← Chapters

လေပြေညင်းနှင့် လသာသောညဝယ် အမှတ်မထင် တွေ့ဆုံခြင်း

Vol. 7 Ch. 61

လေပြေညင်းနှင့် လသာသောညဝယ် အမှတ်မထင် တွေ့ဆုံခြင်း

Vol. 7 Ch. 61

ချိုင့်ဝှမ်း၏ အပြင်ဘက်တွင်မူ မြင်ကွင်းတစ်ခုလုံးမှာ ကြောက်စရာကောင်းလောက်အောင် ပျက်စီးနေလေသည်။

နှင်းသားရဲ ကောင်းကင်မျောက်ဝံသည် မြေပေါ်တွင် အသက်ငင်လျက် ရှိနေပြီး မရမ်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်းမှာမူ မည်သည့်ဒဏ်ရာမျှ မရရှိဘဲ ၎င်း၏ခေါင်းကို ခြေထောက်ဖြင့် နင်းထားလေသည်။ ထို့နောက် ခြင်္သေ့မင်းက အေးစက်စွာ နှာရှုံ့လိုက်ပြီး ပြောလေသည်။

"မှော်သားရဲတွေရဲ့ ခြေထောက်တွေက ဘာလို့ ဒီလောက်သန့်ရှင်းနေရလဲဆိုတာ မင်းသိလား။ ဘာလို့လဲဆိုတော့ မင်းလိုကောင်မျိုးတွေက အမြဲတမ်း လျက်ပေးနေလို့ပဲပေါ့"

နှင်းသားရဲ ကောင်းကင်မျောက်ဝံသည် ထိုကဲ့သို့သော အရှက်ရမှုကို တစ်ခါမျှ မခံစားဖူးချေ။ မျက်ရည်များမှာ ထိန်းမနိုင်သိမ်းမရ စီးကျလာသည်။ ၎င်းသည် ကိုယ့်ကိုယ်ကိုယ် သတ်သေရန်ပင် စဉ်းစားခဲ့သော်လည်း သတ္တိမရှိခဲ့ပေ။

"ငါ့ကို မသတ်ပါနဲ့။ မင်း မေ့သွားပြီလား။ လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းချီတုန်းက ငါရဲ့ နှင်းသားရဲ ကောင်းကင်မျောက်ဝံ ဘိုးဘေးကြီးဟာ မင်းရဲ့ဘိုးဘေးကိုတောင် ထမင်းဖိတ်ကျွေးခဲ့ဖူးသေးတယ်လေ"

မရမ်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်းမှာမူ သတ်ဖြတ်ရာတွင် အလွန်ပြတ်သားလှသည်။ သူက အရှိန်ဖြင့် ပြင်းထန်စွာ နင်းချလိုက်ရာ နှင်းသားရဲ ကောင်းကင်မျောက်ဝံ၏ ဦးခေါင်းမှာ ပွင့်ထွက်သွားပြီး ရေခဲပြာရောင်တောက်နေသည့် အဆင့်ငါး မှော်သားရဲအမြုတေ တစ်ခု ပေါ်ထွက်လာလေသည်။

'ပေါင်းပင်ကို အမြစ်ကနေ မနှုတ်ရင် နွေဦးလေပြေမှာ ပြန်ပေါက်လာလိမ့်မယ်' ဆိုသည့် စကားအတိုင်းပင်။ ဤသည်မှာ ဒိုချီတိုက်ကြီးပေါ်၌ နှစ်သန်းပေါင်းများစွာကတည်းက မပြောင်းလဲဘဲ တည်ရှိနေသည့် တောရဲတိရစ္ဆာန်တို့၏ ဥပဒေသ ပင်ဖြစ်သည်။ မင်းသေရင်သေ မဟုတ်ရင် ငါသေရမည် ဆိုသည့် သဘောပင် ဖြစ်သည်။

ကျန်းချန်နှင့် ဇီယန်တို့ ပြန်လည်ရောက်ရှိလာသည့်အခါ အသက်ပျောက်နေပြီဖြစ်သော နှင်းသားရဲ ကောင်းကင်မျောက်ဝံကို တွေ့လိုက်ရလေသည်။

"ငါပြောသားပဲ ကြောင်ကြီး၊ မင်းကတော့ တကယ့်ကောင်ပဲ။ နှင်းသားရဲ ကောင်းကင်မျောက်ဝံကို အသေနင်းသတ်လိုက်တာပဲလား"

မရမ်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်းသည် လူသားအသွင်သို့ ပြောင်းလဲလိုက်ပြီး လက်ပိုက်ကာ အေးစက်စွာ ပြောလိုက်သည်။"ဒီဘုရင်က သိုင်းဘိုးဘေးတစ်ဝက်အဆင့်ပဲ ရှိသေးတာ။ ဒီလို အဆင့်ငါး နှင်းသားရဲ ကောင်းကင်မျောက်ဝံလောက်က ငါ့ကို ဘာယှဉ်နိုင်မှာမို့လို့လဲ"

"ငါက နည်းနည်းလေး ချီးကျူးလိုက်တာနဲ့ မင်းကတော့ ဘဝင်မြင့်နေပြီ။ ကဲ လိုချင်တာရပြီဆိုတော့ ပြန်ကြစို့" ဇီယန်သည် သူမလက်ထဲရှိ ကျောက်စိမ်းပုလင်းကို လှုပ်ယမ်းပြရင်း ပျော်ရွှင်စွာ ပြောလိုက်သည်။

မရမ်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်းက မှော်သားရဲအမြုတေကို ရိုသေစွာ ကမ်းပေးရင်း ဆိုသည်။"သခင်ကြီး၊ ဒါက နှင်းသားရဲ ကောင်းကင်မျောက်ဝံရဲ့ မှော်သားရဲအမြုတေပါ။ ကျေးဇူးပြုပြီး လက်ခံပါ"

ကျန်းချန်သည် မရမ်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်းထံမှ မှော်သားရဲအမြုတေကို ယူဆောင်ကာ စစ်ဆေးကြည့်လိုက်သည်။ ထူးခြားသော မှော်သားရဲဖြစ်သည့် နှင်းသားရဲ ကောင်းကင်မျောက်ဝံ၏ အမြုတေဆိုသည့်အတိုင်း ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များ ပါဝင်နေသည်မှာ အံ့အားသင့်ဖွယ် ကောင်းလှသည်။

၎င်းသည် အဆင့်ခြောက်ဆေးလုံးတစ်လုံး ဖော်စပ်ရန်အတွက် အလွန်ပင် သင့်တော်လှပေသည်။

"သွားကြစို့။ မကြာခင်မှာ တခြားမှော်သားရဲတစ်ကောင်က ဒီနေရာမှာ နေရာယူလာလိမ့်မယ်"

မရမ်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်းသည် သူ၏နှုတ်ခမ်းကို လျက်လိုက်ပြီး နှင်းသားရဲ ကောင်းကင်မျောက်ဝံ၏ အလောင်းကို လိုတရလက်စွပ်ထဲသို့ အေးအေးဆေးဆေး ထည့်လိုက်သည်။ ပြန်ရောက်သည့်အခါ ရှောင်ရီရှန်နှင့်အတူ အရသာရှိရှိ စားသောက်ရန် ရည်ရွယ်ထားပုံရသည်။

အဆင့်မြင့်မှော်သားရဲများသည် ၎င်းတို့၏ မျိုးနွယ်တူများကိုဖြစ်စေ၊ လူသားများကိုဖြစ်စေ ဝါးမျိုခြင်းဖြင့် သိသာထင်ရှားသော တိုးတက်မှုများကို ရရှိနိုင်ကြသည်။ ဤနှင်းသားရဲ ကောင်းကင်မျောက်ဝံသည် သန့်စင်သော သွေးမျိုးဆက်ရှိသည့် ထူးခြားသော မှော်သားရဲတစ်ကောင် ဖြစ်သည်။ ၎င်းကို စားသုံးခြင်းဖြင့် ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ပြောင်းလဲစေနိုင်ပြီး ရိုးတွင်းခြင်ဆီကို သန့်စင်စေကာ အရိုးများကို ခိုင်မာစေသည့် အစွမ်းရှိပေသည်။

ထို့အပြင် သူ့တွင် အာဟာရပြည့်ဝရန် အစွမ်းထက်အစာများ လိုအပ်နေသေးသည့် ခြင်္သေ့ပေါက်လေးလည်း ရှိနေသေးသည်။ ထို့ကြောင့် ဤနှင်းသားရဲ ကောင်းကင်မျောက်ဝံမှာ အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်သည်။

ကျားနန် အကယ်ဒမီသို့ ပြန်ရောက်သောအခါ။

ဇီယန်က မြေကမ္ဘာအတွင်းသား ခန္ဓာကိုယ်အပူပေး သန့်စင်ရည် ပုလင်းကို စိတ်အားထက်သန်စွာ ဖွင့်လိုက်ပြီး စကားတစ်ခွန်းမှမပြောဘဲ တစ်ကျိုက်တည်း မော့ချလိုက်လေသည်။ သူမ၏ မူလအသွင်မှာ မှော်သားရဲဖြစ်သောကြောင့် မြေကမ္ဘာအတွင်းသား ခန္ဓာကိုယ်အပူပေး သန့်စင်ရည်မှ ထွက်ပေါ်လာသည့် ကြမ်းတမ်းသော စွမ်းအင်များကို စိုးရိမ်စရာ မလိုပေ။

"ဂေ့"(လေချဥ်တက်သံ)

ဇီယန်က သူမ၏ ဗိုက်ကလေးကို ပွတ်သပ်ကာ ကျေကျေနပ်နပ် လေချဥ်တက်လိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။"ဒါက ဟိုဆေးပင်တွေထက် အများကြီး ပိုအရသာရှိတာပဲ။ အစ်ကို ကျန်းချန်၊ အစ်ကို့ရဲ့ မြေကမ္ဘာအတွင်းသား ခန္ဓာကိုယ်အပူပေး သန့်စင်ရည်ကို ဘာလုပ်ဖို့ စိတ်ကူးထားလဲ။ ကိုယ်တိုင်ပဲ သောက်မှာလား"

"ဒီမြေကမ္ဘာအတွင်းသား ခန္ဓာကိုယ်အပူပေး သန့်စင်ရည်က ငါ့အတွက်တော့ အသုံးမဝင်ဘူး။ ပြန်ရောက်ရင် ငါ့တပည့်နှစ်ယောက်ကို ပေးဖို့ စိတ်ကူးထားတယ်"

"တပည့်တွေလား" ဇီယန်က နှုတ်ခမ်းကို သပ်လိုက်ရင်း ဆိုသည်။ "အစ်ကို ကျန်းချန်က တကယ့်ကို ဆရာကောင်း တစ်ယောက်ပါပဲ"

ကျန်းချန်က ခပ်ဖွဖွ ပြုံးလိုက်သည်။ သူသည် ၎င်းတို့ကို တပည့်အဖြစ် လက်ခံထားပြီးဖြစ်ရာ လျစ်လျူရှုထားရန်မှာ မဖြစ်နိုင်ပေ။

"သခင်ကြီး၊ ဝါရင့်အကြီးအကဲ စူးချန်က လိုအပ်တဲ့ ဆေးပင်အားလုံးကို အဆင်သင့် ပြင်ဆင်ပေးပြီးပါပြီ။ ကျွန်တော်တို့ မှော်သားရဲတောင်တန်းကို အချိန်မရွေး ပြန်လို့ရပါပြီ"

တံခါးအပြင်ဘက်မှ မရမ်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်း၏ စကားသံကို ကြားလိုက်ရသဖြင့် ကျန်းချန်သည် မတ်တပ်ထရပ်လိုက်ပြီး ဘေးနားရှိ ဇီယန်ကို လှည့်ကြည့်လိုက်သည်။

"ဇီယန်လေး၊ မင်းရော ငါနဲ့အတူ မှော်သားရဲတောင်တန်းကို လိုက်ခဲ့ဖို့ စိတ်ဝင်စားလား"

"ဒါကတော့လေ" ဇီယန်က သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်ရင်း အနည်းငယ်စိတ်ရှုပ်သွားကာ "အဖိုးကြီး စူးက ကျွန်မကို ကျားနန် အကယ်ဒမီကနေ လွယ်လွယ်နဲ့ မထွက်ရဘူးလို့ ပြောထားတာ။ ဒါပေမဲ့ အစ်ကိုနဲ့အတူ လည်ပတ်ဖို့တော့ လိုက်ခဲ့လို့ရပါတယ်။ ဒါပေမဲ့ သတ်မှတ်ထားတဲ့ ရက်မှာတော့ ပြန်လာရမှာပေါ့"

"မင်းသဘောပါပဲ။ နောက်နောင် လာချင်တယ်ဆိုရင်တော့ မှော်သားရဲတောင်တန်းရဲ့ အရှေ့ဘက်ခြမ်းကို လာခဲ့ပါ။ အဲဒီမှာ မက်မွန်သီးပင်တောလေး တစ်ခုရှိတယ်။ အဲဒါ ငါနေတဲ့နေရာပဲ"

ဇီယန်က ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။ "နားလည်ပါပြီ အစ်ကို ကျန်းချန်။ အဲဒီကျရင်တော့ ကျွန်မအတွက် မှော်ဆေးလုံးတွေ အများကြီး ဖော်စပ်ပေးရမယ်နော်။"

"ကောင်းပါပြီ"

ကျန်းချန်သည် အခန်းထဲမှ ဖြည်းညင်းစွာ ထွက်လာခဲ့သည်။ ထိုအချိန်တွင် ကျားနန် အကယ်ဒမီမှ အကြီးအကဲများက အချိန်တော်တော်ကြာ စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။ သခင်လေး ကျန်းချန် ထွက်လာသည်ကို မြင်လျှင် သူတို့က အလျင်အမြန် ရှေ့သို့တက်ကာ အရိုအသေပြု နှုတ်ဆက်ကြလေသည်။

"ဂါရဝပြုပါတယ် သခင်လေး"

"အားလုံးပဲ ဒါက ဘယ်လိုဖြစ်ကြတာလဲ"

ကျန်းချန်က ကျားနန် အကယ်ဒမီကျောင်းမှ အကြီးအကဲများ ဘာလိုချင်နေကြမှန်း မသိသဖြင့် ဇဝေဇဝါဖြင့် မေးလိုက်သည်။

ဒုကျောင်းအုပ် ဟူချန်က အလျင်အမြန် ပြန်ဖြေလိုက်သည်။"ဝါရင့်အကြီးအကဲက အမှောင်ထုလွှမ်းနယ်မြေက ကိစ္စတွေကြောင့် အကယ်ဒမီကနေ စောစော ထွက်သွားရလို့ပါ။ သူက သခင်လေး အကယ်ဒမီကနေ ထွက်သွားတဲ့အခါမှာ ကျွန်တော်မျိုးတို့ကို ကိုယ်တိုင်ကိုယ်ကျ လိုက်လံပို့ဆောင်ဖို့ မှာကြားသွားခဲ့ပါတယ်"

မထွက်ခွာမီတွင် ဝါရင့်အကြီးအကဲက ကွန်ဖြူးရှပ်ပညာရှိ လူကြီးမင်းကို အမြင့်ဆုံး ကျင့်ဝတ်ထုံးတမ်းများနှင့်အညီ လိုက်လံပို့ဆောင်ရန် အထပ်ထပ်မှာကြားခဲ့သည်။ ကျားနန် အကယ်ဒမီ၏ အင်အားကြီး ပုဂ္ဂိုလ်များအနေဖြင့်လည်း ၎င်းတို့ ကိုယ်တိုင်ကိုယ်ကျ လိုက်ပါပို့ဆောင်ရန် အလွန်ပင် လိုလားနေကြသည်။

ကျန်းချန်ကမူ အရေးကြီးသည့် ကိစ္စတစ်ခုဟု ထင်မှတ်ထားသဖြင့် အေးဆေးစွာပင် ပြုံးလိုက်သည်။

"အားလုံးရဲ့ စေတနာကို နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က ဒီလိုမျိုး ခမ်းခမ်းနားနား လုပ်တာကို မကြိုက်ဘူး။ ဒီလောက်အထိ ရေးကြီးခွင်ကျယ် မလုပ်ကြဖို့ မျှော်လင့်ပါတယ်"

ကျန်းချန်သည် အမြဲတမ်း သိုသိုသိပ်သိပ် နေထိုင်တတ်သူဖြစ်ရာ အင်အားကြီးကျင့်ကြံသူများ ခြံရံနေသည်ကို စိတ်မဝင်စားပေ။ ၎င်းမှာ စိတ်အနှောင့်အယှက်ပင် ဖြစ်ရသည်ဟု မြင်သည်။

တစ်နည်းအားဖြင့် သူ၏ စွမ်းအားနှင့်ဆိုပါလျှင် သိုင်းဝိဇ္ဇာများနှင့် သိုင်းဘိုးဘေးများမှာ သူ၏ လက်အောက်ခံဖြစ်ရန် တန်းစီနေကြမည်မှာ အသေအချာပင် ဖြစ်သည်။

ထိုစကားကို ကြားသောအခါ အားလုံးက တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ သခင်လေးက မနှစ်သက်ဟု ဆိုသဖြင့် သူတို့လည်း ဆက်လက် လိုက်ပါခြင်း မပြုကြတော့ပေ။

ဒုကျောင်းအုပ် ဟူချန်က သက်ပြင်းအရှည်ကြီး ချရင်း မေးလိုက်သည်။

"သခင်လေးအနေနဲ့ ကျွန်တော်တို့ ကျားနန် အကယ်ဒမီကို ဘယ်တော့ နောက်တစ်ခါ ရောက်ဦးမလဲဆိုတာ သိပါရစေ"

ကျန်းချန်က ခေါင်းယမ်းလိုက်ပြီး ဆိုသည်။

"ကျွန်တော်လည်း သေချာမသိဘူး။ ကျွန်တော်က လောကကြီးထဲမှာ လှည့်လည်သွားလာနေတဲ့ ခရီးသည် တစ်ယောက်ပါပဲ။ ကျွန်‌ေတာ်ရဲ့ သွားလာမှုတွေက ခန့်မှန်းရ ခက်ခဲတဲ့အတွက် အတိအကျ မပြောနိုင်ဘူး"

ထိုစကားကို ကြားရသောအခါ ဒုကျောင်းအုပ် ဟူချန်ကလည်း ခေါင်းညိတ်လိုက်သည်။ လူကြီးမင်း၏ စရိုက်မှာ ကျောင်းအုပ်ကြီး မန်တျန်းချီနှင့် တူလှပေသည်။ လောကကြီးထဲတွင် လှည့်လည်ကာ လောကီရေးရာများကို ဂရုမစိုက်ဘဲ နေထိုင်ခြင်းမှာ ခရီးသွားတစ်ဦး ပြုမူသင့်သည့် အတိုင်းပင် ဖြစ်သည်။

"လေပြေညင်းနဲ့ လသာတဲ့ ညဝယ် အမှတ်မထင် တွေ့ဆုံရခြင်းပဲ ဆိုပါစို့"

ကျန်းချန်သည် လေထဲသို့ ခြေလှမ်းလှမ်းလိုက်သည်။ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ပတ်ဝန်းကျင် ‌အနေအထားမှာ ပြောင်းလဲသွားသည်။ ထို့နောက် သူ၏ ယပ်တောင်ကို ဖြန့်လိုက်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။"ကံပါရင် ငါတို့ ပြန်ဆုံကြတာပေါ့။ အားလုံးပဲ နှုတ်ဆက်ခဲ့ပါတယ်"

မရမ်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်းသည်လည်း ၎င်း၏ အတောင်ပံများကို ခတ်လိုက်ပြီး အဝေးသို့ လျင်မြန်စွာ ပျံသန်းသွားလေတော့သည်။

ကျားနန် အကယ်ဒမီမှ အကြီးအကဲများက ဦးညွှတ်လိုက်ကြပြီး "ကွန်ဖြူးရှပ်ပညာရှိ သခင်လေးကို လေးလေးစားစား ပို့ဆောင်ပါတယ်" ဟု ပြိုင်တူပြောလိုက်ကြလေသည်။

...ကျားမာနိုင်ငံတော်သို့ ပြန်ရာလမ်း။

မရမ်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်းသည် မရမ်းရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အလွန်မြန်ဆန်သော အရှိန်ဖြင့် ပျံသန်းလေရာ ယင်းကို ပုံရိပ်တစ်ခုအနေဖြင့်သာ မြင်တွေ့ရလေသည်။

ကျန်းချန်သည် မရမ်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်း၏ ကျောပေါ်တွင် ထိုင်နေရင်း သူ၏လက်ထဲရှိ ဝိုင်ဘူးကို ချလိုက်ကာ ရယ်မောလိုက်သည်။"ဒီတစ်ခေါက်တော့ ငါတို့အများကြီး ရခဲ့တာပဲ။ ပြန်ရောက်ရင် ငါလိုအပ်တဲ့ မှော်ဆေးလုံးတွေကို ဖော်စပ်လို့ ရပြီ"

"ဟုတ်ပါတယ် သခင်ကြီး။ ကျွန်တော်တို့ နှလုံးသည်းကြွေမီးတောက်ကို သိမ်းပိုက်နိုင်ခဲ့ရုံတင်မကဘဲ အဖိုးတန်ဆေးပင်တွေ အများကြီးလည်း ရခဲ့ပါတယ်။ ကျားနန် အကယ်ဒမီက အနောက်မြောက်တိုက်ကြီးရဲ့ ထိပ်တန်း အကယ်ဒမီဆိုတဲ့ ဂုဏ်သတင်းနဲ့ ထိုက်တန်ပါပေတယ်"

မရမ်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်းက သူ၏သခင်ကို ပြန်ပြောလိုက်သည်။ "ဒါပေမဲ့ သူတို့က နည်းနည်းတော့ ကပ်စေးနဲသလိုပဲ။ ကျွန်တော်တို့ကို မှော်သားရဲ တစ်ကောင်နှစ်ကောင်လောက်တောင် ဖမ်းခွင့်မပေးဘူး"

"တော်စမ်း" ကျန်းချန်က မတ်တပ်ရပ်လိုက်ပြီး အဝေးသို့ ငေးကြည့်ကာ သက်ပြင်းချလိုက်သည်။ "ကျင့်ကြံသူတွေဆိုတာ လောဘမကြီးသင့်ဘူး။ ရသင့်တာရှိသလို ပေးဆပ်ရတာလည်း ရှိတာပဲ။ အဲဒီနှစ်ခုက တစ်ခုနဲ့တစ်ခု အပြန်အလှန် အမှီပြုနေတာလေ"

"ကျင့်ကြံခြင်းလမ်းခရီးဆိုတာ ရှည်လျားလှတဲ့ ခရီးစဉ်တစ်ခုပဲ။ အရာရာကို သဘာဝတရားအတိုင်းပဲ ဖြစ်ခွင့်ပေးရမှာပေါ့"

All Chapters