ကျွန်မ ဒေါသထွက်ချင်တယ်
Vol. 11 Ch. 103
လျိုရှီထင့်၏ စကားများကြောင့် ဝမ်ဖျင် ဆွံ့အသွားရသည်။ သူမသည် အတော်ကြာအောင် ကြောင်အသွားပြီးနောက်မှ “ဘာပြောတယ်” ဟု သတိပြန်ဝင်ကာ မေးလိုက်သည်။
လျိုရှီထင့်က “စဉ်းစားကြည့်လေ အမေ။ အမေ့သူဌေးနာမည်ကလည်း လုအန်းကျီ၊ သူ့ဇနီးကလည်း ကျန်းဆူရှင်း နဲ့ အတော်လေးတူတယ်။ ပြီးတော့ ‘တစ်ထောင်စုနှစ်ကြာပြီးနောက်’ သီချင်းကို ရေးတဲ့ လုအန်းကျီ ကလည်း ကျန်းဆူရှင်း စတူဒီယိုကပဲလေ” ဟု ပြောလိုက်သည်။
ဝမ်ဖျင် ရုတ်တရက် သဘောပေါက်သွားပြီး “သမီးပြောမှပဲ အဲဒါက အတော်လေး ဟုတ်နိုင်ခြေရှိနေတာပဲ...” ဟု ဆိုသည်။
လျိုရှီထင့်က “တွေ့လား”
ဝမ်ဖျင် က ခဏစဉ်းစားပြီး “ဒါဆိုရင် ငါတို့ ဒါကို အပြင်မှာ လျှောက်မပြောကြရအောင်။ သူတို့က လူတွေကို သူတို့အချက်အလက်ကို မသိစေချင်ပုံရတယ်...” ဟု ပြောသည်။
လျိုရှီထင့်က “ကျွန်မထင်တာတော့ ရပါတယ်၊ သူတို့က သိပ်ဂရုမစိုက်တာနေမှာပါ။ မဟုတ်ရင် ကျွန်မတို့ သိသွားအောင် အခုလို သဲလွန်စတွေ ချန်ထားမှာ မဟုတ်ဘူး” သူမ စကားပြောရင်း အနည်းငယ် စိတ်လှုပ်ရှားနေသည်။ အရင်က ကျန်းဆူရှင်း နဲ့ တူတယ်လို့ သူမထင်ခဲ့တဲ့ အမျိုးသမီးဟာ တကယ့်ကို ကျန်းဆူရှင်း ဖြစ်နေမယ်လို့ သူမ လုံးဝမထင်ထားခဲ့ပေ။
တီဗွီထဲက နာမည်ကျော်တစ်ယောက်ဟာ သူမဘဝထဲကို ရုတ်တရက် ရောက်ရှိလာပြီး အနီးကပ်ဆုံးမှာ ရှိနေတာကို လျိုရှီထင့် တစ်ယောက် အတော်လေး သဘောကျနေမိသည်။
ဝမ်ဖင် က “ဒါပေမယ့်လည်း ငါတို့ လျှောက်မပြောတာက ပိုစိတ်ချရတယ်။ သူတို့ကိုယ်တိုင်လည်း သူတို့ဘယ်သူလဲဆိုတာ တရားဝင် မပြောကြသေးဘူး မဟုတ်လား”
လျိုရှီထင့်က ခေါင်းညိတ်ပြီး “ကျွန်မ အပြင်မှာ သေချာပေါက် မပြောပါဘူး။ ဒါပေမဲ့ အမေက သူတို့နားမှာ အမြဲရှိနေတာဆိုတော့ စကားပြောရင် အနေမခက်အောင် သတိထားဦးနော်”
ဝမ်ဖျင် က “သိပါပြီအေ” ဟု ပြန်ဖြေလိုက်သည်။
...ထို့ကြောင့် ယနေ့မနက် လုအန်းကျီ ကို ဝမ်ဖျင် တွေ့သောအခါ သူမ၏စကားများကို ထိန်းပြောနေရသဖြင့် အနည်းငယ် စိတ်မအေးမသုန် ဖြစ်နေခြင်းပင်။
လုအန်းကျီ က “အမဝမ်ဖျင်၊ ကျွန်တော် အပြင် ခဏသွားလိုက်ဦးမယ်။ ပြန်လာရင် ကောင်တာက ကွန်ပျူတာနဲ့ ချိတ်ဖို့ စပီကာတစ်လုံး ဝယ်လာခဲ့မယ်။ ဆိုင်မှာ ဖွင့်ချင်တဲ့ သီချင်းတွေကို လူချောလေးဂီတ ကနေ ဒေါင်းလုဒ်ဆွဲထားလိုက်ပါ။ ကွန်ပျူတာမှာ လူချောလေးဂီတ ထည့်ထားတယ်၊ အမဝမ်ရဲ့ အကောင့်နဲ့ဝင်ပြီး မန်ဘာဝင်ပြီး ဒေါင်းလိုက်ပေါ့၊ ကုန်ကျစရိတ်ကို ကျွန်တော် ပြန်ပေးမယ်” ဟု ပြောသည်။
စန်းဝေစာအုပ်ဆိုင် စဖွင့်ကတည်းက ကောင်တာတွင် ကွန်ပျူတာတစ်လုံး ထားရှိထားပြီး ငွေပေးချေမှုစနစ်ကို ထည့်သွင်းထားသည်။ လုအန်းကျီ သည် အစက လူငယ်တစ်ယောက်ကို ငှားရန် စဉ်းစားခဲ့သော်လည်း နောက်ဆုံးတွင် အမဝမ်ဖင်ကိုသာ ငှားဖြစ်ခဲ့ခြင်းဖြစ်သည်။
ဝမ်ဖျင် က “သူဌေး၊ ဆိုင်မှာဖွင့်မဲ့ သီချင်းတွေကို ကျွန်မအကြိုက်ချည်းပဲ ဖွင့်လို့မရဘူးလေ။ ဒီဆိုင်က အပြင်အဆင်က အတော်လေးကောင်းပြီး စာဖတ်တဲ့နေရာလည်း ရှိတော့ သာယာငြိမ့်ညောင်းပြီး အရည်အသွေးရှိတဲ့ သီချင်းတွေကိုပဲ ဖွင့်ရမယ်” ဟု ပြန်ပြောရာ လုအန်းကျီ က ပြုံးလျက် “ကျွန်တော်ကတော့ဖြစ်ဖြစ် ရပါတယ် အမဝမ်ဖျင်ပဲ အဆင်ပြေအောင် လုပ်လိုက်ပါ” ဟု ဆိုကာ ထွက်လာခဲ့သည်။
လုအန်းကျီ သည် ကျူးယွမ် လူနေအိမ်ရာဝင်းသို့ ထွက်လာခဲ့သည်။ ကားရပ်ပြီးနောက် ဈေးတွင် အသားဝယ်ကာ ဖက်ထုပ်လုပ်ရန်အတွက် တစ်ခါတည်း နုတ်နုတ်စင်းခိုင်းလိုက်ပြီး ပြန်သယ်လာခဲ့သည်။
“ဖေဖေ ဖေဖေ ဖေဖေ”
ချန်းချန်း သည် လုအန်းကျီ တံခါးခေါက်သံကို ကြားသည်နှင့် ချက်ချင်းပြေးဖွင့်ပေးသည်။ ကလေးမလေးမှာ အရင်ကလောက် ခြေဖျားထောက်စရာ မလိုတော့သည်ကို ကြည့်ပြီး လုအန်းကျီ မှာ ချန်းချန်း အရပ်ရှည်လာသည်ကို သတိပြုမိသွားသည်။
လုအန်းကျီ အထဲဝင်ကာ ဖိနပ်လဲရန် ပြင်နေစဉ်မှာပင် ကလေးမလေးက သူ့ကိုဆွဲကာ “ဖေဖေ၊ သမီး အပြင်ထွက်ကစားချင်တယ်” ဟု ပြောလိုက်သည်။
ကျန်းဆူရှင်း နှင့် ရှောင်ချင်း တို့ မီးဖိုချောင်ထဲမှ ထွက်လာကြသည်။ ရှောင်ချင်းသည် လုအန်းကျီ ထက် တစ်လှမ်းစောရောက်နေခြင်းဖြစ်သည်။
လုအန်းကျီ က ရှောင်ချင်းကို “စောစောရောက်နေတာပဲ” ဟု နှုတ်ဆက်လိုက်ရာ ရှောင်ချင်းက ပြုံးလျက် “ရှင့်ရဲ့ အပြစ်ကင်းစင်ကြောင်း သက်သေပြနိုင်တာကို ဂုဏ်ပြုဖို့ပဲ၊ ငါ ဘယ်လိုလုပ် စောစောမလာဘဲ နေမလဲ ကျန်းဆူရှင်း နဲ့ ငါနဲ့ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်နေတာ။ ဒီအခွင့်အရေးနဲ့ ငါ သူ့ဆီက ဖက်ထုပ်လုပ်နည်း သင်ရမယ်” ဟု ဆိုသည်။
ကျန်းဆူရှင်း က မြောက်ပိုင်းသူဖြစ်သော်လည်း ဟိုင်တူး တွင် နေထိုင်သည်မှာ ကြာပြီဖြစ်သည်။ လုအန်းကျီ ဒါကို သိပြီးသားဖြစ်သဖြင့် ရှောင်ချင်း စကားကြောင့် သူ မအံ့သြပေ။
“ဖေဖေ၊ သမီး အပြင်ထွက်ကစားချင်တယ်”
ချန်းချန်း က လုအန်းကျီ ၏ အင်္ကျီလက်ကို ဆွဲကာ ထပ်ခါတလဲလဲ ပြောနေသည်။
ကျန်းဆူရှင်း က “ငါတို့ အိမ်မှာ အလုပ်ရှုပ်နေတာ၊ ရှင်ပဲ ချန်းချန်း ကို အပြင်ခေါ်သွားပြီး ကစားပေးလိုက်ပါဦး။ သူ မနက်နိုးကတည်းက အပြင်ထွက်ချင်တယ်လို့ ပြောနေတာ” ဟု ပြောသဖြင့် လုအန်းကျီ က “အိုကေ” ဟု ပြန်ဖြေသည်။
ထို့နောက် ကျန်းဆူရှင်း က ချန်းချန်း ကို အင်္ကျီလဲပေး၊ ရေသန့်ဘူးထဲ ရေထည့်ပေးကာ လုအန်းကျီ အား သယ်ခိုင်းလိုက်သည်။ သူမက လုအန်းကျီ အတွက် ရေတစ်ခွက် ငှဲ့ပေးရင်း “ရှင်လည်း အပြင်မသွားခင် ရေတစ်ခွက် အရင်သောက်ဦး” ဟု ဆိုသည်။
လုအန်းကျီ က ရေသောက်ပြီး ဖန်ခွက်ကို ကျန်းဆူရှင်း ထံ ပြန်ပေးလိုက်သည်။ ထိုအခါ ချန်းချန်း က “စကူတာ စကူတာ” ဟု တစာစာ အော်တော့သည်။
ကျန်းဆူရှင်း က ချန်းချန်း ၏ ပန်းရောင်စကူတာကို သွားယူပေးလိုက်ပြီး လုအန်းကျီ က သယ်ကာ ချန်းချန်း ၏လက်ကို ဆွဲပြီး ထွက်လာခဲ့သည်။ ကလေးမလေးမှာ အရာအားလုံးကို ကိုယ်တိုင်လုပ်ချင်သဖြင့် ခြေဖျားထောက်ကာ ဓာတ်လှေကားခလုတ်ကို နှိပ်ပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။
“ဟယ်... သူတို့က တကယ်ကို လိုက်ဖက်တဲ့ ဇနီးမောင်နှံတွေပဲ၊ အတော်လေး ဂရုစိုက်ကြတာ။ ငါကျတော့ ဘာလို့ အဲဒီလို ဂရုစိုက်တာ မခံရတာလဲ” ရှောင်ချင်းက ကျန်းဆူရှင်း ၏ နောက်ကနေ မနာလိုသလို လေသံဖြင့် ပြောလိုက်သည်။
ကျန်းဆူရှင်း က လှည့်ကြည့်ကာ မျက်စောင်းထိုးရင်း “ဒါဆို နင် ငါ့သမီး လုပ်မလား နင့်ကို ချန်းချန်း ထက်တောင် ပိုပြီး ဂရုစိုက်ပေးမယ်လို့ ငါ အာမခံတယ်” ဟု ပြန်ပြောလိုက်ရာ ရှောင်ချင်းက “ဟွန့်” ဟု မျက်နှာလွှဲကာ မီးဖိုချောင်ထဲသို့ ပြန်ဝင်သွားလေသည်။
လုအန်းကျီ သည် ချန်းချန်း ကို ခေါ်ကာ အဆောက်အဦးအပြင်သို့ ရောက်သောအခါ ချန်းချန်း က စကူတာကို ချက်ချင်း လှမ်းယူလိုက်ပြီး ရှေ့သို့ ချက်ချင်း ပြေးထွက်သွားတော့၏။
၎င်းမှာ လူနေအိမ်ရာဝင်းအတွင်းဖြစ်သဖြင့် လုအန်းကျီ မှာ နောက်ကနေ ခပ်လှမ်းလှမ်းကသာ လိုက်ပေးလိုက်သည်။ ခဏအကြာတွင် အခြားအဆောက်အဦးတစ်ခုမှ ကောင်လေးတစ်ယောက် စကူတာတစ်စီးကိုင်ကာ ထွက်လာသည်ကို တွေ့လိုက်ရသည်။
“ကွမ်ကွမ် ”
ချန်းချန်း က ရုတ်တရက် အော်ခေါ်လိုက်ပြီး ကောင်လေးရှိရာသို့ စကူတာနှင့် စီးသွား၏။ သို့သော် ထိုကောင်လေးနား ရောက်သောအခါ သူမက မရပ်ဘဲ ကျော်တက်ကာ ဆက်စီးသွားလေသည်။ ထိုကောင်လေးကလည်း စကူတာပေါ် ချက်ချင်းတက်ကာ ချန်းချန်း နောက်သို့ လိုက်သော်လည်း သူ၏ စကူတာစီးစွမ်းရည်မှာ ချန်းချန်း လောက် မကောင်းသဖြင့် နောက်ဆုံးတွင် စကူတာကို ပစ်ချကာ ခြေကျင် ပြေးလိုက်လေတော့၏။