သော့
Vol. 11 Ch. 107
လုအန်းကျီက “ခင်ဗျားက ကျွန်တော့်ထက်တောင် ပွင့်လင်းသေးတယ်။ ကျွန်တော့်အတွက် အချောသတ်ပစ္စည်းကို တိုက်ရိုက်လုပ်ပေးမယ်ဆိုတော့လေ။ ကျွန်တော်က ကတိဖျက်ပြီး ပိုက်ဆံမပေးဘဲနေမှာကို မကြောက်ဘူးလား” ဟု မေးလိုက်သည်။
လီဟွေ့မင်က “ကျွန်တော်တို့ အရင်ဆုံး စာချုပ်ချုပ်ကြမှာ မဟုတ်လား တခြားသူသာဆိုရင်တော့ ကျွန်တော် သေချာပေါက် စရန်ငွေ အရင်တောင်းမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့က ခြံဝိုင်းတစ်ခုတည်းမှာ နေကြတာ၊ ကလေးတွေကလည်း သိနေကြတာပဲ။ ပြီးတော့ ချန်းချန်းမေမေ ကျန်းဆူရှင်းနဲ့ ကျွန်တော်တို့က ခဏခဏ တွေ့နေကြတာလေ။ သူတို့က တကယ့်လူကောင်းတွေမို့လို့ ခင်ဗျားကိုလည်း ကျွန်တော် ယုံကြည်ပါတယ်” ဟု ပြန်ပြော၏။
လုအန်းကျီက “ခင်ဗျားက လူတွေကို တကယ်ယုံလွယ်တာပဲ” ဟု ဆိုလိုက်သည်။
လီဟွေ့မင်က ဘာမှပြန်မပြောဘဲ ပြုံးနေလိုက်သည်။
လုအန်းကျီက ဆက်လက်၍ “ကျွန်တော် စရန်ငွေ မပေးတာကတော့ သိပ်တော့ အဆင်မပြေဘူး။ ဒီလိုလုပ်ရင်ရော ဘယ်လိုလဲ ခင်ဗျား အရင်ဆုံး ပုံကြမ်းတစ်ခု အရင်ဆွဲကြည့်ပါ။ အဲ့ဒါကိုကြည့်လို့ အဆင်ပြေတယ်ဆိုရင် ကျွန်တော် စရန်ငွေ ထက်ဝက်ပေးမယ်။ အဲ့ဒီနောက်မှ ပရိုဂရမ်ကို အသေးစိတ် ပြန်ပြင်တာပေါ့။ ဒါပေမဲ့ ကျွန်တော်က နည်းပညာပိုင်းကို သိပ်နားမလည်တော့ ကျွန်တော်ပြောတာ မှန်မမှန်တော့ မသိဘူး... ဒီပရိုဂရမ်ကို ပုံကြမ်း အရင်ထုတ်လို့ ရလား”
လီဟွေ့မင်က ခေါင်းညိတ်ပြီး “ရပါတယ်၊ ရတယ်” ဟု ဆိုသည်။
လုအန်းကျီက “ဒါဆို အတည်ပဲ။ စာချုပ်အကြောင်း ဆွေးနွေးဖို့၊ မူကြမ်းဆွဲဖို့နဲ့ လက်မှတ်ထိုးဖို့ တစ်နေရာရာ သွားကြမလား”
လီဟွေ့မင်က “ကောင်းပြီလေ။ ကျွန်တော့်အိမ်ပဲ သွားရအောင်။ အဲ့ဒီမှာ သုံးလို့ရတဲ့ ပရင်တာ ရှိတယ်” ဟု အကြံပြုလိုက်သည်။
လုအန်းကျီ အနည်းငယ် အံ့အားသင့်သွား၏။
လုအန်းကျီသည် သူ၏အရင်ဘဝတွင် ကျောင်းသားရှိသည့် အိမ်များ၌သာ ပရင်တာများကို တွေ့ဖူးခြင်းဖြစ်သည်။
အင်တာနက်နည်းပညာ တိုးတက်လာပြီး အီလက်ထရွန်နစ် ပစ္စည်းတွေ အသစ်ထွက်လာတာနဲ့အမျှ ဆရာ၊ ဆရာမတွေက အိမ်စာပေးတဲ့အခါ ကျောက်သင်ပုန်းမှာ ရေးခိုင်းမယ့်အစား WeChat ကနေ ပေးလာကြသည်။ ကျောင်းသားတွေက မျက်စိနဲ့ စာရွက် သက်သာသွားပေမယ့် မိဘတွေကတော့ မိတ္တူကူးဆိုင်တွေကို ပြေးရတာ ဒါမှမဟုတ် အိမ်မှာ ပရင်တာ ဝယ်ထားရတာမျိုး ဖြစ်လာ၏။
သို့သော် ဤကမ္ဘာတွင် အင်တာနက် ဆက်သွယ်ရေး ဆော့ဖ်ဝဲလ်များသည် သူ၏အရင်ဘဝလောက် အဆင်မပြေသေးသဖြင့် သာမန်အိမ်ထောင်စုများတွင် ပရင်တာ ရှိရန် လုံးဝမလိုအပ်ပေ။
လီဟွေ့မင်၏ အိမ်တွင် ပရင်တာရှိနေခြင်းမှာ သူအရင်က ကုမ္ပဏီမှာ အလုပ်လုပ်စဉ်က သုံးရန်ထားရှိခြင်း ဖြစ်နိုင်သည်။ လီဟွေ့မင်သည် အရင်က အဆင့်မြင့် အမှုဆောင်အရာရှိ တစ်ဦးဖြစ်ပြီး သူငယ်ချင်းများနှင့် ကုမ္ပဏီထောင်ခဲ့သူဖြစ်ရာ အိမ်တွင် ပရင်တာ တစ်ခါတစ်ရံ လိုအပ်သည်မှာ ပုံမှန်ပင် ဖြစ်၏။
သို့သော် လုအန်းကျီသည် သံသယရှိသော်လည်း မဆင်မခြင် စကားမပြောခဲ့ပေ။ လီဟွေ့မင်သည် လက်ရှိတွင် ကုမ္ပဏီမှ ထွက်လာပြီး အိမ်မှာပဲ ရှိနေသူဖြစ်ရာ ဘာတွေဖြစ်ပျက်ခဲ့သည်ကို မသိနိုင်ပေ။ မဆင်မခြင် ပြောမိပါက လီဟွေ့မင်၏ စိတ်ထိခိုက်စရာ အကြောင်းအရာတစ်ခုခုကို ထိမိသွားမည်ကို လုအန်းကျီ စိုးရိမ်မိ ပေသည်။
“ကောင်းပါပြီ။ ခင်ဗျားပဲ လမ်းပြပါ”
လုအန်းကျီက ခေါင်းညိတ်ကာ ပြောလိုက်သည်။
သူတို့နှစ်ဦးလုံးသည် လက်တွေ့သမားများဖြစ်ကြသဖြင့် ချက်ချင်းထကာ မိသားစုများကို အသိပေးပြီး လီဟွေ့မင်၏ အိမ်သို့ အတူတူ သွားခဲ့ကြသည်။
လီဟွေ့မင်၏ အိမ်တွင် လုအန်းကျီနှင့် လီဟွေ့မင်တို့ စာချုပ်ပါ အချက်အလက်များကို တစ်ချက်ချင်း ဆွေးနွေးကြပြီးနောက် နှစ်စောင် ပရင့်ထုတ်ကာ လက်မှတ်ထိုး၊ လက်ဗွေနှိပ်၍ တစ်ယောက်တစ်စောင် သိမ်းဆည်းလိုက်ကြသည်။
လီဟွေ့မင်၏ အိမ်တွင် လက်ဗွေနှိပ်သည့် မင်အိုးပင် ရှိနေသဖြင့် အလုပ်ပိုမရှုပ်တော့ပေ။
ထို့နောက် လုအန်းကျီသည် လီဟွေ့မင်၏ အိမ်ရှိ ကွန်ပျူတာဖြင့် မူပိုင်ခွင့် ကာကွယ်ရေး ဝဘ်ဆိုဒ်သို့ ဝင်ကြည့်လိုက်ရာ သူ၏ မူပိုင်ခွင့်သည် စစ်ဆေးသည့်အဆင့်သို့ ရောက်နေသော်လည်း အတည်ပြုချက် ရရန် အချိန်အတိုင်းအတာတစ်ခု ထပ်ယူရဦးမည်ကို တွေ့လိုက်ရသည်။
သို့သော် ဤအရာက သူ့ကို အချက်အလက်များ ဒေါင်းလုဒ်ဆွဲရန် အနှောင့်အယှက် မဖြစ်စေပေ။ လုအန်းကျီသည် အချက်အလက်များ၏ မိတ္တူတစ်ခုကို ဒေါင်းလုဒ်ဆွဲကာ လီဟွေ့မင် ကိုးကားနိုင်ရန် သူ၏ကွန်ပျူတာတွင် သိမ်းဆည်းပေးလိုက်၏။
သူ၏ မူပိုင်ခွင့်မှာ စစ်ဆေးမှု ခံယူနေပြီ ဖြစ်သဖြင့် လီဟွေ့မင်က တစ်ခုခု လုပ်သွားမည်ကို စိတ်ပူရန် မလိုတော့ပေ။
လီဟွေ့မင်က အံ့သြစွာဖြင့် “ခင်ဗျား ဒီမူပိုင်ခွင့်ကို မနေ့ကမှ လျှောက်ထားတာလား” ဟု ပြောလိုက်သည်။
လုအန်းကျီက ခေါင်းညိတ်ကာ “ဟုတ်တယ်” ဟု ဆိုသည်။
လီဟွေ့မင်က “ဒါဆိုရင် ခင်ဗျား တကယ် ကံကောင်းတာပဲ”
လုအန်းကျီက “ဟုတ်တယ်၊ ကျွန်တော်လည်း အဲ့လိုပဲ ထင်တယ်။ ကံကောင်းလို့ တခြား အင်တာနက်ကုမ္ပဏီတွေက ဒါကို သတိမထားမိတာ။ ကျွန်တော် ကုမ္ပဏီ အများကြီးဆီ အီးမေးလ် ပို့ထားတာလေ”
လီဟွေ့မင်က “ကျွန်တော် ပြောတာက အဲ့ဒါ မဟုတ်ဘူး။ ခင်ဗျား မူပိုင်ခွင့် မှတ်ပုံတင်တဲ့ အချိန်ကို ပြောတာ။ လတ်တလော သတင်းတွေအရ မူပိုင်ခွင့်ရုံးက ဒီဇိုင်းနဲ့ တီထွင်ဖန်တီးမှုဆိုင်ရာ မူပိုင်ခွင့် မှတ်ပုံတင်တာတွေကို ရပ်ဆိုင်းဖို့ စီစဉ်နေတယ်လို့ သိရတယ်။ အဲ့ဒီ အမျိုးအစားက ကျယ်ပြန့်လွန်းပြီး သတ်မှတ်ချက်က နိမ့်လွန်းတာကြောင့် စနစ်တကျ ပြည့်စုံတဲ့ ဖန်တီးမှုမျိုး ဖြစ်နေရင်တောင် မရိုးမသား ကြိုတင်မှတ်ပုံတင်တာမျိုးတွေကို မရှောင်လွှဲနိုင်ဘူးလို့ ဆိုတယ်။ အဲ့ဒါကို မကြာခင်မှာ စတင်အကောင်အထည်ဖော်တော့မှာ”
“ဒါပေမဲ့ ခင်ဗျားရဲ့ ပရောဂျက်က မူပိုင်ခွင့် စစ်ဆေးမှု အောင်မြင်ပြီးသွားပြီဆိုတော့ ထိန်းသိမ်းထားလို့ ရမှာပါ။ ခင်ဗျားသာ နောက်ကျပြီးမှ မှတ်ပုံတင်ခဲ့ရင် မှတ်ပုံတင်နိုင်မှာ မဟုတ်တော့ဘူး”
လုအန်းကျီက “ဪ... အဲ့လိုလား”
လီဟွေ့မင်က ခေါင်းညိတ်ပြုံးလိုက်ရင်း “ဒီအမျိုးအစားက ဝဘ်ဆိုဒ်ကို စဆောက်တုန်းက မူပိုင်ခွင့်ရုံးက အစမ်းလုပ်ကြည့်တဲ့ အမျိုးအစားပဲ။ အခုတော့ သူတို့က ဒါဟာ မသင့်တော်ဘူးလို့ ခံစားရလို့ ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာ။ ခင်ဗျားမှာ ဒီမူပိုင်ခွင့် ရှိနေသရွေ့ နောက်ပိုင်း တခြားသူတွေက ဒီနည်းလမ်းနဲ့ စာရိုက်စနစ် လုပ်ချင်ရင်တောင်၊ ဒါမှမဟုတ် အခုရှိနေတဲ့ ပင်းယင် စနစ်တွေက ခင်ဗျားရဲ့ လမ်းကြောင်းအတိုင်း အဆင့်မြှင့်ချင်ရင်တောင် သူတို့ လုပ်လို့ရမှာ မဟုတ်ဘူး”
“အဲ့ဒီအချိန်ကျရင် ခင်ဗျားက ကျွန်တော့်ကို စာရိုက်စနစ် ဒီဇိုင်းဆွဲခိုင်းဖို့ မလိုရင်တောင် မူပိုင်ခွင့် ကြေးတွေနဲ့တင် ပိုက်ဆံအများကြီး ရနိုင်သေးတယ်”
လုအန်းကျီလည်း ရယ်မောလိုက်ရင်း “ဒါဆိုရင် ကျွန်တော်က မရိုးမသား ကြိုတင်မှတ်ပုံတင်တဲ့ထဲ ပါသွားတာပေါ့”
လီဟွေ့မင်က ခေါင်းခါကာ “မပါဘူး။ ဒါက ခင်ဗျားကိုယ်ပိုင် ဖန်တီးမှု အကြံဉာဏ်ပဲလေ၊ ပြီးတော့ စည်းမျဉ်းတွေကို ခင်ဗျားက ကျိုးကြောင်းဆီလျော်စွာ အသုံးချခဲ့တာ။ ဝဘ်ဆိုဒ်မှာ ဒီအမျိုးအစားကို ဘယ်သူက ထည့်ထားခိုင်းလို့လဲ”
လုအန်းကျီက လက်ယမ်းလိုက်ပြီး “ထားလိုက်ပါတော့၊ အဲ့ဒီကနေ အခွင့်အရေး မယူချင်ပါဘူး။ ကျွန်တော်တို့ဘာသာ စာရိုက်စနစ်ပဲ လုပ်ကြတာပေါ့။ နောက်ပိုင်းကျရင် ခင်ဗျားအတွက် အလုပ်တွေ အများကြီး ရှိလာလိမ့်မယ်”
လီဟွေ့မင်က “အားနာစရာကြီးဗျာ။ ပိုက်ဆံရဖို့ လုပ်တာပဲ၊ အလုပ်များတာ ဘာမှမဖြစ်ပါဘူး”
သူတို့နှစ်ဦးလုံး ပြုံးလိုက်ကြပြီး နှစ်ဦးသား ကျေနပ်သွားကြသည်။
“လွန်ခဲ့တဲ့ ဆယ်နှစ်က... မင်းကို ငါမသိခဲ့သလို၊ မင်းကလည်း ငါနဲ့ မဆိုင်ခဲ့ဘူး၊ ငါတို့တွေက သူစိမ်းတစ်ယောက်နဲ့အတူ ရှိနေခဲ့တဲ့ အတူတူပါပဲ...”
လီဟွေ့မင်၏ ဖုန်း ရုတ်တရက် မြည်လာပြီး “ဆယ်နှစ် “ သီချင်း၏ သံပြိုင်ပိုဒ် ထွက်ပေါ်လာသည်။
သူ ဖုန်းဖြေလိုက်ပြီးနောက် စကားအနည်းငယ်ပြောကာ ဖုန်းချလိုက်ရင်း “ကျွန်တော့် ဇနီးပါ။ ကွမ်ကွမ်က သူ့ရဲ့ စကူတာလေးနဲ့ ကစားချင်လို့တဲ့၊ အဲ့ဒါ ယူလာပေးဖို့ ပြောတာ” ဟု ဆိုသည်။
လုအန်းကျီက ပြုံးလိုက်ပြီး “အစ်ကိုလီ၊ အစ်ကို့ဇနီးက ဒီသီချင်းကို ဖုန်းမြည်သံ ထားတာနဲ့ ပတ်သက်ပြီး ပြဿနာရှာမှာ မကြောက်ဘူးလား” ဟု မေးလိုက်သည်။
သူသည် လီဟွေ့မင်နှင့် စကားပြောရင်း ခင်မင်သွားသဖြင့် ‘မစ္စတာလီ’၊ ‘မစ္စတာလု’ ဟု မခေါ်ကြတော့ပေ။ လီဟွေ့မင်က အသက်ကြီးသဖြင့် လုအန်းကျီက သူ့ကို ‘အစ်ကိုလီ’ ဟု ခေါ်ပြီး၊ လီဟွေ့မင်ကတော့ လုအန်းကျီကို နာမည်အတိုင်း တိုက်ရိုက်ခေါ်သည်။
လီဟွေ့မင်က ပြုံးကာ “ဘာကို သံသယဖြစ်စရာ ရှိလို့လဲ ကျွန်တော်က ဒီသီချင်းကို တကယ်ကောင်းတယ်လို့ ထင်လို့ပါ။ သွားရအောင်၊ အတူတူ ထွက်သွားကြမယ်”
သူသည် ကွမ်ကွမ်၏ စကူတာကို ယူကာ လုအန်းကျီနှင့်အတူ ထွက်လာခဲ့သည်။ ပန်းခြံငယ်လေးသို့ ရောက်သောအခါ ကွမ်ကွမ်သည် သူ၏စကူတာကို ရပြီး ပျော်ရွှင်စွာ ကစားနေသည်။ ချန်းချန်းကတော့ ထိုအခြင်းအရာကို ကြည့်ကာ သူမ၏ ကားလေးကို သတိရပြီး နှုတ်ခမ်းလေး စူနေသည်။
ကျန်းဆူရှင်းက “ချန်းချန်းကို ဒီမှာ ခဏလောက် ကြည့်ပေးထားလို့ ရမလား ကျွန်မ သွားပြီး သူ့စကူတာ သွားယူလိုက်မယ်။ စောစောက ကလေးနှစ်ယောက်လုံး စကူတာ စီးချင်နေကြတာ။ ကျွန်မက ကွမ်ကွမ်မေမေကို ချန်းချန်းကို ခဏကြည့်ပေးဖို့ ပြောပြီး သွားယူမလို့ပဲ၊ ဒါပေမဲ့ ချန်းချန်းက ကျွန်မကို အသွားမခံဘူး။ အဲ့ဒါကြောင့် ရှင်တို့ ပြန်လာတာကို စောင့်နေရတာ” ဟု ဆိုသည်။
လုအန်းကျီက “ကိုယ်ပဲ သွားယူလိုက်မယ်။ ခဗျား သွားမနေနဲ့တော့” ဟု ပြောသည်။
ကျန်းဆူရှင်း ခဏစဉ်းစားပြီးနောက် သူမ၏ သော့ကို ထုတ်ပေးလိုက်သည်။
လုအန်းကျီ သော့ကို ယူကာ ကျန်းဆူရှင်းအိမ်သို့ ထွက်သွားသည်။ ကျန်းဆူရှင်းသည် ထွက်ခွာသွားသော လုအန်းကျီ၏ ကျောပြင်ကို တိတ်တဆိတ် ကြည့်နေပြီး၊ နှုတ်ခမ်းကို ဖိထားကာ ဘာတွေတွေးနေသည်ကိုတော့ မသိနိုင်ပေ။
လုအန်းကျီသည် ထိုနေ့မနက်က ချန်းချန်းကို ကစားရန် ခေါ်ထုတ်လာစဉ်က စကူတာကို ယူလာခဲ့သဖြင့် ၎င်းကို မည်သည့်နေရာတွင် ထားသည်ကို သိသည်။ သူ အိမ်ထဲဝင်ကာ စကူတာကို အလွယ်တကူ ရှာတွေ့ပြီး ပြန်ယူလာခဲ့သည်။ ပန်းခြံငယ်လေးတွင် ချန်းချန်းကို ပေးလိုက်သောအခါ ကလေးမလေးသည် ချက်ချင်းပင် မျက်နှာလေး ဝင်းပသွားပြီး စကူတာစီးကာ ကစားတော့သည်။
ကလေးမလေးသည် စကူတာပေါ် ခြေတစ်ဖက်တင်လိုက်သည်နှင့် ပျံသန်းနေသကဲ့သို့ အလွန်မြန်သောနှုန်းဖြင့် ကွမ်ကွမ်၏ ဘေးမှ အမြန်ဖြတ်မောင်းသွားသည်။
ကွမ်ကွမ်မှာ မမီနိုင်တော့သဖြင့် စိုးရိမ်တကြီးဖြစ်ကာ သူ၏စကူတာကို ပစ်ချပြီး ချန်းချန်းနောက်သို့ ပြေးလိုက်လေတော့သည်။ ၎င်းမှာ သူတို့အတွက် အကျွမ်းတဝင်ရှိသော မြင်ကွင်းတစ်ခုပင် ဖြစ်သည်။
ထိုနေ့ ညနေခင်းတွင် ကလေးငယ်များသည် စိတ်တိုင်းကျ ကစားခဲ့ကြသည်။ နေဝင်ရီတရောအချိန် ရောက်သောအခါ မိသားစုနှစ်စုသည် နှုတ်ဆက်ကာ အိမ်သို့ ပြန်ခဲ့ကြသည်။
အိမ်တံခါးဝသို့ ရောက်သောအခါ ကျန်းဆူရှင်းသည် လုအန်းကျီ ပြန်ပေးထားသော သော့ကို ထုတ်ယူကာ တံခါးဖွင့်ရင်း ရုတ်တရက် -
“အိမ်မှာ အပိုသော့ တစ်ချောင်း ရှိသေးတယ်။ အဲ့ဒါကို ရှင့်ကို ပေးထားမယ်” ဟု ဆိုလိုက်သည်။