဲ့ကောင်းကင်ယံမှ တဖြည်းဖြည်း ကွယ်ပျောက်လာ၏။ ၎င်းတို့သည် လုံးဝ မထွက်ပေါ်လာသည့်အလား သဲလွန်စမရှိ ပြန်ပျောက်ကွယ်သွားကြသည်။
အရာအားလုံးသည် ပုံမှန်ပြန်ဖြစ်သွား၏။ သို့သော် လူတိုင်း၏ စိတ်နှလုံးအတွင်း၌ ကြောက်ရွှံ့မှုက အမြစ်တွယ်ကျန်ခဲ့ကာ ဆက်လက်ကြီးထွားလေတော့မည်။
လူတိုင်း၏စိတ်ထဲ၌ သည်ကိစ္စအပေါ် အတွေးမျိုးစုံ ဖြစ်ပေါ်သည်။
အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၌ ဝဲကတော့သုံးခု ပျောက်ကွယ်သွားပြီးနောက် တနေရှိ မြို့တစ်မြို့တွင် ဆယ်နှစ်အရွယ် ကလေးငယ် တစ်ယောက် ရှိနေ၏။ ထိုကလေးငယ်က ဘုရင်တပါး၏ အမူဟန်ပန်ကို ပြုလုပ်ကာ သူ့လက်ထဲရှိ သစ်သားတုတ်ကို ဝေ့ယမ်းနေ၏။ သုန်မှုန်နေသော ကျင့်ကြံသူနှစ်ယောက်က ကလေးအုပ်စုတစ်စုကို ဦးဆောင်ခေါ်ကာ အနီးအနားရှိ ကလန်၌ စမ်းသပ်ဖို့ငှာ သွားရောက်နေသည်။
ပါရမီကောင်းသော မည်သူမဆို ကလန်၏ တပည့်အဖြစ် ရွေးချယ်ခံရလိမ့်မည် ဖြစ်သည်။
“တနေ့မှာ ငါဟာ ဘုရင်တပါး ဖြစ်လာရမယ်…” ထိုကလေး၏ စိတ်ထဲ၌ ခိုင်မာသောအသံ ပဲ့တင်ထပ်သည်။
သည်ကုန်းမြေပေါ်ရှိ နောက်ထပ် တနေရာတွင် တာအိုဝတ်စုံ ဝတ်ဆင်ထားသော ကောင်ငယ်လေးတစ်ယောက် ရှိ၏။ သူက အိမ်ကြီးရခိုင်အတွင်း၌ ရှိနေသည်။ သူ့မျက်နှာပေါ်၌ အပြုံးတစ်ခု တပ်ဆင်ထားကာ သူ့ရှေ့၌ လူအများက တလေးတစား အရိုအသေ ပေးနေကြသည်။
“ဒီအဘိုးအို ကျင့်ကြံခဲ့တာ နှစ်ပေါင်းသုံးထောင် ကြာခဲ့ပြီ။ အခု ငါဟာ ကလေးတစ်ယောက် အသွင် ပြောင်းထားတာ။ ငါ့ကျင့်ကြံမှု ပြန်ကောင်းမွန်ဖို့အတွက် ငါဟာ ပြန်လည်မွေးဖွားခြင်းကိုးကြိမ်ကိုးခါ ဖြတ်သန်းဖို့ လိုအပ်တ်။ မင်းတို့အားလုံးဟာ ဖိတ်ကြားခဲ့တယ်။ ဒါ့ကြောင့် ငါ ဒီမှာ ခဏ နေပြီး တာအိုချိတ်ဆက်မှုတစ်ခု ဖြစ်ပေါ်စေမယ်…”
ထိုကောင်ငယ်လေးထံမှ ထွက်ပေါ်နေသော ရှေးကျသည့်အော်ရာကို သေမျိုးများပင် ခံစားမိနိုင်လောက်၏။ သူတို့ရှေ့၌ ထိုင်နေသောသူမှာ ကလေးငယ်တစ်ယောက် မဟုတ်ဘဲ နှစ်ပေါင်းထောင်ချီ ရှင်သန်နေထိုင်ခဲ့သော အဘိုးအိုတစ်ယောက်နှင့် ပိုတူနေသည်။
“ဟားဟား…ဒီအရှင်လေးရဲ့ လှည့်ဖြားမှုအတတ်ပညာဟာ ဆရာမရှိဘဲ ကျွမ်းကျင်အဆင့် ရောက်သွားခဲ့ပြီ။ ငါ ပြောလိုက်တဲ့ စကားတွေက ငါ့အတွက်တောင် အစစ်အမှန်လို့ ထင်ရစေတယ်။ ငါသာ တကယ်ပဲ ပြန်လည်မွေးဖွားခဲ့တာဆိုရင်လည်း ငါဟာ ကောင်းကင်တုန်လှုပ်စေမယ့် လိမ်ညာသူတစ်ယောက် ဖြစ်ရမယ်…”
လေဟာနယ်ဟင်းလင်းပြင်အတွင်း၌ ဝမ်လင်း၏ခန္ဓာကိုယ်ကို မြူများက ဝန်းရံထားသည်။ ထိုမြူများက ခြင်သားရဲဘုရင်ပင်။ ၎င်းက ဝမ်လင်းကို သယ်ကာ ရှေ့သို့ ပျံသန်းနေသည်။
၎င်းသည် ပျံသန်းလာစဉ် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ ဥပဒေသမှာ များစွာ လျော့ကျသွားသည့်ပုံ ပေါ်၏။ ဝမ်လင်း ခံစားမိသောဖိအားမှာ တောင့်ခံနိုင်သည့်အနေထား ဖြစ်လာသည်။ ဝမ်လင်းသည် သူ့ဦးတည်ရာကို ဆုံးရှုံးသွားခဲ့သော်လည်း ခြင်သားရဲက တစ်စုံတစ်ခုကို ခံစားမိသည့်ပုံ ပေါ်၏။ ၎င်းက ဝမ်လင်းနှင့်အတူ ထိုဦးတည်ရာထံသို့ ဆက်လက်၍ ပျံသန်းလာတော့သည်။
လမ်းတလျှောက်တွင် ခြင်သားရဲဘုရင်သည် အလွန်စိတ်လှုပ်ရှားနေ၏။ တခါတရံ ၎င်းက ဝမ်လင်းကို ပြန်ပြန်လည့်ကာ မြူးထူးစွာ အော်မြည်သံ ပြုသည်။ ၎င်းသည် ဝမ်လင်းဘေးနား၌ ရှိနေသည်ကို အမှန်အကန် သဘောကျပုံ ရ၏။ ထိုသားရဲအတွက် ဝမ်လင်းဘေးနားတွင် ရှိနေခြင်းက အလွန်သက်တောင့်သက်သာ ဖြစ်မှုကို ခံစားရကာ ၎င်း၏မိဘနား ရှိနေသည့်အလား။
သို့ပေမည့် ခြင်သားရဲဘုရင်သည် လမ်းပြခေါ်ဆောင်လာလျှင်ပင် သူတို့က လေဟာနယ်အတွင်းနက်ပိုင်းသို့ ရောက်လာသည်နှင့် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ ဥပဒေဖိအားသည် စတင်၍ ပိုမိုပြင်းထန်လာတော့သည်။
ကျောက်ခွံထဲရှိ ဝမ်လင်း၏ကိုယ်ပွားက သူ့မူလခန္ဓာကိုယ်ကို အားအင်ဖြည့်ပေးနေသော်လည်း ဖိအားသည် သူ့အဖို့ ခုခံရန် ခက်ခဲလာသည်။ အဓိကပြဿနာမှာ လီမူဝမ် ဒဏ်ရာလုံးဝ မရအောင် ကာကွယ်ပေးနေရခြင်း ဖြစ်၏။
လီမူဝမ်ကြောင့်သာ မဟုတ်ပါက ခုလက်ရှိ ဝမ်လင်းသည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ ဥပဒေသနှင့် ပြဿနာ မရှိတော့ပေ။ ခြင်သားရဲဘုရင်နှင့် သူ့ကိုယ်ပွားကြောင့် သူက ဒီဥပဒေသနှင့် လိုက်လျောညီထွေ ဖြစ်လာပြီပင်။
သူသည် ကြံကြံခံရင်း ရှေ့ဆက်နေရမြဲ ဖြစ်၏။ ဤသည်က ဒီလေဟာနယ်မှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို ပြသနေသည်။
“သွေးမျိုးဆက် မရှိဘဲ ဒီလေဟာနယ်ကနေ ဘယ်သူမှ ထွက်လာနိုင်စွမ်း မရှိတာ အံ့အားသင့်စရာ မရှိတော့ဘူး။ ဝမ်အာကို သယ်ဆောင်လာတာဟာ သွေးမျိုးဆက်ကို လက်လွှတ်တာနဲ့ အတူတူပဲ…” ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေ၏။
သူသည် အချိန်ကုန်လွန်မှုကို မေ့နေပြီပင်။ သူသည် ဒီနေရာ၌ အချိန်မည်မှျ ကုန်ဆုံးခဲ့ပြီးသည်ကို မသိတော့ပေ။ သို့သော် သူက ဆယ်နှစ်ကျော်လာခဲ့ပြီကိုမူ သိ၏။
“ဆရာ ငါ့ကို ဆက်မစောင့်တော့မှာ စိုးရိမ်မိတယ်။ သူ ရှေးတောက်ကလန်ကို ပြန်သွားခဲ့ရင် ငါ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေကို ရောက်တာနဲ့ ငါ့ကိုယ်ငါပဲ မှီခိုရတော့မှာ…” ဝမ်လင်း၏မျက်လုံးသည် အရောင်တောက်ကာ ပြတ်သားမှုတို့ ပြည့်နေ၏။
“ပြဿနာတော့ မရှိဘူး။ အတိတ်တုန်းက ဟင်္သာပြဒါးဂြိုဟ်ကနေ တောက်ပသောလေဟာနယ်ကို ရှာဖွေစူးစမ်းဖို့ ငါဟာ တကိုယ်တည်း ထွက်လာခဲ့တာ။ အဲ့နောက် ငါဟာ တောက်ပသောလေဟာနယ်ကနေ အလုံးစုံကောင်းကင်ဆီ သွားခဲ့တယ်။ အဲ့နောက် တိမ်ပင်လယ်ဆီ။ နောက်ပိုင်းမှာ ငါဟာ တကိုယ်တည်း ရှေးဟောင်းကြယ်အဖွဲ့အစည်းဆီ သွားခဲ့တယ်။ အခု ငါ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေဆီ တကိုယ်တော် သွားရတော့ရော ဘာဖြစ်သေးသလဲ…”
“တခြားဘက်ကကြည့်ရင် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာ ငါ့ကျင့်ကြံမှုဟာ မြန်မြန်ဆန်ဆန် တိုးတက်လာနိုင်တယ်။ ငါ သွားကိုသွားရမယ့် တန်လင်းကလန်လည်း ရှိသေးတယ်။ ငါသာ တန်လင်းရေကန်ထဲ ဝင်ရောက်နိုင်ခဲ့ရင်…”
ဝမ်လင်းသည် ထိုရေကန်အကြောင်းတွေးမိကာ သူ့စိတ်နှလုံး တချက်ခုန်သွား၏။ ဝမ်လင်းသည် တန်လင်းရေကန်ထံသို့ အမှန်တကယ် ဝင်ရောက်ချင်ပေ၏။
“အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာ ငါ့မိတ်ဆွေဟောင်းအချို့လည်း ရှိသေးတာပဲ။ သူတို့ ဘယ်လိုပုံစံ ပြန်မွေးဖွားကြလဲ ငါ မသိဘူး။ ဟားဟား…စစ်ထူနန်က ဘုရင်တပါးအဖြစ် ပြန်မွေးဖွားမလား ငါ သိချင်မိတယ်။ လျှိုကျင်းပြောင်ကရော သူ့လှည့်ဖြားမှု လမ်းကြောင်းကိုပဲ ဆက်လျှောက်လေမလား။ ဒါ့အပြင် မကောင်းဆိုးဝါးကောင် ရှုလီကော ရှိသေးတယ်။ သူကော အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာ ဘယ်လိုကံကြမ္မာမျိုး ကြုံရမလဲ…”
“ဒါ့အပြင် ချင်းရွှေ၊ အနီရောင်လိပ်ပြာ…ပြီးတော့ လီချန်မေတို့လည်း ရှိသေးတယ်…”
ဝမ်လင်းသည် ထိုမှတ်ဉာဏ်များကို ပိုင်ဆိုင်ထား၏။ ခြင်သားရဲဘုရင်ကလည်း သည်လေဟာနယ်အတွင်း၌ သူနှင့်အတူ အဖော်ပြုပေးသေးသည်။ ထို့အတွက် သူသည် အထီးမကျန်တော့ပေ။
တစ်နှစ်၊နှစ်နှစ်၊သုံးနှစ်…။
ဝမ်လင်းသည် အတိတ်ကို ပြန်ပြောင်းစဉ်းစားရင်း သုံးနှစ်တာ ကုန်လွန်လာပြန်သည်။ ခြင်သားရဲဘုရင်က အရှိန်အတော်လေး လျှော့ကျနေပြီ။ သို့သော် ၎င်းက ဝမ်လင်းကို လေဟာနယ်၏အဆုံးသပ်သို့ ခေါ်ဆောင်လာခဲ့ပြီးပင်။ သူတို့သည် ထွက်ပေါက်နှင့် အလွန်နီးနေလေပြီ။
ထိုထွက်ပေါက်က ရွှမ်လော စောင့်နေသော နေရာ ဖြစ်ချင်မှ ဖြစ်လိမ့်မည်။ ခြင်သားရဲဘုရင်က ၎င်း၏ဝေဝါးသောမှတ်ဉာဏ်များအပေါ် အခြေခံ၍ ဦးတည်လာခဲ့သော နေရာ ဖြစ်နိုင်သည်။ ထိုနေရာက ကောင်းကင်ဘုံနွားထီးကုန်းမြေထံသို့ ဦးတည်ချင် ဦးတည်မည်။ သို့မဟုတ် တခြားနေရာတစ်ခုခု ဖြစ်ချင်ဖြစ်မည်။ ရှေးနိုင်ငံ၏ နယ်မြေသုံးဆယ့်ခြောက်ခုထဲ၌လည်း ဖြစ်ကောင်းဖြစ်နိုင်သေးသည်။
သုံးနှစ်တာအတွင်း ဝမ်လင်းက လီမူဝမ်အပေါ် သူ၏ကျင့်ကြံမှုဖြင့် အစွမ်းကုန် အာရုံစိုက် ကာကွယ်ပေးထား၏။ သူ့ကာကွယ်မှုအောက်တွင် သူမသည် အလွန်ဘေးကင်းလုံခြုံသည်။
သည်နေ့၌ ဝမ်လင်းက သူ့ရှေ့ရှိ လေဟာနယ်၌ အလင်းတစ်ခုကို တွေ့မြင်၏။ ထိုအလင်းမှာ တောက်ပခြင်း မရှိပေ။ လေဟာနယ်အတွင်းရှိ အက်ကြောင်းတခုထံမှ ထွက်ပေါ်နေခြင်းသာ။ သူက ထိုအက်ကြောင်း၏ အလွန်၌ တောင်တန်းများ ရှိနေသည်ကိုပါ မြင်ရသည်။
အက်ကြောင်းတွင်းမှ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ သီးသန့်ထူးခြားသော အော်ရာ ပေါက်ကွဲထွက်နေ၏။ ဝမ်လင်း၏ ပင်ပန်းနေသော ခန္ဓာကိုယ်မှာ ချက်ခြင်း တုန်ယင်သွားမိ၏။
ခြင်သားရဲဘုရင်မှာလည်း အလွန်ပင်ပန်းနေလေပြီ။ ၎င်းက ဝမ်လင်းကို အက်ကြောင်းထံသို့ ရုန်းကန်၍ ခေါ်ဆောင်လာ၏။ သို့သော် အဆုံးသပ်၌ ၎င်း၏ခန္ဓာကိုယ်သည် မြူအဖြစ် ပြန့်ကြဲကာ ပုံစံဖွဲ့တည်နိုင်ခြင်း မရှိတော့ပေ။
ခြင်သားရဲဘုရင်အတွက် ဝမ်လင်း၏စိတ်နှလုံးမှာ နာကျင်ရ၏။ သူ့ညာလက်ကို ခြင်သားရဲဘုရင်ထံသို့ လှမ်းလိုက်သည်။ ခြင်သားရဲဘုရင်သည် ဝမ်လင်း၏လက်မောင်းပေါ်၌ မင်အမှတ်အသားအဖြစ်သို့ ပြောင်းသွား၏။
သူက သူ့သိုလှောင်နေရာလွတ်ကို မဖွင့်လှစ်ရဲပေ။ သူ ၎င်းကို နောက်ဆုံးအကြိမ် ဖွင့်လှစ်ခဲ့တုန်းက ထိုသိုလှောင်နေရာလွတ်မှာ မတည်မငြိမ်ဖြစ်ကာ ပိတ်ဆို့မတတ် ဖြစ်သွားခဲ့ရ၏။ သူက ၎င်းကို ဖွင့်လှစ်လိုက်ပါက ပေါက်ကွဲသွားမည်လားကို မသိနိုင်ပေ။ သို့မဟုတ် ၎င်းသည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၌ ဆက်၍ တည်ရှိနိုင်လေမည်လား။
ဝမ်လင်းက ဤသို့မသိရသော အခြေအနေများကို စူးစမ်းဖို့ အချိန်တခု အသုံးပြုရအုံးမည်။
တချို့ဆေးလုံးများနှင့် ရတနာများအပြင် သိုလှောင်နေရာလွတ်အတွင်း၌ အရူးနှင့် ငွေရောင်အမျိုးသမီးတို့ ရှိနေကြ၏။ သူတို့နှစ်ယောက်က အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ သွေးမျိုးဆက်ပိုင်ဆိုင်ထား၍ လေဟာနယ်အတွင်း၌ ရှိနေလျှင်ပင် ဝမ်လင်းကဲ့သို့ တစ်စုံတစ်ယောက်ကို ကာကွယ်ပေး၍ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေသို့ ဝင်ရောက်ခြင်း မဟုတ်ပါက ပြဿနာရှိလိမ့်မည် မဟုတ်ပေ။
ခြင်သားရဲဘုရင်ကို သိမ်းဆည်းပြီးနောက် ဝမ်လင်းက လီမူဝမ်ကို သယ်ကာ သူ့ကိုယ်သူ ထိန်းညှိလိုက်၏။ သူက အက်ကြောင်းထံ စိုက်ကြည့်သည်။ ထို့နောက် သူ့ ကျင့်ကြံမှုအပြည့်အဝကို ပေါက်ကွဲစေကာ သူသည် ထိုအက်ကြောင်းထံသို့ တရကြမ်း ဦးတည်လေတော့၏။
သူက အလွန်မြန်သည်။ သူသည် အမြန်နှုန်းအပေါ်၌ သူ့စွမ်းအင်အားလုံးကို သုံးစွဲထား၏။ ကျန်သည့်စွမ်းအင်ကိုမူ လီမူဝမ်ကို ကာကွယ်ပေးထားသည်။
သူ တဖြည်းဖြည်း နီးသထက် နီးလာသည်။
ပေတစ်ထောင်၊ ငါးရာ၊ သုံးရာ၊ တစ်ရာ။ သူ ဆယ်ပေသာ လိုတော့သည်။
ဝမ်လင်း၏ခန္ဓာကိုယ်မှာ လောင်ကျွမ်းခံရသည့်နှယ် သူသည် ပြင်းထန်စွာနာကျင်မှုကို ခံစားရသည်။ သို့သော် သူ့မျက်လုံးသည် အရောင်တောက်နေ၏။
“အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ…ငါ ဝမ်လင်း လာနေပြီ…”